အပြင်လူတွေရဲ့ အခန်းကဏ္ဍကို ပုံကြီးချဲ့ ပြောဆိုခြင်း
“တဆင်ပြီးတဆင့်” အယူအဆရဲ့ နောက်ထပ် ဆိုးဝါးတဲ့အမှားက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တွန်းအားပေး လုပ်ဆောင်နေတာတွေကို ရပ်တန့်လိုက်ရင် တိုင်းပြည် တော်တော်များများမှာ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီစနစ်ကို နေ့ကောင်းရက်သာ ရောက်တဲ့အထိ အချိန်ဆွဲထားနိုင်တယ် ဆိုတဲ့စိတ်ကူးပါ။ ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု တတိယလှိုင်း ဆိုတာက ကမ္ဘာတခွင်မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ အနောက်နိုင်ငံတွေက လက်လွတ်စပယ် တိုက်တွန်းအားပေးတာကြောင့် ဖြစ်လာတဲ့ လူထုဆန္ဒအမြုပ်ထမှု သက်သက်သာ ဖြစ်တယ်လို့ “တဆင်ပြီးတဆင့်” အယူအဆသမားတွေက သွယ်ဝိုက် ရေးသားကြပါတယ်။ ဒါက တတိယလှိုင်း လှုပ်ရှားမှုကို နားလည်မှု လွဲမှားနေတာပါ။ ရွေးကောက်ပွဲတွေနဲ့ ပက်သက်ပြီး လက်ခံစဉ်စားလာပုံတွေ ကမ္ဘာတခွင်မှာ ပြောင်းလဲလာတာကို လျှော့တွက်ခြင်းလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ကွန်မြူနစ် နိုင်ငံဟောင်းတွေမှာ ကြိုစားတည်ဆောက်နေတဲ့ ဒီမိုကရေစီကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စဉ်ဆက်မပြတ် အားတက်သရော ထောက်ခံအားပေးနေတယ်လို့ ပုံကြီးချဲ့ပြောတာလည်း ဖြစ်ပါတယ်။
တတိယလှိုင်း ဒီမိုကရေစီလှုပ်ရှားမှုက အများထင်သလောက် မအောင်မြင်ခဲ့သလို ထိရောက်မှု အတိုင်းအတာ အားနည်းခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့တနံတလျားက သာမန်ပြည်သူတွေရဲ့ ဒီမိုကရေစီဘက် တိမ်းညွတ်မှုက စစ်မှန်ပြီး အားကောင်းတယ် ဆိုတာကို ဒီလှုပ်ရှားမှုက ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံသားတွေ ကိုယ်တိုင်က ဒီမိုကရေစီကို လိုချင်လို့သာ ရွေးကောက်ပွဲတွေ ကျင်းပကြပြီး ဒီမိုကရေစီ အတွေ့အကြုံထဲကို ခုန်ဆင်းခဲ့ကြတာ ဖြစ်ပါတယ်။ အာဏာရှင်ကို မောင်းထုတ်ဖို့ ပြည်သူတွေက ထကြွခဲ့ကြတဲ့နေရာမှာပဲ ပြည်သူတွေက လက်ရှိ အစိုးရစနစ်ကို ဆန့်ကျင်ဖို့သာ မဟုတ်သေးဘဲ သူတို့ကိုယ်တိုင် ရပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးအာဏာကို ရအောင်ယူဖို့ သူတို့ လိုလားနှစ်သက်တဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ပိုင်ခွင့် အတွက်ကိုလည်း စည်းရုံးလှုပ်ရှားခဲ့တာပါ။ နိုက်ဂျီးရီးယားနိုင်ငံမှာ ၁၉၉၈ ခုနှစ်တုန်းက ဖြစ်ခဲ့တာ၊ တိုဂိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်တုန်းက ဖြစ်ခဲ့တာလို အာဏာရှင် ခေါင်းဆောင်ဟောင်းတွေ ရုတတ်တရက် သေဆုံးသွားလို့ အာဏာရှင်အစိုးရတွေ ပြုတ်ကျသွားတဲ့ အနေအထားမှာလည်း ဒီလိုပါပဲ။ ရွေးကောက်ပွဲကို ပြင်းပြင်းပြပြလိုလားတဲ့ ဆန္ဒတွေနဲ့ ပြည်သူတွေက ရုတ်တရက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဟာကွက်ကို အားတက်သရော တုံ့ပြန်ခဲ့ပါတယ်။ အပြင်လူတွေရဲ့ ဖိအားပေး တိုက်တွန်းမှုကြောင့် ထက်စာရင် “အခု ငါတို့အလှည့်ရောက်ပြီ” ဆိုတဲ့ ကိုယ်ပိုင်အသိစိတ်ကြောင့် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ရွေးကောက်တင်မြှောက် ခံရခြင်းဆိုတာ အစိုးရတခု တရားဝင်မှုရဲ့ အဓိက ရေသောက်မြစ် ဖြစ်တယ်ဆိုတဲ့ တကမ္ဘာလုံးမှာ ပျံ့နှှံ့သွားတဲ့ စိတ်ကူးက တတိယလှိုင်း လှုပ်ရှားမှုနဲ့အတူ တပါတည်း ပါလာတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲတွေက ပေးအပ်တဲ့ တရားဝင်မှုက ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေ (ရွေးကောက်တင်မြှောက်ခံရတဲ့ နိုင်ငံရေးသမားတွေ အပါအဝင်) မျှော်လင့်ထားခဲ့သလောက် မခိုင်မာခဲ့ပါ။ ဒီမိုကရေစီနည်းကျ တာဝန်ခံမှု ဖြစ်လာစေဖို့ လိုအပ်တဲ့ ချောချောမွေ့မွေ့ လည်ပတ်နေတဲ့ အစိုးရယန္တရားကိုလည်း ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေက မျှော်မှန်းထားသလောက် မဖန်တီးပေးခဲ့ပါ။ ဒီမိုကရေစီ မကျင့်သုံးတဲ့ လက်တဆုပ်စာ အစိုးရတွေကလည်း ရွေးကောက်ပွဲတွေ ကျင်းပစရာမလိုဘဲ တရားဝင်မှုကို တော်တော်လေး ခိုင်ခိုင်မာမာ ထိန်းထားနိုင်တာ တွေ့ရပါတယ်။ မိသားစုအမွေကို ဆက်ခံခြင်းလိုမျိုး ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ ကနေတဆင့််၊ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ပေးနိုင်တာကနေတဆင့်၊ (ဒါမှမဟုတ် ရေနံရောင်းချရာကနေ ရလာတဲ့ငွေတွေကို အတော်အသင့် အချိုးကျစွာ ခွဲဝေပေးနိုင်ခြင်းကနေတဆင့်) ပြည်ပရန်သူတွေကို တိုက်ထုတ်ရင်း ရလာတဲ့ အမျိုးသားရေးတာဝန် ဝတ္တရားတွေကနေတဆင့် တရားဝင်မှုကို ရကြတာပါ။
ရွေးကောက်ပွဲတွေကနေ ရလာတဲ့အဖြေရလဒ်တွေက မကြာခဏ ဆိုသလို အားနည်းပြီး အငြင်းပွားစရာတွေ ဖြစ်ပေမယ့် နိုင်ငံရေးအရ တရားဝင်မှုကို ရယူရာမှာတော့ သူတို့က ကမ္ဘာ့နေရာ အများစုမှာ အလွန်အရေးကြီးတဲ့အဆင့် ဖြစ်နေပါတယ်။ အနည်းအကျဉ်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ဆိုဗီယက် ပြည်ထောင်စုဟောင်း နိုင်ငံတွေ အာဖရိက အရှေ့အလယ်ပိုင်းနဲ့ တခြားနေရာတွေမှာ အာဏာရှင်တပိုင်း ခေါင်းဆောင်တွေက အနိုင်နိုင် ကြိုးစားပြီး ကျင်းပပေးတာကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲတွေ အရေးကြီးပုံက ထင်ရှားပါတယ်။ ရွေးကောက်ပွဲတွေ ကနေတဆင့် ဒီမိုကရေစီနည်းကျ တာဝန်ခံမှုကို ကြိုးစားရယူတာက စိတ်ပျက်စရာ ကောင်းပေမယ့် အာဏာရှင်စနစ်အောက်မှာ တာဝန်ခံမှုကို တည်ဆောက်ရတာက ပိုခက်ခဲ ဆိုးဝါးပါတယ်။ နိုင်ငံတွေ တော်တော်များများမှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးပေမယ့် ဒီမိုကရေစီက ငွေ့ငွေ့လေးပဲ အသက်ရှင် နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲတွေကို မကျင်းပပေးဘဲ ဒီမိုကရေစီ ထွန်းကားသွားတဲ့ နိုင်ငံရယ်လို့တော့ မရှိပါ။
အနောက်တိုင်း နိုင်ငံတွေက ကျန်တဲ့ ကမ္ဘာ့ တခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံမှာ ဘာကိုမှ အမှုမထားဘဲ စွမ်းစွမ်းတမံ ကူညီခဲ့တယ်လို့ အဆိုပါ ဒီမိုကရေစီ အသွင်ပြောင်းနိုင်ငံတွေက နိုင်ငံသားတွေကို သွားပြောရင် သူတို့က ခွက်ထိုးခွက်လှန် လှောင်ပြောင် သရော်ကြပါလိမ့်မယ်။ အမေရိကန်နိုင်ငံက (တခြား အနောက်နိုင်ငံတွေကတော့ အမေရိကန်လောက် အားတက်သရော မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးအတွက် ထောက်ခံကူညီမယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တလျှောက်လုံး ခမ်းနားကြီးကျယ်စွာ မကြာခဏ ပြောထားတာပါ။
ဒါပေမယ့် လှပဝေဆာတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာတော့ တကယ်ချမှတ်တဲ့ မူဝါဒတွေက ရှုပ်ထွေးနေပါတယ်။ တိုင်းပြည်တခု ဒေသတခု ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုက အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအကျိုးအမြတ်၊ လုံခြုံရေးကိစ္စတွေနဲ့ တထပ်တည်းကျရင် အနောက်နိုင်ငံတွေက ကူညီထောက်ပံံ့ပါတယ်။ ဒါပေမယ့် နေရာဒေသ တော်တော်များများမှာတော့ အမေရိကန်နဲ့ ဥရောပတိုက်တို့က အာဏာရှင် အစိုးရတွေကို အကြောင်းကိစ္စ အမျိုးမျိုးအတွက် ကူညီထောက်ပံ့ ဒါမှမဟုတ် အဆင်ပြေအောင် ဆက်ဆံပါတယ်။
တနေရာရာမှာ ဒီမိုကရေစီလှုပ်ရှားမှုက အပီအပြင် စတင်ပြီဆိုတာနဲ့ အဲဒါကို ထောက်ခံဖို့ အနောက်တိုင်း အစိုးရတွေနဲ့ တခြား အဖွဲ့အစည်းတွေက ဝင်ရောက်လာမြဲပါ။ ဒီမိုကရေစီ လှုပ်ရှားမှု မရှိသေးတဲ့ အာဏာရှင်နိုင်ငံတွေမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် အပြင်းအထန် တွန်းအားပေးပြီး နိုင်ငံရေး ရေစီးကြောင်းရဲ့ ရှေှ့မှာ အနောက်တိုင်းနိုင်ငံတွေ ကြိုရောက်နေတယ် ဆိုတာကတော့ သိပ်မတွေ့ရပါ။ ဒီအတွက် အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတဆူဟာတို ပြုတ်မကျခင် နောက်ဆုံး အချိန်တွေက ပြန်လည် အမှတ်ရစရာကောင်းတဲ့ တန်ဖိုးအရှိဆုံး ဥပမာဖြစ်ပါတယ်။ ဆူဟာတို ပြုတ်ကျသွားရင် နောက်ဘာဆက်ဖြစ်မယ် ဆိုတာ မသေချာလို့ ဆူဟာတိုရဲ့ အာဏာချုပ်ကိုင်မှုတွေ စတင်အားနည်းလာချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကြောက်ရွံ့နေပြီး သူတို့အပေါ် ကောင်းထားတဲ့ အင်ဒိုနီးရှား အာဏရှင်ကို နောက်ဆုံးအချိန်အထိ သစ္စာခံခဲ့ကြ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားမပေးဘဲ တွန့်ဆုတ်နေခဲ့ကြပါတယ်။
အင်ဒိုနီးရှားသားတွေက ဆူဟာတိုကို ဖြုတ်ချပြီးနောက်မှသာ အနောက်နိုင်ငံတွေက အင်ဒိုနီးရှား ဒီမိုကရေစီအရေးအတွက် သံတမန် အကူအညီနဲ့ တခြားရုပ်ဝတ္တုပစ္စည်း အကူအညီတွေကို ပုံအောပေးခဲ့တာပါ။ ဒီမိုကရေစီ ကူးပြောင်းရေး ကြိုးပမ်းလှုပ်ရှားမှုမှာ ပြည်ပဇတ်ကောင်တွေရဲ့ အခန်းကဏ္ဍက အကန့်အသတ်တွေ ရှိနေပါတယ်။ နိုင်ငံခြားအစိုးရတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးအဖွဲ့တွေ နိုင်ငံစုံအစိုးရ မဟုတ်သော အဖွဲ့အစည်းတွေက ထိပ်တိုက်တွေ့ရေးကို အားမပေးတဲ့ အကူအညီတွေကို ပေးအပ်ကြပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်ဖို့ အဆိုပါ အဖွဲ့အစည်းတွေက နိုင်ငံရေးကူးပြောင်းမှု လုပ်ဆောင်နေတဲ့ နိုင်ငံက အစိုးရအရာရှိတွေကို ချော့မော့ပြောဆို တိုက်တွန်းတာ၊ ဖိအားပေးတာတွေ လုပ်ဆောင်ကြပါတယ်။ ရွေးကောက်ပွဲတွေကို ကြီးကြပ်ပေးခြင်း၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ရွေးကောက်ပွွဲ စောင့်ကြည့်သူတွေ စေလွတ်ခြင်း နိုင်ငံရေးပါတီတွေကို လေ့ကျင့်ပေးခြင်းတွေ ပြုလုပ်ပြီး အနောက်တိုင်း ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေက ဒီမိုကရေစီ စတင်ကျင့်သုံးခါစ နိုင်ငံတွေက ရွေးကောက်ပွဲတွေ ရာပေါင်းများစွာကို ကူညီထောက်ပံ့ကြပါတယ်။ အဆိုပါ ဒီမိုကရေစီမြှင့်တင်ရေး အစီအစဉ်တွေက အသုံးဝင် တာမှန်ပေမယ့် သူတို့က ဦးဆောင်တဲ့ အခန်းကဏ္ဍထက်စာရင် အထောက်အကူပြုတဲ့ အခန်းကဏ္ဍကိုသာ အင်တိုက်အားတိုက် ထမ်းဆောင်ကြပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေး အသိုက်အဝန်းက ကြီးထွားလာတာ မှန်ပေမယ့် ကမ္ဘာပေါ်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ အများစုကို သူတို့က မောင်းနှင်ပေးတာ မဟုတ်သလို ပုံသွင်းပေးတာလည်း မဟုတ်ပါ။ ပြည်တွင်း အင်အားစုတွေက သူတို့ကိုယ်တိုင် ရယူမယ်လို့ ဆုံးဖြတ်ထားပြီးသား အရာတွေကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားရာမှာ သူတို့က အကူအညီပေး အထောက်အပံ့ပြုခြင်းသာ ဖြစ်ပါတယ်။
သူတို့တွေရဲ့ အသံက ကျယ်လောင်ပြီး ကြီးမားတယ်လို့ ထင်ရတဲ့ အချိန်မှာတောင် ပြည်ပအင်အားစုတွေ ဆိုတာက ဒုတိယနေရာမှာပဲ ရှိပါတယ်။ အာရပ်ကမ္ဘာမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲတွေ အမျိုးအမျိုး ကျင်းပခဲ့ရာမှာ ကျင်းပရတဲ့ အကြောင်းရင်းက ဒီမိုကရေစီ ပြောင်းလဲရေးအတွက်ပေးတဲ့ အမေရိကန် ဖိအားကြောင့် ဖြစ်တယ်လို့ အကြီးအကျယ် လူသိရှင်ကြား ပြောတာကတော့ လွွွဲမှားပါတယ်။ ဝေဖန်တဲ့သဘောနဲ့လည်း ဒီလိုအကြောင်းရင်းရှာ ပြောကြပါသေးတယ်။ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အာရပ်နိုင်ငံတွေကို အမေရိကန်သမ္မတ ဘုရှ် အစိုးရက ဖိအားပေးခဲ့ပေမယ့် ရလဒ်ကို ကြည့်လိုက်တဲ့အခါ အစ္စလမ် ဝါဒီတွေသာ အနိုင်ရသွားတယ်ဆိုတဲ့ ဝေဖန်မှုပါ။
ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ်က ၁၉၉၆ ခုနှစ်မှာ ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ သူကွယ်လွန်သွားတော့ ပါလက်စတိုင်းသားတွေက ရွေးကောက်ပွဲတွေ ထပ်မံ ကျင်းပနိုင်ဖို့ ကြိုးစားကြပါတယ်။ အီဂျစ် နိုင်ငံကလည်း ပါလီမန် ရွေးကောက်ပွွဲတွေကို ၁၉၇၆ ခုနှစ်ကစပြီး ပုံမှန်ကျင်းပနေခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ မွတ်စလင် ညီအစ်ကိုတော်များ အဖွွဲ့က နေရာ တော်တော်များများမှာ အနိုင်ရခဲ့ပါတယ်။ (ဒါပေမယ့် သမ္မတ ရွေးကေက်ပွဲတွေကို တိုက်ရိုက် ရွေးချယ်ကျင်းပဖို့ သမ္မတ မူဘာရက်က ၂၀၀၅ ခုနှစ်မှာ ဆုံးဖြတ် လိုက်ရာမှာတော့ အမေရိကန် ပြည်ထောင်စု ဖိအားက တစိတ်တပိုင်း ပါဝင်နေနိုင်ပါတယ်။) ၂၀၀၅ ခုနှစ် လက်ဘနွန် ရွေးကောက်ပွွဲတွေကလည်း အဲဒီမတိုင်ခင် နှစ်အနည်းက စပြီး ပြုလုပ်လာတဲ့ အစဉ်အလာတခုရဲ့ နောက်ဆက်တွဲဖြစ်ရပ်ပါပဲ။
ဖြစ်ရပ် အနည်းငယ်မှာတော့ တိုင်းပြည်တခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြင်ပဇတ်ကောင်တွေက ကူညီနှိုးဆွပေးတာ ဒါမှမဟုတ် ပုံသွင်ပေးဖို့ ကြိုးစားခြင်းဖြင့် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာမျိုးလည်း ရှိတတ်ပါတယ်။ အနောက်နိုင်ငံတွေ မုန်းတီးတဲ့ ခေါင်းဆောင်တယောက်က သူ့ကိုယ်သူ ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်တင်မြှောက်ခံရဖို့ ကြိုးစားတဲ့အခါ အဆိုပါနိုင်ငံရဲ့ အတိုက်အခံ လှုပ်ရှားမှုကို အမေရိကန်နဲ့ တချို့ဥရောပနိုင်ငံတွေက မူဝါဒတွေ ချမှတ်ပြီး ပေါ်ပေါ်တင်တင် လူသိရှင်ကြား ကူညီဖို့ ကြိုးစားတဲ့ ဥပမာတခုပါ။ ဆားဗီယားနိုင်ငံမှာ သမ္မတ ဆလိုဗိုဒန် မီလိုဆယ်ဗစ်ချ် ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို အနောက်တိုင်းက ၁၉၉၀ ပြည့်နှစ်တွေမှာ ထောက်ခံပေးမှုနဲ့ အခုဆယ်စုနှစ်အတွင်း ဘယ်လာရုစ် နိုင်ငံမှာ သမ္မတ အေလ်ယက်ခ်ဆန်ဒါ လူကက်ရှ်ဟန်ကာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ထောက်ခံမှုခြင်းက အထင်ရှားဆုံး ဥပမာတွေပါ။ ဒါပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေက ရှားပါးပါတယ်။
အဆိုပါ ၂ နိုင်ငံမှာတော့ နိုင်ငံရေးအရ မဖြစ်နိုင်တာကို အနောက်နိုင်ငံတွေက ဇွတ်တိုး လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲတွေ စီစဉ်ထားခြင်း မရှိတဲ့ တခြားနေရာတွေမှာ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် အနောက်နိုင်ငံတွေက ကြိုးစားတာမျိုးမရှိဘဲ ရွေးကောက်ပွဲ အရည်အသွေးတွေကို သြဇာလွှမ်းမိုး ပြုပြင်နိုင်အောင်နဲ့ စီစဉ်ထားပြီးသား ရွေးကောက်ပွဲတွေရဲ့ ရလဒ်တွေကို သြဇာလွှမ်းမိုး ပြုပြင်နိုင်အောင်သာ ကြိုးစားကြပါတယ်။
တိုင်းပြည်တခုရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတခုမှာ နိုင်ငံတကာ အသိုက်အဝန်းက ဝန်နဲ့အားမမျှဘဲ ဝင်ရောက် လုပ်ဆောင်တတ်တဲ့ ပုံစံတွေကတော့ အင်အားသုံး ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ပဋိပက္ခကြောင့် နိုင်ငံတကာ ဝင်ရောက် ပက်သက်လာမှုတွေပါ။ ပနားမားနိုင်ငံ၊ အာဖဂန်နစ္စတန် နိုင်ငံနဲ့ အီရတ်နိုင်ငံတွေက အာဏာရှင်တွေကို အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တချို့က စစ်ရေးအရ ဝင်ရောက်စွက်ဖက် ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရ ထူထောင်ပေးဖို့ ကြိုးပမ်းတာမျိုး၊ ကမ္ဘောဒီးယား မိုဇမ်ဘစ်နဲ့ ဘော့စနီးယား နိုင်ငံတွေမှာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ကုလသမဂ္ဂနဲ့ တခြားနိုင်ငံစုံ အဖွဲ့တစ်ခုတို့က ပြည်တွင်းစစ် အဆုံးသတ်နိုင်အောင် ကူညီပေးပြီး စစ်အလွန်ကာလ နိုင်ငံရေးစနစ် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် ပါဝင်နိုင်ဖို့ ဆက်လက် ပက်သက်နေခြင်းမျိုးပါ။
အဆိုပါ ပြဿနာဖြစ်နေတဲ့ နိုင်ငံထဲကနေ နိုင်ငံခြား အစိုးရတွေက ထွက်ခွာနိုင်ဖို့ ထွက်ပေါက် မဟာဗျူဟာရဲ့ တစိတ်တပိုင်း အနေနဲ့ ရွေးကောက်ပွဲတွေကို အဆောတလျင် ကျင်းပရေး တွန်းအားပေးတတ်ကြပါတယ်။ အဲဒီလို ဖြစ်ရပ်တွေမှာတောင်မှ နိုင်ငံရေး ပြန်လည်တည်ဆောက်မှု လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်း အနေနဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးမယ်ဆိုတဲ့ စိတ်ကူးက ပြင်ပကနေ ဝင်ရောက်လာတယ်လို့တော့ မဟုတ်ပါ။ နိုင်ငံသားတွေ ကိုယ်တိုင်နဲ့ တိုင်းပြည်တွင်းက အဓိကနိုင်ငံရေး ဇာတ်ကောင်တွေ ကိုယ်တိုင်က ရွေးကောက်ပွဲတွေကို မျှော်မှန်းလိုလားလို့သာ ဖြစ်ပေါ်လာကြတာပါ။ ဒီနေရာမှာ အီရတ်နိုင်ငံ ကိစ္စက အများကြီး သင်ခန်းစာရနိုင်ပါတယ်။ ဆက်ဒမ်ဟူစိန်ကို ရာထူးကနေ ဖယ်ရှားပြီးနောက်မှာ အမေရိကန် ဦးဆောင်တဲ့ “ယာယီညွှန့်ပေါင်း အာဏာပိုင်အဖွွဲ့ (CPA)” က အီရတ်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပမှာကို ရွှေ့ဆိုင်းထားဖို့ ကြိုးစားခဲ့ပါသေးတယ်။ စစ်ပြီးကာလ အီရတ်နိုင်ငံမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍက ဧရာမကြီးဖြစ်နေပေမယ့် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ပြည်တွင်း အီရတ်နိုင်ငံသားတွေက တောင်းဆိုကြတာကြောင့် (CPA) က နောက်ဆုတ်ပေးလိုက်ရပြီး ရွေးကောက်ပွဲတွေကို စောစောစီးစီး ကျင်းပပေးဖို့ သဘောတူလိုက်ရပါတယ်။
လိုရင်းကို ပြောရမယ်ဆိုရင်တော့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးကို အာဏာရှင်တွေ လက်ထက်မှာလည်း အကောင်အထည်ဖော်လို့ ရနိုင်ပေမယ့် “တဆင့်ပြီးတဆင့်” အယူအဆမှာ ပြဿနာတွေ အများကြီး ရှိနေနိုင်ပါသေးတယ် တိုင်းပြည် ဖွံွ့ဖြိုးတိုးတက်ရေးနဲ့ ပက်သက်ပြီး ဘယ်လိုနည်းလမ်းတွေက သီအိုရီအားဖြင့် ပိုပြီး လိုလားနှစ်သက်စရာ ကောင်းနေပါစေ ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေက နိုင်ငံရေးအရ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ကို “အခုချက်ချင်း” လိုချင်နေကြတာပါ။ မရေရာ မသေချာတဲ့ အနာဂတ် တချိန်ချိန်မှာ ဆိုတာမျိုးကို မလိုချင်ကြပါ။ အခြေအနေတွေ အားလုံး ပြီးပြည့်စုံတာ မဖြစ်ခင်မှာ ရွေးကောက်ပွဲတွေကို တက်သုတ်ရိုက်ပြီး ကျင်းပတာ ဖြစ်တယ်ဆိုရင်တောင် ပြည်သူတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ အဆိုပါဆန္ဒကို ချက်ချင်းပြည့်ဝစေချင်တဲ့ လိုလားမှုကို ရွေးကောက်ပွဲတွေကပဲ ကိုယ်စားအပြုနိုင်ဆုံး ဖြစ်ပါတယ်။
အနာဂတ်မှာ ရလာနိုင်တဲ့ ကောင်းကျိုးချမ်းသားအတွက် မျိုးဆက်တခုက အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ဆယ်စုနှစ် တခုကျော် ခံစားရမယ်ဆိုလည်း ခံစားထိုက်တယ်လို့ ပြောတာက ကျင့်ဝတ်တရား ရှုထောင့်ကနေကြည့််ရင် မှန်ကောင်းမှန်နိုင်ပေမယ့် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ ဆန္ဒတွေကို ခေတ္တ ရွှေ့ဆိုင်းထားပါလို့ ပြည်သူတွေကို တိုက်တွန်းတာကတော့ အခြေအနေ အများစုမှာ မလျော်ကန်လှပါ။ “တဆင့်ပြီးတဆင့်” သဘောတရားမှာ ဝိရောဓိ ဖြစ်နေတာတွေလည်း ရှိပါသေးတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်က ကြိုတင်ခန့်မှန်းလို့ မရနိုင်ဘဲ အနောက်တိုင်း နိုင်ငံတွေကလည်း ဝင်ရောက်ထိန်းချုပ် ပုံသွင်းပေးဖို့ မဖြစ်နိုင်တာကြောင့် ဒီမိုကရေစီ မြှင့်တင်ရေး လုပ်ငန်းကို သတိထားပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်ရမယ်လို့ “တဆင့်ပြီးတဆင့်” သဘောတရား သမားတွေက ရပ်ခံပြောဆိုတာရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းနေတဲ့ နိုင်ငံက နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေးမှာ ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ ပါဝင်ချင်တဲ့ သူတို့ဆန္ဒကို လျစ်လျူပြုထားဖို့ (ဆယ်စုနှစ်တွေနဲ့ ချီကြာအောင် လျစ်လျူပြု ကောင်းပြုရနိုင်ပါတယ်) ယုံကြည် လက်ခံလာအောင်ပြောပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက နိုင်ငံရေးအပြောင်းအလဲကို အနောက်နိုင်ငံတွေက လိုသလို ပုံသွင်းနိုင်တယ်လို့ ဝါရင့် “တဆင့်ပြီးတဆင့်” သဘောတရားသမားတွေက တဖက်မှာ ပြောကြပြန်ပါတယ်။
တဆင့်ပြီးတဆင့် မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပုံမှန်
ဒီမိုကရေစီကို မကျင့်သုံးခင် ကြိုတင်ဖြည့်ဆည်းအပ်တဲ့ အခြေအနေတွေကို “တဆင့်ပြီးတဆင့်” သဘောတရားသမားတွေ သတ်မှတ်တာက များလွန်းအားကြီးပါတယ်။ ဒါပေမယ့် သူတို့ပြောပြတဲ့ အခြေအနေကလည်း နိုင်ငံရေး တိုးတက်မှုအတွက် အထောက်အကူ ပြုပါတယ်။ တိုင်းပြည်တစ်ခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဘယ်လောက် အောင်မြင်နိုင်ချေရှိမလဲ ဆိုတာအပေါ် အဆိုပါ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေ၊ စနစ်တွေ၊ သမိုင်းအမွေအနှစ်တွေက ပြုပြင် စီရင်ပေးလိမ့်မယ် ဆိုတာကို အားလုံးကပိုပြီး အာရုံစိုက် သတိထားလာအောင် “တဆင့်ပြီးတဆင့်” သဘောတရားက မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီမိုကရေစီကို မကျင့်သုံးခင် ကြိုတင် ဖြည့်ဆည်းအပ်တဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ၁၉၆၀ ပြည့်နှစ်တွေမှာ အားလုံး လက်ခံထားပြီး အမြစ်တွယ်နေခဲ့တဲ့ စိတ်ကူးတွေကို “တတိယလှိုင်း” လှုပ်ရှားမှုက ပြောင်းပြန်လှန် ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ပြောင်းလဲနိုင်တဲ့ အမြန်နှုန်းနဲ့ ထိရောက်မှု အတိုင်းအတာက အံ့သြစရာ ကောင်းလောက်ပါတယ်။
ဒီမိုကရေစီကို မတည်ဆောက်ခင် လူလတ်တန်းစား အားကောင်းဖို့လိုတယ်၊ ပြီးတော့ တခြားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိထားဖို့ လိုတယ်ဆိုပြီး ၁၉၆၀ ပြည့်နှစ်တွေမှာ အားလုံး လက်ခံထားခဲ့တာပါ။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေ လက်ခံထားခဲ့တဲ့ အမြင်က ဒီမိုကရေစီကို မည်သည့် နေရာမှာမဆို လျင်လျင်မြန်မြန်နဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ကျင့်သုံးနိုင်တယ် ဆိုတာပါ။ အသွင်ကူးပြောင်းပုံ ကူးပြောင်းနည်း မှန်မမှန်ကသာ အသွင်ကူးပြောင်းမှု အောင်မြင်နိုင်မယ်၊ မအောင်မြင်နိုင်ဘူး ဆိုတာကို အဓိက အဆုံးအဖြတ် ပေးသွားမယ်လို့ သူတို့က တစိုက်မတ်မတ် ပြောဆိုခဲ့ပါတယ်။ အဲဒီလို လက်ခံယူဆခဲ့တဲ့ အခါမှာတော့ တိုင်းပြည်တခုမှာ ငုပ်လျှိုးနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် ရှိလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့တွက်ရာကျပြီး ရွေးကောက်ပွဲတွေ ကျင်းပပေးလိုက်ရုံနဲ့တင် နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်ပေးလို့ရတယ်လို့ ရွေးကောက်ပွဲတွေရဲ့ အခန်းကဏ္ဍကို ပိုပိုသာသာ တွက်ချက်ရာလည်း ရောက်ပါတယ်။
“တတိယလှိုင်း” လှုပ်ရှားမှု အနည်ထိုင် တည်ငြိမ်လာပြီး အသွင်းကူးပြောင်းနိုင်ငံတွေရဲ့ အောင်မြင်မှုတွေက အစပိုင်းမှာ မျှော်လင့် ထားခဲ့သလောက် ဖြစ်မလာခဲ့တော့ ငုပ်လျှိုးနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး အခြေအနေတွေက ဒီမိုကရေစီ အောင်မြင်မှုအတွက် အရေးကြီးတယ်ဆိုတာ ထင်ရှားလာပါတယ်။ အရေးကြီးတဲ့ အချက်အလက် အစိတ်အပိုင်းတွေက အများကြီးရှိပေမယ့် မကြာသေးခင်နှစ်ေတွေအတွင်း မှတ်တမ်းတင်ထားချက်အရ ဆိုရင် အောက်ပါအချက်ကြီး ၅ ချက်က အားလုံးထက် ပို ထူးထူးခြားခြား အရေးကြီးပါတယ်။
• စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာ ။ ။ ယေဘူယျ ပြောရမယ်ဆိုရင် တိုင်းပြည်တခုက ပိုပြီး ချမ်းသာလာလေလေ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခိုင်မာအောင် လုပ်ဖို့ အခွင့်အလမ်း ပိုများလာလေလေပါပဲ။
• တနိုင်ငံလုံး ချမ်းသာကြွယ်ဝမှု အရင်းအမြစ်တွေ စုစည်းနေခြင်း။ ။ တိုင်းပြည်တခုရဲ့ ချမ်းသားကြွယ်ဝမှုက အလွန်အမင်း စုစည်းကျစ်လစ်နေတဲ့ နေရာတွေ(ရေနံနဲ့ တွင်းထွက်သတ္တုတွေ) ကနေ အဓိက လာတယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့နေရာမှာ ကြီးမားများပြားတဲ့ အခက်အခဲတွေကို တွေ့ကြုံရတတ်ပါတယ်။
• အမျိုးသားအမှတ်လက္ခဏာတွေ ကွဲပြားနေခြင်း ။ ။ တိုင်းရင်းသား အချင်းချင်း၊ ကိုးကွယ်ရာ ဘာသာ အချင်းချင်း၊ လူမျိုးအုပ်စု အချင်းချင်း မျိုးနွယ်စု အချင်းချင်း ကွဲပြားတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို ကျင့်သုံးတဲ့အခါ လူမျိုးကွဲပြားမှု နည်းပါးပြီး လူမျိုးတမျိုးတည်း အဓိက နေထိုင်တဲ့ နိုင်ငံတွေမှာ ကျင့်သုံးတာထက် အမြဲတမ်းနီးပါး ပိုခက်ခဲတတ်ပါတယ်။
• နိုင်ငံရေးဗဟုဝါဒကို ကျင့်သုံးဖူးတဲ့ သမိုင်းအတွေ့အကြုံရှိခြင်း။ ။ နိုင်ငံရေး ဗဟုဝါဒ ကျင့်သုံးဖူးတဲ့ အတွေ့အကြုံ မရှိသလောက် နည်းပါးတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို ဖော်ဆောင်ရင် အတွေ့အကြုံ ရှိထားဖူးတဲ့ နိုင်ငံတွေမှာ ဖော်ဆောင်တာထက် ပိုခက်ခဲတတ်ပါတယ်။
• ဒီမိုကရေစီ မဆန်တဲ့ အိမ်နီးချင်းနိုင်ငံများ ။ ။ ဒီမိုကရေစီ မဆန်တဲ့ တိုင်းပြည်တွေ အားလုံး ဒါမှမဟုတ် အများစု စုဝေးနေထိုင်ရာ ဒေသတွင်းမှာ ရောက်နေတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီကို ဖော်ဆောင်ရင် ဒီမိုကရေစီ ဆန်တဲ့ ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ တိုင်းပြည်တွေမှာ ဖော်ဆောင်တာထက် များသောအားဖြင့် ပိုရုန်းကန် ကြိုးစားရတတ်ပါတယ်။
ဒီအချက် ၅ ချက်ကိုတော့ဖြင့် ဒီမိုကရေစီ ကျင့်သုံးရေးအတွက် လိုအပ်တဲ့ တင်ကူး လိုအပ်ချက်များလို့ မမှတ်ယူသင့်ပါ။ တင်ကူး လိုအပ်ချက်ဆိုတဲ့ ဝေါဟာရကို လေ့လာသုံးသပ်သူတွေကြားမှာ နားလည်မှု တော်တော် ရှုပ်ထွေးတတ်ပါတယ်။ အဆိုပါ အချက် ၅ ချက်က သူတို့မရှိရင် ဒီမိုကရေစီ တိုးတက်မှုကို မဖန်တီးနိုင်တော့တဲ့အထိ ဖြစ်စေတဲ့ ကြိုတင်လိုအပ်ချက်တွေ မဟုတ်ကြပါ။ သူတို့က အဓိကကျတဲ့ အထောက်အကူပြု အချက်အလက်လို့ ပြောရင်လည်း ရသလို အထောက်အကူ မပြုတဲ့ အချက်အလက်လို့ ပြောရင်လည်း ရပါတယ်။ သူတို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပိုခက်အောင် လုပ်ပေးနိုင်သလို ပိုလွယ်ကူအောင်လည်း လုပ်ပေးနိုင်တယ်လို့သာ နားလည်ထားသင့်ပါတယ်။ သေချာပေါက် အောင်မြင်စေတဲ့ အချက် ဒါမှမဟုတ် လုံး၀ မအောင်မြင်အောင် ပိတ်ဆို့တားဆီးနိုင်တဲ့ အချက်တွေ ဖြစ်တယ်လို့တော့ မမှတ်ယူထားသင့်ပါ။
အဲဒီ အချက်အလက်တွေထဲက အားလုံး ဒါမှမဟုတ် အများစုက ဒီမိုကရေစီ ပြောင်းလဲရေးဘက်ကို မျက်နှာသာပေး တိမ်းညွတ်နေတယ်ဆိုရင် ဒီမိုကရေစီအရေး အောင်ပွဲခံနိုင်ဖို့က ပိုမိုနီးစပ်နိုင်ပြီး ဆန့်ကျင်ဘက်ကို မျက်နှာသာ ပေးတယ်ဆိုရင်တော့ ဒီမိုကရေစီ အမြစ်တွယ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်။ အဆိုပါ အခြေအနေ ၅ မျိုးလုံးက လုံးဝအဖြူ အမည်း ပြတ်ပြတ်သားသား ကွဲပြားနေတာ မျိုးမဟုတ်ဘဲ ကာလံ ဒေသံကို လိုက်ပြီး အတိုးအလျှော့ရှိနိုင်ပါတယ်။ အချက်အလက် ၅ ခုလုံးကို တစုတဝေးတည်း ခြုံငုံစဉ်းစားလိုက်မယ်ဆိုရင် သူတို့က ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှု အောင်မြင်ရေး အလားအလာကို နည်းရာကနေ များရာအလိုက် စီကာစဉ်ကာ ပြသနိုင်ပါတယ်။ အောင်မြင်နိုင်တဲ့ အုပ်စုနဲ့ မအောင်မြင်နိုင်တဲ့ အုပ်စုရယ်ဆိုပြီး တိတိကျကျ ခွဲခြားဖော်ပြတာတော့ မလုပ်နိုင်ပါ။
အဆိုပါ အချက်အလက်တွေ တခုချင်းစီနဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်တဲ့ ဥပမာတွေကို စဉ်စားကြည့်လိုက်မယ်ဆိုရင် အချက်အလက်တွေက ကြိုတင် လိုအပ်ချက်တွေ မဟုတ်ဘူးဆိုတာ မြင်နိုင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေထဲမှာ ဆင်းရဲတဲ့ နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။ နှစ်ကာလတွေ အများကြီး ကြာအောင် ကိုးကားပြောဆိုခံရတဲ့ အိန္ဒိယနိုင်ငံတင် မဟုတ်ဘဲ ပနားမား၊ ဆူရီနိမ်း၊ ဘော့ဆွာနာ၊ လီဆိုသိုနဲ့ ဆီနီဂေါ တို့လို နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။ အလွန်တရာ အောင်မြင်တဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ နော်ဝေမှာ တနိုင်ငံလုံး ချမ်းသာကြွယ်ဝမှုအတွက် ဝင်ငွေက ကျစ်လျစ်စုစည်းတဲ့ နေရာ (မြောက်ပိုင်းပင်လယ် ရေနံ) ကနေ လာပါတယ်။
ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဘယ်လ်ဂျမ် အပါအဝင် သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံတွေမှာ အမျိုးသား စရိုက်လက္ခဏာကို အခြေခံတဲ့ ကွဲပြားမှုတွေက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ နိုင်ငံရေး ဗဟုဝါဒကို မကျင့်သုံးဖူးတာကြောင့် တတိယလှိုင်း ဒီမိုကရေစီ နိုင်ငံတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အထိနာစေတယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါ။ ဒါပေမယ့် မွန်ဂိုလီးယား၊ ဂျော်ဂျီယာနဲ့ ယူကရိန်း နိုင်ငံတွေမှာ အဆိုပါ အတွေ့အကြုံမျိုး မရှိထားဘဲ ဒီမိုကရေစီကို ထူးထူးခြားခြားအောင်မြင်အောင် ကျင့်သုံးနိုင်ကြပါတယ်။ ဒီမိုကရေစီ မဆန်တဲ့ ပတ်ဝန်းကျင်မှာ ရောက်ရှိနေတာကလည်း ပြဿနာရှိနိုင်ပေမယ့် ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ခါစ ပထမ ဆယ်စုနှစ်တွေအတွင်း အိန္ဒိယနိုင်ငံ၊ ၁၉၆၀ တွေနဲ့ ၁၉၇၀ ပြည့်နှစ်တွေအတွင်း ကိုစတာရီကာ နိုင်ငံ ၊ဆယ်စုနှစ်တွေနဲ့ချီ ကြာအောင် အစ္စရေးနိုင်ငံ ကြုံတွေရတာတွေကို သက်သေ အထောက်အထားအဖြစ် စဉ်းစားမယ်ဆိုရင် ဒီမိုကရက်တစ် မဆန်တဲ့ အိမ်နီးချင်း ပတ်ဝန်းကျင်ဆိုတာလည်း အောင်မြင်ရေးအတွက် လုံး၀ ပိတ်ဆို့ထားတဲ့ အတားအဆီးတော့ မဟုတ်ပါ။
“ကြိုတင်သတ်မှတ်ချက် ထားစရာမလို” ဆိုတဲ့ အယူအဆရှိသူ ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေကတော့ သိသာထင်ရှားတဲ့ အသွင်ကူးပြောင်းရေး နမူနာပုံစံတခုကို အားတက်သရော တင်ပြကြပါတယ်။ အစိုရဟောင်း ပြိုကျသွားပြီးနောက် ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံအဆင့် ရွေးကောက်ပွဲတွေကို အလျင်အမြန် ကျင်းပပေးလိုက်ကာ အစိုးရစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲမှုတွေကို ရေရှည်မှာ လုပ်ကိုင်သွားခြင်းဆိုတဲ့ အခြေအနေအားလုံး ပြောင်းလဲသွားမှုက အဆိုပါ နမူနာပုံစံမှာ ပါဝင်ပါတယ်။ ဒါပေမယ့် နိုင်ငံအနည်းငယ်ကပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒီနမူနာ ပုံစံအတိုင်း အတိအကျနီးပါး ဖြစ်လာကြပြီး အောင်မြင်ရေးအတွက် ထောက်ကူဖေးမတဲ့ အချက်အလက် တော်တော်များများကို သူတို့က (ဥရောပတိုက် အလယ်ပိုင်းမှာ ရှိကြပါတယ်) ရယူနိုင်ခဲ့ကြပါတယ်။ တခြားနေရာတွေမှာတော့ အသွင်ကူးပြောင်းရေး ကြိုးစားမှုမှာ မတူညီတဲ့ ရလဒ်တွေ ပေါ်ထွက်လာခဲ့ကြပြီး စပ်ကြားနိုင်ငံရေးစနစ် (hybrid politics) တွေ ဒါမှမဟုတ် အာဏာရှင် စနစ်ဆီ နောက်ကြောင်း ပြန်လှည့်မှုတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့်မို့ပါပဲ ရောထွေးနေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရတဲ့ နိုင်ငံတွေနဲ့ သင့်တော်မယ့် တခြားနိုင်ငံရေး အသွင်ကူးပြောင်းမှု ချည်းကပ်နည်းတွေကို ဒီမိုကရေစီ မြှင့််တင်ရေးသမားတွေက တိုးသည်ထက်တိုးပြီး ရှာဖွေလာကြပါတယ်။
ဒီလိုရှာဖွေရှာမှာ လမ်းကြောင်းတခုက ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီ မြှင့်တင်ရေးကို လုပ်ဆောင်ရာမှာ “ဖြည်းဖြည်းမှန်မှန်” ချဉ်းကပ်မှုဆိုတဲ့ အယူအဆဆီ ဦးတည်သွားပါတယ်။ “ဒီမိုကရေစီ တဖြည်းဖြည်းချင်း ပြောင်းလဲမှု” နဲ့ “တဆင့်ပြီးတဆင့် ပြောင်းလဲမှုတို့က မတူပါ”။ ဒီမိုကရေစီ ကျင့်သုံးမှုမှာ အဓိကအချက်လို့ ပြောနိုင်တဲ့ နိုင်ငံရေးအရ လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ ပြိုင်ဆိုင်မှု နဲ့ ရွေးချယ်မှု ဆိုတာကို ဆယ်စုနှစ်တွေနဲ့ချီ ဒါမှမဟုတ် ကာလ အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရမယ်လို့ “ဖြည်းဖြည်းမှန်မှန်” သဘောတရားက မပြောပါ။ ဒီမိုကရေစီကျင့်သုံးမှုမှာ အဓိကအချက် ဖြစ်တဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ပြီး ထပ်တလဲလဲကျော့ ဆက်လက် ကျင့်သုံးခြင်းဖြင့် တိုးတက်ကောင်းမွန်သွားမယ်လို့ “ဖြည်းဖြည်းမှန်မှန်” အယူအဆက ဆိုပါတယ် (“တဆင့်ပြီးတဆင့် အယူအဆ” ကတော့ ဒီမိုကရေစီကို မကျင့်သုံးခင် လိုအပ်တဲ့ အခြေအနေတွေကို မဖြစ်ပေါ်မချင်း စောင့်ရမယ်လို့ ဆိုပါတယ်)။ နေရာဒေသ အချိန်ကာလပေါ်ကို လိုက်ပြီး “ဖြည်းဖြည်းမှန်မှန်” အယူအဆရဲ့ ပုံသဏ္ဍန်တွေက အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။
အကြမ်းဖက် ပဋိပက္ခတွေ ခံစားထားရတဲ့ နိုင်ငံတွေမှာ “အချိန်မတိုင်ခင် ရွေးကောက်ပွဲ” တွေကို ကျင်းပပေးလိုက်ရင် အန္တရာယ် များနိုင်တယ်ဆိုတာကို ဒီမိုကရေစီ မြှင့်တင်သူတွေကြားမှာ မကြာသေးခင် နှစ်တွေအတွင်း ဆွေးနွေးထားကြပြီး ဆွေးနွေးမှုတွေက အဆိုပါ လူ့အဖွဲ့အစည်းတွေအတွက် တန်ဖိုးကြီးမားပါတယ်။ အဆိုပါ ပဋိပက္ခဒဏ် ခံစားထားရတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကြီးမားတဲ့ စနစ်အပြောင်းအလဲတွေကို ဖန်တီးနိုင်တဲ့အထိ ရွေးကောက်ပွဲတွေကို ကာလအကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရမယ်လို့ “ဖြည်းဖြည်းမှန်မှန်” အယူအဆသမားတွေက ရပ်ခံပြောဆိုတာတွေ မလုပ်ပါ။ ပြိုင်ဘက် နိုင်ငံရေးအုပ်စုတွေကြား မှာ နိုင်ငံရေးအရ ထဲထဲဝင်ဝင် ဆွေးနွေးဖို့ အချိန်ရအောင်သာ ရွေးကောက်ပွဲတွေကို နှစ်အနည်းငယ် ရွှေ့ဆိုင်းထားရမယ်လို့သာ သူတို့က ပြောပါတယ်။
အဲဒီလို ဆွေးနွေးထားပြီးမှသာ ပြိုင်ဘက် အဓိက နိုင်ငံရေးအုပ်စုတွေက သူတို့အချင်းချင်းကြား ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့ အလေ့အကျင့်တွေ ရလာမှာဖြစ်ပြီး သဘောထား အယူအဆတွေ အုပ်စုတွေ ပြတ်ပြတ်သားသား ကွဲပြားသွားနိုင်တဲ့ ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို နားလည် သဘောပေါက်သွားကြမှာ ဖြစ်ပါတယ် (Post-conflict Elections, Democratization and International Assistance by Krishna Kumar and Marina Ottaway, 1998)။ ၁၉၉၀ ပြည့််နှစ်တွေ အစောပိုင်းမှာ ရွေးကောက်ပွဲတွေကို ချက်ချင်း မကျင်းပသေးဘဲ အချိန်ကာလ အတိုင်းအတာ တခုအထိ စောင့်ဆိုင်းခြင်းအားဖြင့် တောင်အာဖရိက နိုင်ငံက အဆိုပါ အယူအဆအတွက် အကောင်းဆုံး သက်သေသာဓက ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွွွဲတွေ မကျင်းပသေးဘဲ ရွှေ့ဆိုင်းထားတာက အချိန်ကာလ တခုအထိပဲ သတ်မှတ်ထားတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရင်၊ တနိုင်ငံလုံးအဆင့် အားလုံးပါဝင်တဲ့ နိုင်ငံရေး သဘောတူညီချက်ကို တည်ဆောက်နေတုန်းမို့ စောင့်ဆိုင်းနေရတယ်ဆိုတာ သိထားရင်၊ နိုင်ငံသားတွေက သူတိုရဲ့ မဲပေးချင်တဲ့ ဆန္ဒကို မြိုသိပ်ပြီး စောင့််ဆိုင်းဖို့ ဆန္ဒရှိတယ်ဆိုတာ တောင်အာဖရိက သင်ခန်းစာက ပြသထားပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရအောင် ကြိုးပမ်းရာမှာ အစိတ်အပိုင်း တခုအနေနဲ့ တချို့ အာဏာရှင် အစိုးရတွေက ပြုပြင်ပြောင်းလဲမှုတွေ အနည်းငယ်ကို အမှန်တကယ် စိတ်ဝင်စားပါတယ်။ သူတို့ကိုယ်သူတို့ “ဖြည်းဖြည်း မှန်မှန်” ဒီမိုကရေစီ ပြောင်းလဲရေးသမားတွေလို့ အဆိုပါ အာဏာရှင်တွေက ကြွေးကြော်တတ်ကြပြီး ကြွေးကြော်မှုက အမြဲလိုလို မှားတတ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ အဆိုပါ “အတုအယောင် ဖြည်းဖြည်းမှန်မှန် ဒီမိုကရေစီ (Pseudo-democratic gradualism)” က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်လာနိုင်မဲ့ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေကို ပုံကြီးချဲ့ကား ပြောဆိုတတ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုကျတော့ အနည်းအကျဉ်းသာ ပြုလုပ်တတ်ပါတယ်။
တရုတ်နိုင်ငံ နဲ့ အရှေ့အလယ်ပိုင်းဒေသလို နေရာမျိုးတွေမှာ ချက်ချင်း နိုင်ငံရေး ပွင့်လင်းမှုကို တောင်းဆိုတာက လက်တွေ့ မကျသလို သေးငယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ခဲျ့ကားချီးမွမ်းနေရင်လည်း မထိရောက်လှပါ။ သူတို့နှစ်ခုကြား အလယ်အလတ်ကျတဲ့ မဇ္ဇျိမနည်းလမ်းကို ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေက အခုတော့ ရှာဖွေနေကြပါပြီ။ စစ်မှန်တဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ကျင်းပနိုင်မယ့် “စနစ်” နဲ့ “နေရာ” ကို ဖန်တီးပေးနိုင်မယ့် သေးငယ်သော်လည်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းဖို့ လိုအပ်တယ်ဆိုတာကို အဲဒီ တတိယ လမ်းကြောင်းက ပေါ်လွင်အောင်ပြသပြီး အုပ်စိုးသူတွေရဲ့ အာဏာချုပ်ကိုင်မှုကို နောက်ဆုံးမှာ ဖြေလျှော့ပေးနိုင်မယ့် နည်းလမ်းကိုလည်း ညွှန်ပြပေးပါတယ်။ အဆိုပါ ခြေလှမ်းတွေထဲမှာ နိုင်ငံရေးကိစ္စတွေကို ဆော်သြေစည်းရုံးတဲ့ လွတ်လပ်သော အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို ခွင့်ပြုခြင်းမျိုး၊ နိုင်ငံရေး အသင်းအဖွဲ့တွေကို တည်ထောင်ခွင့် ပြုခြင်းမျိုး၊ အာဏာရပါတီနဲ့ ကင်းလွတ်တဲ့ တခြားသော နိုင်ငံရေးပါတီ အမျိုးအစားတွေကို ခွင့်ပြုခြင်းမျိုး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ တင်မကဘဲ အဆိုပါ လွတ်လပ်သော နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကိုလည်း ယှဉ်ပြိုင်ခွင့်ပြုတဲ့ ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာ ရွေးကောက်ပွဲတွေကို ခွင့်ပြုခြင်းမျိုး၊ အမှန်တကယ် လွတ်လပ်တဲ့ မီဒီယာတွေ လည်ပတ် လုပ်ကိုင်နိုင်ပြီး အာဏာပိုင်တွေကို ဝေဖန်တဲ့အသံတွေကို ဖော်ထုတ်ခွင့်ပြုတဲ့ ပွင့်လင်းတဲ့ အများပြည်သူ နယ်ပယ်လေးတခုကို သည်းခံ ခွင့်ပြုခြင်းမျိုးတွေ ပါဝင်ပါတယ်။
အာဏာရှင် တပိုင်းနိုင်ငံတွေမှာ အစိုးရတွေက “ဖြည်းဖြည်း မှန်မှန် အယူအဆ” ကို အလွဲသုံးစား လုပ်တတ်ပါတယ်။ သူတို့လုပ်ဆောင်တဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ပေးခြင်းက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မလွဲမသေ ဖြတ်ကျော်ရမယ့် စခန်းတခုဖြစ်တယ်လို့ အခိုင်အမာပြောဆိုပြီး အလွဲသုံးစား လုပ်ကြတာပါ။ တကယ်တော့ သူတို့လုပ်ဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ သူတို့ရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ ကြီးမားကျယ်ပြန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ချင်လို့ ရှောင်လွဲတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဆိုပါ အတုအယောင် “ဖြည်းဖြည်း မှန်မှန် အယူအဆ” ကို အားပေးအားမြှောက် မလုပ်မိအောင် ရှောင်လွဲဖို့ ဆုံးဖြတ်ထားတဲ့ ဒီမိုကရေစီမြှင့်တင်ရေးသမားတွေက ပိုပြီးအဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးပြိုင်ဆိုင်မှုတွေဖြစ်ပေါ်လာစေမယ့် မဟာဗျူဟာတွေ အပေါ်ကို အာရုံစိုက်ထားသင့်ပါတယ်။ အဲဒီလို မဟာဗျူဟာတွေထဲမှာ စစ်မှန်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကြီးကြပ်အုပ်ချုပ်မှုစနစ်ကို ဖန်တီးပေးခြင်း၊ နိုင်ငံရေးလောက အပြင်ရောက်နေတဲ့ ပါတီတွေကို တရားဝင် ခွင့်ပြုခြင်းမျိုး၊ ဥပဒေပြု လွှတ်တော်လို နိုင်ငံရေး ဗဟုဝါဒတွေ အတိုင်းအတာ တခုအထိ ရှိနေပြီးသား အင်စတီကျုးရှင်းတွေကို အားဖြည့်ပေးခြင်းမျိုး၊ ရွေးကောက်ပွဲနဲ့ တခြား အဓိကကျတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို စောင်ကြည့်ဝေဖန်နိုင်တဲ့ လွတ်လပ်သော အရပ်သားအဖွဲ့တွေကို ခွင့်ပြုခြင်းမျိုး၊ ပြိုင်ဆိုင်မှု ဖြစ်စဉ်ထဲကနေ ကင်းလွတ်နေတဲ့ နိုင်ငံရေးအာဏာ နယ်ပယ်တွေကို ဖွဲ့စည်းပုံ အခြေခံပြုပြင်ပြောင်းလဲရေး ကနေတဆင့် နည်းပါးအောင်လုပ်ခြင်းမျိုးတွေ ပါဝင်ပါတယ်။
“ဖြည်းဖြည်း မှန်မှန် အယူအဆ” ဆိုတာကလည်း ပြဿနာကို ထိထိရောက်ရောက်လျင်လျင်မြန်မြန် ပြေလည်စေတဲ့ အဖြေတော့မဟုတ်ပါ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မရိုးမသား အသုံးချခြင်သူတွေရဲ့ အလွဲသုံးစားလုပ်တာကို ခံရနိုင်ပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေရဲ့ အလယ်အလတ် အခန်းကဏ္ဍကို အားကောင်းလာအောင် လုပ်ပေးနိုင်ဖို့ သြဇာလွှမ်းမိုးမှု ပုံစံအသစ်တွေကိုလည်း “ဖြည်းဖြည်း မှန်မှန် အယူအဆ” က မပေးနိုင်ပါ။ ဒီမိုကရေစီခရီးက ဘယ်တော့မှ လမ်းမချော်သွားစေရဘူး၊ စိတ်ပျက်စရာမဖြစ်စေရဘူးလို့ “ဖြည်းဖြည်း မှန်မှန် အယူအဆ” က အာမ မခံနိုင်ပါ။ ပြီးတော့ ဒီမိုကရေစီကို နေရာတိုင်းမှာ မကျင့်သုံးနိုင်ပါ။ တလောကလုံးအတွက် မမှန်ကန်ပါ။ တချို့ နေရာတွေမှာ ရွေးကောက်ပွဲတွေကို အလျင်အမြန် တွန်းအားပေး ဆောင်ရွက်တာက အဓိပ္ပာယ်ရှိနိုင်ပါတယ်။ တချို့နေရာတွေမှာတော့ နိုင်ငံရေး ဗဟုဝါဒဆီ တက်လှမ်းနိုင်မယ့် အရိပ်လက္ခဏာတွေကို မတွေ့ရပါ။ ဒါပေမယ့် “ဖြည်းဖြည်း မှန်မှန် အယူအဆ” ကို နိုင်ငံရေးနယ်ပယ်ထဲ ထည့်သွင်းထားတာက အလွန်တရာ အရေးကြီးပြီး အခုလည်း ထပ်မံမွမ်းမံနေပါတယ်။ စံသတ်မှတ်ချက်အဖြစ် လက်ခံထားတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု ပုံစံကနေ ခွဲထွက်သွားပြီး ပိုမိုကျယ်ပြန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုရဲ့ အစိတ်အပိုင်း တခုအဖြစ်နဲ့လည်း “ဖြည်းဖြည်း မှန်မှန် အယူအဆ” ကို လုပ်ဆောင်သင့်ပါတယ်။ “ဖြည်းဖြည်း မှန်မှန် အယူအဆ” နဲ့ “တဆင့်ပြီးတဆင့် အယူအဆ” တို့ ကြား ကွဲလွဲမှုက ပထမပိုင်းမှာတော့ မသိသာဘဲ အခေါ်အဝေါ် ကွဲပြားတယ်လို့သာ ထင်စရာရှိပါတယ်။ ဒါပေမယ့် အခြေခံကျကျ ကွဲပြားတာတွေလည်း ရှိနေပါတယ်။ “ဖြည်းဖြည်း မှန်မှန် အယူအဆ” Gradualism က ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းမှာ ချက်ချင်းလက်ငင်း ပါဝင်ဆောင်ရွက်တာ၊ တွန်းအားပေးတာတွေ လုပ်ပြီး ဒီမိုကရေစီစနစ် ဖြစ်လာနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာလာစေပါတယ်။ “တဆင့်ပြီးတဆင့်” Sequentialism အယူအဆ ကတော့ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ အခွင့်အလမ်းတွေကို သံသယဝင်နေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မသေချာမရေရာတဲ့ အနာဂတ် တချိန်ချိန်အထိ အချိန်ဆွဲ ရွှေ့ဆိုင်းထားချင်ပါတယ်။
(၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် Journal of Democracy ပါ တောမတ်စ် ကာရိုးသားစ် (Thomas Carothers) ၏ How Democracies Emerge: The “Sequencing” Fallacy ကို ဘာသာပြန်ဆိုပါသည်။ တောမတ်စ် ကာရိုးသားစ်သည် Carnegie Endowment for International Peace ၏ Democracy and Rule of Law Project တွင် ဒါရိုက်တာ တဦးဖြစ်ပြီး နိုင်ငံတကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပညာဆိုင်ရာ ဒု ဥက္ကဌ တဦးလည်း ဖြစ်သည်။ သူ၏ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Confronting the Weakest Link: Aiding Political Parties in New Democracies (2006) ဖြစ်သည်။)