ယမန်နေ့ ဩဂုတ်လ ၈ ရက် ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာတွင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ ထောင်ပေါင်းများစွာသော ပြည်သူလူထုများက မိမိဆန္ဒဖြင့်မိမိ ပါဝင်တက်ရောက် အင်အားပြသခဲ့ခြင်းသည် လွန်ခဲ့သော ၂၅ နှစ်က သွေးထွက်သံယို အကြမ်းဖက်ခံခဲ့ရသည့် မြန်မာလူထု၏ ဒီမိုကရေစီ တည်ဆောက်ရေးဆန္ဒ ဆက်လက် အားကောင်းစွာ ရှင်သန်နေဆဲဖြစ်ကြောင်း ထပ်မံ သက်သေပြခဲ့ခြင်း ဖြစ်သည်။
လူပေါင်း ရှစ်ထောင်နှင့် တစ်သောင်းကြား တက်ရောက်ကြသော ယင်းအခမ်းအနားတွင် လူထုလူတန်းစား အစုအဖွဲ့ အသီးသီးအပြင် အာဏာရပါတီနှင့် အတိုက်အခံ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်နှင့် သတင်းထောက်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလည်း ပါဝင်ကြသည်ကို တွေ့ရသည်မှာ လွန်ခဲ့သော ၂ နှစ်အထိ ကြောက်လန့် တိတ်ဆိတ်နေခဲ့ရသော စစ်အုပ်ချုပ်ရေးကာလ ကျော်လွန်လာပြီဖြစ်ကြောင်း သက်သေပြမှုလည်း ဖြစ်သည်။
အတိအကျဆိုရလျှင် ဩဂုတ် ၆ ရက်မှ စတင်ပြီး ၃ ရက်ကြာ ကျင်းပသော အဆိုပါအခမ်းအနားသည် လူသူနှင့်ဝေးရာ နေပြည်တော်ရှိ ပျင်းရိငြီးငွေ့ဖွယ် လွှတ်တော်များနှင့်မတူ ငြင်းခုံ ဆွေးနွေးဝိုင်းများဖြင့် သက်ဝင်လှုပ်ရှားလှသည့် လွှတ်တော်ပြင်ပ လူထုအခြေပြု နိုင်ငံရေး အခမ်းအနားပင် ဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား အပစ်အခတ် ရပ်ဆဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးစုံ ပါဝင်သော ပြည်ထောင်စု ညီလာခံတခု ကျင်းပရေး၊ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍစသည့် ခေါင်းစဉ်များကို ဦးဆောင် ဆွေးနွေးသူများနှင့် တက်ရောက် နားထောင်ကြသူများ အပြန်အလှန် ဆွေးနွေးပြောဆို အကြံပြု ဆုံးဖြတ်ကြသည်မှာ စိတ်လှုပ်ရှားဖွယ် အားရစရာ ကောင်းလှသည်။
၈ ရက်နေ့ အခမ်းအနားတွင် ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမင်းကိုနိုင်၏ အဖွင့်မိန့်ခွန်းမှာလည်း ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ဖြိုခွဲဖိနှိပ်ခံခဲ့ရသော ဒီမိုကရေစီနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လိုအင်ဆန္ဒများကို မပြိုကွဲသွားဘဲ ယုံကြည်ချက်ဖြင့် ဘဝကို စွန့်လွှတ် အနစ်နာခံခဲ့သူများကို အလေးအနက် ဂုဏ်ပြုပြောဆိုသွားခဲ့သည်။ စစ်ယူနီဖောင်းများကို ဝတ်ဆင်ထားသည့် မကြာသေးမီက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် သဘောတူညီချက် ရယူခဲ့သော ကျောင်းသားတပ်မတော် ကိုယ်စားလှယ်များနှင့် ရှစ်လေးလုံးကာလအတွင်း အပစ်ခံရပြီး ကျဆုံးသွားသော မဝင်းမော်ဦး၊ ကိုအောင်မွန်တို့၏ မိသားစုဝင်များသို့ ဦးတည်ရည်ညွှန်းပြီး ပရိသတ်သို့ မိတ်ဆက်စကားပြောဆိုချိန်သည် မျက်ရည်လည်စရာ သမိုင်းဝင်အမှတ်တရ အချိန်ပင်။
သို့ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံမှမူ ၂၅ နှစ်ကာလ ဖြတ်သန်းမှုအတွင်း စွန့်လွှတ် ကျဆုံးသွားသူများနှင့် ပတ်သက်သော စာနာနားလည်မှု တစုံတရာ မကြားခဲ့ရပေ။ ၃ ရက်ကြာ အခမ်းအနား၏ ဆွေးနွေးဆုံးဖြတ်ချက်များကို မိမိပါတီ၏ မူဝါဒများနှင့် တူညီသဖြင့် ကြိုဆိုထောက်ခံကြောင်း ပြောကြားသော်လည်း ထုံးစံအတိုင်း ကျောင်းသားများအား ကျောင်းဆရာမက သင်ကြားပို့ချသကဲ့သို့သာ ဆုံးမ ပြောဆိုခဲ့သဖြင့် ရှစ်လေးလုံး ဒီမိုကရေစီရေး အင်အားစုများအကြား စိတ်မသက်မသာ ဖြစ်ခဲ့ကြသည်။ နိုင်ငံတော် တည်ဆောက်ရေး တစ်ဦးချင်းတစ်ယောက်ချင်း စွမ်းရည်များ ပြည့်ဝစေရန် ဖြည့်ဆည်းဖို့ လိုမည်ဖြစ်ကြောင်း ပြောဆိုခြင်းမှာ မမှားသော်လည်း ဆုံးရှုံးနစ်နာခဲ့ရသူများအပေါ် စာနာနှစ်သိမ့်စကား ပြောသင့်သည့် အချိန်အခါမျိုးတွင်မူ ပို၍ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ကို နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့် အမြော်အမြင် ရှိခဲ့သင့်သည်။
အခမ်းအနားတွင် မြင်တွေ့ခဲ့ရသော တခြားအားနည်းချက်မှာ ၂၅ နှစ်တာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ဆုံးရှုံးနစ်နာခဲ့ရသူများ၏ အသံ ကင်းမဲ့နေခြင်းဖြစ်သည်။ အခမ်းအနားသို့ ပေးပို့လာသော များစွာသော အဖွဲ့ပေါင်းစုံမှ သဝဏ်လွှာများကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းအောင် ဖတ်ကြားနေခဲ့ရသည့် အချိန်များအစား သူတို့၏ ခံစားချက်များကို အများပြည်သူတို့ ဝေမျှခံစားနိုင်ရန် တရားဝင် စီစဉ်ပေးခဲ့သင့်သည်။ သူတို့၏ မိသားစုဝင်များကို စင်မြင့်ပေါ်တွင် စကားပေးပြောသင့်သည်။
မည်သို့ဆိုစေ အရေးအကြီးဆုံးမှာ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနားသို့ တက်ရောက်လာကြသော မတူကွဲပြားခြားနားသည့် အစုအဖွဲ့များနှင့် တိုင်းရင်းသား လူမျိုးစုပေါင်းစုံတို့သည် ကြေကွဲဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဉ်အား အာဃာတဖြင့် လက်စားချေလိုသည့် စိတ်ဆန္ဒများကို တလုံးတပါဒမျှ မပြောဆို မသုံးစွဲခဲ့ကြဘဲ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး လမ်းကြောင်းကို ဒီမိုကရေစီ၊ တန်းတူညီမျှမှုနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြင့် ရှေ့ဆက်ချီတက်လိုကြောင်း သဘောထားကြီးမားသော သူတို့၏ နှလုံးသား အစစ်အမှန်ကို ဖွင့်လှစ်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၃ ရက်ကြာ အခမ်းအနားကို အစိုးရ အာဏာပိုင်များဘက်က ကျင်းပခွင့်ပေးခြင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ခြင်း၊ လွှတ်တော်ဥက္ကဌများက သဝဏ်လွှာ ပေးပို့ခြင်း၊ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ခေါင်းဆောင်များ ၈ ရက်နေ့ အခမ်းအနား တက်ရောက်ခြင်းနှင့် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများက ရေးသားဖော်ပြခြင်းများသည်လည်း အတိတ်က အမှားများကို တောင်းပန်ပြောဆိုမှု မပြုသေးသည့်တိုင် နိုင်ငံ၏ အရေးပါသော သမိုင်းဝင် အချိုးအကွေ့ ရှစ်လေးလုံး အရေးတော်ပုံကို တရားဝင် ပထမဆုံး အကြိမ် အသိအမှတ်ပြုရာကျသဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးသော အလျှော့ပေးသည့် ခြေလှမ်းဟု ဆိုအပ်သည်။
အချုပ်အားဖြင့် ဝမ်းနည်းကြေကွဲဖွယ် ၂၅ နှစ်တာ အချိန်ကာလကို ဖြတ်သန်းပြီးစီးခဲ့မှုသည် နိုင်ငံသား အားလုံး ပါဝင်ဖော်ဆောင်နိုင်မည့် အနာဂတ် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ယခု အခမ်းအနားက အားသစ်အင်သစ်များ လူသစ်စိတ်သစ်များကို မွေးဖွားပေးခဲ့ပြီး မျှော်လင့်ချက်သစ်များကို သယ်ဆောင်ဖြစ်ထွန်းစေခဲ့ပြီ။