၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းနှင့် ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးမိုးသီးဇွန်၊ စာရေးဆရာ ဘလော့ဂါ မင်းဒင်၊ ကာတွန်း ရွှေမင်းသားနှင့် အလှဖန်တီးရှင် မိတ်ကပ် ခင်စန်းဝင်းတို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဦးမိုးသီးဇွန် (လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်း၊ ၈၈ ကျောင်းသားခေါင်းဆောင် တဦး)
၈ လေးလုံးနဲ့ ပက်သက်လို့ ဘဝမှာ အမှတ်ရဆုံးက ပထမဆုံး အတွေ့အကြုံ လုံးဝမရှိဘဲ လူအများရဲ့ အရှေ့စင်ပေါ်မှာ စကားတက်ပြောရတဲ့ ဖြစ်ရပ်တခုဖြစ်တဲ့ ဇွန်လ ၂၀ ရက်နေ့က တရားပွဲပဲ။ အဲဒီပွဲမှာပဲ ကျနော့်နာမည်လည်း စထွက်သွားတယ်။ ကျနော် ပြောပြီးနောက်ပိုင်း အားလုံးက တိုက်တော့မယ်လို့ ဆုံးဖြတ်သွားကြတယ်။ အထွေထွေ သပိတ် ဖြစ်ပေါ် လာမယ့် ကိစ္စရပ်လည်း ဖြစ်သွားတယ်။ ဒီမိုကရေစီ တော်လှန်ရေးအစ ဇွန်လ ၂၀ ရက်နေ့ကလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ ကျောင်းသား တချို့က ကျောင်းသားအရေးပဲ လုပ်မယ်၊ ကျနော်တို့က နိုင်ငံအရေးကို လုပ်မယ်လို့ ကွဲနေတယ်။
အဲဒီလို နိုင်ငံရေးလုပ်ဖို့ အတွက် ဘာတွေ ပြင်ဆင်ထားလို့လဲ၊ ဘာဦးဆောင်မှု အတွေ့အကြုံရှိလို့လဲ စတဲ့ အမေးတွေနဲ့ သပိတ် ဦးဆောင်အဖွဲ့မှာ ၂ ဖွဲ့ ကွဲထွက်သွားတယ်။ ဇွန်လ ၂ ရက်နေ့ထဲက သပိတ် ဆက်တိုက်လုပ်လာတဲ့ ကျောင်းသားတွေကြားမှာ ကွဲထွက်လာတာ ၂၀ ရက်မှာ အမြင့်ဆုံး ကွဲထွက်ခဲ့တယ်။ အဲဒီနေ့က ကျောင်းသား ၃ သောင်းခွဲလောက် တက်ကြတယ်။ ဒါဆိုရင် ကျောင်းသားအရေးနဲ့ ပြည်သူ့အရေးအတွက် အချေအတင် ဝေဖန်ဆွေးနွေးကြမယ်ဆိုပြီး ကျနော်တို့ဘက်က ဒီမိုကရေစီအရေး၊ ပြည်သူ့အရေးဘက်က ဆွေးနွေးကြမယ်ပေါ့။ ဒိုင်လုပ်တာက အလုပ်သမား ခေါင်းဆောင်တွေ၊ သံဃာတွေက လုပ်ပေးတာ။ တဘက်ကို ၁၀ မိနစ်ဆီ ဆွေးနွေးကြမယ်ပေါ့။ အဲဒီလိုနဲ့ မဲနှိုက်တဲ့အခါ ကျနော်က အရင်
ပြောခွင့်ကျတယ်။ အဲဒီပွဲက မြန်မာ့ဒီမိုကရေစီ အရေးမှာ ပထမဆုံးသော စကားရည်လုပွဲပဲ။ အနာဂတ် တိုက်ပွဲကြီးအတွက် ပထမဆုံး လုတဲ့ပွဲပဲ။ ဟို ကျောင်းသားအရေးဘက်က ကိုဝင်းလွင်က ပြောမယ်။ ကျနော်က အရင်ပြောရမှာဆိုတော့ မြန်မာပြည်ရဲ့ တရားမျှတမှု မရှိတာ၊ ဖွံ့ဖြိုးမှု မရှိတော့တာ၊ ပြည်တွင်းစစ်တွေကလည်း ဖြစ်နေတုန်း၊ အဲဒါကိုမှ ကျောင်းသား အရေးပဲ သွားတောင်းနေရင် ဘာမှရမှာမဟုတ်ဘူး၊ ၁၉၇၄ ခုနှစ်တုန်းကလည်း ကျဆံုံးခဲ့ပြီးသွားပြီ၊ နိုင်ငံရေးကို ဘယ်လို ဆက်တောင်းရမယ်၊ တိုက်ရမယ် ဆိုတာကို ပြောတယ်။

အဲဒီမှာ အံ့သြစရာကောင်းတာက အဆိုကိုထောက်ခံတဲ့ လူ ၃ ယောက်လိုတယ်။ ကိုဝင်းလွင်ကလည်း တက်ပြောတယ်။ ပြောနေတဲ့အချိန်မှာ ကျောင်းသားတွေက ငြိမ်ပြီး နားထောင်နေတယ်။ မဆုံးဖြတ်သေးဘူး။ ဒီ ၂ ယောက် ပြောတဲ့အထဲက
ထောက်ခံဖို့ ၃ ယောက် တက်လာခဲ့လည်း ဆိုရော ကျနော့်ကို ထောက်ခံတဲ့ ၃ ယောက်တက်လာတယ်။
ပထမဆုံးတက်လာတာက အထက်တန်း ကျောင်းသူလေးဖြစ်နေတယ်။ ၇ တန်းပဲ ရှိသေးတယ်။ ကျနော်က သူ့ခါးလေး သေးသေးလေးကို မပြီး စင်ပေါ်ကို တင်ရတယ်။ သူက အဖြူနဲ့ အစိမ်းလေးကို ဝတ်ထားပြီး ထမင်းဘူးလေး ကိုင်ထားတယ်။ သူ့ကို လက်ကိုင်ပုဝါလေးနဲ့ မျက်နှာကို စည်းပေးလိုက်တယ်။ သူက သူ့ဘဝမှာ ရင်ဆိုင်နေရတဲ့ ဟာကို ရိုးရိုးလေး ပြောသွား တာ။ နောက်ထပ် တက္ကသိုလ်ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်ပြောတယ်။ အဲဒီတော့မှ တက်လာတဲ့ ကျောင်းသားထု ၃ သောင်းခွဲလောက်က အသံနဲ့ ဝိုင်းထောက်ခံပေးတယ်။
အဲဒီမှာ ကျနော်က ဦးဆောင်မှု ရလိုက်တယ်။ အဲဒီလို လုပ်နေချိန်မှာ စစ်တပ်ကြီးက ဝိုင်းထားတယ်။ အချေအတင် ပြောဆိုနေကြတာ မနက် ၁၁ နာရီလောက်ကတည်းက ပြောဆိုလာကြတာ နေ့လယ် ၂ နာရီကျော်လာပြီ။ အောက်မှာလည်း တက်လာတဲ့သူကို ဆွဲချ၊ ဘာညာနဲ့ ကျိတ်ဝိုင်းထိုးပွဲလေး ဖြစ်နေပြီ။ ကျောင်းသားတွေ ဘက်ကလည်း ကျောင်းပတ်ပတ်လည် တခုလုံး ခုံတွေနဲ့ ပိတ်ထားတယ်။ အဲဒီလိုနဲ့ ကျနော်က ရွေးကောက်ပွဲနဲ့ နိုင်လာတဲ့သူလို ဖြစ်လာတာပေါ့။ ကျနော်က ကျောင်းသားတွေ အားလုံးကို ကျောင်းထဲမှာ သပိတ်စခန်း ဖွင့်တာကိုလည်း မလိုချင်ဘူး၊ ရွှေတိဂုံဘုရားပေါ်မှာ သပိတ်စခန်း ဖွင့်တာကိုလည်း မလုပ်စေချင်ဘူး။ မကြာခင်ဘဲ ဖြိုခွင်း ခံလိုက်ရမှာကို စိုးရိမ်တယ်။ ဒါကြောင့် အားလုံး ကိုယ့်အိမ်ကို ပြန်၊ အထွေထွေသပိတ် ပေါ်ဖို့ စီစဉ်တော့တယ်။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ စီမံချက်တွေကို တခါတည်း အဲဒီမှာ ပြောခဲ့၊ ရေးဆွဲခဲ့တယ်။ အဲဒီနေ့ ညနေမှာ အိမ်မှာ ထောက်လှမ်းရေး ရောက်နေပြီ။ အိမ်ကို ပြန်လို့မရတော့ဘူး။ တညလုံး ထွက်ပြေး နေရတယ်။ ကျနော်နဲ့ မောင်မောင်ကျော်က နာမည် ထွက်သွားတယ်။ သူက ၁ ရက်တည်းနဲ့ မထွက်တော့ဘူး။ ကျနော်က နောက်တရက် ထပ်ထွက်ရမယ်။
အဲဒါနဲ့ ဇွန်လ ၂၁ ရက်နေ့မှာ ပြန်ထွက်လာတယ်။ အဲဒီနေ့ကလည်း နောက်ထပ် မမေ့နိုင်တဲ့ အဖြစ်ပျက်က ကြုံရတယ်။ထွက်တဲ့အချိန်မှာ ရန်ကုန် တက္ကသိုလ်ကို စစ်တပ်က သိမ်းထားလိုက်ပြီ။ ဒါနဲ့ စက်မှုတက္ကသိုလ်မှာ ကိုသံတုတ်တို့က ကျောင်းသားတွေနဲ့ စီစဉ်ထားတယ်။ အဲဒီကာလက အင်မတန် အရေးကြီးနေပြီ။ အဲဒီမှာ တရား တက်ဟောတယ်။ ဆရာတွေက အနောက်နား အဝေးကနေ နားထောင်တယ်၊ လက်မထောင်ပြီး ထင်ထင်ပေါ်ပေါ် မဟုတ်ပေမယ့်
ထောက်ခံကြောင်း ပြတယ်။ ဆရာမတွေက ကျနော်တို့အတွက် ပိုက်ဆံကအစ ကူညီပေးတယ်။ ပထမတော့ ကျောင်းသားတွေက တံခါးတွေ ပိတ်ထားပြီး ကျောင်းသားချည်းပဲ လုပ်နေတာ။ ဝင်တာတောင် ကျောင်းသား ကတ်စစ်ပြီး ဝင်ရတာ။ ကျနော်လည်း ရောက်သွားရော ဘာဖြစ်လို့ ဒီလို ကျောင်းသားကတ် စစ်နေတာလဲဆိုပြီး အဲဒီလိုလုပ်တာကို ဖျက်ခိုင်းလိုက်တယ်။ ထောက်လှမ်းရေးတွေပါမှာ၊ အရပ်သားတွေပါမယ်၊ ထိန်းလို့မရ ဖြစ်မှာစိုးရိမ်လို့ လုပ်တာကို လာကြ ပါစေ၊ အကုန်လုံး ဖွင့်ပေးရမယ်လို့ ကျနော်က လုပ်တယ်။ ကျနော်က ရွေးချယ်ထားတဲ့ ခေါင်းဆောင်လို ဖြစ်နေတော့ ပထမ ကျောင်းသားချည်းပဲ စုထားတာ လူ ၅၀၀ လောက်ပဲ ရှိနေသေးရာကနေ အပြင်မှာ ပြည်သူ ၃ ထောင်လောက်က ကျောင်း တံခါးလည်း ဖွင့်ပေးလိုက်ရော အားလုံး ပေါင်းလိုက်ကြတယ်။
တယောက်ပြီးတယောက် တရားတွေ ဟောနေရာကနေ ညနေ ၃ နာရီလောက်လည်း ကျရော လှည်းတန်းမှာ ပစ်နေကြပြီ၊ စစ်ကားတွေ တက်လာပြီးဆိုတဲ့ သတင်း ရောက်လာရော။ ဒါနဲ့ ကျနော်က အားလုံးကို အထဲမှာပဲနေဦး၊ ကျနော် အပြင်ထွက်
ကြည့့်လိုက်မယ်လည်း ဆိုရော စစ်ကားတွေက မီးကြီးတွေ ထိုးပြီး မျက်ရည်ယိုဗုံးနဲ့ စက်မှုတက္ကသိုလ်ထဲကို စပစ်ရော။ အဲဒီမှာ ကျောင်းတံခါးကို ပိတ်ခိုင်းလိုက်ပြီး အားလုံးကို တဘက်ကနေ ပြန်ခိုင်းရတယ်။ နို့မို့ဆို အများကြီး သေကုန်မှာ။
အားလုံးက လှည်းတန်းဘက်ကို ပြန်ထွက်လာချိန်မှာ လှည်းတန်းဘက်မှာက ကားတိုက်ပြီး သေလာတဲ့ အထက်တန်း ကျောင်းသားလေးရဲ့ အလောင်းတလောင်း ရောက်လာတယ်။ ဘယ်လိုနည်းနဲ့ သေလာတာလဲ မသိဘူး။ သယ်လာတာလည်း
အထက်တန်း ကျောင်းသားတွေပဲ။ ကျနော့်လက်ထဲ ရောက်တော့ ၃ လက်လောက် ပြောင်းပြီးသွားပြီ။ ဒီအလောင်းကို တဖွဲ့က သယ်လာလိုက်၊ ပစ်ခတ်မှုဖြစ်လိုက်၊ နောက်တဖွဲ့က ထပ်သယ်လာလိုက် လုပ်ခဲ့ကြတာ။ ရောက်လာတော့ အလောင်းက
သွေးတွေလည်း ခြောက်နေပြီ။ အသက်က ၁၆ နှစ် လောက်တော့ရှိမယ်။ အချိန်က ညနေ ၅ နာရီလောက် ဖြစ်နေပြီ။
အဲဒါနဲ့ အလောင်းကို ပါပလစ်ကာ ကားပေါ်တင်ပြီး ရန်ကုန်မြို့ကို ပတ်ပြရော။ ကျနော် နောက်ဆုံး သယ်လာခဲ့တဲ့နေရာက ရန်ကင်းမှာ။ ရန်ကင်းမှာ သယ်လာနေချိန် စစ်တပ်က ပိတ်ဖမ်းရော။ ကျနော်တို့လည်း ထွက်ပြေးရရော။ အဲဒီအလောင်းက
ဘယ်သူမှန်းလဲ အမည် မဖော်နိုင်လိုက်ဘူး။ လူတွေကလည်း အားလုံး ခံစားချက်က ပြင်းထန်နေပြီ။ မြင်တွေ့ကြတဲ့ ပြည်သူတွေကလည်း အထိတ်တလန့် ဖြစ်သွားကြတယ်။
အလောင်း ဘယ်လိုစဖြစ်ခဲ့လဲဆိုတဲ့ သတင်းကို သယ်တဲ့သတင်းက ဖုံးလွှမ်းသွားတယ်။ စဖြစ်တဲ့ဟာကိုတော့ ကျနော်တို့က အင်းစိန်မှာဆိုတော့ အဲဒီအချိန်က မသိလိုက်ဘူး။ နောက်မှသိတာက အဲဒါ မြေနီကုန်းမှာ ဖြစ်ခဲ့တာဆိုတာကိုပဲ။ အဲဒီနေရာမှာ ဖြစ်တုန်းကလည်း ၄၊ ၅ ယောက်လောက် သေခဲ့တယ်လို့ သိရတယ်။ အဲဒီကလေးတွေကို ကားနဲ့တိုက်တာကို ဘေးမှာ ရပ်ကြည့်နေတဲ့ ပြည်သူတွေ အများကြီးက မခံနိုင်တော့ဘဲ အဲဒီမှာ ရှိနေတဲ့ လုံထိန်းတပ် ဖွဲ့ ၃၀ လောက်ကို နီးစပ်ရာ တုတ်တွေ၊ အုတ်ခဲတွေနဲ့ ဝိုင်းချလိုက်တာ လုံထိန်း ၁၅ ယောက် ကျော်လောက် သေခဲ့တယ်လို့ ကြားတယ်။
အဲဒီ အဖြစ်အပျက်ကြောင့်ပဲ နောက်တနေ့မှာ ၁၉၈၄ ခုနှစ်မှာမှ စဖွဲ့ခဲ့တဲ့ လုံထိန်းတပ်ဖွဲ့ကို ဖျက်သိမ်းလိုက် တော့တယ်။
မိတ်ကပ်ခင်စန်းဝင်း (အလှဖန်တီးရှင်)
၁၉၈၈ ဆိုတော့ ကျမတို့ ဆယ်တန်းလောက်ပဲ ရှိသေးတာပေါ့နော်။ ကျမက အဲဒီအချိန်တုန်းက အခုလုပ်နေတဲ့ လုပ်ငန်းကို လုပ်ဖို့ အစပြုနေတဲ့ အချိန်ပေါ့။ ၈၈ အရေးအခင်းနဲ့ ကြုံတယ်။ အဲဒီအချိန်မှာ မိဘတွေရဲ့ စီးပွားရေး လုပ်ငန်းကလည်း တောင့်တောင့် တင်းတင်း မဟုတ်ဘူး။ ကိုယ်တိုင်ကလည်း ဝင်ငွေ ပုံမှန်ရအောင် ရှာနိုင်တဲ့ သူတယောက် မဟုတ်သေးဘူး။
ပညာသင်နေတဲ့ အရွယ်ပဲ ရှိသေးတဲ့ အချိန်ဆိုတော့ မိသားစု စားဝတ်နေရေးက အရေးအခင်းကာလမှာ တော်တော် ခက်ခက်ခဲခဲပေါ့လေ။ အဲဒါကတော့ ကျမ တော်တော် မှတ်မိနေတဲ့ အမှတ်တရပေါ့နော်။
နောက်ပြီး ၈၈ အရေးအခင်းမှာ လူတန်းစားအသီးသီး၊ အလွှာပေါင်းစုံကနေ ဆန္ဒပြကြတာပေါ့နော်။ ဆန္ဒပြကြတော့ ကျမ တို့လည်း သူလို ကိုယ်လို ရောနှောပြီး အလှဖန်တီးရှင်များအဖွဲ့ ဆိုပြီးတော့ ထွက်ပါတယ်။ အလှဖန်တီးရှင်များ အဖွဲ့
ခေါင်းစဉ်အောက်မှာ လှုပ်ရှားခဲ့ပါတယ်။ ကျမတို့ အလှဖန်တီးရှင်များအဖွဲ့မှာ အဲဒီတုန်းက နာမည်ကြီးနေတဲ့ မိတ်ကပ် ပညာရှင်တွေကတော့ မပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ ဖန်တီးပေးရတဲ့ လူတန်းစားက အမျိုးမျိုး ရှိတယ်လေ။ သူဌေးသူကြွယ် တွေလည်းပါတယ်။ စစ်တပ်နဲ့ ပတ်သတ်တဲ့ အရာရှိ အရာခံတွေ ပါတဲ့အတွက် အဲဒီလို လူမျိုးတွေနဲ့ ဆက်ဆံနေရတော့ သူတို့ရဲ့ မျက်မုန်းကျိုးခံရမှာ ကြောက်တာပေါ့။ ကျမလည်း ကိုယ်ချင်းစာပါတယ်။ အဲဒါကြောင့် နာမည်ကြီးနေတဲ့ မိတ်ကပ်ပညာရှင်တွေ မပါဘူး။ ကျမတို့လို တက်သစ်စတွေ၊ သွေးကြွနေတဲ့ အရွယ်တွေကတော့ ပါတာပေါ့နော်။

မြင်ကွင်းဆိုး ဆိုရင်တော့ အရေးအခင်းတခု ဖြစ်တယ်ဆိုရင် အာဏာရှိတဲ့လူ၊ တာဝန်ရှိတဲ့လူက ဒီဟာမျိုးကို နှိမ်နင်းတာပဲ။ အများကြီး မြင်ဖူးပါတယ်။ အဲဒါမျိုးတွေ့ရတဲ့ အတွေ့အကြုံကတော့ အများကြီးပေါ့။ ဆေးရုံကြီးရှေ့မှာ အစာငတ်ခံ ဆန္ဒပြတာမျိုး၊ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြတာမျိုးတွေ ကျမတို့ လှုပ်ရှားခဲ့ပါတယ်။ အမှတ်တရ ရှိနေတာဆိုရင် ကျမတို့ မင်းမနိုင် ရပ်ကွက်ဘက်မှာ ဒဂုံပန်းခြံ ဆိုတာရှိတယ်။ ပန်းခြံကလည်း အဲဒီတုန်းက လုပ်တာ သိပ်မကြာသေးပါဘူး။
အဲဒီအချိန်မှာပဲ ၈၈ အရေးအခင်းဖြစ်တော့ ပန်းခြံထိပ်မှာ ခေါင်းဖြတ်ပြီးတော့ မီးရှို့တာပေါ့။ ခေါင်းဖြတ်တာကိုတော့ ကိုယ်တိုင် တွေ့တာ မဟုတ်ပါဘူး။ ဖြတ်ပြီးမှ တွေ့တာပါ။ ဒါပေမယ့် ရုပ်အလောင်းကြီးကိုတော့ မြင်ခဲ့ရတယ်။ နောက်တခုက ဆေးရုံကြီး ရှေ့မှာ ပြည်သူတွေက ပြန်ပြီးတော့ ခုခံတာပေါ့။ လုံထိန်းတွေကို ရရာလက်နက်နဲ့ ပြန်ပြီး ခုခံတဲ့ အခါမှာ မီးလောင်ဗုံးတွေ
ခွဲတာတွေမျိုး ရှိတယ်။ အဲဒီတုန်းကတော့ ကိုယ်လည်း ပြည်သူထဲက ပြည်သူပဲဆိုတော့ တက်ကြွတဲ့စိတ်၊ မခံချင်တဲ့စိတ် ဖြစ်တာပေါ့။ ကြောက်ရွံ့တဲ့ စိတ်မျိုးတော့ လုံးဝမရှိဘူး။
၈၈ အရေးအခင်းက ကျမတို့ မြန်မာပြည် သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ အရာတခုပါ။ အဲဒီအရေးအခင်းကြောင့် တက်သစ်စ လူငယ်တွေ ဆုံးရှုံးတယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ သေဆုံးတာမျိုး၊ လုပ်ငန်းခွင်ကနေ ပယ်ဖျက် ခံရတာမျိုး၊ အတိ ဒုက္ခ ရောက်သွားတာတွေ အများကြီးရှိတယ်။ လူတန်းစားအသီးသီးပေါ့နော်။ လူတန်းစား အသီးသီး ဆိုတဲ့နေရာမှာ ကျမတို့လို ပိုက်ဆံမရှိတဲ့ သူတွေကတော့ အငတ်ငတ် အပြတ်ပြတ်နဲ့ တော်တော်လေးကို ဒုက္ခရောက်ခဲ့ရတယ်။ အရေးအခင်းကို
အကြောင်းပြုပြီးတော့ အခွင့်အရေးယူတဲ့ အခွင့်အရေးသမားတွေ၊ ဥပမာ ဆန်ဂိုထောင် ဖောက်တာတို့၊ ကုန်ပစ္စည်း ဂိုထောင် ဖောက်တာတို့၊ ဖောက်တဲ့သူတွေနဲ့ အနောက်က ယူကြတဲ့ သူတွေကို သေနတ်နဲ့လိုက်ပစ်တယ်။ လိုအင်ဆန္ဒ တခုအတွက် အသက်ပေးခဲ့ရတဲ့ လူပေါင်းလည်း များစွာရှိပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ထပ်မဖြစ်စေချင်ဘူး။
မင်းဒင် (ထိုင်းနိုင်ငံ ဖူးခက်ခရိုင် အခြေစိုက် ဘလော့ဂါ၊ စာရေးဆရာ)
၁၉၈၈ ဖြစ်ရပ်တွေကို တချို့က အရေးတော်ပုံ၊ တချို့က အရေးအခင်း ဆိုပြီး အမည်တပ်ကြပါတယ်။ ဒီနေ့လို ကာလနဲ့ အခြေအနေမှာတော့ အရေးတော်ပုံဆိုတဲ့ အသုံးအနှုန်းက ပိုပြီး သင့်တော်မယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မွဲတေပြာကျနေတဲ့ တိုင်းပြည်ကြီးကို ပြင်ဆင်ပြောင်းလဲဖို့ အရေးတော်ပုံကြီး တရပ်ကို ပြည်သူတရပ်လုံးက ဆင်နွှဲခဲ့ကြတယ် ဆိုတာ ထင်ရှားနေလို့ပါပဲ။ အဲဒီဖြစ်စဉ်ကြီးမှာ ကျနော်က သာမန် ပြည်သူတယောက်လိုပဲ ခေတ်ဆိုးကြီးကို ပြောင်းစေချင်တဲ့ သူတဦးအနေနဲ့ သာမန်ပဲ ပါခဲ့ပါတယ်။ အဲဒီကာလ ဖြစ်ရပ်တွေထဲကနေ ဒီနေ့အထိ ရင်ထဲမှာ မမေ့နိုင်တဲ့ ဖြစ်ရပ်တခုက ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ညနေ ၄ နာရီကျော် အချိန်က ဖြစ်ရပ်ကို သတိတရ ရှိနေဆဲပါ။
မြန်မာစစ်တပ်နဲ့ မြန်မာပြည်သူ လက်နက်ကိုယ်စီနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ တခုဟာ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ၁၉ ရက် ညနေ ၃ နာရီ ဝန်းကျင်၊ ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ဘဏ်အနီး၊ ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ပြည်သူ့ဘက်က ကိုယ်စားပြု တိုက်ခိုက်ခဲ့တဲ့ ပုဂ္ဂိုလ် စုစုပေါင်း ၈ ဦးပါ။ တပ်ကြပ်ကြီးအဆင့် အမြင့်ဆုံးပါပဲ။

လက်နက်တွေကိုတော့ လှိုင်မြို့နယ် သုခလမ်းမှာ ရှိတဲ့ စီးကရက် စက်ရုံ ဂိုထောင်တွေကို လုံခြုံရေးယူထားတဲ့ လုံထိန်းတပ်ဖွဲ့ ဝင်တွေကို လူထုက ဝိုင်းဝန်ပိတ်ဆို့ပြီး ရယူခဲ့ကြတာပါ။ ရင်ဆိုင်တိုက်ခိုက်ဖို့ လူရွေးတဲ့အခါ ဝင်တန်းစီသူတွေ များလွန်းလို့ နောက်ဆုံးတော့ တိုက်ပွဲအတွေ့အကြုံရှိတဲ့ တပ်မတော် အငြိမ်းစား ရဲဘော်တွေကို အများသဘောတူညီချက်နဲ့ ရွေးချယ်ခဲ့ ပါတယ်။ လူထုရဲဘော်တွေဟာ အင်းစိန်လမ်းမကြီး ဘက်ကို လက်နက်ကိုယ်စီနဲ့ တက်ခဲ့ကြပြီး ရန်ကုန်ဘက်ကနေ အင်းစိန် ဘက်ကို လာနေတဲ့ စစ်တပ်ကို စံရိပ်ငြိမ်ဘဏ် အရှေ့ကနေ စောင့်ဆိုင်း နေရာယူထားခဲ့ပါတယ်။ အဲဒီနေ့မနက် ၁၁ နာရီ လောက်မှာ စစ်တပ်ဟာ ဆူးလေဘုရားအနီးမှာ လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ နေ့လည်း ဖြစ်ပါ တယ်။ အဲဒီ ပစ်ခတ် သတ်ဖြတ်မှုတွေကို ကြားသိရတဲ့အတွက် တန်ပြန် လက်စားချေလိုတဲ့ စိတ်ကြောင့် ဒီတိုက်ပွဲ ဖြစ်လာရတာ ပါပဲ။
စစ်သား ၂၀ စီလောက် ပါလာတဲ့ တီအီးစစ်ကားနှစ်စီးက လှည်းတန်းမီးပွိုင့်ကို ကျော်ပြီး ဖြည်းဖြည်းလေး မောင်းလာပါတယ်။ ကားမီးတွေ ထိုးထားပါတယ်။ လှည်းတန်းမှတ်တိုင် အလွန်မှာ စစ်ကားနှစ်စီး ရပ်သွားပြီး အခြေအနေကို စောင့်ကြည့်နေ ပါတယ်။ သူတို့ သတင်းကြိုတင် ရထားပုံပေါ်ပါတယ်။ မကြာခင် စစ်ဗိုလ်တယောက်က ကားခေါင်းခန်းထဲက ဆင်းလာပြီး သူ့ရဲဘော်တွေကို ကားပေါ်က ဆင်း နေရာယူ ခိုင်းပါတယ်။ စစ်သားတွေဟာ ကားပေါ်ကနေ ခုန်ချဆင်းပြီး ရင်ပေါင်တန်း နေရာယူ လိုက်ကြပါတယ်။ ဒီမှာတင် လူထုရဲဘော်တွေဆီက ချိန်ရွယ်ပစ်ခတ် လိုက်တဲ့ သေနတ်သံတွေနဲ့အတူ အဲဒီ စစ်ဗိုလ် အပါအဝင် စစ်သားအတော် များများ လဲပြိုကုန်ပါတယ်။ အငိုက်မိသွားတဲ့ စစ်တပ်က တန်ပြန်ပစ်ခတ်နိုင်ဖို့ အခွင့်အရေး အတော် နည်းခဲ့ပါတယ်။ ဘယ်က လာမှန်းမသိတဲ့ သေနတ်ကျည်ဆံတွေကြောင့် နေ့မကူးခင် ဝဋ်လည်ကုန်ကြတော့ တာပါပဲ။ တိုက်ပွဲဟာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ် လောက်သာ ကြာပါတယ်။
အစိုးရဟာ ဒီသတင်းကို အခုအချိန်အထိ လူသိရှင်ကြား မထုတ်ဖော် ခဲ့တာကြောင့် ဒီကိစ္စကို သိသူ အလွန်နည်းမယ်လို့ ထင်ပါတယ်။ စစ်တပ်ကို ရင်ဆိုင်ခဲ့တဲ့ လူထုရဲဘော်တွေထဲက ကျနော်သိသလောက် တပ်ကြပ်ကြီးလှရွှေ၊ တပ်သား အုန်းမြင့်၊
တပ်သား လှခင် တို့ပဲ နာမည်တွေ မှတ်မိပါတယ်။ သူတို့အထဲက တပ်သားအုန်းမြင့်က လွဲရင် ကျန်ရဲဘော် ၈ ယောက် ထောင်ဒဏ် အပြစ်ပေးခံရပါတယ်။ ရဲဘော်လှခင်ကတော့ တိုက်ပွဲမှာ ကျဆုံးပါတယ်။ သေချာ စဉ်းစားကြည့်ရင် မြန်မာ စစ်တပ်နဲ့ မြန်မာပြည်သူ မြန်မာနိုင်ငံ မြို့တော်ကြီးမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ကြတယ်ဆိုတာ အလွန် ကြေကွဲဖွယ် ဖြစ်ရပ်ပါပဲ။ တိုင်းပြည်ဟာ ရေစုန်မျောတော့မယ်ဆိုတဲ့ အရိပ်လက္ခဏာကို အထင်အရှား ပြခဲ့တာပါပဲ။
ကျနော်ဟာ တိုက်ပွဲ ဖြစ်နေစဉ်ရော၊ တိုက်ပွဲအပြီးမှာပါ မလှမ်းမကမ်းမှာ ရှိနေခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ ကျနော်ဟာ စံရိပ်ငြိမ်နဲ့ ဆင်ရေတွင်း မှတ်တိုင်အကြား၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ရုံးဝင်း ရှေ့က ရေမြောင်းထဲမှာ သေနတ် ဒဏ်ရာ ရပြီး မေ့မျောနေတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတယောက်ကို ဆင်းဆယ် ခဲ့ပါတယ်။ ကလေးရဲ့ ညာဘက် ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ ရနေပြီး အသက်မျှဉ်းမျှဉ်း ရှူနေတုန်းပါပဲ။ သူဝတ်ထားတဲ့ အကျႌအဖြူရောင်မှာ သွေးစို့နေတဲ့ အကွက်ကို ထင်ထင်ရှားရှား မြင်နေရပါတယ်။ ဝိုင်းကူကြတဲ့ ဘေးက လူနှစ်ယောက်က ဆိုက်ကားတစီးပေါ်ကို ပွေ့တင် ပေးလိုက်ကြပါတယ်။ ဒီကလေးဟာ တိုက်ပွဲအပြီး မည်းမည်းမြင်ရာ စွတ်ပစ်တဲ့ စစ်တပ်ရဲ့ လက်ချက်ကြောင့် အခုလို
အဖြစ်ဆိုး ကြုံရတာပါပဲ။
၁၉၈၈ ဖြစ်ရပ်ကို ပြန်ပြောင်း စဉ်းစားမိလေတိုင်း ဒီကလေး သေသလား၊ ရှင်သလား၊ ဒီကလေးရဲ့ မိဘတွေဟာ သူတို့ ရင်သွေး အလောင်းကို မြင်ခွင့်ရကြရဲ့လား၊ ဆိုက်ကားပေါ် ပါသွားတဲ့ကလေးကို ဘယ်ကိုများ ပို့လိုက်ကြပါလိမ့်၊ အချိန်မီ ဆေးကုလိုက် နိုင်သလား၊ သူအသက်ရှင် နေဦးမယ်ဆိုရင် အသက်လေးဆယ် ဝန်းကျင်တောင် ရှိရော့မယ်၊ အဲဒီချိန်မှာ သူ့ဒဏ်ရာကို ကုပေးမယ့် ဆေးရုံဆေးခန်းကို ဘယ်လို အရောက်ပို့ကြ ပါ့မလဲဆိုတာ အမြဲ စဉ်းစားမိတယ်။
ကာတွန်း ရွှေမင်းသား

၈ လေးလုံး ဖြစ်နေတဲ့အချိန်က ကျနော်နေတာက သာကေတမှာ။ ရက်တော့ အတိအကျ မမှတ်မိတော့ဘူး။ ညနေစောင်း အချိန် ကျနော်က တွင်းကြီးလို ဖြစ်နေတဲ့ ရေဘုံဘိုင်မှာ ရေသွားခပ်ပြီး ပြန်အလာ မထင်မှတ်ဘဲ သာကေတ၊ ဒေါပုံဘက်က
ချီတက်ဆန္ဒပြတဲ့ ကားကြီးတွေနဲ့ အလံတွေ ထောင်ထားရင်း လူအုပ်စုတွေပါ တက်လာတယ်။
သာကေတ ကျောက်တိုင်မှာ စစ်တပ်က ရှိနေတယ်။ မထင်မှတ်ဘဲ ပစ်ချလိုက်တဲ့အသံတွေ ကြားရတယ်။ အဲဒီ ဆန္ဒပြတဲ့ အထဲမှာ ကျနော့်သူငယ်ချင်း ဒီဇိုင်းတင်မောင်ကြည် (မောင်မောင်စနေ) ပါသွားတယ်။ အမှန်က သူက စာရေးဆရာ မင်းလူ ဆီကနေ သုဝဏ္ဏတံတားကို ဖြတ်ပြီး ကျောက်တိုင်ဘက်က ပြန်လာတော့ စစ်တပ်ရှိတာကို သိလို့ ဆန္ဒပြနေတဲ့ လူအုပ်စုက ခေါင်းဆောင်းတွေကို သွားတားတာ။ စစ်တပ်နေရာမှာလည်း ဂိတ်တွေထားပြီး အဝင်အထွက်ကို စစ်ဆေးနေတယ်၊ မင်းတို့ကို
ပစ်လိမ့်မယ် ဆိုပြီး သူက လက်ဟန် ခြေဟန်ပြပြီး လူအုပ်ကို တားနေတာ။ အဲဒီမှာ သူ့ကို ခေါင်းဆောင် ထင်ပြီး ပစ်ချ လိုက်တာ။ သူ ၃ ချက် ထိသွားတယ်။ လက်မောင်းအောက်မှာ တချက်၊ ခါးမှာတချက်၊ ပေါင်မှာတချက် ထိတယ်။
သူနဲ့အတူတူ ထိတာ ၂၀ လောက်ရှိမယ်။ သေတဲ့သူသေ၊ ခြေထောက်ပြတ်တာပြတ်နဲ့ ဒဏ်ရာရခဲ့ကြတာ။ သေတာ အနည်းဆုံး ၁၀ ယောက်လောက် ရှိမယ်။ အဲဒီမှာ သူ့ကို ပြန်ဆွဲပြေးကြတာပေါ့။ အဲဒီအချိန်မှာ အဲဒီနားက ဒေသခံဆရာဝန်ရဲ့ ဆေးခန်းကို ရောက်ပြီး လုပ်ပေးစရာရှိတာ လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူလက်မောင်းအောက် ထိခဲ့တာကြောင့် အကြောတွေ၊ လက်ချောင်းတွေ လှုပ်ရှားမှုပြန်လုပ်လို့ ရအောင် လေးကျင့်ခန်း မနည်း ပြန်လုပ်လိုက်ရတယ်။ အရိုးအကြော ဆေးရုံကိုလည်း တက်လိုက်ရတယ်။ ၁ လခွဲလောက် နားနားနေနေ နေလိုက်ရတယ်။ ဒါပေမယ့်လည်း သူက နားနေတာမှာတောင် ဟောပြောပွဲ တွေကို တက် ဟောနေတာပဲ။ နောက်ရက်တွေမှာလည်း သာကေတ စက်မှုလက်မှု ဂိုထောင်တွေကို ဖောက်တာကိုလည်း စစ်တပ်က ပစ်ချခဲ့တာကိုလည်း မြင်တွေ့လိုက်ရတယ်။ စစ်တပ်ပစ်တာမှာ ကျနော့်အိမ်က သောက်ရေအိုးတောင် ကျည်ဆန် မှန်ခဲ့သေးတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ၅ အိမ်လောက် ကျည်ထိခံခဲ့ရဖူးတယ်။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။