သုံးလေးလခန့် အချိန်ယူကာ အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသော “ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု” ကြီးကား ပြီးဆုံးခဲ့လေပြီ။ “အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ” ဟု ဝိသေသပြု၍ ရပါသည်။ ကြီးမား ခမ်းနားသည်မို့ ပြီးဆုံးသည်အထိ ဤစာရေးသူကား ရင်တမမနှင့် နေခဲ့မိသည်။ စိုးရိမ်လွန်ကဲသူ သို့မဟုတ် ယုံကြည်ရန် စိုးရွံ့သူ ဖြစ်ခဲ့ရပါသည်။ တကယ်တော့ ရှင်ကြီးဝမ်း၊ ရှင်လတ်ဝမ်း၊ ရှင်ငယ်ဝမ်း၊ ရှင်မဖြစ်တဖြစ်ဝမ်း စသည်ဖြင့် စုံအောင် ကျင်လည်ခဲ့ရသဖြင့် မည်သည့် အခြေအနေ ကိုမျှ မယုံရဲအောင် ဖြစ်ခဲ့ရခြင်းတည်း။ အခုတော့ “ဟင်း” ခနဲ သက်ပြင်း ချနိုင်ခဲ့ပါပြီ။
ဘယ်သူတွေ ဘာပဲပြောပြော ငွေရတုပွဲကြီးကား ခမ်းနားထည်ဝါစွာ၊ အေးချမ်းတည်ငြိမ်စွာ၊ ဂုဏ်ရည် မြင့်မားစွာနှင့် အပြီးတိုင် ဆောင်ရွက်၍ အောင်မြင်ခဲ့ပါပြီ။ ကော်မတီအမျိုးမျိုး၊ တာဝန်အမျိုးမျိုး၊ အကြံဉာဏ် အမျိုးမျိုးကြားတွင် ကွဲပြားမှု၊ သဘော မတူမှုတချို့ကိုလည်း ကြုံတွေ့ကျော်လွှားခဲ့ရသည်။ ဘက်ပေါင်းစုံ ပါဝင်ရသောပွဲဖြစ်၍ ချို့ယွင်းချက်တွေရှိမည်မှာ သဘာဝကျ၏။ ကြီးမားသော ချို့ယွင်းချက် မဖြစ်ဖို့သာ လိုပေသည်။ လနှင့်ချီပြီး အိပ်ရေးပျက်ခံကာ နှစ်မြှုပ်ခဲ့ကြရသူများ ရှိသကဲ့သို့ စိတ်ကောက်ပြီး ထွက်သွားကြ သူများကလည်း သဘာဝကျကျ ရှိခဲ့၏။ ဘယ်လိုပင် စိတ်ကောက်စေကာမူ ပွဲတော်ကြီးကို ချစ်မြတ်နိုးခြင်းဟူသော အခြေခံစိတ်ကား အတူတူပင်ဖြစ်၏။ ပွဲတော်ကြီး၏ အခင်းအကျင်းဝယ် မျောပါကာ ဝမ်းသာဝမ်းနည်း မျက်ရည်ဝဲရတာခြင်းလည်း တူပေမည်။
ပရိသတ် သောင်းချီတပြိုင်နက် တက်ရောက်သော ဆွေးနွေးပွဲကြီးက MCC သမိုင်းတွင် အကြီးကျယ်ဆုံးဟု သက်သေ ပြခဲ့လေသည်။ နိုင်ငံရေးခေါင်းစဉ်များ အသီးသီးကို နိုင်ငံရေး အခြေခံကျကျ ဆွေးနွေးနိုင်ခဲ့ကြခြင်း အတွက်လည်း ပါဝင်သူများ၊ စီစဉ်သူများ၏ ရင့်ကျက်မှုဟု ပြောရပေမည်။ သြဂုတ်လ ၆၊ ၇၊ ၈ သုံးရက်တွင် ပထမရက်၌ လူကဲျကဲျသာ မြင်ရသူများက လူထုသည် ၈၈ ကို သတိမရကြတော့ဘူးဟု အားငယ်စွာ ခံစားကြ၏။
ပြည်တွင်းပြည်ပမှ အများအပြား လာရောက်ကြကြောင်း မီဒီယာများက လှိုင်လှိုင်ဖော်ပြနေသည်။ တလခန့်ကြိုပြီး ဆောင်းပါးတွေက ဆွေးနွေးနေခဲ့ကြသည်။ MCC ဆိုသည်က ဘတ်စ်ကားလမ်းမရှိ။ ဘတ်စ်ကားလမ်းမကြီးနှင့် ဝေးလှသည်။ ခြေလျင် လျှောက်လျှင်လည်း မနီးပေ။ ကားငှားလျှင် အသွားအပြန် ကျပ် တသောင်းခန့် ကျနိုင်သည်။ ရန်ကုန် တက္ကသိုလ် လှည်းတန်းမှာဆို ဘယ်လောက် ကောင်းမလဲဟု အားမလိုအားမရ ဖြစ်နေသူက အများအပြား။ သို့သော် … ခက်ခဲတာကမှ တန်ဖိုးဟု ယူဆသူများ ကလည်း များပါသည်။ ခက်ခဲသည့်နေရာကို လာရဲသူသာ ကိုယ့်လူအစစ်ဟု စိန်ခေါ်သူများ ကလည်း ရှိ၏။
သုံးရက်လုံးလုံး လာသမျှ ပရိသတ်ကို ထမင်းအ၀ ကျွေးနိုင်သော အလှူရှင်များကိုလည်း သြချကြရသည်။ ထမင်းက တော်ရုံမဟုတ်။ ကြက်သားဒန်ပေါက်၊ ကော်ဖီပူပူ ကြိုက်သလောက်ယူ၊ ရေသန့်ပုလင်းတွေက အလျှံအပယ်၊ သူကြွယ် အလှူပါပဲ။ အမှတ်တရ ပစ္စည်းဆိုင်များမှာ တိုးမပေါက်အောင် ဝယ်ယူကြပြီး စာအုပ်ဆိုင် များမှာလည်း သောက်သောက်လဲ ရောင်းကောင်းကြ၏။ “ငွေရတု မဂ္ဂဇင်း” က သယ်၍ ရောင်း၍မလောက်။ နိုင်ငံရေးနှင့် ပတ်သက်သော ဘာစာအုပ် မဆို ရောင်းကောင်းကြသည်။ လူတွေ စာမဖတ်ဘူးဟု ဘယ်သူစွပ်စွဲကြမလဲ။ ယခင်က မဖတ်တာက ဖတ်ချင်စရာ စာအုပ်တွေ မရှိလို့။ အခုများဖြင့် ပြည်ပကို ပို့ဖို့ပါ ဝယ်ကြသည်။ စာရေးဆရာ ကိုယ်တိုင် ၈ – ၈ – နေ့စွဲနှင့် လက်မှတ်ထိုး ရောင်းသော ဆိုင်မှာ စာအုပ်က အမြန်ဆုံး ကုန်သွားသည်။ လူထုသည် တာဝန်ကျေလှ၏။
ပြခန်းတွေမှာလည်း လူမစဲပါ။
အရေးတော်ပုံ ကာလ ဗီဒီယိုကိုလည်း မက်မက်မောမော ကြည့်ကြသည်။ ABSDF စစ်သမီးလေးနှင့် တွဲပြီး ဓာတ်ပုံ ရိုက်ကြသည်။ နှင်းဆီပွင့်တွေဖြင့် ပုံဖော်ထားသော ၈ – ၈ – ၈၈ နောက်ခံမှာလည်း ဓာတ်ပုံရိုက်ကြသည်။ ကွင်းထဲ လျှောက်ရင်း ဟိုဂျာနယ်က အင်တာဗျူး၊ ဒီသတင်းစာက အင်တာဗျူးတွေ အတွက်လည်း အချိန်ပေးကြရသည်။
ကြေကွဲဖွယ် “ကမ္ဘာမကြေဘူး” သီချင်းကို တီးဝိုင်းဖြင့် လူကိုယ်တိုင် သီဆိုကြသော နိုင်ငံရေး အကျဉ်းသားဟောင်းများ နေရာ၌လည်း အလှူငွေများက တရက်တည်း ကျပ် ၁၀ သိန်းကျော်ခဲ့သည်။ မတွေ့ရတာကြာ၍ မမှတ်မိလောက်အောင် အိုမင်းသွားကြသူတွေလည်း အများကြီး။ တွေ့ကြတော့ နှုတ်ဆက်ကြ၊ မေးကြမြန်းကြ၊ ပျော်နေခြင်းတော့ မဟုတ်။ မရှိတာ့သူတွေကို သတိရသည်။
ကွင်းထဲက ကျောင်းသား ဒေါင်းအလံတွေမှာပင် အနီရောင် အလံတွေကြား၊ အနက်ရောင် ဒေါင်းအလံ တွေက ကြေကွဲမှုကို ဖော်ပြနေကြလေသည်။ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများကို သတိမရဘဲ မနေနိုင်ကြပေ။
ကားလမ်းခက်သည့်ကြားမှ ၈ ရက်နေ့မှာတော့ ကွင်းလျှံ ခန်းမလျှံ ခဲ့သည်။ ခန်းမရှေ့ ပရိုဂျက်တာ ရှေ့မှာ ထိုင်ကြည့်နေကြ သူများကို ဂျာနယ်တွေ အခမဲ့ ဝေကြသည်။ လူတိုင်း စာစောင် ကိုယ်စီနှင့်။ ကွယ်လွန်သူ ကဗျာဆရာ၏ ကဗျာကို သူ့ဇနီး ကိုယ်တိုင် ခန်းမရှေ့မှာ ဝေနေသည်။ အသံချဲ့စက်မှလည်း အားမာန် ကဗျာတွေ ရွတ်ကြသေးသည်။ ဘာတခုမှ ဟာကွက်မရှိ။
အံ့သြစရာ ကောင်းသည်က ရာသီဥတုပါ။
မိုးလည်းမရွာ၊ နေလည်းမပူ၊ တိမ်ဖြူပါးပါးများက ကွင်းကိုလွှမ်းခြုံထားသည်။ တနေ့လုံး လျှောက်သွားလည်း မပင်ပန်းကြ။ ညနေ … နောက်ဆုံးနေ့ ညနေမှာ ၅ နာရီ ထိုးပြီးသည့်တိုင် မပြန်ကြ။ ကိုမင်းကိုနိုင်၏ အရေးတော်ပုံ ပြဇာတ် တင်ဆက်ဖို့ ရှိသည်မို့ … စောင့်ကြည့်ကြပြန်သည်။
ကိုမင်းကိုနိုင်က သည်လောက် အလုပ်ရှုပ်သည့် အထဲ၊ ဘယ်လိုလုပ်ပြီး ပြဇာတ်ဒါရိုက်တာ လုပ်နိုင်တာလဲ။ ဘယ်အချိန်များ ဇာတ်တိုက်ခဲ့သလဲ။ လူအင်အား ၅၀ ဖြင့် အရေးတော်ပုံ သမိုင်းကို ၁၉၂၀ မှစပြီး ဆလိုက်နောက်ခံ များဖြင့် နောက်ခံ စကားပြော၊ လှုပ်ရှား ဇာတ်ကောင်များဖြင့် အစဉ်အတိုင်း တင်ဆက် သွားသည်။ တီးဝိုင်းက တီးသွားတွေက ဆွဲဆောင်မှု ပြည့်၏။ တကသ အဆောက်အဦးကို ဗုံးခွဲခံရပုံကို စင်ပေါ်မှာဗုံးခွဲ၍ ပြခဲ့သည်။ ၁၉၃၆၊ ၃၈၊ ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ သက္ကရာဇ် အလိုက် ဖြစ်စဉ်တွေ ပြသွားသည်။ ၁၉၈၇ ငွေစက္ကူကိစ္စ ဆလိုက်ထိုးတော့ ပရိသတ် လက်ခုပ်တဖြောင်းဖြောင်း။ ဒေါင်းအလံတွေ ထွက်လာ တော့လည်း လက်ခုပ်သံ မိုးညံလို့။ နောက်ဆုံး ၁၉၈၈ စစ်တပ်၏ ချေမှုန်းကွက်တွင်တော့ … “ညီမလေးရေ…” ဟု နင့်နင့်နဲနဲ ကဗျာရွတ်သော ကိုမင်းကိုနိုင်၏ နောက်ခံအသံကြောင့် … ပရိသတ် မျက်ရည်မဆည်နိုင်ကြ။ မည်မျှပင် နှိပ်ကွပ်ပါစေ … ဇာတ်ဆောင် အားလုံး၊ လူ ၅၀ စလုံး ဖယောင်းတိုင် ထွန်း၍ အလင်းရောင် ပေးကာ၊ အမိမြန်မာပြည် ဒေါင်းမလေးနှင့် စင်ရှေ့ထွက် ဇာတ်သိမ်း သောအခါ … ကမ္ဘာမကြေဘူး သီချင်းကို တရုံလုံးက ပရိသတ်တွေ လိုက်ဆိုကြလေသည်။
အခမ်းအနားပြီး၍ ပရိသတ်ပြန်သည်အထိ၊ စင်ပေါ်က ကလေးများက မီးတိုင်များ ညှိထွန်းရင်း လက်ပြနေကြဆဲ။ ပရိသတ်ကလည်း ကမ္ဘာမကြေဘူး သီချင်းကို သီဆိုဆဲ။
အပြင်ရောက်တော့ ည ၇ နာရီ၊ မှောင်နေပြီ။ အဝင်ဝမှာ ရေပုလင်းတွေနှင့် စောင့်နေကြ၏။ မျက်ရည်ကျရ၊ ရင်နာရနှင့်မို့ ရေအေးအေး တပုလင်း သောက်ချရလေသည်။
“မြို့ထဲဘက ်ရောက်မယ် … လိုက်နိုင်ပါတယ်…”
တက္ကစီ မဟုတ်ပါ။ ကိုယ်ပိုင်ကားများက စောင့်ခေါ်နေကြသည်။
စည်းလုံးသော စိတ်ဓာတ်၊ စာနာ ကြင်နာသော စိတ်ဓာတ်၊ ဒီမြေမှာ ရောက်လာသူ ကိုယ့်လူဟု ယုံကြည်သော စိတ်ဓာတ်၊ဤစိတ်ဓာတ်ကို ဤပွဲက ခိုင်မြဲစေခဲ့လေပြီ။
ငွေရတုပွဲမှသည် ….. ညီညွတ်ရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီအရေး … ဘယ်နည်းနှင့်မှ မဝေးတော့ဟု ယုံသည်။
ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။