တောင်းပန်ခြင်း နဲ့ ဆပ်စပ်တဲ့ “ဝမ်းနည်းပါတယ်” ဆိုတဲ့ စကားကို လူတွေ နေ့စဉ် အသုံးအဖြစ် အမြဲ သုံးလေ့ရှိတယ်။ ခေတ် အသုံး “ဝမ်းနည်းပါတယ်” ဟာ အင်္ဂလိပ်စကား “(I’m) Sorry” ကို ယူ မြန်မာ လို ဖလှယ် ပြောကြရင်းနဲ့ တွင်ခဲ့တယ်လို့ ထင်တယ်။ ခုအချိန်မှာတော့ လူအများဟာ မြန်မာလို “ဝမ်းနည်းပါတယ်” ဆိုတာထက်တောင် “Sorry” ဆိုတဲ့ စကားလုံးကို နိစ္စဓူဝ သုံးစွဲနေကြပါပြီ။ နေ့စဉ် လိုလို သုံးစွဲနေကြရင်းနဲ့ ခပ်ပေါပေါ သဘော ဖြစ်နေပေမယ့် တကယ်တော့ ဗမာ့ ဓလေ့ မှာ တောင်းပန်ခြင်း သဘောကို အင်မတန် အလေးအနက် ပြုလေ့ရှိကြတယ်။
ဗမာ့ ထုံးတမ်း မှာ တောင်းပန်ခြင်း ဖြစ်စဉ် ဟာ လူမှု အစု၊ အလွှာ အသီးသီး ရဲ့ အကြောင်း ကိစ္စ တိုင်းမှာ ပါဝင်တယ်။ မြတ်စွာဘုရား နဲ့ သံဃာ အပေါ် ဝန်ချ တောင်းပန် ရှိခိုး ဦးတင်ခြင်းက စလို့ မိဘ၊ ဆရာ၊ ညီအစ်ကို၊ မောင်နှမ၊ အိမ်ထောင်ဖက်၊ အဆွေ ခင်ပွန်း၊ လူကြီး၊ လူငယ် ပုံစံမျိုးစုံမှာ ပြုလုပ်လေ့ ရှိကြတယ်။ ဗမာ တွေ ဟာ မိရိုးဖလာ အင်မတန် ဘာသာရေး ကိုင်းရှိုင်းကြသူတွေ ဖြစ်လို့ “ကံကြီးထိုက်မယ်” ဆိုတဲ့ စကား ကို အလေးအနက်ထား ကြပါတယ်။ ဒါကြောင့် ဘုရား၊ ရဟန်းသံဃာ၊ မိဘ၊ ဆရာ နဲ့ ကျေးဇူးရှိသူတွေ အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ ပြစ်မှားကျူးလွန်မိမှာ စိုးတဲ့ အတွက် နေ့စဉ် ဘုရား ဝတ်ပြု ရာမှာ ထည့်သွင့် ရှိခိုး တောင်းပန်လေ့ရှိကြတယ်။
ဒါ့အပြင် ရိုးရာ ဓလေ့ အရ ဆိုင်ရာ ပိုင်ရာ နတ်ဒေဝါများ ကိုလည်း အခါအားလျော်စွာ (သို့မဟုတ်) အကြောင်း လိုအပ်လာသလို တောင်းပန်သမှု ပြုလေ့လည်း ရှိကြတယ်။ နတ်ပွဲဆိုတာဟာ တနည်းအားဖြင့် တောင်းပန်ပွဲ တမျိုးပဲ ဖြစ်တယ်။ ရပ်ထဲ ရွာထဲမှာလည်း လူကြီး၊ လူငယ် အကြောင်းခြင်းရာများ ကြရင် နောက်ဆုံး အုန်းပွဲ၊ ငှက်ပျော်ပွဲ နဲ့ တောင်းပန်မှု၊ ကျေအေးမှုတွေ အဆုံးသတ်လေ့ ရှိကြတယ်။ နောက်ဆုံး လူငယ်ချင်း ဘာသာဘာဝ ခိုးရာလိုက်ပြီးနောက် မိန်းကလေး ကို မိဘအိမ်ပြန်အပ်နှင်းရာမှာ လည်း ကန်တော့ပွဲ နဲ့ အပြစ်လွှတ်ဖို့ တောင်းပန်ပြီးမှ ပြန်အပ်လေ့ရှိကြတယ်။
ဗမာများဟာ ကိုးကွယ်ရာ ဘာသာ အယူဝါဒ သွန်သင်မှုအရ ဉာဏ်ပညာ အလင်း ပွင့်မှု ရဲ့ လောကီ၊ လောကုတ္တရာ နှစ်ခုစလုံး အပေါ် အကျိုးသက်ရောက်မှု ကို ကောင်းကောင်းနားလည်တယ်။ တွဲလျက် ပညာဉာဏ် နဲ့ ဆက်စပ်တဲ့ စာအုပ်၊ စာပေ အပေါ် မှာလည်း အင်မတန် ရိုသေတတ်တယ်။ ဒါကြောင့် ရှေးဗမာကြီးများ ရဲ့ “စာတစ်လုံး ဘုရားတစ်ဆူ” ဆိုရိုး စကားနဲ့ အညီ ဗမာတွေဟာ စာအုပ်၊ စာပေ အပေါ်မှာလည်း မဖွယ်မရာ ပြုမိသလို ဖြစ်ရင်၊ ဥပမာ – မြေကြီးပေါ် လွတ်ကျခြင်း၊ ခြေထောက် နဲ့ မတော်တဆ ထိမိခြင်း၊ စာအုပ်အပေါ် ကျော်လွှားသွားမိခြင်း လို ဖြစ်ရပ်တွေမှာ အမြန် စိတ်ရော၊ ကိုယ်ပါ တောင်းပန်လေ့လည်း ရှိကြတယ်။
ခု အထက်မှာ ဆိုခဲ့သမျှဟာ ကျနော့် ရဲ့ ငယ်ဘဝ တလျှောက် ရိုးရာ ဓလေ့၊ ထုံးတမ်း အရ အရိုးစွဲ ကိုယ်တိုင် ကျင့်ကြံမိတဲ့ အပြုအမူ၊ အမူအကျင့် တစိတ်တပိုင်း ဖြစ်သလို၊ ပတ်ဝန်းကျင် မှာလည်း ရင်းနှီး၊ ကျွမ်းဝင် မြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ် သဘောတွေ ဖြစ်တယ်။ ဒါတောင် ကျနော် ဟာ မဆလ နောက်ဆုံး ဆယ်စု နှစ် နဲ့ နဝတ၊ နအဖ ခေတ် မှာ ကြီးပြင်း ပညာသင် ခဲ့ရတဲ့ မျိုးဆက် ဖြစ်တယ်။ မိဘများက အမြဲ ပြောတယ်။ မင်းတ့ို ဟာ ပညာရေး စနစ်ဆိုးကြောင့် ပြည်သူ့နီတိ လည်း မသင်ရ၊ ကျူရှင် နဲ့ ၂၄ နာရီ နပမ်းလုံး နေရတော့ ဘာသာတရား အဆုံးအမက လည်း အပြည့်အဝ မခံယူနိုင်၊ ဒါကြောင့် “အင်မတန် ရိုင်းကြတယ်” လို့ ဆိုလေ့ရှိခဲ့တယ်။ ဒါပေမယ့် ဒီလို နောက်ခံ အနေအထားမျိုးမှာတောင် ဆိုခဲ့တဲ့ တောင်းပန်ခြင်း ဓလေ့၊ ယဉ်ကျေးမှု သဘောဟာ ရိုးရာဓလေ့ကြောင့် အရိုးစွဲစေခဲ့တယ်။
မိဘ က အင်မတန် ပွင့်လင်းရင်းနှီးတဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်ပေးခဲ့တာကြောင့် ထုံးတမ်း သဘော တောင်းပန်သမှု ပြုခြင်းကို အိမ်မှာ အလေးအနက်ထား မလုပ်ဖူးခဲ့ပေမယ့် ငယ်စဉ် ဘဝ ကျောင်းမှာ စာသင်နှစ် တနှစ် ကုန်ရင် ပြုလုပ်လေ့ရှိတဲ့ ဆရာကန်တော့ပွဲ တနည်းအားဖြင့် တနှစ်ပတ်လုံး ကံသုံးပါး ပြစ်မှားကျူးလွန် မိသမျှကို ဝန်ချတောင်းပန်တဲ့ ပွဲ ကို အလေးအနက်ထား လုပ်ဆောင်ခဲ့ဖူးတာ မှတ်မိတယ်။
တောင်းပန်ခြင်း လိုပဲ ခွင့်လွှတ်ခြင်း ဟာလည်း ဗမာ့ ဓလေ့ မှာ အရိုးစွဲ နေတဲ့ ဒွန်တွဲ ဖြစ်စဉ် တခု ဖြစ်တယ်။ ဗမာ များဟာ ဘာသာတရား အဆုံးအမ ကျေးဇူးကြောင့် ခန္တီစ တရား ကြီး ကြတယ်။ ဗမာတွေရဲ့ ခွင့်လွှတ်သည်းခံ နိုင်မှု စွမ်းရည် ဟာ ရှေးပဝေသဏီ အစဉ်အဆက် ကတည်းက ကမ္ဘာ မှာ ကျော်ကြားခဲ့တယ်။ ထို့အတူ ချစ်ခြင်း မေတ္တာတရားကြီး၊ အမုန်းနည်း၊ အလိုလောဘ နည်း၊ ရောင့်ရဲတင်းတိမ်၊ အေးဆေး နေလိုစိတ်များတဲ့ အတွက် ယေဘုယျ သဘောအားဖြင့် မေ့လွယ်၊ ပျောက်လွယ် ခွင့်လွှတ်လွယ်တယ်။ ဒီလို စိတ်ရင်းမှာ တောင်းပန်ခြင်း ဖြစ်စဉ် နဲ့ပါ တွဲလာ ခဲ့ရင် ရာနှုန်းပြည့် အလုံးစုံ ခွင့်လွှတ်ကျေအေး တတ်မှုဟာ ဗမာတွေအတွက် ဓလေ့ တခုလို စွဲနေတယ်။
ငယ်စဉ် ဘဝ သုံးလေးငါးတန်း အရွယ်မှာ ဆိုခဲ့တဲ့ ဗမာ့ ဓလေ့ မှာ အရိုးစွဲနေတဲ့ တောင်းပန်ခြင်း နဲ့ ခွင့်လွှတ်ခြင်း သဘောရဲ့ ပြည့်ဝမှု၊ ရင့်ကျက်မှု၊ လှပမှု အနုပညာ သဘော အနှစ်ကို လက်တွေ့ လူမှု ပတ်ဝန်းကျင်မှာ တင်မကဘဲ စာတွေ့အနေနဲ့ ပါ ရင်ဘတ်နဲ့ အပြည့် လှိုက်လှိုက်လှဲလှဲ ခံစား နားလည်တတ်ဖို့လည်း ဖြစ်ခဲ့ဖူးတယ်။
ဖြစ်စဉ် တခုက ဗိုလ်ချုပ်အောင်ဆန်း အိုးဝေဦးညိုမြကို နိုင်ငံခြား ပညာတော်သင် ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှု ပြု မိပြီးနောက် နောက် မှားကြောင်း တက္ကသိုလ် ကျောင်းမှာ စာကပ်တောင်းပန်တာကို စာမှာ ဖတ်ရတော့ ငါ့တို့ အမျိုးသားခေါင်းဆောင်ကြီး၊ ရှေးဗမာကြီးတွေရဲ့ ပြည့်ဝမှု သဘောကို ကလေး အရွယ်နဲ့ နားလည်တတ်ခဲ့တယ်။ အိုးဝေဦးညိုမြ ဘက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အထိ လုပ်ဖော်ကိုင်ဖက်၊ ကျောင်းနေဖက်၊ မိတ်ဆွေ အရင်းလို အာဃာတ မရှိ ပြန်လည် ဆက်ဆံခဲ့သလို ဆုံးပြီးချိန်မှာလည်း အမြဲ လွမ်းတသသ ပြောဆို၊ ရေးသားခဲ့တာတွေကို ဖတ်သိရတော့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းရဲ့ ကောင်းမွန်မှု သဘောကို ဆင်ခြင်နိုင်ခဲ့တယ်။ နောက် သမိုင်းဖြစ်ရပ်တခုကတော့ ရင်ကို ပိုလို့တောင် ထိစေခဲ့တယ်။ ဒီဖြစ်စဉ်မှာလည်း အိုးဝေဦးညိုမြ က အဓိက ဇာတ်ကောင် အနေနဲ့ ထပ်ပါ ပါတယ်။
၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်ကို စ ဖြစ်စေခဲ့တဲ့ သခင်အောင်ဆန်း အယ်ဒီတာ လုပ်တဲ့ တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်း မှာ “ယမမင်း” ကလောင် အမည်ခံ အိုးဝေဦးညိုမြ ရေး နာမည်ကျော် “ငရဲခွေးကြီးလွတ်နေသည်” “The Hell-hound at Large” အင်္ဂလိပ်ဆောင်းပါး နဲ့ ဆက်စပ်ပါတယ်။ ဆောင်းပါးဟာ အဲဒီခေတ် တက္ကသိုလ် ကျောင်းအုပ်ကြီး အင်္ဂလိပ်လူမျိုး “မစ္စတာ စလော့” ထက် လက်အောက်က ဗမာလူမျိုး အရာရှိ ဆရာကြီးဦးတင် ကို အဓိကထား တိုက်ခိုက်ထားတာပါ။ ဒါပေမယ့် ဒီလို တိုက်ခိုက်ခဲ့မှုဟာ ခေတ်အရ လိုအပ်လို့၊ ကိုလိုနီ ကျွန်ပညာရေး သရုပ် နဲ့ နယ်ချဲ့စနစ် သဘောကို ဆန့်ကျင်လို မှု ပြသတဲ့ အနေနဲ့သာ အိုးဝေဦးညိုမြ က ရေးခဲ့ခြင်း ဖြစ်ကြောင်းကို ထင်ရှားစေတာက လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ အိုးဝေဦးညိုမြ ဟာ သူ့ရဲ့ နာမည်ကျော် အဆိုပါ အင်္ဂလိပ် ဆောင်းပါးကို ပြန်လည် ပုံနှိပ်ခွင့် မပေးခဲ့ပါဘူး။
ဒါ့အပြင် သူတိုက်ခိုက်ခဲ့တဲ့ ဆရာကြီးဦးတင်ကို ငှက်ပျောပွဲ၊ အုန်းပွဲ နဲ့ ကျကျနန ရှိခိုး ကန်တော့၊ ဝန်ချတောင်းပန်မှု ပြုခဲ့တယ်။ တောင်းပန်ရုံမျှနဲ့ မကျေနပ်နိုင်သေးဘဲ သူ လက်စုံမိုး ရှိခိုး နေပုံကို ဓာတ်ပုံ မှတ်တမ်းပြုပြီး ဆရာကြီးဦးတင်ကို သိမ်းစေတယ်။ နောင် သမိုင်းမှာ ဆရာကြီးဦးတင်ကို “ငရဲခွေး” ဆောင်းပါး အချိန်က ကိစ္စတွေ အတွက် တယောက်ယောက်ကများ စော်ကား ပြောဆိုလာခဲ့ရင် အဲဒီတုန်းက ဆောင်းပါးရေး တိုက်ခိုက်ခဲ့ဖူးတဲ့ အိုးဝေဦးညိုမြ ကိုယ်တိုင်က အခုလို ရှိခိုး ကန်တော့ ပြီး ဝန်ချ တောင်းပန်ခဲ့ကြောင်း ပြန်လည် သက်သက်ပြု ရှင်းဖို့ ပေးအပ်ခဲ့တယ်။ ဆရာကြီး ဦးတင်ကလည်း တောင်းပန်မှုကို လက်ခံပြီး ကျေကျေနပ်နပ် ခွင့်လွှတ်ခဲ့တယ်။ တောင်းပန်ပွဲမှာ ဆရာ၊ တပည့် နှစ်ယောက် မျက်ရည်မဆည်နိုင် ဖြစ်ရတယ်လို့ ဆိုတယ်။ ကျနော့်မှာလည်း ငယ်စဉ်က အဲဒီ အကြောင်း ရေးထားတဲ့ စာဖတ်ပြီး မျက်ရည် ဝဲခဲ့ရဖူးပါတယ်။ ပီတိ မျက်ရည် ဝဲ ခြင်းပါ။ ငါတ့ို ရှေးလူကြီးတွေ ရင်ဘတ် တွေ ကျယ်လှ ပါ့ကလား၊ နှလုံးသားတွေ ကြီးလှပါ့ကလား၊ လူကြီး လူကောင်း ဆိုတာ ဒါမျိုးပါ့လား ဆိုပြီး နားလည်ခဲ့ရ၊ သူတို့ကို အားကျ အတုယူ မိခဲ့ရတယ်။ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း သဘောကိုလည်း ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရတယ်။
ဒီ ဖြစ်ရပ်နှစ်ခု အပြင် ဗမာ့ သမိုင်းမှာ ရှေးဗမာ လူကြီးတွေရဲ့ မေတ္တာတရား၊ ခန္တီစ တရား နဲ့ စိတ်သဘောထားကြီးမြတ်ခြင်း များ ကို ပုံဖော်နိုင်တဲ့ ဖြစ်စဉ်တွေလည်း အများအပြား ငယ်ဘဝမှာ စာတွေ့ ဖတ်သိခဲ့ရပါသေးတယ်။
ကိုလိုနီ ကျွန်ဘဝ ပထမကျောင်းသားသပိတ် က စလို့ သပိတ်မှောက်တိုင်းမှာ ကျောင်းသား ကျောင်းသူ များဟာ မိမိ ယုံကြည်ရာ အတွက် မဆုတ်မနစ် ပြုမူ ခဲ့ပေမယ့် လာတားသမျှ အင်္ဂလိပ်လူမျိုး ဆရာ များကိုတော့ ရှိခိုး ကန်တော့၊ ပြစ်မှား မိတာတွေ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်သမှု ပြုခဲ့ကြတာချည်းပါပဲ။
ဆိုခဲ့တဲ့ ကျောင်းအုပ်ကြီး “မစ္စတာ စလော့” ကို ဆို လွတ်လပ်ပြီးခေတ် အစိုးရတဖွဲ့လုံး နဲ့ တိုင်းပြည်ရဲ့ နယ်ပယ် အသီးသီးမှာ အရေးပါ၊ အရာရောက်နေသူ အားလုံး ရဲ့ ဆရာကြီး ဖြစ်တဲ့ အတွက် နောင်မှာ ဆရာကြီး အာရှ ဘက် ခရီးထွက်လာတော့ ဗမာပြည်ကို ဝင်လည် ဖို့ နိုင်ငံတော် အခမ်းအနား နဲ့ ဖိတ်ခဲ့ဖူးပါတယ်။ ဆရာကြီးက ခရီးစဉ် အခက်အခဲကြောင့် အချိန်ပေး လာမလည်နိုင်တော့ ရန်ကုန်လေဆိပ်မှာတင် ဗမာ တပည့် အပေါင်းက ဂါရဝ ပြုရင်း ပြစ်မှားမိတာ အစုစု အတွက် ရှိခိုး၊ ကန်တော့ ဝန်ချတောင်းပန်ဖူးပါတယ်။
အလားတူပဲ တတိုင်းပြည်လုံးကို ပါးရိုက်၊ လက်သည်းခွံခွာ၊ ရေနွေးပူလောင်းရင်းနဲ့ စစ်ပညာ သင်ပေးခဲ့တဲ့ ဂျပန်နီပွန် မာစတာကြီးများကိုလည်း နောက်ပိုင်း စစ်ပြီးခေတ်မှာ ဗမာ စစ်ဘက် ဆိုင်ရာ အရာရှိကြီးများက တရားဝင် ဖိတ်ကြား၊ ဧည့်ခံ ဂါရဝ ပြုမှုတွေ လုပ်ခဲ့ဖူးပါတယ်။
ဗမာ့ စိတ်ရင်း၊ ဗမာ့ စိတ်ထား၊ ဗမာ့ ဓလေ့ က အဲဒီလို ပါ။ ဒီ သဘော ကံသုံးပါး ကျူးလွန်ခဲ့မှုကို ဝန်ချ တောင်းပန်ခြင်း၊ တဖန် မေတ္တာတရားအပြည့် ခန္တီ ပါရမီ ဖြည့် ခွင့်လွှတ်ခြင်း ဆိုတာတွေဟာ ဗမာတွေ မှာ အရိုးစွဲလာခဲ့တဲ့ ဓလေ့တွေ၊ အစဉ်အဆက် ကျင့်သုံးလာခဲ့တဲ့ ရိုးရာ လုပ်ထုံးတွေ ဖြစ်ပါတယ်။
ခု ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား (၆) ရက်နေ့မှာ စီးပွားရေးပညာရှင် ဆရာကြီးဦးမြင့် ကို စစ်တပ်က ၁၉၈၈ အရေးတော်ပုံကြီး အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ ပြစ်မှုတွေ အတွက် ဝန်ခံဖို့၊ တောင်းပန်ဖို့ လို/မလို ဆရာကြီး အမြင်ကို မေးတယ်လို့ ဖတ်ရပါတယ်။ အမှန်တော့ ဆရာကြီး ကျွမ်းကျင်ရာ ပညာရပ် နဲ့ မေးခွန်းနဲ့ မသက်ဆိုင်သလို စစ်တပ် ကျူးလွန်ခဲ့မှုတွေဟာ ဆရာကြီး နဲ့ လုံးဝ မပတ်သက်ခဲ့တဲ့ အတွက် ဒီမေးခွန်းကို မေးသူကလည်း မေးစရာ မလို သလို၊ ဖြေသူကလည်း ဖြေစရာ မလိုဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် မေးသူ ရှိခဲ့တော့ ဆရာကြီး က သူ့ ပုဂ္ဂလိက အမြင်ကို ပြောခဲ့ပါတယ်။
အဖြေကို ယေဘုယျ နားလည်တာတော့ “နောက်ပြန်မကြည့်နဲ့တော့၊ ရှေ့ကို အတူတကွ ချီတက်ကြမယ်” ဆိုတဲ့ သဘော လို့ ယူဆပါတယ်။ တပ်မတော် အရာရှိကြီးတွေထဲမှာလည်း မျိုးချစ်တွေ၊ တိုင်းပြည်ကို ကောင်းစားစေချင်သူတွေ အများကြီး ရှိတယ်လို့ ဆရာကြီးက ဆက်ပြောပါတယ်။ နိုင်ငံရေးလုပ်တယ်၊ ဆန္ဒပြတယ်၊ ဒါကြောင့် သေနတ်နဲ့ အပစ်ခံရ၊ အဖမ်းခံရဖြစ်တယ်။ ဒါဟာ လုပ်ငန်းခွင် အန္တရာယ် (occupational hazard) သဘောပဲ၊ ဒီလို သဘောကြောင့် မျိးချစ်စိတ်ပိုရှိသူလ့ို မဆိုနိုင်ဘူး ဆိုတဲ့ သဘောမျိုးလည်း တပါတည်း ဆက်ဆိုသွားခဲ့တာ ဖတ်ရပါတယ်။
ဒီပြောဆိုချက်တွေကို ၈ သြဂုတ် မှာ ဆရာကြီး ရဲ့ သဘောထား ထုတ်ပြန်ချက် ဆိုပြီး ဆရာဦးခင်မောင်ညို (ဘောဂဗေဒ) ဆီကနေတဆင့် အင်္ဂလိပ် လို ဖတ်ခဲ့ရပါတယ်။ ဒီ ထုတ်ပြန်ချက်မှာ အထက်မှာ ဆိုခဲ့တဲ့ ၆ ရက် နေ့ ပွဲမှာ ပြောခဲ့တာ အပြင် ထပ်ဆင့် သဘောထား ကို ပိုမို ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ ထပ်မံ ဖြည့်စွက်ချက်မှာ အဓိက က တော့ ဗီယက်နမ်၊ အမေရိကန် ဆက်ဆံရေး ကို ဥပမာ ပေး ဆိုသွားတာ တွေ့ရပါတယ်။ နောက်ကြောင်းပြန် မတွေး၊ အပြစ်တွေ ဝန်ခံဖို့ မပြော၊ ခွင့်လွှတ်ဖို့ မဆိုဘဲ ရှေ့ကို လျှောက်လှမ်းခဲ့တာကြောင့် အခုဆိုရင် ဗီယက်နမ်ဟာ အမေရိကန် နဲ့ ဆက်ဆံရေး ကောင်းမွန်သင့်မြတ်ပြီး စီးပွားရေး တိုးတက် ကာ ဟိုးအရင်ကလို ဗမာပြည်ကဆန် မှာစားနေရတဲ့ တိုင်းပြည်မျိုး မဟုတ်တော့ဘဲ နိုင်ငံခြားကို ပြန်လည် ဆန်တင်ပို့ရောင်းချနိုင်တဲ့ တိုင်းပြည် ဖြစ်နေပြီ လို့ ဆရာကြီး ဆိုထားပါတယ်။
ဆရာကြီး ရဲ့ “အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတော့ မမျှော်တော့ဘူး” ဆိုတဲ့ သဘောကို မျက်မှောက် ခေတ် အနေအထား၊ အခြေအနေတွေ (under the circumstances) မှာ နားလည် လက်ခံ ပေးနိုင်ပါတယ်။
ဆောင်းပါး တလျှောက် ဆိုခဲ့တဲ့ ဗမာ့ ဓလေ့၊ ဗမာ့ ယဉ်ကျေးမှု ထုံးတမ်း ပါ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ဓလေ့ကောင်းတွေနဲ့ အရိုးစွဲနေခဲ့တဲ့ ကျနော့်အတွက် ဒီ သဘောကို စိတ်ထဲ အပြည့်အဝ လက်ခံ၊ ဘဝင် ကျအောင် လုပ်လို့ မရတာ ရိုးသားစွာ ဝန်ခံလိုတယ်။ ဆရာကြီးလည်း ဒီလို သဘောကို ကျေကျေနပ်နပ် ရှိလွန်းလို့ ပြောနေတယ်လို့လည်း မထင်မိပါဘူး။ ဆရာကြီး က Professional ပီပီသသ အလုပ်သဘောကျကျ ဆက်သွားချင်၊ တိုင်းပြည် အဆိုး၊ အကောင်း ကောင်းကောင်း သိနေတဲ့ ပညာရှင် ပီပီ စီးပွားရေး တိုးတက်မှု ကို ဇောက်ချ စေချင်တဲ့ ဆရာကြီး စေတနာ ကို မြင်ပါတယ်။
ဒါပေမယ့် သဘော တခုလုံး၊ အထူးသဖြင့် ဝန်ခံခြင်း၊ တောင်းပန်ခြင်း ပြုမှုနဲ့ စီးပွားရေး ဖံွ့ဖြိုးတိုးတက်မှု ကို ဆွဲစပ်ထားခြင်း၊ ဗီယက်နမ်-အမေရိကန် ဖြစ်စဉ် နဲ့ ဥပမာ ပြု ဆိုခြင်းတို့ ကိုတော့ ပြန်လည် ငြင်းခုံလိုပါတယ်။
၁) ဗမာပြည် ၈၈၈၈ ဖြစ်စဉ် မှာ ဗီယက်နမ်-အမေရိကန် လို လူမျိုး၊ နိုင်ငံ မတူညီတဲ့ အုပ်စု နှစ်ခု နှစ်ဘက် လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခ ဖြစ်ခဲ့တာမျိုး မဟုတ်ပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ ပြည်သူ အပေါ် သူ့ အစိုးရက လက်နက်ကိုင် စစ်တပ် ကို အသုံးချပြီးတော့ အကြမ်းဖက် ဖြေရှင်း ပစ်ခတ် သတ်ဖြတ် ခဲ့မှု ဖြစ်ပါတယ်။
၂) လမ်းပေါ်မှာ သေနတ်နဲ့ အပစ်ခံရ၊ မသေသူက အဖမ်းခံရဖြစ်ခဲ့ရတာ ဟာ အလုပ်သဘောမျိုး လုပ်ခဲ့ကြတာမျိုးလည်း မဟုတ်ပါ။ ခေတ်တခေတ် မှာ ကျရောက်လာတဲ့ ဝန်ကို တနိုင် “voluntarily” ဝန်ထမ်းခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီလို အလုပ်သဘောမပါဘဲ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေပြီးမှ လူတချို့ဟာ နိုင်ငံရေးသမား (သို့) တော်လှန်ရေးသမား အဖြစ် အလုပ်သဘော ဆန်ဆန် လို့ ဆိုချင်ရင်ရတဲ့ သဘော ဖြစ်လာခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အရေးတော်ပုံ မတိုင်ခင် က မိခင် ကို လာပြန်စောင့် ရှောက်တဲ့ သားနှစ်ယောက် မိခင် အိမ်ထောင်သည် တယောက် အဖြစ်သက်သက်ပါပဲ။ အရေးတော်ပုံ ပြီးမှ နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ ဖြစ်သွားခဲ့တာပါ။ ဒီသဘောပါပဲ။ အစဦးမှာတော့ အားလုံးလိုလိုဟာ ကိုယ့် မျက်စိရှေ့မှာ မတရားမှုတွေ ဖြစ်နေတာကို မခံနိုင်လို့ စတင် အသံတွေ ထွက်ခဲ့တယ်။ ပါဝင် လှုပ်ရှားခဲ့တယ်။ နောက် အရေးတော်ပုံအတွင်းမှာ အပြစ်မဲ့၊ လက်နက်မဲ့သူတွေကို တဖက်သတ် ပစ်ခတ် သတ်ဖြတ်ခံနေရတာကို မြင်တော့ နာကြည်းလို့၊ မခံချင်လို့ ဝင်ပါခဲ့ကြတယ်။ ဒီသဘောမျိုးကို စစ်သား သူ့ အလုပ်ဖြစ်တဲ့ စစ်တိုက်ရာမှာ ကျည်ထိတာ မဆန်းဘူး ဆိုပြီး တသဘောတည်း တန်းတူထား “occupational hazard” သဘော ကောက်ချက် ဆွဲ ယူဆလို့ မရပါ။
၃) ဝန်ခံခြင်း၊ တောင်းပန်ခြင်း ပြုမူမှုကြောင့် ရှေ့အနာဂတ် ခရီးမှာ ဖံွ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး အပါအဝင် အရာအရာ နှောင့်နှေး ဖို့ထက် အဆင်ပြေ ချော့မွေ့သွားဖို့ပဲ ရှိပါတယ်။ အကြောင်းက ရင်ကြားစေ့ ဖို့ လိုနေတဲ့ ဘက်နှစ်ဘက် ပိုမို နားလည်မှု တည်ဆောက်နိုင်၊ တယောက် အပြစ်၊ တယောက် ခွင့်လွှတ်နိုင်ရင်းနဲ့ ပိုမို စိတ်ရှင်းရှင်း၊ အမြင်ရှင်းရှင်း ထား ရှေ့ဆက် နှလုံးသားချင်း နီးကပ်၊ ထိစပ် ဆက်ဆံ သွားနိုင်မှာ ဖြစ်လို့ ဖြစ်ပါတယ်။
၄) ဝန်ခံခြင်း၊ တောင်းပန်ခြင်း ပြုဖို့ တောင်းဆိုနေခြင်းဟာ လက်စားချေရေး၊ အပြစ်ပေးရေး အတွက် မဟုတ်ပါ။ သင်ပုန်းချေရေး၊ ခွင့်လွှတ်ရေး၊ ကျေအေးရေး အတွက် ဖြစ်ပါတယ်။ ခံခဲ့ရတဲ့သူတွေက ခွင့်လွှတ်ပေးပါမယ်၊ ဝန်ခံ တောင်းပန်ပါလို့ သဘောထားကြီးကြီးထား တောင်းဆိုနေခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်စားချေ ဖို့၊ တရားရုံးတင်ဖို့၊ အပြစ်ပေးဖို့ အခွင့်အရေး မရှိ၊ မသာဘူးဆိုတာ၊ လက်ရှိ အခြေအနေ၊ အကြောင်းကြောင်းကြောင့် မဖြစ်နိုင်ဘူးဆိုတာ အားလုံး နားလည်ထားပါတယ်။
၅) အခွင့်သာရင်တောင်မှ ဗမာလူမျိုး အများဟာ ဆောင်းပါး တလျှောက် ဆိုခဲ့တဲ့ အတိုင်း အင်မတန် ခွင့်လွှတ်နိုင်စွမ်းကြီး၊ မေ့ပျောက်နိုင်စွမ်းများ၊ မေတ္တာတရား ထား၊ ခန္တီစ ရှိသူများ ဖြစ်တဲ့ အတွက် အပြစ်ပေး၊ လက်စားချေမှုမျိုးဆိုတာ ဖြစ်ပေါ်နိုင်မှာ မဟုတ်ပါ။
၆) ဒါကြောင့် ကျူးလွန်ခဲ့သူများ အနေနဲ့ အကြောင့်အကြ မရှိ၊ စိတ်ရှင်းရှင်းထား၊ လုံခြုံမှု အပြည့်နဲ့ နေနိုင်မှာ ဖြစ်တဲ့ အတွက် အနှစ်သဘောအရ လိုအပ်နေတဲ့၊ ရှေ့ဆက် လျှောက်လှမ်းရမယ့် တိုင်းပြည်တည်ဆောက်ရေး လမ်းမှာ အထောက်အကူ အား ဖြစ်စေမယ့် ဝန်ခံခြင်း၊ တရားဝင် တောင်းပန်ခြင်း ကိစ္စ ကို မတွန့်တို သင့်၊ သဘောထားကြီးကြီး ပြန်ထားပြီး ဆောင်ရွက်သင့်လှပါတယ်။ ဒီလို ကျူးလွန်သူ ဘက်က အပြုသဘောဆောင် လုပ်ပေးနိုင်ရင် တပ်မတော် တခုလုံးရဲ့ ဂုဏ်သိက္ခာ လည်း တက်လာမှာ ဖြစ်ပါတယ်။ နတ်၊ လူ သာဓု ခေါ်မယ့် ကိစ္စဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် Professional မဆန်ဘူး ဆိုဆို၊ စိတ်ခံစားမှု အသားပေး Emotional ဖြစ်လှတယ်လို့ပဲ ပြောပြော သွေးကွက်တွေနဲ့ မဝင်းမော်ဦးလေး ပုံ နှစ်စဉ် ပြန်မြင်နေရတိုင်း ဒီလို အဖြစ်ဆိုးမျိုး နောင် တိုင်းပြည် အနာဂတ်မှာ မဖြစ်ပေါ် စေဖို့ တာဝန်ယူမှု၊ ဝန်ခံမှု၊ တရားဝင် တောင်းပန်မှု တခုခုတော့ ရှိရမယ် ဆိုတဲ့ အတွေး အမြဲ ဝင်မိပါတယ်။ နောင်တချိန် ချိန် မှာတော့ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် လူသတ်ခဲ့မှု ဖြစ်စဉ်တွေအတွက် တာဝန်ယူရမယ့် စစ်ဗိုလ်ချုပ် အသစ်၊ အဟောင်းကြီးများ နဲ့ ကျဆုံးခဲ့သူ ပြည်သူတွေရဲ့ မိသားစု ဝင်တွေ ဗမာ့ ဓလေ့ ထုံးစံ မွန်မြတ်လှတဲ့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း အမှု ပြုလုပ်ပြီးနောက် တဘက်နဲ့ တဘက် ခွင့်လွှတ်၊ နားလည်မှု အပြည့်နဲ့ အတူတကွ မျှဝေ ကျဆင်းမယ့် ဝမ်းနည်း၊ ဝမ်းသာ ပီတိ မျက်ရည်တွေကို ဝေမျှ ခံစားခွင့် ရချင်ပါသေးတယ်။ အနည်းဆုံးတော့ “ဝမ်းနည်းပါတယ်” ဆိုတဲ့ စကားလေးဖြစ်ဖြစ် ကြားချင်မိပါတယ်။
(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆက်သွယ်လိုသူများ [email protected] ထံ စာရေးဆက်သွယ်နိုင်သည်။)