သတင်းစာ ဆရာကြီး မောင်သစ်လွင် (လူထု) သည် မန္တလေးမြို့ထုတ် သြဇာတိက္ကမ ကြီးမားသော လူထု သတင်းစာတိုက်တွင် ဖဆပလ အစိုးရ လက်ထက်မှ စတင်ကာ တော်လှန်ရေး ကောင်စီ အစိုးရထိတိုင် ၁၀ နှစ်တိတိ သတင်းစာဆရာ တဦးအဖြစ် ကျင်လည်ခဲ့သည်။ ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ စသည့် သတင်းစာဆရာကြီးများ လက်အောက်တွင် လူထုစိန်ဝင်း၊ သူရ (ရှမ်းပြည်) ၊ နတ်မောက်ထွန်းရှိန်၊ တက္ကသိုလ်မောင်စောလွင်၊ မောင်သာနိုး၊ ပေါ်ဦးသက်၊ ဝင်းဖေ စသူများနှင့် အတူ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယနေ့ အချိန်အထိလည်း ဂျာနယ်တချို့တွင် အခွင့်သာလျှင် သာသလို ရေးသားနေသူဖြစ်သည်။
ယနေ့ခေတ် ပုဂ္ဂလိက သတင်းစာများ ပြန်လည် ထုတ်ဝေခွင့်ရရှိချိန်တွင် သတင်းစာများနှင့် ပတ်သက်၍ ဆရာ၏ ထင်မြင်ချက်၊ ယူဆချက်၊ သုံးသပ်ချက်များကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်က သွားရောက်တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ ဒီနေ့ ထွက်ရှိနေတဲ့ သတင်းစာတွေကို ဖတ်ဖြစ်၊ လေ့လာဖြစ်ပါသလား၊ ဘယ်လိုရှုမြင် သုံးသပ်ပါသလဲ။
ဖြေ ။ ။ ကြည့်ဖြစ်၊ လေ့လာဖြစ်ပါတယ်။ တချို့သတင်းစာတွေက ဂျာနယ်နဲ့ မကွဲပြားဘူး၊ သတင်းစာမှာပါတဲ့ သတင်းကလည်း ဒါပဲ၊ ဂျာနယ်က သတင်းကလည်း ဒါမျိုးတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ တင်ပြပုံ တင်ပြနည်းကလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ အပြင်အဆင်ပိုင်းမှာလည်း ဂျာနယ်နဲ့ တူနေသေးတာကို တွေ့ရတယ်။ ဒါကလည်း အခုခေတ်လူငယ်တွေ သတင်းစာကို တိုက်ရိုက် လုပ်ခွင့်ရတာ မဟုတ်ဘူး၊ သတင်းစာ ထုတ်ခွင့်မပေးတော့ သတင်းစာအလုပ်ကို လုပ်ခွင့်မရဘူး၊ ဂျာနယ်အလုပ်ကိုပဲ လုပ်ရတယ်၊ ဒါကြောင့် တင်ပြပုံ တင်ပြနည်းကတော့ နည်းနည်းလိုမယ်လို့ ထင်တယ်။
မေး ။ ။ သတင်းစာတွေမှာ ခေါင်းတပ်ပုံ၊ သတင်းတန်ဖိုး အလိုက် ရှေ့မျက်နှာဖုံးမှာ နေရာပေးပုံ ပေးနည်းတွေရော၊ ဟိုတုန်းက သတင်းစာခေတ်နဲ့ အခုသတင်းခေတ်နဲ့ ကွာခြားမှုတွေကိုရော တွေ့မြင်မိပါသလား။
ဖြေ ။ ။ တင်ပြပုံ တင်ပြနည်း ရောထွေးနေတယ်လို့ ထင်တယ်။ ခေါင်းတပ်တယ် ဆိုတာကလည်း ရိုးရိုးကြီး မဟုတ်ဘဲနဲ့ လူစိတ်ဝင်စားအောင် တပ်ဖို့လည်း လိုတယ်။ တိုတိုနဲ့လိုရင်း ထိမိဖို့လည်း လိုသလို ခွန်အားရှိဖို့လည်း လိုတယ်။ အခုတော့ ခေါင်းတပ်ပုံတွေက ရှည်လျားနေတာကို တွေ့ရတယ်။ ဟိုတုန်းကဆိုရင် လူထု သတင်းစာကပေးတဲ့ ခေါင်းစီးတွေဆို ဥပမာ – သမ္မတဂျွန်ဆင် ခေါင်းကိုက်နေတဲ့ ဗီယက်နမ်စစ်တို့၊ ပြည်သူများက ဗီယက်နမ်စစ်ကို ဆန့်ကျင်တို့ပေါ့၊ ဒါမျိုးပေးကြတယ်။
နောက် သတင်းစာ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခံရတဲ့ သတင်းရဲ့ တန်ဖိုး၊ ခေါင်းတပ်တာ၊ ကော်လံတွေပေးတာက ထိုက်တန်၏ မတန်၏ ခွဲခြားနိုင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ အယ်ဒီတာဟာ သတင်းတန်ဖိုးလည်း ဖြတ်ရမယ်။
နောက်တခုက သတင်းစာရဲ့ ခံယူချက်၊ ရပ်တည်ချက်ကလည်း အရေးကြီးတယ်။ ဟိုတုန်းက လူထုသတင်းစာဆို ငြိမ်းချမ်းရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတဲ့မူကို ကိုင်ထားတော့ သတင်းစာကလည်း သတင်းတွေရော၊ ရေးသားတဲ့ ဆောင်းပါးတွေရော၊ ခေါင်းကြီးပိုင်းရော ငြိမ်းချမ်းရေးသရုပ်တွေ ပေါ်နေရတယ်။
မေး ။ ။ ယနေ့ ထွက်ပေါ်နေတဲ့ ပုဂ္ဂလိက သတင်းစာတွေထဲမှာ အစိုးရနဲ့အပြိုင် အတိုက်ခံလုပ် ရေးသားနေတဲ့ အတိုက်အခံ သတင်းစာလို့ ခေါ်နိုင်တဲ့ သတင်းစာ ဘယ်နှစ်စောင်များ တွေ့ထားပါသလဲ။
ဖြေ ။ ။ ကိုယ့် အတွေ့အကြုံနဲ့ ပြောရင်တော့ ပီပီပြင်ပြင် မတွေ့သေးဘူးလို့ ဆိုရမှာပေါ့။ ကိုယ့်ရေးလို့ ရမယ်ထင်တဲ့ ဟာလေးတွေကို ရေးနေတာပဲတွေ့တယ်။ အရင် ဖဆပလ ခေတ်ကဆိုရင် ထွန်းနေ့စဉ်၊ ပြည်သူ ဟစ်တိုင်တို့ ဘာတို့ဆို အများကြီး ရေးတာပဲ။ ပီပီမြည်မြည်တော့ ရှိသင့်တယ်ထင်တယ်။
မေး ။ ။ အစိုးရ သတင်းစာတွေမှာရော သတင်းဖော်ပြပုံ ဖော်ပြနည်းက ဘယ်လိုရှိလဲ၊ ဝေဖန်ပေးပါဦး။
ဖြေ ။ ။ နိုင်ငံတော် အကြီးအကဲ နိုင်ငံခြားကို ခရီးထွက်တဲ့ သတင်းမျိုးကိုပဲ ဥပမာပေး ဝေဖန်ချင်တယ်။ နိုင်ငံတော် သမ္မတ သွားတဲ့ခရီးမှာ ဘယ်သူတွေနဲ့ တွေ့သလဲ၊ ဘာတွေဆွေးနွေးပြီး တို့ဘက်က ဘာတွေရ နိုင်ဖို့ရှိသလဲ ဆိုတာမျိုးကို အဓိကထား ဦးစားပေးတင်ပြရမယ်။ အခုတော့ ပြတိုက်ရောက်တာရော၊ ရေပူစမ်းလည်း ရောက်တာရော၊ ဟိုက လိုက်ပြသမျှ အကုန်ရောက်တဲ့ ဟာတွေကို ခေါင်းကြီးမှာ ဦးစားပေးဖော်ပြနေတယ်။ အဲဒီတော့ လူကို ဦးစားပေးလွန်းတယ်၊ သတင်းကို ဦးစားမပေးဘူးလို့ ဆိုချင်တယ်။ လယ်သမားဆန္ဒပြတဲ့ သတင်းဆိုရင် မပါချင်ဘူး။ တိုင်းပြည်မှာ ဘာအရေးကြီးဆုံးလဲ ဆိုတာကို ဖော်ပြရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေ၊ ထောက်ပြတာတွေ ကောင်းရင်၊ ရှေ့ဆုံးမှာတင်ပြီး ဖော်ပြပေါ့။
မေး ။ ။ အစိုးရသစ်က စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ မီဒီယာဥပဒေတွေ ထုတ်ဖို့ ကြိုးစားနေတယ်။ အဲဒီလို ဥပဒေမျိုးတွေကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဖိနှိပ်ဖို့၊ ထိန်းချုပ်ဖို့ လုပ်တယ်ဆိုတာက ကိုယ့်ကုလားထိုင်လေး ရွေ့သွားမှာစိုးတဲ့ လူကသာ လုပ်တာ၊ အဲဒါထုံးစံပဲ။ သူ့ရဲ့ စိတ်ဓာတ် မခိုင်မာလို့၊ ပြည်သူဘက်မှာ မရှိလို့ ယူဆတယ်။ ဒါမျိုးတွေက ဟိုတုန်းက လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရ လက်ထက်မှာလည်း တွေ့ရတယ်၊ တိုက်ခဲ့ရတယ်။ ရေးတာကို မကျေနပ်ရင် ပုဒ်မ ၅ နဲ့ ဖမ်းတယ်၊ လူထုဦးလှ အဲဒီလိုမျိုး အဖမ်းခံရဖူးတယ်။
၁၉၅၃ ခုနှစ်မှာ ဝန်ကြီးချုပ် ဦးနုက ကရင်သူပုန်ကို တိုက်တာဟာ မှန်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့ သတင်းစာ ဆရာတွေက ရေးပေးပါလို့ ပြောတယ်။ အဲဒီမှာ ဆရာကြီးရွှေဥဒေါင်းက ဒီလိုပြောတိုင်း ကျနော်တို့မှာ ရေးဖို့တာဝန်မရှိဘူး။ အစိုးရလုပ်တာမှန်ရင် မှန်တာကို ရေးမယ်၊ မှားရင်မှားတာကို ထောက်ပြမယ်၊ ရေးမယ်၊ ဝေဖန်မယ်လို့ ပြန်ပြောဖူးတယ်။ အဲဒီတော့ ဘာဖြစ်လဲ အငြိုးထားခံရတယ်ပေါ့။
အဲဒီတော့ ဖိနှိပ်တဲ့ ဥပဒေတွေရှိနေ၊ ပြဌာန်းနေရင်တော့ တိုက်နေရဦးမှာပဲ။ ကျနော်တို့တုန်းက အလုပ်သင်ကတည်းက လူထုသတင်းစာတိုက်မှာ ဝင်ရတယ်ပေါ့။ ဂျာနယ်လည်း ထုတ်တယ်။ အဲဒီတော့ ဂျာနယ်မှာ ဘယ်လိုရေးရမယ်၊ သတင်းစာကို ဘယ်လိုဖော်ပြရမယ်ဆိုတာ သိကြတယ်။ သတင်းစာက နေ့စဉ် အချိန်မီထုတ်ရတာ၊ ဂျာနယ်ကတော့ ပြင်ဆင်ဖို့၊ ရှာဖွေဖို့ အချိန်ရတယ်၊ ရေးဖို့သားဖို့ အချိန်ရတယ်။ သတင်းစာကတော့ ဖြစ်ပေါ်လာတာကို ချက်ခြင်းကောက်ပြီး ပြည်သူလူထုလက်ထဲ အစောဆုံး ပို့ဖို့ပဲ။