ယနေ့ ၂၀၁၃ သြဂုတ်လ ၈ ရက်နေ့သည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး စတင်ခဲ့သည့် ၂၅ နှစ်ပြည့်သော နေ့ဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံ ကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ ၈ လေးလုံးကာလက အမှတ်တရ ဓာတ်ပုံပေါင်းများစွာ ရိုက်ကူးခဲ့သူ ဦးထိန်ဝင်း၊ မြန်မာသတင်းသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေး၊ ၈ လေးလုံး ကာလက မြဝတီမဂ္ဂဇင်း အယ်ဒီတာ တာဝန် ယူခဲ့သော ဦးကောင်းညွန့်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဆန်းတင်ကျော်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ လူမင်း တို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။
ဦးထိန်ဝင်း (ဓာတ်ပုံဆရာ)
၈လေးလုံးမှာ အမှတ်တရ အဖြစ်ဆုံးဓာတ်ပုံ ရိုက်ခဲ့ရ တာကတော့ သြဂုတ်လ ၂၆ ရက် နေ့က ရွှေတိဂုံ အနောက်ဘက် မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူထုကို မိန့်ခွန်းပြောတဲ့နေ့က ရိုက်ရတာ ပျော်စရာ အကောင်းဆုံး၊ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ တခါမှ အဲဒီလောက် လူ ၅ သိန်းလောက်လို့ ခန့်မှန်းရတဲ့ လူထုကို မရိုက်ဖူးဘူးလေ။ ပြီးတော့ ဖလင်က နှစ်လိပ်ပဲ ပါတာ။ အဲဒါကို ချွေတာရတယ်၊ အကြောင်းအရာ တမျိုးကို တကွက်ပဲ ရိုက်ရတယ်။ အခုလို ဒီဂျစ်တယ် ခေတ် ဆိုရင်တော့ ဖလပ် ဖလပ် ဖလပ်နဲ့ တောက်လျှောက် ရိုက်လို့ ရတာပေါ့။ ဖလင်ခေတ် ဆိုတော့ အကုန်ရိုက်လိုက်ရင် ကျန်တဲ့ စိတ်ဝင်စားစရာ ကောင်းတာတွေ လွတ်ကုန်မယ်။ အဲဒီတုန်းက ကိုယ်ပိုင် ကင်မရာလည်း မရှိသေးဘူး။ ကျနော်က စာအုပ် ထုတ်ဝေရေး လုပ်နေတာ။ ကင်မရာက ဘာအမျိုးအစားလဲ ဆိုတာလည်း မသိတော့ဘူး၊ သူငယ်ချင်းဆီက ငှားလာတာ။
၈၈ ကာလက ခက်ခက်ခဲခဲ ရိုက်ခဲ့ရတဲ့ ပုံဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံလို့ပဲ ပြောရမှာပဲ။ အဲဒီတုန်းက နေရာ ကောင်းကောင်း မရတော့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတယ်။ ကျနော့်ကင်မရာကလည်း မကောင်းဘူး၊ မှန်ဘီလူးတွေ ဘာတွေလည်း ကျနော့်မှာ ကောင်းကောင်းမရှိဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်ပုံက သိပ်ကောင်းကောင်းမရနိုင်တော့ ကျနော် လူအုပ်ကြီးကို ရိုက်တယ်။ အဲဒါကိုလည်း ငါးကတ်ခွဲရိုက်ပြီး Wide ဖြစ်အောင် ပြန်လုပ်ယူခဲ့ရတယ်။
အဲဒီမှာ စစ်အုပ်ချုပ်ရေးလည်း သိမ်းပြီးရော ကျနော့်ကို ၄ ပတ်ခေါ်စစ်တယ်။ အထိမ်းအသိမ်း ခံရတယ်ပေါ့။ ပြန်လွတ်လာတော့ ဓာတ်ပုံတွေက ဘယ်မှာသိမ်းမိမှန်း မသိတော့ဘူး။ နောက်ပြန်ရှာတော့မှ အိမ်က သံသေတ္တာကြီးထဲမှာ ခုနက ပြောတဲ့ ဖလင် နှစ်လိပ် ပြန်ထွက်လာတယ်။ အဲဒါ ပြန်တွေ့တဲ့နေ့ကတော့ တကယ့်ရွှေပဲ။ ဓာတ်ပုံတွေကို ကာလာနဲ့သွားကူးတော့ မကောင်းဘူး ပုံတွေက ဖွာနေတယ်။ အဲဒါနဲ့ အဖြူအမည်း ပြန်ကူးရတယ်။ အရေးအခင်းကာလက ကျနော် ဓာတ်ပုံ ၅၀၀ ကျော် ရိုက်ခဲ့တယ်။ အဲဒါတွေကို ကောင်းကောင်းလည်း မထိမ်းသိမ်းခဲ့ရပါဘူး။ သူငယ်ချင်းတယောက်ကို အပ်ထားတာ၊ သူငယ်ချင်းက ကြောက်ပြီး မီးရှို့လိုက်တယ်။ ကျန်တာတွေကို နိုင်ငံခြားက မော်ကွန်းတိုက်တခုကို ပို့လိုက်နိုင်တယ်။ အဲဒီမော်ကွန်းတိုက်က ထိမ်းသိမ်းထားလို့ အခု ပုံတွေကျန်တာ။
ဦးဇော်သက်ထွေး (မြန်မာ သတင်းသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ)
ကျောင်းတွေလည်း ပိတ်လိုက်ရော ကျနော်တို့က ကိုယ့်မြို့ဖြစ်တဲ့ မင်းဘူးမြို့ကို ပြန်လာခဲ့ကြတယ်။ အဲဒီမှာလည်း စက်မှု တက္ကသိုလ်ပြန် ကျောင်းသားတွေ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ပြန် ကျောင်းသားတွေ၊ မန္တလေး တက္ကသိုလ်က ပြန်လာတဲ့ ကျောင်းသားတွေက သြဂုတ် လဆန်းကတည်းက ဆုံကြတယ်။ ကျောင်းတွေမှာ ဘယ်လိုဖြိုခွင်း ခံခဲ့ရတယ်ဆိုတာကို ပြန်ပြောကြ၊ ဒေါသ ထွက်ကြနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုလည်း ပုန်ကန်ချင်တယ်။ ဘယ်လို နည်းလမ်းတွေနဲ့ ပုန်ကန်ရမယ် ဆိုတာလည်း မသိဘူး။ ရင်ထဲမှာလည်း စိုးရိမ်ကြောက်လန့် မှုတွေက ရှိနေတယ်။ အဲဒီမှာ ကျနော်တို့က စွန့်စားမှုတခုကို လုပ်လိုက်တယ်။
ကျူရှင်ကျောင်း တကျောင်းက လက်ကမ်းစာစောင်တွေ ထုတ်တာ ကို နမူနာယူပြီးတော့ အဲဒီကျောင်းကနေ စာကူးလှည့်စက်နဲ့ ဖယောင်းကို မင်သုတ်ပြီး စာရွက်တွေ ရိုက်နှိပ်တဲ့နည်းကို ယူပြီး သြဂုတ်လ ၇ ရက်နေ့ညမှာ လမ်းစဉ်ပါတီ ပြုတ်ကျရေး၊ တပါတီ အာဏာရှင်စနစ်ကို သပိတ်မှောက်ရေး စတဲ့ ကြွေးကြော်သံတွေ ရေးပြီး လူစည်ကားတဲ့ ဈေးနေရာမျိုး၊ လမ်းဆုံလမ်းခွ တွေမှာ လိုက်ကပ်လိုက်တယ်။
၇ ရက်နေ့ ညမှာက ရေနံချောင်းမှာ စပြီး သပိတ်မှောက်နေပြီ။ ၈ ရက်နေ့ သပိတ်မှောက်တဲ့အခါ မင်းဘူးမြို့က အစောဆုံး ပါခဲ့တယ်။ ၈ ရက်နေ့ မနက်ကျတော့ ပါတီယူနစ်က တာဝန်ရှိတဲ့ သူတွေက မြို့နယ်ရဲတပ်ဖွဲ့မှူးတွေနဲ့ အတူ ကပ်ထားတဲ့ စာတွေကို ပြန်ခွာပြီး ဓာတ်ပုံရိုက် မှတ်တမ်းလည်း ယူရော ကျနော်တို့က တော်တော် ကြောက်လန့်ခဲ့ကြတယ်။ မှိုင်းရာပြည့်၊ ဦးသန့် အရေးအခင်းတုန်းကလို ပြန်ဖမ်းခံရပြီး တိုက်ပွဲက ဦးကျိုးသွားမလားလို့ စိုးရိမ်ခဲ့တယ်။ အဲဒီလိုနဲ့ မနက် ၈ နာရီခွဲအထိ ကျနော်တို့မြို့မှာ တိတ်ဆိတ်နေတယ်။
ဘာမှမဖြစ်တော့ လက်ဘက်ရည်ဆိုင်မှာ စုထိုင်နေကြတဲ့ ကျနော်တို့တတွေ အကြားမှာ ကျနော်က စိတ်ပျက်လက်ပျက်နဲ့ လက်ဖက်ရည် ပန်းကန်ကို ဆောင့်ချပြီး “ဒီလောက်တောင် သတ္တိမရှိတဲ့ လူမျိုးတွေက ဘယ်လိုမှ အာဏာရှင် လက်အောက်က
လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဆိုပြီး သူငယ်ချင်းတွေကို ပြောနေတုန်း စကားမဆုံးခင်မှာဘဲ တို့အရေး၊ တို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေကို ကြားလိုက်တယ်။ ကျနော့်ရင်ထဲမှာ တုန်သွားရင်း ဒီလောက်အသံဆိုရင် လူအင်အား တော်တော် များမယ့် အသံပဲဆိုပြီး လူစုလူဝေးရှိတဲ့ လမ်းမကို ကျနော်တို့ တက္ကသိုလ် ကျောင်းသားတွေက ထွက်ကြည့်တဲ့အခါ လူစု လူဝေးကြီးကို တွေ့လိုက်ရတယ်။
သူတို့တတွေက ၇ လပိုင်း အတွင်းမှာ လုပ်ငန်းခွင်ထဲ မပြည့်စုံတာတွေ၊ အချိန်ပို လုပ်အားခတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် တာဝန်ခံတွေကို တောင်းဆိုခဲ့တယ်၊ ညှိနှိုင်းခဲ့တယ်။ အဲဒီအချိန်အထိ အလျှော့အတင်း လေးတွေပဲ ဖြစ်နေသေးတော့ ပေါက်ကွဲ မသွားသေးဘူး။ ၈ လေးလုံး နေ့မှာ တတိုင်းပြည်လုံးမှာလည်း သပိတ်မှောက် ဆန္ဒပြဖို့ လှုံ့ဆော်နေပြီ။ တက္ကသိုလ် တွေမှာလည်း ကျောင်းသားကျောင်းသူတွေ အဖမ်းခံရ၊ သေဆုံးခဲ့ရတာ တွေကို သိနေပြီ။ နောက်ဆုံး လုပ်ငန်းခွင် တာဝန်ခံ တွေက ဘယ်လောက်ပဲ လိုက်လျောပေးပေး၊ တနိုင်ငံလုံး နစ်နာခဲ့ရတာတွေကြောင့် တိုက်ပွဲဝင်မယ့် ဆန္ဒတွေ သူတို့မှာ ရှိနေတာကို မြင်တွေ့လိုက်ရတယ်။
၈ ရက်နေ့မှာ အဲဒီ မန်းရေနံမြေ တာဝန်ခံ အင်ဂျင်နီယာမှူးကြီးက သူတို့နဲ့ လာညှိသေးတယ်။ သူတို့က သံခမောက်တွေ၊ ရော်ဘာဖိနပ်တွေ တောင်းသေးတယ်။ လုပ်ငန်းခွင် လုံခြုံရေးအတွက် လိုအပ်တာတွေ အကုန်တောင်းတာကို လိုက်လျော
ပေးခဲ့သေးတယ်။ နောက်ဆုံးကျတော့ ခင်ဗျားတို့ လိုက်လျောတာကိုလည်း မယူတော့ဘူး၊ လမ်းစဉ်ပါတီ ဖျက်သိမ်းရေးကိုသာ တောင်းဆိုတယ်ဆိုပြီး မင်းဘူးမြို့ပေါ်ကို ချီတက်လာကြတာ။
အဲဒီ လူစုလူဝေးကြီးက မင်းဘူးမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ မန်းရေနံမြေက အလုပ်သမားတွေဖြစ်ပြီး အဲဒီရေနံမြေ အလုပ်သမား ၂ ထောင်နဲ့ ၃ ထောင်အကြား ရှိတဲ့ အင်အားက စတင်ပြီး အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတယ်။ အဲဒီလိုနဲ့ မြို့ထဲကို ရောက်လာတော့ အဲဒီရေနံမြေ အလုပ်သမားတွေနဲ့ အတူ ကျောင်းသားတွေ၊ ရဟန်းတွေ၊ ပြည်သူတွေ၊ ဈေးသူဈေးသားတွေ
ပူးပေါင်းလိုက်တဲ့ အခါကြတော့ သပိတ်အင်အားက ၈ ထောင်လောက် ဖြစ်သွားတယ်။
ပထမတော့ ရဲတပ်ဖွဲ့၊ ပါတီယူနစ်က လူတွေက ဝါးလုံးတွေနဲ့ တားတယ်၊ အသံချဲ့စက်တွေနဲ့ သတိပေးတယ်။ ဒါပေမယ့် အားလုံးက ဆန့်ကျင် ပုန်ကန်ပြီး မင်းဘူးမြို့ တောရကျောင်းတိုက် ဓမ္မာရုံမှာ စုဝေးပြီး တပါတီ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုး တွေ၊ ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုတွေကို တက်ပြောရင်း သပိတ်မှောက်တာကို မျက်မြင် တွေ့လိုက်ရတယ်။
အဲဒီလိုနဲ့ စကန္တဲဘုရား ရင်ပြင်မှာ စုဝေးနေတဲ့ လူတွေကလည်း အိမ်ကိုပြန်သွားရင် တဦးချင်း အဖမ်းခံရမှာ၊ ဒါကြောင့် ဒီမှာပဲ အားလုံး စုဝေးပြီး သပိတ်စခန်း ဖွင့်ခဲ့ကြတယ်။ အဲဒီနေရာမှာပဲ အာဏာသိမ်းတဲ့အထိ ဆန္ဒပြ သပိတ် မှောက်ခဲ့ကြတယ်။
မြို့လူထုက သပိတ်မှောက်သူတွေရဲ့ စားရေးသောက်ရေးကို တာဝန်ယူ ဖြေရှင်းပေးတယ်။ အဲဒီအချိန် အုပ်ချုပ်ရေးကလည်း ပျက်စီးနေပြီ။ သပိတ်စခန်းမှာလည်း အားလုံးကို ပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးဖို့၊ မယူဖို့ တင်းတင်ကျပ်ကျပ် လုပ်ထား တယ်။ မြို့လုံခြုံရေး အတွက်လည်း မြို့ပေါ်က ရပ်မိရပ်ဖတွေနဲ့ ပေါင်းပြီး ကွပ်ကဲရေး အဖွဲ့တွေကို ရပ်ကွက်အလိုက် ဖွဲ့တယ်။
အာဏာပိုင်ကလည်း သပိတ်မှောက်တာကို မနှောင့်ယှက်တော့ဘူး။ အဲဒါကြောင့် သွေးမြေကျမှုလည်း မင်းဘူးမြို့မှာ မဖြစ်ခဲ့ဘူး။
ဘဏ်တို့၊ ရဲစခန်းတို့ စတဲ့ သူတို့ရဲ့ သက်ဆိုင်ရာ နေရာတွေမှာ ကင်းတွေချပြီး ကျန်တာကို လုံး၀ ဝင်မစွက်ဖက် တော့ဘူး။ သပိတ်မှောက် လူစုတွေကလည်း အဲဒီနေရာတွေကို သွားမထိဘူး။ အဲဒါကြောင့်လည်း အာဏာသိမ်းပြီး နောက်ပိုင်း
ဘာအမှုမှ တရားစွဲဆို ခံရတာ မဖြစ်ခဲ့ကြဘူး။ အဲဒါကြောင့် နောက်ပိုင်း လှည့်လည် ဆန္ဒပြပွဲတွေမှာ အာဏာပိုင်တွေ ဘက်က
သူ့လူတွေပါ ဆန္ဒပြ အင်အားထဲ ထည့်ပေးတယ်။ ဆန္ဒပြတဲ့ အထဲမှာ ဝန်ထမ်းတွေပါ ပါလာတယ်။ ဝန်ထမ်းအဖြစ်က နုတ်ထွက် လိုက်ကြတာမျိုး မဟုတ်ဘဲ တဘက်က ရုံးတာဝန်လည်း လုပ်ရင်း သပိတ်အဖွဲ့နဲ့ ညှိနှိုင်း လက်တွဲခဲ့ကြတယ်။
ဒီအဖြစ်အပျက်က အခုဆိုရင် ၂၅ နှစ် တိုင်ခဲ့ပါပြီ။ ဒါပေမယ့် သတ္တိရှိရှိနဲ့ အကျႌအပြာရောင်၊ ဘောင်းဘီ အပြာရောင်၊ အလုပ် ခွင်ထဲမှာ ဆောင်းတဲ့ ရော်ဘာ ခမောက်တွေနဲ့ ချီတက်လာတဲ့ အလုပ်သမားထုကြီးရဲ့ ပုံရိပ်တွေကို ဒီနေ့အထိ မေ့လို့မရဘူး။ အခုဆိုရင် သူတို့တွေထဲက အများစုဟာ ကွယ်လွန်သွားတာတွေ ရှိမယ်၊ ပင်စင်ယူသွားပြီးတဲ့ နောက်မှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေကြတဲ့ သူတွေလည်း ရှိမယ်၊ အခုထိ ရေနံတွင်းတူးတဲ့ အလုပ်ကို ဆက်လက်လုပ် နေရသေးတဲ့ သူတွေလည်း ရှိနိုင်ပါသေးတယ်။
သူတို့ ဘယ်လိုဘဝပဲ ရောက်ရောက် ၂၅ နှစ်အတွင်းမှာ တပါတီ အာဏာရှင်စနစ်ကို အနည်းငယ် လွတ်လပ်တဲ့ နိုင်ငံရေး အခြေအနေ ကိုတော့ ရရှိလာနေပေမယ့် ခိုင်မာတဲ့ နိုင်ငံရေးလွတ်လပ်တဲ့ ဥပဒေတွေကို တတိုင်းပြည်လုံး အပေါ် ပြဌာန်းနိုင်ဖို့
ကျန်ရှိ နေပါသေးတယ်။ ဒါတွေအားလုံး ရရှိလာမှသာ ကိုယ့်ဘဝကို စွန့်လွှတ်ပြီးတော့ တိုက်ပွဲဝင်လာခဲ့ကြ၊ အနစ်နာခံခဲ့ကြ သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုရဲ့ အကျိုးကျေးဇူးက တကယ့်ကို ရရှိလာနိုင်မယ်လို့ ကျနော်ထင်တယ်။
ဦးကောင်းညွန့် (အငြိမ်းစားအယ်ဒီတာ၊ မြန်မာ့အလင်း သတင်းစာ)
အဲဒီအချိန်မှာ ကျနော်က မြဝတီမဂ္ဂဇင်းမှာ တာဝန်ခံ အယ်ဒီတာ လုပ်နေတယ်။ မြဝတီတိုက်ကလည်း ဆူးလေဘုရားလမ်း ထောင့်မှာ ရှိနေတယ်။ တရက်မှာ လူငယ်လေးတွေ စုရာကနေ လူအုပ်ကြီး ဖြစ်လာတယ်။ တဘက်က စစ်တပ် ဘက်ကလည်း
ဘရင်းကယ်ရီယာတွေ ရှိနေတယ်။ လူအုပ်များလာတော့ စစ်သားတွေ ကားပေါ်က ဆင်းလာပြီး လူအုပ်ကို ဖယ်ခိုင်းပါတယ်။
ကျနော်က မြဝတီတိုက်ထဲက အပေါ်စီးကနေ မြင်နေရတယ်။ လူအုပ်ကြီးကလည်း စစ်တပ်ဘက်ကို ခဲတွေနဲ့ ပေါက်ပေါ့။ နောက်ဆုံးတော့ စစ်တပ်က မိုးပေါ်ထောင်ပြီး သေနတ် ပစ်လိုက်တော့မှ လူအုပ်ကြီးက ရှဲသွားတယ်။ ဒါက ၈၈ ကို ပထမဆုံး
မြင်ခဲ့ရတာ။
ဒေါက်တာ မောင်မောင် တက်လာတဲ့ အချိန်အထိ လုပ်ရတာ လွတ်လပ်သေးတယ်။ ဒါပေမယ့် မြဝတီမှာက အရေးအခင်း ကိစ္စတွေ ရေးတာမျိုးတော့ မရှိခဲ့ဘူး။ ဝတ္တု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းတွေပဲ ထည့်တယ်။ ကျနော်က မြဝတီ မဂ္ဂဇင်းတိုက်မှာပဲ နေနေတာ။ ရုံးမှာ ကျနော်က ပန်းချီဆွဲတာ ဝါသနာပါတော့ မြဝတီတိုက်က ဆန္ဒပြဖို့ ထွက်တော့ ဆိုင်းဘုတ်ကို ကျနော်က ရေးပေးတာ။ မြဝတီတိုက်က လူ ၂၀ ဝန်းကျင်လောက်တော့ ထွက်ခဲ့ကြတယ်။ ဆန္ဒပြ ခဲ့ကြတဲ့ သူတွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရေးယူခံရတာပဲ။
ကျနော့်ကိုတောင် အရေးယူတဲ့ အနေနဲ့ မြန်မာ့အလင်း သတင်းစာဘက်ကို ပြောင်းလိုက်တယ်။ အယ်ဒီတာ အဖွဲ့တွေရော၊ အကုန် ပါသွားတယ်။ တချို့ကို ဖြုတ်၊ တချို့ကို ပြောင်းနဲ့ တချို့ကို ပင်စင်ပေးလိုက်တာ၊ အကုန်လုံးကိုပါပဲ။ ဘယ်လောက် အထိ ထောက်လှမ်းရေးတွေက သတင်းရထားလဲ ဆိုရင် မဂ္ဂဇင်းတိုက်ထဲမှာ ဟိုနေရာမှာတော့ ပစ်နေပြီ၊ ဒီနေရာမှာတော့ သတ်လိုက်ပြီ စတဲ့ဟာတွေကို ပါးစပ်လေးနဲ့ပဲ ပြောနေတဲ့သူ၊ ဘာမှ ဝင်မလုပ်ခဲ့ တာတောင် အရင်ဦးဆုံး သူ အဖြုတ်ခံ လိုက်ရတာ။ နောက်တမျိုးက ရုံးထဲမှာပဲ စီမံပြီး ဘယ်သူက ဘာလုပ်၊ သူက ဘာလုပ်၊ ဘယ်အဖွဲ့တွေဖွဲ့၊ ဘယ်သူက ဥက္ကဋ္ဌလုပ် ဆိုပြီး သူကတော့ အောက်ဆုံးနေရာ လေးမှာပဲ နာမည်ခံပေမယ့် စီမံခဲ့တဲ့သူ၊ အဲဒီလိုလူတွေလည်း ပြုတ်တာပဲ။
အဲဒီလိုနဲ့ မြန်မာ့အလင်း သတင်းစာဘက်ကို အပြောင်းခံ လိုက်ရတယ်။ နောက်တော့ သတင်းစာတိုက်ကို ဦးခင်ညွန့် ရောက်လာတယ်။ သူက သတင်းစာကို အရင်တုန်းကလို ပွင့်ပွင့်လင်းလင်း ပြန်ထုတ်ပါလို့ ပြောတော့ အယ်ဒီတာချုပ် ဦးရဲတင့်က ဝမ်းသာပြီး ကျနော်တို့ကို တာဝန်အသီးသီး ခွဲပေးရော။ ဒါပေမယ့် အဲဒါကလည်း တခဏပဲ ခံတယ်။ အာဘော်က အရင် အာဘော် ပြန်ဖြစ်သွားတယ်။
အဲဒီလို အရေးအခင်း နောက်ပိုင်း သတင်းအရေးအသား ဘက်မှာတောင် ဗိုလ်ချုပ်မျိုးညွန့်က စကားအများကြီး ပြောတာကို အယ်ဒီတာချုပ်ရော၊ ဗိုလ်ချုပ်ခင်ညွန့်ကရော မှာထားတယ်။ ခင်ဗျားတို့ သင့်တော်သလို တည်းဖြတ်ပါလို့ ပြောတော့ တည်းဖြတ် တာလောက် ရခဲ့တယ်။ နောက်ပိုင်းတော့ အဲဒီလို တည်ဖြတ်တာမျိုး လုပ်လို့မရတော့ဘူး။ သတင်း ရေးသားတဲ့ အခါမှာ ဒါပေးလိုက်ရင် ဒီအတိုင်းသာ ထည့်ပေတော့။ ကျနော်က မဂ္ဂဇင်းက လာတဲ့သူ။ စကားပြောဟန်နဲ့ စာဟန်တောင် မတူတာကို တည်းဖြတ် ပြုပြင်ချင်တယ်၊ ဒါပေမယ့် အဲဒါမျိုးတောင် လုပ်လို့မရတော့ဘူး။
ဦးဆန်းတင်ကျော် (နိုင်ငံရေးအကျဉ်းသားဟောင်း၊ တက်ကြွလှုပ်ရှားသူ)
၈ လေးလုံးနေ့မှာ ဆန္ဒပြဖို့ လုပ်ခဲ့ရတာက အရင်ရက်တွေ ဖြစ်တဲ့ သြဂုတ်လ ၃ ရက်နေ့ ပြတာ၊ ၄ ရက်နေ့ ပြဖို့ လုပ်တာတွေနဲ့ မတူဘူး။ လွယ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၆ ရက်နေ့မှာ ကိုဌေးကြွယ်၊ ကိုကိုလတ်နဲ့ မအေးငြိမ်းသူတို့က ဘီဘီစီမှာ အင်တာဗျူးတခု လုပ်ခဲ့တယ်။ အဲဒီ အင်တာဗျူးက ဒီ ၈ လေးလုံး အခန်းကဏ္ဍမှာ ဘယ်လောက်အထိ အရေးပါခဲ့လဲ ဆိုရင်
အိမ်ထဲမှာ ရှိနေတဲ့ ပြည်သူတွေကို လမ်းမပေါ် ရောက်လာအောင် လှုံ့ဆော်လိုက်တဲ့၊ နှိုးဆွပေးလိုက်တဲ့ အင်တာဗျူးတခုပဲ။
အဲဒီအရှိန်ကြောင့် ၈ ရက်နေ့မှာ လူတွေက ဆူးလေတဝိုက်မှာ အများကြီးဖြစ်နေပြီ။ ကျနော်က အိမ်ကနေ ထွက်လာတော့ လိုင်းကားပေါ်တက်ပြီး လမ်းကြောင်း အခြေအနေကို အရင်ဆုံး လိုက်ကြည့်တယ်။ ဆူးလေ ရောက်တဲ့အခါမှ လူအုပ်က အများကြီး ရှိနေပေမယ့် စမယ့်လူ မရှိဘူး ဖြစ်နေတယ်။
အဲဒီအချိန် ကြွေးကြော်သံ တိုင်မလို့လုပ်နေတုန်း ကိုဗထူးမောင်က လက်ကိုလာကိုင်ပြီး စမယ်ဆိုရင် ကျနော်လည်း ပါမှာပေါ့ ဆိုပြီး လက်ခုပ် စတီးဖို့ ကျနော်က အခု ကုန်သည်ကြီးများ ဟိုတယ်နေရာနားကို သွားတယ်။ သူက ဆူးလေ မီးပွိုင့်နားမှာ နေခဲ့ တယ်။ ကျနော်တို့ ၂ ယောက် အချက်ပြပြီး လက်ခုပ်လည်း စတီးရော လူထုတွေကလည်း ဘာမှန်းမသိဘဲ အကုန်လိုက်တီး ရော။
အဲဒီတော့မှ ကျနော်က “သပိတ်” ဆိုပြီး စအော်တော့ ကိုဗထူးမောင်က “မှောက်၊ မှောက်” လို့ ဆိုပြီး ကြွေးကြော်သံတွေ စတိုင်တော့တာပဲ။ အဲဒီလိုနဲ့ သပိတ်ကို ဒီနေရာက စတင်ပြီး စချီတက်တာ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ စစ်တပ် ချထားတော့ ကျနော်တို့က ရှေ့ကိုပြေးပြီး ပြည်သူနဲ့ တပ်မတော်သားတွေ အကြားမှာ နီးစပ်ရာလူတွေကို လက်ချင်းဆွဲပြီး ကားလိုက်တယ်။ စစ်သားတွေနဲ့ ကျနော်တို့ အကြားမှာ ၁ ပေကျော်ကျော်လေးပဲ ကွာတော့တယ်။ အဲဒီလိုနဲ့ လူအုပ်ကြီးနဲ့အတူ ကမ်းနားဘက်ကို ဆင်းလာတယ်၊ သိမ်ကြီးဈေး နားကိုရောက်တော့ တယောက်က လွှတ်တော်ကို သွားမယ် ဆိုလိုက်တာနဲ့ တပ်ဦးက ဘုန်းကြီးလမ်းကနေ ပြည်လမ်းကို သွားတော့တာပဲ။
အဲဒီလိုနဲ့ စစ်တပ်က စံပြရုပ်ရှင်ရုံနားမှာ စစ်တပ်က လမ်းပိတ်ထားလိုက်ပြီ။ ကျနော်တို့တွေ ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတာ၊ တချို့က ဆက်သွားမယ်၊ အသေခံမယ်။ ကျနော်တို့က နောက်ဆုတ်မယ်၊ ကနဦးအစမှာ သွေးမြေကျတာ မမြင်ချင်ဘူး၊ ပြည်သူ ထိတ်လန့်သွားမယ် ဆိုပြီး နောက်ဆုတ်ပြီး ပတ်လိုက်တာ ကြည့်မြင်တိုင်ညဈေး၊ စလင်းကွင်း၊ မြေနီကုန်း၊ ကမ္ဘာအေး ဘုရား လမ်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နဲ့ နောက်ဆုံး ညနေ ၆ နာရီကျော်မှာ မြို့တော်ခန်းမရှေ့ ပြန်ရောက် လာတယ်။ အဲဒီအချိန်မှာ မြို့တော် ခန်းမရှေ့မှာ ပရိသတ် ၁ သိန်းကျော်လောက် ရှိနေပြီ။ အဲဒီအချိန်မှာ ကိုဗထူးမောင်က သပိတ်ကို ဒီမှာ တပ်မဆွဲကြပါနဲ့၊ ကိုယ့်အိမ်ကိုယ် ပြန်ပြီး လူစုခွဲပါ၊ ညဘက်မှာ အန္တရာယ် ရှိနိုင်ပါတယ်လို့ အမြင့် တနေရာကို တက်ပြီး ပြောပေမယ့် ပြောလို့မရတော့ဘူး။ အဲဒီမှာ ကိုဗထူးမောင်က ကိစ္စရှိသေးလို့ ပြန်သွားတယ်။ လူအုပ်က ဆူးလေဘုရား
အရှေ့ဘက်မုခ် ကနေ ပန်းဆိုးတန်း လမ်းအထိ လမ်းသွယ်တိုင်းမှာလည်း အပြည့်ပဲ။
အဲဒီလိုနဲ့ လူထုက ဘယ်ကခုံပုလေးတွေ ရှာလာလဲ မသိဘူး၊ စင် ၄ ခုဖြစ်လာတယ်။ တက်လာတဲ့ လူတွေကလည်း မိမိရဲ့ ရင်တွင်းဖြစ်၊ ၁ ပါတီ အာဏာရှင်စနစ်ကို နာကျည်းတာတွေ ပြောကြတယ်။ ကျနော်တို့က ည ၇ နာရီ ကျော်လာတော့
ဒီဆန္ဒပြ လူထုအတွက် စားရေး သောက်ရေးကို နီးစပ်ရာ ရပ်ကွက်တွေမှာ အလှူခံကြတယ်။ လူထုကလည်း ချက်ချင်း ချက်ပြုတ်ပြီး လာပို့တာ ၈ နာရီလောက်မှာ ထမင်းထုပ် တော်တော်လေး ရလိုက်တယ်။ ထမင်းထုပ်တွေ သွားရှာနေရင် အသံ ချဲ့စက်နဲ့ လော်စပီကာ ရလာတယ်။
အဲဒီစက်တွေကို ဆူးလေဘုရား အရှေ့ဘက်မုခ်က စင်မှာ တခုခုဖြစ်ရင် ကြေညာလို့ရအောင် တပ်ထားလိုက်တယ်။ ကျနော်တို့ လူထုတွေ မြို့တော်ခန်းမ ရောက်တဲ့ အချိန်ကတည်းက မြို့တော်ခန်းမထဲမှာ စစ်တပ်က တပ်စွဲထားတယ်။ ထမင်းထုပ်တွေ ဝေတော့ ရှေ့တန်းမှာရှိတဲ့ ပြည်သူတွေက သံဆန်ခါတဘက်မှာ ရှိနေတဲ့ စစ်သားတွေကို ထမင်းသွားကျွေးတယ်။ အချိန် ၉ နာရီလောက်လဲ ကျရော ဝီစီသံတွေ စကြားတယ်။ နောက်တော့ တီအီးကားတွေနဲ့ စစ်သားတွေ ပြန်ထွက်သွားတာ မြို့တော် ခန်းမထဲမှာ စစ်သား ၁ ဦးမှ မရှိတော့ဘူး။ အဲဒီဖြစ်ပျက်မှု မကြာခင်မှာဘဲ ပဲခူးဘက်က တက်လာတဲ့ စစ်ကားတွေက
မြို့ထဲကို မီးတွေ ထိုးတက်လာတယ်။ စစ်ကားတွေ တက်လာတဲ့ အချိန်မှာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် ရောက်လာပြီး ကျောင်းသား ခေါင်းဆောင်တွေ ရွှေတိဂုံဘုရားမှာ အစည်းအဝေး လုပ်နေတယ်၊ မြို့တော်ခန်းမက ကိုယ်စားလှယ် ၁၀ ဦးကိုလည်း ဖိတ်ခေါ် နေတယ်ဆိုပြီး လာပြောတယ်။
ကျနော်တို့က စဉ်းစားပြီး လိုက်သွားကြမယ် ဆိုပြီး သူတို့ပါလာတဲ့ ဟိုင်းလတ်စ်ကား အဖြူလေးပေါ် တက်မလို့အလုပ်မှာ စိတ်ထဲ တမျိုးဖြစ်လာတယ်။ အမျိုးသား ၄ ယောက် လောက်က တက်ပြီးသွားပြီ။ အဲဒီအချိန်မှာ ဘယ်သူက ထအော်လိုက်မှန်း မသိဘူး။ “မတင်နဲ့၊ မတက်နဲ့” ဆိုရော ကားက မောင်းပြေးသွားပြီ။ တက်သွားတဲ့ ၂ ယောက်က ခုန်ဆင်းလိုက်တယ်။ ၂ ယောက်ကတော့ ကားနဲ့ ပါသွားတယ်။ အဲဒီတော့ ကျနော့်စိတ်ထဲမှာ စတော့ ဖြိုခွဲနေပြီဆိုတာ သိလိုက်တယ်။ ဒါဟာ မရိုး သားမှုတွေ ရှိလာနေပြီ။
အဲဒီည ၁၀ နာရီခွဲလောက်လည်း ကျရော ကိုယ်ပိုင်ကားတွေနဲ့ ဒီကိုလာကြတဲ့ ပြည်သူတွေက “ပြန်ကြတော့၊ အိမ်ပြန်ကြတော့၊ စစ်ကားတွေ ပြင်နေကြပြီ၊ ဘရင်း ကယ်ရီယာကားတွေလည်း အောင်ဆန်းကွင်းရှေ့မှာ ပြင်ထားပြီးပြီ” အော်ပြီး ပြေးသွားကြ တယ်။ လူတွေကလည်း ယောက်ယက်ခတ်နေပြီ။ ရှိနေတဲ့ စပီကာနဲ့ ထိန်းလိုက်တာ အားလုံးပြန်ငြိမ်ဖို့၊ စိုးရိမ်မှုမဖြစ်ဖို့ ကြေညာ နေတယ်။
အဲဒီလိုလုပ်နေတုန်း မီးကြီးတွေထိုး၊ ညာသံတွေပေး၊ ကားဟွန်းတွေတီးပြီး ဘရင်းကယ်ရီယာ ၄ စီး၊ တီအီး စစ်ကား ၄ စီးက သမ္မတခုံးပေါ်က ဆင်းချလာတယ်။ ပန်းဘဲတန်းဘက် အခြမ်းမှာ ရှိနေတဲ့လူတွေ တယောက်မှ မရှိတော့ဘူး။ မြို့တော်ခန်းမ ရှေ့ကလူတွေက မသိကြဘူး။ သူတို့က ဝင်လာတာ လမ်းပြောင်းပြန် ဝင်လာပြီး ဆူးလေဘုရားအရှေ့ဘက်မုခ်မှာ ပန်းဆိုး
တန်းလမ်း ဘက်ကို မျက်နှာမူပြီး ဘရင်းကယ်ရီယာ ၄ စီးက တစ်စီးနဲ့ တစီး ၈ ပေလောက်ခြားပြီး နေရာယူလိုက်တယ်။
စစ်သားတွေကလည်း အဲဒီကားတွေအကြားမှာ ၈ ယောက်စီ နေရာယူတယ်။ အဒီအချိန်မှာ စပီကာ စက်တွေရော၊ စင်တွေရော
ဘာမှမရှိတော့ဘူး။ အလံကိုင်ထားတဲ့ သူတွေက အဲဒီ ဘရင်းကယ်ရီယာ ကားရှေ့မှာ သွားရပ်လိုက်ကြတယ်။ အဲဒီလိုပြီးတော့ အိမ်ပြန်ကြဖို့ အော်တယ်။ လူထုကလည်း ကြွေးကြော်ရင်း နောက်ဆုံး ဘရင်းကယ်ရီယာ နားအထိ ရောက်နေပြီ။ သူတို့က ဘာမှမလုပ်သေးဘဲ မီးထိုးပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်တယ်။ နောက်ဆုံး ၁၁ နာရီလည်း ကျော်လာရော ကျနော်တို့ အရှေ့ဘက် ရောက်နေတဲ့ အလံကိုင် လူအုပ် ၄၀ လောက်သာ ရှိတော့ပြီး ကျန်တဲ့လူတွေ အနောက်မှာ ဘယ်သူမှ မရှိတော့ဘူး။
မဟာဗန္ဓုလပန်းခြံလမ်းနဲ့ တခြား ဘက်ကို ရောက်နေပြီ။ နောက်ဆုံး စစ်တပ်က သူတို့အရှေ့မှာ ရှိနေတဲ့ လူအုပ်ကို ပစ်တော့တာပဲ။ ပထမ တကြိမ်ပစ်တော့ ကျနော်ကြောင်နေတယ်။ ဒုတိယအကြိမ် ပစ်တော့မှ ဘေးကို လှည့်ကြည့်မိတော့ တချို့က ကျည်ထိပြီး လဲသူလဲ ဖြစ်နေပြီ။ တတိယတကြိမ် ပစ်တော့မှ ကျနော်လည်း ပြေးတော့တာပဲ။ သူတို့က မဟာဗန္ဓုလ ပန်းခြံ လမ်းထိပ်အထိ တွေ့သမျှကို ပစ်ကြတယ်။ အဲဒီမှာ ကျည်ဆန် ဒဏ်ရာကြောင့် မပြေးနိုင်ကြတဲ့သူ ၄၀ လောက် ရှိမယ်။ တချို့ ပြေးတဲ့သူတွေမှာလည်း ဒဏ်ရာရတဲ့သူတွေ ရကြတယ်၊ တချို့ကလည်း တရားရုံးချုပ်ကို ခုန်ထွက်ပြေးလို့ ထိသူထိ၊ ပန်းခြံထဲကို ခြံစည်းရိုး ကျော်ပြေးလို့ ထိသူထိနဲ့ တော်တော်များများ ထိခဲ့ကြတယ်။
အကယ်ဒမီ လူမင်း (ရုပ်ရှင်သရုပ်ဆောင်)
၈၈ အရေးအခင်း ဖြစ်တုန်းက ကျနော်က အောင်ပန်းမှာ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တက်နေတဲ့ အချိန်ပေါ့။
အောင်ပန်းမှာ အဲဒီ အချိန်တုန်းက ကျနော့် အစ်မတွေရော၊ အဖေရော မိသားစု အကုန်လုံး ကျနော်တို့မြို့ အတိုင်းအတာနဲ့ ပါဝင် လှုပ်ရှားခဲ့ကြတာပေါ့။
ရန်ကုန်လိုတော့ မကြီးကျယ်ဘူးပေါ့၊ ကျနော်တို့အောင်ပန်းမှာတော့ စစ်တပ်နဲ့ အပစ်အခတ်မဖြစ်ဘူး။ စစ်တပ်အာဏာ မသိမ်းခင်မှာဘဲ ရဲစခန်းနဲ့ ပြဿနာဖြစ်တော့ ကျောင်းသားနှစ်ယောက် ဆုံးသွားတယ်၊ အဲဒီတုန်းက ကျနော်တို့မြို့မှာက တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံက ကိုယ်စားလှယ်တွေ ရွေးတာပေါ့နော်၊ ရန်ကုန်တက္ကသိုလ်က ဘယ်သူ၊ တောင်ကြီး တက္ကသိုလ်က ဘယ်သူ၊ မန္တလေး တက္ကသိုလ်က ဘယ်သူဆိုပြီး ကိုယ်စားလှယ်တွေ ရွေးတာပေါ့၊ စိုက်ပျိုးရေး တက္ကသိုလ်က လှုပ်ရှားတဲ့ အထဲမှာ ကျနော် တယောက်ပဲ ဆိုတော့ ကျနော်က ရွေးတဲ့ အဖွဲ့ထဲပါတာပေါ့။ နောက်ပြီး ကျနော့်အဖေက ဦးစီးပြီးတော့ ကျနော်တို့အိမ်ရှေ့က မြေကွက်လပ် အားကစားကွင်းထဲမှာ ကျောက်စာချပ်ကြီးကို ထူခဲ့တယ်၊ ဒါတွေကတော့ အမှတ်တရ လုပ်ခဲ့တဲ့ ဟာတွေပေါ့။
ကျောက်စာမှာပါတဲ့ အကြောင်းအရာကိုတော့ ကျနော်အခုချိန်မှာ Detail မဟြေနိုင်တော့ဘူး၊ ကျနော့်အဖေ ဆီမှာတော့ ရှိရင်ရှိလိမ့်မယ်၊ တောင်ကြီးပြီးရင် ကျနော်တို့ အောင်ပန်းမြို့က အကြီးဆုံးဆိုတော့ သူ့နယ်မြေ အနေအထားနဲ့ ကတော့ ကြီးကြီးကျယ်ကျယ်တော့ ရှိပါတယ်၊ တက္ကသိုလ် ကောလိပ်တက်တဲ့ ကျောင်းသားကလည်း များတော့ လူထုလူတန်းစား အလွှာအသီးသီး ပါတဲ့ လှုပ်ရှားမှုကြီးတော့ ဖြစ်ခဲ့တာပေါ့။
ကျနော့်အဖေ ဆိုရင်လည်း စင်ပေါ်တက်ပြီး တရားဟောတာတွေပါ လုပ်တယ်၊ ကျနော့်အဖေက အရင်တုန်းက Political Science နဲ့ ဘွဲ့ရခဲ့တဲ့သူ ဆိုတော့ သူကတော့ နိုင်ငံရေးအကြောင်း နားလည်တာပေါ့။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ဟြေရရင် ၈၈ ကျမှ နိုင်ငံရေးဆိုတာကို စသိ၊ စစိတ်ဝင်စားတာ၊ ကိုယ့်ကျောင်းသားတွေရဲ့ အခွင့်အရေးကဘာ၊ ဘယ် အခွင့်အရေး တွေက ဆုံးရှုံးနေတယ် ဆိုတာတွေကြောင့် အဲဒီတော့မှ နိုင်ငံရေးကို စ စိတ်ဝင်စားလာတာ။ အဲဒီတုန်းက သမဂ္ဂတွေ ဘာတွေက ထုတ်တဲ့ စာစောင်တွေက ကျနော်တို့ဆီကို ရောက်တယ်လေ။ ရန်ကုန်က ဖြစ်တဲ့ သတင်းတွေတော့ ကြားတယ်၊ နောက်ပြီးရန်ကုန်မှာ ကိုယ်တွေ့ ကြုံခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ကျနော်တို့နယ်မှာ တရားဟောပွဲ တွေမှာ ဟောကြတယ်။ ကိုယ်တွေ အတွက်တော့ အထူးအဆန်းပဲ၊ သူတို့ဟြေပြတာတွေမှာ ကျောင်းသားတွေ သေနတ်နဲ့ အပစ်သတ် ခံရပြီးတော့ အတုံးအရုံး သေကြတာတွေ၊ တံတားနီမှာ အလောင်းတွေကို ကားပေါ်ပစ်တင်ပြီး သယ်သွားတာ မျိုးတွေ၊ အဲ့ဒီခေတ်တုန်းကတော့ လုံး၀ မခံမရပ်နိုင် ဖြစ်ကြတာပေါ့။
ကျနော်တို့ မြို့မှာတော့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာ သိပ်ပြင်းပြင်းထန်ထန် မဖြစ်လိုက်ဘူး၊ သတ်တာဖြတ်တာတွေ မဖြစ်လိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့မြို့တွေက စစ်တပ်နဲ့ အစဉ်အဆက်က မြို့ခံတွေနဲ့က ရင်းနှီးတာ ဆိုတော့ တပ်ရင်းမှူးကြီးတွေ၊ ဘာတွေကလည်း ညှာညှာတာတာ ကိုင်တွယ်ကြတယ်၊ အဲဒီ သဘောလေးတော့ ရှိတယ်။
အဲဒီတုန်းက ခံစားမှုကတော့ သွားပြီပေါ့နော်။ ပါဝင် လှုပ်ရှားသမျှတွေကို အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ပေါ့နော်။ အဲဒါကလည်း ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရ၊ ဘာရပေါ့နော်။ ကျနော်တို့ကတော့ အဲဒီတုန်းက အဖမ်းဆီး အထိန်းသိမ်း မခံလိုက်ရပါဘူး။
အမှတ်တရ ဟြေချင်တာက ကိုယ်ကိုယ်တိုင်လည်း ခံယူတယ်၊ အားလုံးကိုလည်း ဟြေချင်တာက၊ သိစေချင်တာက
၈၈ က အရေးအခင်း မဟုတ်ပါဘူး၊ လူထုလူတန်းစား အလွှာအသီးသီး ပါဝင်တဲ့ ပြည်သူ့ အရေးတော်ပုံကြီးပါ။ မြန်မာနိုင်ငံ သမိုင်းကြောင်းကို ဟြေရင် ဒီစာမျက်နှာက လုံး၀ ချန်ထားလို့မရမယ့် သမိုင်းကြောင်းပါ။ အဲဒီတော့ ၈၈ ကို မီတဲ့သူတွေရော၊ နောက်မှ မွေးတဲ့ ကလေးတွေရော ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို သိထားရမယ်၊ သိထားသင့်တယ်၊ ပြီးတော့ အားလုံးနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆတယ်။
ဧရာဝတီသတင်းထောက် အေးချမ်းမြေ့၊ စနေလင်းနှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။