မြန်မာပြည်မှာလည်း ရှစ်လေးလုံးက ငွေရတု တိုင်သွားပြီ။ ဒီမိုကရေစီ အရေးတော်ပုံ မအောင်မြင်ရတဲ့ အားနည်းချက်က ဘာလဲဆိုတာလည်း သိကြတယ်၊ ဒါပေမယ့် သင်ခန်းစာယူနိုင်ပြီလားဆိုတော့ မယူနိုင်ကြသေးပါဘူး။
ရှစ်လေးလုံးအရေးတော်ပုံနဲ့ပတ်သက်လို့ ဟံသာဝတီ ဦးဝင်းတင် ဒီဗွီဘီ နဲ့ အင်တာဗျူးမှာ စိတ်ဝင်စားတဲ့ တချက်ပါလာတယ်။ အရေးတော်ပုံ ဘာလို့ မအောင်မြင်လဲဆိုတော့ စစ်တပ်က အကြမ်းဖက်တာက အကြောင်းတရပ်၊ နောက်တရပ်က ဒီမိုကရေစီ အင်အားစုတွေ မညီညွတ်လို့ ဆိုတဲ့ အချက်လို့ ဆိုတယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်ဟောင်း ဦးနုက သူ့လက်ထဲကနေ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတာမို့လို သူသာလျှင် ဝန်ကြီးချုပ်ဖြစ်တယ်ဆိုပြီး စင်ပြိုင်အစိုးရ ကြေညာခဲ့တယ်။ ဦးနုက ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူးလို့ ဦးဝင်းတင်က ဆိုတယ်။ ဒါကြောင့် ဦးနုကို ဝိုင်းပြီး ကန့်ကွက်လိုက်ကြတယ်။ ဒီအကြောင်းတွေကို လွန်ခဲ့တဲ့နှစ်တွေမှာ အဲဒီကာလမှာ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေဆီကနေ မကြာခဏ ကြားရတတ်ပါတယ်။ တချို့က ဦးနုကို အမှတ်ပေးတာလည်း ရှိပါတယ်။ နိုင်ငံရေးသမားကြီး ဦးနုက ခင်းလိုက်တဲ့ အကွက်ကို ကျောင်းသားတွေနဲ့ တခြားအင်အားစုတွေက အထင်လွဲခဲ့ကြတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဘယ်ဒေါင့်က ကြည့်ကြည့် မညီညွတ်ခဲ့တာက မညီညွတ်ခဲ့တာပါပဲ။
ရှစ်လေးလုံးအလွန် နှစ်ဆယ့်ငါးနှစ်တာ ကာလကို ပြန်ကြည့်တော့လည်း ပြည်တွင်းလည်း ပြည်တွင်းအလျှောက်၊ ပြည်ပကလည်း ပြည်ပအလျှောက်၊ တိုင်းရင်းသားလည်း တိုင်းရင်းသားအလျှောက်၊ ကျောင်းသားလည်း ကျောင်းသား အလျှောက် တဖြန်းဖြန်း ကွဲခဲ့ကြတာပါပဲ။ အခုနောက်ဆုံး ရှစ်လေးလုံးပွဲကို ဘယ်ပုံစံနဲ့ ကျင်းပမလဲဆိုတာတောင် ညီအောင် မညှိနိုင်ကြပါဘူး။
ဒီနေရာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သီအိုရီကို အစောဆုံးဖော်ထုတ်ခဲ့တဲ့ ပညာရှင်တွေထဲမှာ ပါတဲ့ Juan J. Linz နဲ့ Alfred Stepan ရဲ့ စကားကို ကိုးကားချင်ပါတယ်။
” ဒီမိုကရေစီ တည်ဆောက်ရေးဆိုတာ အာဏာရှင်ဖြုတ်ချနိုင်ရုံနဲ့ မပြီးဘူး။ အာဏာရှင်အလွန်မှာ အရေးကြီးတဲ့ လူမှုအုပ်စုတွေ အချင်းချင်း ညှိနှိုင်းပြိးတော့ ဒီမိုကရေစီခရီးအတွက် အများသဘောညီတဲ့ လမ်းပြမြေပုံ တခုလိုတယ်”တဲ့။
အာရပ်နွေဦးကို ကြည့်ရင် ဒီမိုကရေစီ တည်ဆောက်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာကို မြင်နိုင်ပါတယ်။ အီဂျစ်မှာ မူဘာရတ် ပြုတ်ကျသွားတယ်၊ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ သက်တမ်းက တနှစ်ပဲ ခံတယ်။ အခုဆိုရင် တတိုင်းပြည်လုံးမှာ စိတ်ဝမ်းကွဲမှုတွေက ဆိုးရွားနေပြီး ဒီမိုကရေစီ အနာဂတ်က မရေမရာပါပဲ။ တူနီရှားမှာလည်း ဒီသဘောပါပဲ။ ၆ လအတွင်းမှာ လုပ်ကြံခံရတဲ့ အတိုက်အခံ ပါတီက ခေါင်းဆောင် နှစ်ယောက် ရှိသွားပြီ။ ဒါကို မကျေနပ်လို့ တနိုင်ငံလုံး အုံကြွတော့မယ့် အခြေအနေ ပေါ်ပေါက်နေတယ်။ လစ်ဗျားနဲ့ ဆီးရီးယားမှာလည်း ဒီသဘောတွေပါပဲ။ အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ လစ်ဘရယ်တွေနဲ့ အစ္စလာမ္မစ်တွေ ကြားထဲမှာ အခုတော့ ညှိမရအောင် စိတ်ဝမ်းကွဲနေကြတယ်။
အီဂျစ်ကို ကြည့်ရင် အီဂျစ်နိုင်ငံရေးမှာ အရေးကြီးတဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့နဲ့ လစ်ဘရယ်တွေဟာ ဒီကြားထဲမှာ တရားဝင် တကြိမ်တောင် တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ခဲ့ကြဘူး။ အဲဒီနောက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ မွတ်စလင်သွေးသောက်အဖွဲ့က ဘာသာရေး အယူအဆတွေကို နိုင်ငံရေးထဲကို ဆွဲသွင်းလာတဲ့အခါ လစ်ဘရယ်တွေနဲ့ ထိပ်တိုက်တွေ့တယ်။ စစ်တပ်ဝင်လာတော့ အခြေအနေတွေ ပိုရှုပ်ထွေးကုန်တာပါပဲ။ ရလဒ်ကတော့ အခု မြင်နေရတဲ့ ဝရုန်းသုန်းကား အခြေအနေပါပဲ။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း ထိုင်းနိုင်ငံရေး အခြေအနေကို ကြည့်ရင် ဒီလိုပဲ ကြုံခဲ့ရပါတယ်၊ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ မစ္စတာသက်ဆင် ဦးဆောင်တဲ့ ထိုင်းရတ်ထိုင်းပါတီက နေရာပေါင်း ၄၆၀ တွင် အနိုင်ခဲ့တယ်။ အကြီးဆုံးအတိုက်အခံ (ဒီမိုကရက်ပါတီ) က သပိတ်မှောက်တယ်။ နောက်တော့ စစ်တပ် အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတယ်။ စစ်တပ်က ဦးဆောင်ပြီး အသစ်ရေးတဲ့ ဖွဲ့စည်းပုံကို ရေးဆွဲတဲ့အခါ ပြည့်သူတဝက်က လက်မခံပါဘူး။ အဲဒီကာလမှာ ရွေးကောက်ပွဲတွေ လုပ်၊ ညွန့်ပေါင်းတွေ ဖွဲ့ပေမယ့် ဘယ်အစိုးရ တက်တက် နိုင်ငံရေး မတည်ငြိမ်ပါဘူး။ လွှတ်တော်အတွင်းမှာရော လမ်းမတွေပေါ်မှာရော ဝရုန်းသုန်းကား အခြေအနေ၊ အသွေးအရောင်စုံ ဆန္ဒပြပွဲတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဆန္ဒပြသမားတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ထိုင်းသမိုင်းမှာ အဆိုးရွားဆုံး နိုင်ငံရေး စိတ်ဝမ်းကွဲမှုကာလကြီးပါပဲ။ ၆ နှစ်အတွင်း ရွေးကောက်ပွဲ ၄ ကြိမ် လုပ်ခဲ့ရတယ်။ ဝန်ကြီးချုပ် ၆ ယောက်၊ အစိုးရ ၆ ဖွဲ့ ပြောင်းခဲ့ရတယ်။
အဲဒီကာလတုန်းက ဘရက်ဆဲလ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေဖြေရှင်းရေး မူဝါဒ အကြံပေးအဖွဲ့ (အိုင်စီဂျီ) ရဲ့ ထိုင်းနိုင်ငံအတွက် အကြံပြုချက်ကလည်း ရွေးကောက်ပွဲ အကြိုမှာ နိုင်ငံရေး အင်အားစုတွေ အချင်းချင်း ကြိုတင်ညှိနှိုင်းကြပါ၊ မဟုတ်ရင် ရွေးကောက်ပွဲတွေ ကျင်းပနေပေမယ့် ပြဿနာတွေ ပြေလည်မှာ မဟုတ်ဘူးဆိုတာပါပဲ။
အခုဆိုရင် မြန်မာပြည်မှာ ရွေးကောက်ပွဲအလွန်ကာလဟာ သုံးနှစ်ထဲကို ရောက်နေပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပါပြီ။ ဒါပေမယ့် အရေးကြီးတဲ့ အင်အားစုတွေအကြားမှာ အလုပ်သဘော ညှိနှိုင်းတာမျိုး မရှိသလောက်ပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နယ်တွေမှာ ဘယ်ပါတီက ဘယ်လောက် များများ ဝင်ပြိုင်မလဲဆိုတာကနေ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ ဆိုတဲ့အထိ ဆွေးနွေးစရာတွေ ရှိပါတယ်။ နောက်တချက်က (No State = No Democracy) ဆိုတဲ့အတိုင်း နိုင်ငံရယ်လို့ ပီပီသသ မရှိဘဲနဲ့ ဒီမိုကရေစီဆိုတာကို မမျှော်မှန်းနိုင်ပါဘူး။ မြန်မာပြည်မှာ တိုင်းရင်းသား ပဋိ့ပက္ခတွေ ရှိနေဆဲ၊ နိုင်ငံသား ဖြစ်မှုကနေ ပြည်ထောင်စု ပြသနာတွေအထိ ညှိနှိုင်းရမှာတွေ အများကြီး ကျန်ပါသေးတယ်။ မကြာခင်ကပဲ နယ်စပ်အခြေစိုက် ယူအန်အက်ဖ်စီက ဗမာပြည်နယ်ပါဝင်တဲ့ ပြည်ထောင်စုစနစ်တခုကို အဆိုပြုလာပါတယ်။ ဒါကို လူများစုဖြစ်တဲ့ ဗမာတွေက လက်ခံမလားဆိုတာ မသေချာပါဘူး။ လူများစုဖြစ်တဲ့ ဗမာတွေနဲ့ ဘယ်လောက်ညှိနှိုင်းထားသလဲဆိုတာ မသိရပါဘူး။
နောက်တစ်ချက်က ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲက ဂွင်းဆက်ပြတ်နေတာပါ၊ ထိုင်းနိုင်ငံရေးကို ကြည့်ရင် စစ်တပ်က ပါလီမန်ထဲ နေရာမယူပေမယ့် အရပ်သားအစိုးရကို နာခံတဲ့ ဓလေ့ပိုင်းမှာ အားနည်းပါတယ်။ အာဏာသိမ်းတဲ့နေရာမှာလည်း ထိုင်းစစ်တပ်က ကမ္ဘာမှာ ထိပ်ဆုံးနေရာမှာ ရှိပါတယ်။ အခုနောက်ဆုံး ထိုင်းဝန်ကြီးချုပ် ယင်လပ်က ကာကွယ်ရေး ဝန်ကြီးရာထူးကို တွဲယူလိုက်နိုင်ပါတယ်။ ထိုင်းသမိုင်းမှာ ပထမဆုံးအမျိုးသမီး ကာကွယ်ရေး ဝန်ကြီးဖြစ်လာတယ်။ မနှစ်ကတည်းက ကြိုးပမ်းခဲ့ပေမယ့် ထိုင်းစစ်တပ်က လက်မခံဘဲ ယခုနောက်ဆုံး လက်ခံလိုက်ပုံကို ထောက်လျှင် ညှိနှိုင်းမှုတွေအဆင်ပြေသွားပုံရပါတယ်။
သက်ဆင်နှင့်စကားစမြည် (Conversations with Thaksin) စာအုပ်မှာ စာရေးသူ Tom Plate က ဒီလိုရေးပါတယ်။ “အကဲဆတ်သော နိုင်ငံရေးတွင် ပျော့ပျော့ ပြောင်းပြောင်းနှင့် ညှိနှိုင်းပေးမည့် ခေါင်းဆောင်မျိုးလိုအပ်သည်၊ ထိုအလုပ်ကို သက်ဆင် မလုပ်နိုင်၊ သူ့နှမငယ် ယင်းလပ်သာ လုပ်နိုင်သည်”တဲ့။ တကယ်တမ်း စိတ်ဝမ်းကွဲနေတဲ့ ထိုင်းနိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့ ဒီမိုကရေစီ ခရီးဆက်ဖို့ ဝန်ကြီးချုပ် ယင်လပ်ရဲ့ ပျော့ပျောင်းညင်သာစွာ ညှိနှိုင်းနိုင်စွမ်းက အရေးကြီးတာ အမှန်ပါပဲ။ တဖက်မှာ ထိုင်းနိုင်ငံမှာ အရေးပေါ်ရင် လုပ်လက်စအလုပ်တွေ ပစ်ထားပြီး နိုင်ငံရေး လှုပ်ရှားမှုကိုအားဖြည့်ပေးမည့် ပြည်သူတွေ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ သူတို့ဆီမှာ အောက်ခြေလူထုရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ အဓိက နိုင်ငံရေးပါတီတို့ အကြားမှာ အချိတ်အဆက် မိတယ်။ မြန်မာပြည်မှာတော့ အချိတ်အဆက် မမိရုံသာမက တခါတလေ ဆန့်ကျင်ဘက်လို ဖြစ်နေတယ်လို့ ထင်မိပါတယ်။
ဒီလို ဒီမိုကရေစီအင်အားစုတွေ အချင်းချင်း အကြားမှာ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူလူထုအကြားမှာ ညီညွတ်ရေးကို မတည်ဆောက်နိုင်ရင်၊ အများညီ ဒီမိုကရေစီ လမ်းပြမြေပုံကို မဖော်ထုတ်နိုင်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ လွှတ်တော်ထဲမှာ ဝင်ထိုင်နေတဲ့ စစ်ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်တွေပြန် ဆုတ်သွားရေးလိုမျိုး အရေးကြီးသော နိုင်ငံရေး လှုပ်ရှားမှုများ တဆင့်တက်ရေးမှာ လမ်းပိတ် နေဦးမယ်လို့ ထင်ပါတယ်။ တကယ်တမ်း ဒါလည်း အသစ်အဆန်းမဟုတ်ပါ၊ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကျော်ကြားဆုံး မိန့်ခွန်းထဲမှာ ” တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး” အရေးကြီးတယ်ဆိုတာကို သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးခဲ့ပေမယ့် လွတ်လပ်ရေးရတော့ အရပ်ဘက် နိုင်ငံရေးသမားတွေ ညီညွတ်ရေး ပြိုကွဲခဲ့ကြတယ်။ တချို့က စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းဖို့ ကြိုးစားရင်း နောက်ဆုံးစစ်တပ်က ဝင်လာတဲ့အခါ တိုင်းပြည်အထိနာသွားတာလည်း လူတိုင်းသိတဲ့ သင်ခန်းစာပါပဲ၊
အခုကာလဟာ ဒီမိုကရေစီတည်ဆောက်ရေးကာလ၊ ဒေါ်အောင်ဆန်းကြည်ရဲ့ စကားအတိုင်း ဒုတိယလွတ်လပ်ရေးတိုက်ပွဲကာလဖြစ်ပါတယ်။ ဒါပေမယ့် အတိတ်က မညီညွတ်လို့ လွတ်မြောက်ရေး တိုက်ပွဲ မအောင်မြင်ခဲ့တဲ့ သင်ခန်းစာတွေကို ယူနိုင်ပြီလားလို့ မေးရင်တော့ မယူနိုင်ကြသေးဘူးလို့ပဲ အားနာနာနဲ့ ဖြေရမှာပါပဲ။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)