ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုရင်တော့ ဒါဟာ အပေါစား ပြက်လုံး ဖြစ်မယ်လို့ ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဌက ပြီးခဲ့တဲ့အပတ်တွေတုန်းက ပြောခဲ့တယ်။ အမေရိကန် အထက်လွှတ်တော် အမတ် မက်ကွန်နဲရဲ့ တောင်းဆိုချက် လေးချက်ထဲက ဒုတိယအချက်ဟာလည်း စကားလုံးအရ ဘယ်လိုပဲ မွမ်းမံထား ပေမယ့် တည့်တည်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါပဲ။ ရုတ်တရက် ကြည့်ရင်တော့ ထိပ်တန်း နိုင်ငံရေးသမားတွေက ဒီလောက် ဗြောင်ကျကျ တောင်းဆိုနေတာ အထူးအဆန်းလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါက လက်တွေ့အကျဆုံး တောင်းဆိုချက်ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း စကားလုံးအရ ဘယ်လိုပဲ မွမ်းမံ ထားပေမယ့် အဓိက ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေရေးပါပဲ။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း ဒေါ်စု သမ္မတ မဖြစ်ရင် ဒီမိုကရေစီ မရဘူးမှတ်လို့ ပြောတယ်လို့ ကြားပါတယ်။ အလွန်ရှင်းလင်းပြီး လက်တွေ့ကျတဲ့ စကားပါပဲ။ ဒါပေမယ့် ဒေါ်စု သမ္မတ ဖြစ်ရင် အားလုံး ပြီးသွားမလားဆိုရင် ဒီလိုတော့ မဟုတ်ပါဘူး။ အထက်လွှတ်တော် အမတ် မက်ကွန်နဲရဲ့ လမ်းပြမြေပုံအတိုင်းပဲ စစ်တပ်ကို အရပ်သား အစိုးရ အုပ်ချုပ်ရေးအောက်မှာ ထားရှိရေး၊ တရားရေး စနစ်ကို လွတ်လပ်အောင် ဆောင်ရွက်ဖို့၊ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ အခွင့်ရေးကို အပြည့်အ၀ အာမခံဖို့ အချက်တွေလည်း ပြင်ဖို့ လိုပါသေးတယ်။ ဒါတွေကို တဆင့်ချင်း လုပ်သွားရမယ်ဆိုတဲ့ ဘက်က တင်ပြတာတွေ ဖတ်ရပါတယ်။ ဒါပေမယ့် တဆင့်ချင်း ဆိုတဲ့ နေရာမှာ သတိထားရမှာတွေကို ရှိပါတယ်။
မကြာသေးမီကပဲ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ အနှစ် ၃၀ လောက် တိုင်းပြည် အာဏာကို ဆုပ်ကိုင်ထားတဲ့ လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန်ပဲ နိုင်တယ်။ နောက် အာဖရိကတိုက်က ဇင်ဘာဘွေမှာ ရွေးကောက်ပွဲ ကျင်းပတယ်။ အနှစ် သုံးဆယ်ကျော် အာဏာကို ချုပ်ကိုင်ထားတဲ့ သမတ မူဂါဘီပဲ နိုင်တယ်။ ရွေးကောက်ပွဲရလဒ်ကို အတိုက်အခံ ပါတီက လက်မခံပါဘူး။ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကလည်း မသင်္ကာ ဖြစ်နေကြတယ်။ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ မရိုးသားတာတွေ၊ မဲလိမ်မဲခိုးတာတွေ ရှိတယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ဒီလို အဖြစ်အပျက်တွေက ဒီနှစ်နိုင်ငံစလုံးမှာ မဆန်းပါဘူး။ ပြီးရင် ဟွန်ဆန်နဲ့ မူဂါဘီတို့ပဲ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဆိုပြီးတော့ တိုင်းပြည်ကို ဆက်အုပ်ချုပ်တာပါပဲ။ ရွေးကောက်ပွဲ ဗန်းပြအာဏာရှင်တွေလို့ ဆိုနိုင်ပါတယ်။
ပြန်ကြည့်တဲ့အခါ ရွေးကောက်ပွဲနဲ့ လွှတ်တော် နိုင်ငံရေး ရှိပေမယ့် ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ပြည်သူတွေ မခံစားရသေးတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဥရောပ တောင်ပိုင်းမှာ လက်ယာ အာဏာရှင်တွေ ပြုတ်ကျသွားတယ်။ လက်တင်အမေရိကမှာ စစ်အာဏာတွေ ပြုတ်ကျသွားပြီး ရွေးကောက်ပွဲနဲ့ အစိုးရတွေ တက်လာကြတယ်။ အရှေ့နဲ့ တောင်အာရှဒေသမှာ အာဏာရှင် အုပ်ချုပ်ရေးတွေ တဖြည်းဖြည်း လက်သီးဆုပ် ပြေကျ သွားလာတယ်။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားပြီး သမ္မတ နိုင်ငံတွေ ၁၅ နိုင်ငံ ပေါ်ပေါက်လာတယ်။ ဆာဟာရ တပိုင်း နိုင်ငံတွေမှာလည်း တပါတီ အာဏာရှင်စနစ် ယိမ်းယိုင် လာတယ်။ အရှေ့အလယ်ပိုင်း ဒေသတွေမှာလည်း ဖြေလျှော့မှုတွေ အထိုက်အလျှောက် ရှိလာ တယ်။
ပါမောက္ခ ဟန်တင်တန်ရဲ့ ဒီမိုကရေစီ တတိယလှိုင်းနဲ့ အတူ ဒီမိုကရေစီအသွင်ကူးပြောင်းကြတဲ့ နိုင်ငံတွေလို့ ဆိုကြပါစို့။ တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံပေါင်း ၁၀၀ နီးပါး ရှိပါတယ်။ အာရှမှာ ထိုင်ဝမ်ကိုပါ ထည့်တွက်ရင် ၁၀ နိုင်ငံရှိပါတယ်။ ဒါပေမယ့် အခု ပြန်ကြည့်တဲ့အခါ တကယ်တမ်း ဒီမိုကရေစီ အခြေကျပြီး ပုံမှန်လည်ပတ်သွားတဲ့ နိုင်ငံက ငါးပုံတပုံတောင် မပြည့်တတ်ပါဘူး။ ကျန်တဲ့ ငါးပုံလေးပုံထဲက အများစုက အတုအယောင် ဒီမိုကရေစီ၊ အပေါ်ယံ ဒီမိုကရေစီ၊ ဖားတပိုင်းငါးတပိုင်း ဒီမိုကရေစီ စသဖြင့် ဟိုမရောက်ဒီမရောက် အခြေအနေမှာ ရပ်တန့်နေတာကိုတွေ့ရပါတယ်။ စောစောက ဇင်ဘာဘွေနဲ့ ကမ္ဘောဒီးယားက အခြေအနေမျိုးပါပဲ။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပြည့်အ၀ အောင်မြင်ပြီး အခြေကျသွားတဲ့ နိုင်ငံတွေက ချမ်းသာသွားပြီး ဟိုမရောက် ဒီမရောက် နိုင်ငံတွေက ဆင်းရဲပြီး ကျန်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီမိုကရေစီ ရေချိန်အနိမ့်အမြင့်ကိုလိုက်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုလည်း ခြားနားပါတယ်။ အာရှမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့တန်းအရောက်ဆုံးလို့ ဆိုရမယ့် တောင်ကိုရီးယားနဲ့ နောက်ကျကျန်နေတဲ့ ကမ္ဘာဒီးယား၊ နီပေါ၊ မွန်ဂိုလီးယား တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို နှိုင်းယှဉ်နိုင်ပါတယ်။ ကြားအခြေအနေမှာရောက်နေတဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား တို့နဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။
ဒီနိုင်ငံတွေကို အားလုံးကို ခြုံငုံပြီးတော့ မီးခိုးရောင် ဇုန် (Gray Zone) ထဲကို ကျရောက်တဲ့ နိုင်ငံတွေလို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သီအိုရီကို အစောဆုံး ဖော်ထုတ်ခဲ့တဲ့ ပညာရှင် သောမတ်စ် ကာရို့သာ့စ်က တင်ပြပါတယ်။။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပထမအဆင့်ကို စမိပြီး ဆိုရင် နောက်ထပ် အဆင့်နှစ်ဆင့်က ထပ်ကြပ်မကွာ လိုက်လာတယ်ဆိုတဲ့ အစဉ်အလာ စဉ်းစားချက်ကို ပြန်သုံးသပ်ဖို့ တင်ပြတဲ့ စာတမ်းတစောင် (The End of the Transition Paradigm) လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရေးခဲ့ပါတယ်။
မီးခိုးရောင် ဇုန်ထဲကို ကျရောက်နေတဲ့ နိုင်ငံတွေမှာ အဓိက တွေ့ရတဲ့ ရောဂါလက္ခဏာ နှစ်မျိုးတယ်လို့ဆိုတယ်။ ပထမ ရောဂါကတော့ Feckless Pluralism အရာမရောက်သော ဒီမိုကရေစီပါ။ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယားတို့က အခြေအနေမျိုးပါ။ ရွေးကောက်ပွဲ ရှိမယ်၊ လွတ်လပ်ချင် လွတ်လပ်မယ်၊ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာ ပါတီကြီးတွေ အချင်းချင်း အကြားမှာပဲ အာဏာ တလှည့်စီ ယူဖို့ ပြိုင်ပွဲသာ ဖြစ်ပြီး လူထု အခန်းကဏ္ဍဆိုတာ ရွေးကောက်ပွဲမှာ မဲပေးတာလောက်နဲ့ ဂိတ်ဆုံးသွားတဲ့ ဒီမိုကရေစီမျိုးကို ဆိုလိုပါတယ်။ အာဏာရ နိုင်ငံရေးသမားတွေဟာ အဂတိလိုက်စားသူုတွေ၊ ကိုယ်ကျိုးသမားတွေ။ လူထုနဲ့ ကင်းကွာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့ လူထုကလည်း မကြည်ညို။ အစိုးရက အားနည်း၊ စီးပွားရေးပေါ်လစီတွေက ညံ့ဖျင်း၊ ဒုစရိုက်မှုတွေ ထူပြောတဲ့ ဒီမိုကရေစီမျိုးကို ဆိုလိုပါတယ်။
ဒုတိယရောဂါကတော့ Dominant–Power Politics လို့ ခေါ်တဲ့ တပါတီခြယ်လှယ်ကြီးစိုးသော နိုင်ငံရေး စနစ်မျိုးပါပဲ။ မလေးရှားနဲ့ ကမ္ဘောဒီးယားက အခြေအနေမျိုးပါ (ဇင်ဘာဘွေနဲ့ အီဂျစ်မှာ မူဘာရတ် တခေတ်လုံး တွေ့ရတဲ့ ပုံစံပါ)။ ရွေးကောက်ပွဲတွေက တရားမျှတမှု မရှိတော့ပါဘူး။ နိုင်ငံတော်နဲ့ အာဏာရပါတီတို့ ကြားထဲမှာ လိုင်းက မသဲကွဲတော့ပါဘူး။ အတိုက်အခံကို ခွင့်ပြုထားတယ်ဆိုပေမယ့် အကန့်အသတ်ရှိပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလိုမျိုး၊ တရားဥပဒေစိုးမိုးရေးလိုမျိုး သံကောင်းဟစ်ပေမယ့် လက်တွေ့ဘာမှ ထိထိရောက်ရောက် မလုပ်ပါဘူး။ အဂတိလိုက်စားမှုနဲ့ ခရိုနီ အရင်းရှင်စနစ်ကို ကျင့်သုံးကြတယ်။
တကယ်တော့ ဒီမိုကရေစီဆိုတာကို ရွေးကောက်ပွဲနဲ့ ဈေးကွက် စီးပွားရေး လောက်ပဲ မြင်နေရင် ဘောင်ကျဉ်းလွန်းတယ်ဆိုတာ ပညာရှင်တွေ မကြာခဏ ထောက်ပြကြပါတယ်။ အထက်က နိုင်ငံတွေကို ကြည်ရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပနေတာနဲ့ပဲ ဒီမိုကရေစီရပြီလို့ မဆိုနိုင်သေးပါဘူး။ ဒီလိုပြောလို့ ရွေးကောက်ပွဲတွေက အဆိုးမြင်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ လိုအပ်ပါတယ်။ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဟာ တိုင်းပြည်ရဲ့ ယန္တယားတွေကို တရားနည်းလမ်းတကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အတိုင်း စီမံပိုင်ခွင့်ရဖို့ လိုအပ်ပါတယ်။
တရားနည်းလမ်းတကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အလေးအနက် ထားစေချင်ပါတယ်။ ပြိးရင် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ ဖြစ်ပါစေဦး။ လူတစ်ဦးချင်စီရဲ့ အခွင့်အရေး၊ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ချိုးဖာက်တာ၊ ဖွဲ့စည်းပုံ ဘောင်ကို ကျော်လုပ်တာ၊ တရားဥပဒေ ပြုရေးမဏ္ဍိုင်ရဲ့ မူဘောင်ထဲက လုပ်ပိုင်ခွင့်တွေကို ဝင်စွက်တာမျိုး မရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒါတွေ ဖြစ်နိုင်သလားဆိုရင် မဖြစ်နိုင်ပါဘူး။
နောက်တချက်က Rule of Law ကိစ္စပါ၊ Rule of Law ဆိုတာက တရားဥပဒေ စိုးမိုးမှု ဖြစ်ပါတယ်။ တရားဥပဒေ ရှေ့မှောက်မှာ သမတကနေ တောသားအထိ အားလုံး တန်းတူပါပဲ၊ ဒါပေမယ့် အာရှဒီမိုကရေစီမှာ (အထက်က နိုင်ငံတွေမှာ) အများဆုံး တွေ့ရတာက Rule of Law မဟုတ်ဘဲ Rule by Law ဖြစ်နေပါတယ်။ တရားဥပဒေဆိုတာကို အာဏာရပါတီၤက ဖိနှိပ်ရေး ယန္တယားတခု သဖွယ် သဘောထားတာမျိုးပါ။ မြန်မာပြည်က ၂၀၀၈ ဖွဲ့စည်းပုံဟာ Rule by Law အတွက် အကောင်းဆုံး နမူနာပါပဲ။ ဒါကြောင့် မြန်မာပြည်ဟာ ရွေးကောက်ပွဲတွေ ကျင်းပနေရုံနဲ့ မပြီးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်ရုံလောက်နဲ့လည်း မပြီးပါဘူး။ ကောင်းမွန်စွာလည်ပတ်တဲ့ လစ်ဘရယ်ဒီမိုကရေစီ အဆင့်ကို တက်လှမ်းဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်တိုင်းမှာ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေရော၊ လူထုအခြေပြု အဖွဲ့တွေရော မျက်စိကျယ်ကျယ် ဖွင့်ထားဖို့ ပါတယ်။ မဟုတ်ရင် အတုအယောင် ဒီမိုကရေစီနဲ့ ဇာတ်မျောသွားနိုင်ပါတယ်။ မီးခိုးရောင်ဇုန်ထဲကိုကျရောက်သွားတဲ့ နိုင်ငံတွေမှာ ကြုံရတဲ့ ရောဂါနှစ်မျိုးထဲက တမျိုးမျိုး၊ သို့မဟုတ် အရောအစပ်နဲ့ နာတာရှည်သွားနိုင်ပါတယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)