လွန်ခဲ့သော ၂၅ နှစ်က ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ၊ ပြည်သူပြည်သားများသည် တပါတီစနစ် ချုပ်ငြိမ်းရေး၊ ပါတီစုံစနစ်နှင့် ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး တို့အတွက် ပြည်လုံးကျွတ် ငြိမ်းချမ်းစွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။
တကယ်တမ်းတွင် ကျောင်းသားကျောင်းသူ လူငယ်များအပါအဝင် ၈ လေးလုံး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူများ၏ ရည်မှန်းချက် အနှစ်သာရတခုမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် ကြိုးစားမှု ဟူသော အချက်ပင်။
ထို ဒီမိုကရေစီ လှုပ်ရှားမှုတွင် အပြစ်မဲ့ ပြည်သူလူထု သွေးမြေကျခြင်း၊ အသက်စတေးရခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ နှစ်ရှည်လများ အကျဉ်းချခံရခြင်း တို့အတွက် တာဝန်ခံမည့်သူ၊ ဝန်ခံမည့်သူ မရှိသေးပေ။
အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အတိတ်က ကျူးလွန်ခဲ့သည်များကို ထိုစဉ်က တာဝန်ရှိသူ အာဏာပိုင်များက ထုတ်ဖော်ဝန်ခံရမည်။ လက်စားချေရန် မဟုတ်သည့် ထို ထုတ်ဖော်ဝန်ခံမှုကို ကျော်ဖြတ် ပြီးမှ မြန်မာ့နိုင်ငံရေးကို ရှေ့ဆက် လျှောက်လှမ်း၍ ရမည်ဟု ယုံကြည်သည်။
၈ လေးလုံး အရေးအခင်း နောက်ပိုင်းတွင် စစ်အစိုးရ အာဏာပိုင်များက ပညာရေးကို ပစ်မှတ်သဖွယ် သဘောထားကာ စနစ်တကျ ဖျက်ဆီးပစ်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ထိုသို့ ဖျက်ဆီးပစ်ခဲ့သည့် လက်သည် တရားခံများထဲမှ တချို့မှာ လက်ရှိအစိုးရတွင် တာဝန် ထမ်းဆောင်နေဆဲ ဖြစ်သည်။
အာဏာရှင် စစ်အစိုးရသည် စာသင်ကျောင်း၊ တက္ကသိုလ်များကို နှစ်လရှည်ကြာစွာ ပိတ်ပစ်ခြင်း၊ တက္ကသိုလ် ကောလိပ်များကို မြို့စွန်မြို့ဖျားများသို့ ပြောင်းရွှေ့ပစ်ခြင်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိက တွန်းအား တခု ဖြစ်ခဲ့သော ကျောင်းသားကျောင်းသူများကို စစ်ကြေညာခဲ့သည်။ ပညာရေးအတွက် လုံးဝ ထိရောက်မှု မရှိ၊ အသက်မွေး ဝမ်းကျောင်းအတွက် အာမခံချက် လုံးဝမရှိသော အဝေးသင် တက္ကသိုလ်ပညာရေး စနစ်ကို ဖန်တီးပြီး ပညာရေးကို ဦးချိုးခဲ့သည်။
ယူနီဖောင်းဝတ် အာဏာရှင်များသည် ပညာရေးစနစ်ကို အညွန့်ချိုးသည့်နည်းတူ ပညာတတ် အလွှာ ကိုလည်း မုန်းတီးခဲ့သည်။ တပြိုင်နက်တည်းမှာပင် လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်သူများနှင့် မြန်မာ့ သယံဇာတများကို သွေးစုပ်မည့် ခရိုနီများကိုသာ မွေးဖွားစေခဲ့သည်။
|
ပညာအလင်း ပိတ်ထားသောသူများကိုသာ အုပ်ချုပ်ဝံ့သည့် ယူနီဖောင်းဝတ်များ အနေဖြင့် အနာဂတ်၏ လမ်းစဖြစ်သော ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့သည်မှာ အထင်အရှားဖြစ်သည်။
ဒီမိုကရေစီကို တောင်းဆိုသည့် “တို့ အရေး” ကြွေးကြော်သံကို မကြားရဲသော၊ “တို့ အရေး” တစ္ဆေ အခြောက်ခံနေရသော အာဏာရှင် ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်ကို ပါးစပ်ဖျားဖြင့်သာ ချစ်ပြခဲ့ကြသည်။ စေတနာ မပါသော ဟန်ပြ တိုင်းပြည်ချစ်စိတ်က နိုင်ငံကို ချောက်ထဲ ကျစေခဲ့သည်။
၈ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုတွင် အခွင့်အရေး မျှော်ကိုးသူတချို့ ပါနိုင်သည့်တိုင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားခဲ့သူ အများစုမှာ ကိုယ်ကျိုးမျှော်လင့်ချက် ထားခဲ့ကြသူများ မဟုတ်ပါ။ ထိုကိုယ်ကျိုး မျှော်လင့်ချက် ရှေ့တန်း မတင်ခဲ့သူများ၏ စွန့်လွှတ် စတေးခံမှုကို အသိအမှတ်ပြု အလေးထားရပါမည်။ ဒီမိုကရေစီ အပြောင်းအလဲ ကာလတွင် ထိုပုဂ္ဂိုလ်များကို နိုင်ငံနှင့်ချီ၍ တရားဝင် အသိအမှတ်ပြုရမည့် အချိန်ပင် နှောင်းနေပြီဟု ဆိုချင်သည်။
၈ လေးလုံး လှုပ်ရှားမှုက မကြောက်တရားနှင့် အတူ တိုင်းချစ်ပြည်ချစ် လူငယ်များကို မွေးဖွားပေးခဲ့သည်။ သို့သော် အာဏာရှင် စစ်ဖိနပ်အောက်တွင် သူတို့၏ စံမြန်းရာမှာ အကျဉ်းထောင်နှင့် တိုင်းပြည် ပြင်ပ တွင်သာ ဖြစ်ခဲ့ကြသည်။
ယခု နိုင်ငံတော် အာဏာကို ရယူထားသည့် သမ္မတ ဦးသိန်းစိန် အစိုးရသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ရေလဲသုံး ပြောဆိုခဲ့ကြသည်။
ယခု အချိန်သည် ၂၅ နှစ် ငွေရတုမြောက် ၈ လေးလုံး လှုပ်ရှားမှုကြီးကို အသိအမှတ်ပြုရမည့် အချိန် ဖြစ်သည့်အပြင် လူထု လှုပ်ရှားမှုတွင် စတေးခဲ့ရသော အပြစ်မဲ့ပြည်သူ များအတွက်လည်း တာဝန်ယူ လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်သည်။
သွေးစွန်းခဲ့သော ယင်းအတိတ်ကာလကို ပြည်ဖုံးကားချ၍ မရနိုင်ပါ။ အတိတ်ကို မရှင်းလင်းဘဲ အနာဂတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် မဖြစ်နိုင်ပါ။ အတိတ်ကို ရင်မဆိုင်ဝံ့ပါက နိုင်ငံရေး အတိတ်မေ့သည့် Political Alzheimer ခံစားနေရသူတွေဟု အပြောခံရမည်။ သမိုင်းတင်ထားသည့် အတိတ်သည် ခွင့်လွှတ်၍ ရနိုင်သော်လည်း မမေ့ဖျောက်စကောင်းပေ။
ယနေ့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ ပြောင်းလဲမှုများသည် ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုတွင် မြစ်ဖျားခံသည်ဟု ဆိုလျှင် မမှားပါ။ သို့သော် ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ကျယ်ပြန့်သော အတိုင်းအတာအထိ မရောက်သေးဟု ဆိုနိုင်ပြီး အာဏာကို ဘယ်လက်မှ ညာလက်သို့ လွှဲပြောင်းမှုဟု ဆိုရပေမည်။
ရှင်ကြီး ဝမ်းထဲလည်း ဝင်ဖူး၊ ရှင်ငယ် ဝမ်းထဲလည်း ဝင်ဖူးပြီးသော တခါသေဖူးပြီး ပျဉ်ဖိုးနားလည် ခဲ့ရသော ပြည်သူလူထုမှာ သံသယများစွာနှင့် ယခု အပြောင်းအလဲကို စောင့်ကြည့်နေဆဲ ဖြစ်သည်။
သမိုင်း မှတ်တမ်းတင်ရသည့် ဤ ၈ လေးလုံး လှုပ်ရှားမှုကြီးတွင် စတေးခဲ့ရသူများ၏ စေတနာမှန်မှု၊ သိက္ခာကို ချီးကျူးဂုဏ်ပြုရပါမည်။ (ဤလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သူတချို့၏ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံရေး မဟာဗျူဟာအရ အငြင်းအခုန် လုပ်စရာ ရှိကောင်းရှိနိုင်ပါသည်။)
၂၅ နှစ်မြောက် ငွေရတု ၈ လေးလုံး နှစ်ပတ်လည် ကျင်းပခွင့်ရသည့် ယခုအချိန်အခါတွင် အဓိက ဆုပ်ကိုင် သင့်သည်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အနာဂတ်ကို ဖန်တီးရန် ဆွေးနွေးရေးဖြစ်သည်၊ ထိုအနာဂတ် လမ်းပွင့်ရေးအတွက် ပညာရေး ချုပ်ကိုင်မှုကို လျှော့ချပစ်ရေး ဖြစ်သည်။
၈ လေးလုံးကာလအတွင်း စတေးခဲ့ကြသော ကျောင်းသားလူငယ် သူရဲကောင်းများကို ဂုဏ်ပြုရင်း နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြန်လည် တင့်တယ် စေရေးအတွက် တတ်သိပညာရှင် များဖြင့်သာ ဦးဆောင်ခွင့်ပေးရေး လမ်းဖွင့်ပေးရတော့မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ယခု ၈ လေးလုံး ငွေရတုကို လွတ်လပ်စွာ ကျင်းပနိုင်ခွင့်ရခြင်းသည် အရေးတော်ပုံကို အသိအမှတ်ပြုမှု တမျိုးဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေးအတွက် လမ်းစဟု မှတ်ယူနိုင်သည်။ ယင်း လမ်းစပေါ်တွင် မှန်ကန်သော ခြေလှမ်းများဖြင့် ဆက်လျှောက်ရန်မှာမူ အရေးအကြီးဆုံး ဖြစ်ပေလိမ့်မည်။