မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေး တိုက်ပွဲဝင် ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် ခေတ်ပြိုင် ပေါ်ထွက်ခဲ့ပြီး မြန်မာ့ နိုင်ငံရေးလောက၊ မြန်မာ့စာပေ လောကနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးတို့တွင် ဘ၀ တလျှောက်လုံး စိုက်လိုက်မတ်တပ် ဆောင်ရွက်ခဲ့သူ မီးရှူးတန်ဆောင် စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာသည် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။ အသက် ၉၅ နှစ် ရှိနေပြီဖြစ်သော ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်မှုနှင့် ပတ်သက်ပြီး နိုင်ငံရေးသမားများ၊ စာနယ်ဇင်း သမားများ၊ အနုပညာရှင်များ၏ အမြင်များကို ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်း ဖော်ပြလိုက်ပါသည်။
NLD နာယက၊ ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
အမျိုးသား လွတ်လပ်ရေး ကာလတလျှောက်လုံးရော၊ ပြည်တွင်းငြိမ်းချမ်းရေး ကာလတလျှောက်လုံးရော ဒီကာလတွေမှာ သူ့ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို စာပေအနေနဲ့ရော၊ နိုင်ငံရေးအနေနဲ့ရော၊ သူ့ရဲ့ပုဂ္ဂိုလ်ရေး သြဇာအနေနဲ့ရော အမြဲတမ်း ရုန်းကန်လှုပ်ရှားပြီးတော့ နေခဲ့တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။
သူရဲ့ သမိုင်းကြီး တခုလုံးအတွက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီအရေး ၃ ပါး အတွက်ပဲ လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အင်ဂျင်စက်ကြီး တလုံးလို့ပဲ ပြောချင်တယ်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ အရေးပါခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ကွယ်လွန်သွားခြင်းဟာ အဲဒီယန္တရားကြီး ရပ်စဲသွားပြီ လို့လည်း ကျနော် ပြောချင်ပါတယ်။ ဒီနေ့အထိ ကျနော်တို့ရဲ့ အမျိုးသား ညီညွှတ်ရေး ပြဿနာကြီးဟာ မပြီးဆုံးသေးပါဘူး။ သူဆုံးသွားပေမယ့် ကျနော်တို့မှာ ရုန်းကန်လှုပ်ရှားစရာတွေ အများကြီး ကျန်ပါသေးတယ်။
ဒဂုန်တာရာရဲ့ ပုံရိပ် ဖြစ်တဲ့ ဒီလုပ်ငန်းကြီး ၃ ရပ်အတွက် ကျနော်တို့ ဆက်လက်လှုပ်ရှားကြိုးပမ်းရမယ့် တာဝန်တွေ ရှိသေးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒဂုန်တာရာ ကွယ်လွန်သွားတာကတော့ ကျနော်တို့အတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတခုလို့ပဲ ပြောချင်တယ်။
စာရေးဆရာ၊ ဒါရိုက်တာ မောင်မိုးသူ
စာပေလွတ်လပ်ရေးသမိုင်း၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်။ ဘဘတို့ စာပေဘက်က ပြောရရင်တော့ စာပေသစ်ကို ဖန်တီးတဲ့ ပုဂ္ဂိုလ်ကြီးပေါ့လေ။ ဘဘတို့နဲ့လည်း အရမ်းကြီး ရင်းနှီးတာပေါ့လေ။ ဘဘ စာအုပ်ထုတ်တဲ့ အချိန်တုန်းက ဆိုရင် သူ့ရဲ့ ‘မေ’ ဝတ္တုကို ပြန်ပြီးတော့ ထုတ်ဝေခဲ့ဖူးတယ်။ ဆရာတာရာနဲ့က တလျှောက်လုံး အတူနေခဲ့တယ်။
နောက်တခုက ဗိုလ်ချုပ်အောင်ဆန်း ရုင်ရှင် ရိုက်မယ်ဆိုတုန်းက ဗိုလ်ချုပ်နဲ့သူနဲ့ ဘယ်လိုနေခဲ့လဲ ဆိုတာကို ဗီဒီယို အင်တာဗျူးတခု သွားလုပ်ဖူးပါတယ်။ ထူးခြားတာကတော့ ဘဘက ဒဂုန်တာရာကို ဆရာလို့ ခေါ်တာပေါ့နော်။ ဒါပေမယ့် ဘဘက ကိုနေဝင်းတို့ ကုမ္ပဏီမှာ ရုပ်ရှင်ကား ရိုက်နေတဲ့ အချိန်မှာ ကိုနေဝင်းတို့ အိမ်မှာ ဦးလေးဒဂုန်တာရာက နေတာကိုး။ သူနေတဲ့ အခါမှာ အကုန်လုံးက ဦးလေးလို့ ခေါ်ကြတယ်ကွ။ ကိုနေဝင်းကလည်း ဦးလေးပဲ၊ ခင်မာလာကလည်း ဦးလေးပဲ၊ ကလေးတွေကလည်း ဦးလေးပဲခေါ်ကြတာ။ နောက်ပိုင်းကျတော့ သူနဲ့ဘဘနဲ့ ကြားထဲမှာ လှုပ်နိုးသွားတာက ဦးလေး ဖြစ်သွားတာပဲ။
သူ့ မွေးနေ့ပွဲတွေကို ဘဘ ရောက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ရန်ကုန်မှာ အကြိုပွဲတပွဲ လုပ်တော့ ဘဘတို့ရောက်ပါတယ်။ သူနဲ့ပတ်သက်လို့ကတော့ အမှတ်တရတွေက အများကြီးပဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း သူ့သဘောက ရှင်းပါတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုတာလေ။ အင်မတန်ထူးခြားတဲ့ သဘောတရားမို့လို့ အားလုံးက အသိအမှတ်ပြုခဲ့ရတယ်။
ဒဂုန်တာရာဟာ အစဉ်တစိုက် ပြည်သူ့ဘက်က ရပ်တဲ့အပြင် ပြည်သူ့အရေးအခင်းတွေမှာ သူပါတယ်ဆိုတာ ဘယ်လောက် ထင်ရှားလဲဆိုရင် ၈ လေးလုံး ငွေရတုမှာ သဝဏ်လွှာ ပို့ခဲ့ပါတယ်။ မင်းတို့ဆရာကို စာရင်း တို့ခါသာ ထားလိုက်ပါတော့ ဆိုတဲ့ သခင် ကိုယ်တော်မှိုင်းရဲ့ အသုံးကိုပဲ သတိရတော့တယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်
ဆရာကြီးက မြန်မာ့ နိုင်ငံရေး ဖြစ်ထွန်းမှု အရှိကြီးထဲမှာ အကြာဆုံးပါခဲ့တဲ့ သူတယောက် ဖြစ်တယ်။ ခင်ဗျားတို့
ကျတော်တို့ အားလုံး သိကြပြီးတဲ့ အတိုင်း တက္ကသိုလ် ကျောင်းသားဘဝထဲက သူက သခင်အောင်ဆန်းတို့ ၊ သခင်ဗဟိန်း တို့နဲ့ ရင်းနှီးခဲ့သူ တယောက် ဖြစ်တယ်။
အနုပညာသမား တယောက် အနေနဲ့၊ ကဗျာဆရာ တယောက်အနေနဲ့ စန္ဒရား ဆရာ တယောက်အနေနဲ့ နိုင်ငံရေး လောကနဲ့ အနီးကပ်နေခဲ့ရတော့ သူ့ဆီမှာ အဖိုးတန်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ ကျနော်တို့ မေးနိုင်တဲ့သူလည်း မေးခဲ့ ကြတာပေါ့ဗျာ။ အဲဒါတော့ ကျနော်တို့ ဆုံးရှုံးသွားပြီပေါ့ဗျာ။
အဓိက ကျနော် ပြောချင်တာက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဗျ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြီးရင် သူ့လောက် ဇွဲ ကောင်းကောင်းနဲ့ ကြိုးစားတဲ့သူမျိုး ကျနော် မတွေ့ဖူးသေးဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကတော့ ငြိမ်းချမ်းရေးရဲ့ ဖခင်ကြီးပါ။ သူပြီးတဲ့အခါမှာ ဆရာကြီး ဒဂုန်တာရာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ ဆက်ပြီးတော့ အဲဒီအလံကို ခေတ်ပြိုင် ကဗျာဆရာတွေ သယ်သွားနိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။
ဆရာကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ ပြည်တွင်းမှာလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ဝိုင်းပြီးတော့ ကြိုးစားတဲ့ သူတယောက် အနေနဲ့ရော ဆက်ပြီးတော့ ပါရဦးမယ်ဦးမယ် ဆိုတဲ့ အသိကိုရပါတယ်။
စာရေးဆရာဖေမြင့်
ဆရာကြီး ဒဂုန်တာရာ ဆုံးသွားတာ အသက် ၉၀ ကျော်ပေါ့နော်။ အင်မတန်မှ အသက်ရှည် ကျန်းမာတဲ့ ဆရာကြီးလို့ ပြောရမယ်။ ကျနော်တို့ ငယ်ငယ်လေး ကတည်းကပဲ စာပေနယ်မှာ လှုပ်ရှားရှင်သန်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ ကျနော် အသက် ၃၀ လောက်မှာဆိုရင် ဆရာက စာပေခေါင်းဆောင်ကြီး တယောက် ဖြစ်နေပြီ။ မြန်မာ စာပေလောက အပေါ်မှာ သြဇာလွှမ်းမိုးမှု အများကြီး ရှိခဲ့တာပေါ့။ တာရာ မဂ္ဂဇင်းဆိုတာမျိုးကို ထူထောင်ပြီး ထုတ်ဝေခဲ့တယ်။
စာပေအရေးအသားနဲ့ ပတ်သက်ရင်လည်း ဆရာဒဂုန်တာရာရဲ့ ကဗျာတွေက အင်မတန်မှ ထင်ရှားခဲ့တယ်ဗျ။ နောက်ပိုင်းမှာ တချို့တွေက ဆရာ့ စာပေတွေ ဖတ်ပြီး ကဗျာဆရာ ဖြစ်လာသူတွေတောင် ရှိပါတယ်။ ဆရာက ဝတ္ထုတွေထဲမှာ ဆိုရင်လည်း အများကြီး အသစ်အဆန်းတွေ ပါတယ်။ အရမ်းတိုးတက်တဲ့ အရေးအသားတွေကို ဖန်တီးခဲ့တယ်။ အထုပ္ပတ္တိ အတိုတွေ ကိုလည်း ရုပ်ပုံလွှာ နာမည်နဲ့ ရေးခဲ့တယ်။ ဒါတွေဆိုရင်လည်း မြန်မာစာပေလောကမှာ စံတခုဖြစ်ခဲ့တယ်။
စာပေသဘောတရားနဲ့ ပတ်သက်တဲ့ စာတွေလည်း အများကြီး ရေးခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းလည်း စာပေအသိုင်းအဝိုင်းက ဆရာ့ကို လေးစာတဲ့သူတွေက ဆရာ့ကို ဂါရဝ သွားပြုကြ၊ အရိုအသေ ပေးကြတာမျိုးတွေ ရှိပါတယ်။ သြဝါဒ ခံကြတာက အစဉ်အလာ သဘောမျိုးကို ရှိနေခဲ့တာပါ။ ဆရာက အသက်အရွယ် အားဖြင့်တော့ အင်မတန်မှ ကြီးရင့်ပါပြီ။ သို့သော်လည်းပဲ ဆရာ ကွယ်လွန်သွားတာကတော့ စာပေလောက အတွက်တော့ ပြောလို့မရတဲ့ ဆုံးရှုံးမှု တရပ်လို့ပဲ ပြောရတာပါပဲ။
ကဗျာဆရာမောင်စိမ်းနီ
ကဗျာလောက အပေါ်မှာ အသက်အရှည်ဆုံးပေါ့။ သက်တော်ရှည် ကဗျာဆရာကြီးပေါ့။ ကဗျာသမိုင်းမှာလည်း သူက ခေတ်သစ် ကဗျာတွေကို စာလက်ရေးနဲ့ ဖောက်ခဲ့တာပေါ့။ ကဗျာလောက အပေါ်မှာ ဂုဏ်ကြီးသလောက် သူ့ကျေးဇူး တွေလည်း အများကြီး ရှိပါတယ်။ သူ့ကျေးဇူးတွေ၊ သူ့အမွေတွေကတော့ ကဗျာဆရာအားလုံးနဲ့ တို့ သတိရနေရမယ့် ဂုဏ်ပုဒ် တွေပဲ။ ဒီပုဂ္ဂိုလ်ကြီး မရှိတော့ဘူး ဆိုတာ ကဗျာဆရာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလို့ပဲ ပြောရမှာပဲ။ အထူး ဝမ်းနည်း ကြေကွဲမိပါတယ်။
သတင်းစာဆရာကြီး ဦးသာဘန်း
ဆရာက ကျောင်းသား ဘဝကတည်းက ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ ခေတ်ပြိုင် တွေပေါ့ဗျာ။ သူက မျိုးချစ်စိတ် ရှိပြီးတော့ နယ်ချဲ့ ဆန့်ကျင်ရေးမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ သူက ငြိမ်းချမ်းရေး ကိစ္စပဲ အဓိက လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ သူကွယ်လွန်တာက စာပေလောက၊ ကဗျာလောကနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတို့အတွက် ဆုံးရှုံးမှုလို့ပဲ မြင်ပါတယ်။ သူ့ငြိမ်းချမ်းရေး အယူအဆ ကလည်း ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတာ ငြင်းပယ်သူမရှိ လက်ခံခဲ့တဲ့ အယူအဆပဲလေ။
စာရေးဆရာမ မေငြိမ်း
ကျမအနေနဲ့ ဆရာကြီးဒဂုန်တာရာနဲ့ ပတ်သက်လို့ သူများတွေနဲ့ မတူတာက စာဖတ်ပရိသတ် လိုလည်း ဖြစ်တယ်၊ အဖေ တယောက်လိုလည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာက ခေတ်တွေကို ဖြတ်လာတယ်။ စာပေခေတ်ကိုရော၊ နိုင်ငံရေး ခေတ်ကိုရော ဖြတ်လာတဲ့အခါကျတော့ သူက ကိုယ့်အတွက် စံပြ ထားစရာလည်း ဖြစ်တယ်၊ လေ့လာစရာလည်း ဖြစ်တယ်။ တန်ဖိုး ထားစရာလည်း ဖြစ်တယ်။
အခု ဆရာ ဒဂုန်တာရာ ဆုံးတယ်ဆိုတော့ သူများတွေ အတွက်တော့ စာပေ တန်ဖိုး ဆုံးရှုံးတာ ဖြစ်ချင်ဖြစ်မယ်၊ ကျမ အတွက်က ကျတော့ နိုင်ငံရေးအရလည်း ဆုံးရှုံးတယ်၊ ငြိမ်းချမ်းရေး အရလည်း မျှော်လင့်ချက်တခု၊ ငြိမ်းချမ်းရေး အရလည်း မှတ်တိုင်တခု ကိုယ့်ရှေ့က ကွယ်ပျောက်သွားသလို ခံစားရတယ်။ နောက်တခါကျတော့ စာပေအရဆိုရင်တော့ ဆုံးရှုံးမှု အကြီးဆုံးပေါ့။ ဒဂုန်တာရာနဲ့ ပတ်သက်လို့ရှိရင် ဆုံးရှုံးရတာတွေက အများကြီးပဲ။
ကျမတို့မှာက အခုအချိန်မှာ လူကလည်း အရမ်းနည်းသွားပြီ။ ဆရာကြီးကို သူ့အသက်အရွယ်မှာ ဆုံးရှုံးရတော့မယ် ဆိုတာ သိထားပေမယ့် ဒီသြဂုတ်လမှာ ဆရာ မောင်ဝံသ၊ ဆရာမင်းလူတို့နဲ့ အတူ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတာက တကယ့်ကို အမှတ်တရ ဖြစ်စရာ ကောင်းတယ်။ အရင်က ဆရာမင်းသုဝဏ်လည်း ဒီလိုသြဂုတ်လ ၁၅ ရက်မှာ ဆုံးရှုံးသွားတယ်။ သြဂုတ်လက ကျမတို့အတွက် မှတ်မှတ်သားသား ဖြစ်စရာ အချိန်တခုပါပဲ။
ကဗျာဆရာ၊ တေးရေးဆရာ သုခမိန်လှိုင်
ဆရာက တာဝန်ကျေတယ်ဆိုတာထက် ကျော်သွားပါပြီ။ ကွဲလွဲတာတွေက တယောက်နဲ့ တယောက် ရှိမှာပဲ။ ဒီနေ့ နောက်ဆုံး အချိန်အထိ မျိုးဆက်တွေက ကွဲခဲ့၊ လွဲခဲ့ကြတာကိုး။ ဘာပဲကွဲလွဲ၊ ကွဲလွဲ၊ ဆရာလုပ်ဆောင်ခဲ့တာကို တိုင်းပြည်ရဲ့ မျက်နှာနဲ့ ကိုယ့်ဆရာပဲ ဆိုတဲ့ ခံစားချက်နဲ့ပဲ ပြောပြော ဆရာက တာဝန်ကျေတာထက် ကျော်သွားပါပြီ။
ဆရာက ရုပ်ပုံလွှာမှာ သခင်သန်းထွန်း၊ အရိုင်း သို့မဟုတ် အောင်ဆန်း၊ သိန်းဖေမြင့် သို့မဟုတ် အနီကို လေ့လာချက်၊ ကိုကြီးနု သို့မဟုတ် မုန်တိုင်းထဲက သစ်ရွက် စတဲ့ တကယ့်တိုင်းပြည်ရဲ့ မျက်နှာစာတန်းမှာ ရှိတဲ့ သူငယ်ချင်းတွေကို ရှေ့မျက်နှာစာ တန်းမှန်း မသိသေးတဲ့ ၃၅ – ၃၇ နှစ် တဝိုက်ကတည်းက ရေးခဲ့ကြတာ။ တကယ်လည်း ဒီလူတွေက အထင်ကရဖြစ်တယ်၊ ဦးနေဝင်းမှ အပပေါ့။
ဒါပေမယ့် ဒီဘက်ခေတ်ရဲ့ ချို့ယွင်းချက်လို့ပြောမလား၊ အားနည်းချက်လို့ ပြောမလား ဆိုတာကတော့ … ကွဲခဲ့ကြတာပေါ့။ သခင်သန်းထွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကွဲတယ်၊ တခါ ဦးနုနဲ့ ကွဲတယ်။ ကွဲတာမှာလည်း တယောက်ကို တယောက် အသေတိုက်မှ ဆိုတဲ့ လက်နက်ကိုင် တော်လှန်ရေးကြီးကလည်း ပါခဲ့တယ်ဆိုတော့ ဆရာ့ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အမျိုးစုံ ပြောကြတာပေါ့။ အားရတာ၊ အားမရတာ၊ မကြိုက်တာ၊ ကြိုက်တာပေါ့။
တကယ်တမ်း ပြန်ကြည့်ရင် အဲဒီသူငယ်ချင်းတွေနဲ့ အတူတူ ဆရာ အစဉ်တစိုက် မျှော်မှန်းခဲ့တာ။ ဘယ်သူတွေ သက်ရှိထင်ရှား ကျန်နေလဲ ဆိုတော့ မသိဘူးလေ။ ဆရာတောင် နောက်ဆုံးဖြစ်မလား မသိဘူး။ ဆရာက တကယ်တမ်း ပြောရရင် ဘာစာမှ မရေးတော့လို့လည်း ရတယ်၊ ဘာလှုပ်ရှားမှုမှ မလုပ်တော့လို့လည်း ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ တာဝန်ကျေ တာထက် ဟိုဘက်ကို ကျော်သွားပြီ။ ကျနော်တို့နဲ့ ပြန် ကိုယ်ချင်းစာလိုက်ရင်လည်း အခု ကျနော်က ၆၅ နှစ်ထဲရောက် လာပြီ၊ ဆရာ့အသက်လောက် ရောက်ဖို့ နောက်ထပ် အသက် ၂၅၊ ၃၀ လောက် ဖြတ်သန်း ရဦးမယ်မှာ ဘယ်လောက်လုပ်နိုင်မယ် ဆိုတာ အခု ဒီအသက်တောင် ဘာမှ မလုပ်နိုင်သေးဘူး။ မသေချာသေးဘူး။ ဒီခံစားချက်က မေးလို့ ပြောတာမဟုတ်ဘဲနဲ့ ဆရာသေဆုံးကြောင်း facebook တွေက ကြည့်ရင်း ခံစားမိတာကို ပြောတာ။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်
ဖိုးဖိုး ဒဂုန်တာရာ ဆုံးသွားတဲ့အတွက် ဟြေမပြတတ်အောင် ဝမ်းနည်းမိပါတယ်။ အူဝဲ မင်္ဂလာဆောင် တုန်းကလည်း ဖိုးဖိုးက အသက်ကြီးနေတဲ့ ကြားက တက်ရောက် ဂုဏ်ပြုပေးတာကတော့ အမှတ်တရပါပဲ။ ကိုယ့်အဖိုးလိုပဲ ဆိုတော့ စိတ်ထိခိုက် တာပေါ့နော်။ အူဝဲရဲ့ မေမေတို့က ဖိုးဖိုးဒဂုန်တာရာရဲ့ လက်ပေါ်မှာပဲ ကြီးပြင်း လာကြတာလေ။ အူဝဲအတွက်တော့ ခံစား ရတာက ဖိုးဖိုးဒဂုန်တာရာ ဆုံးသွားတဲ့အတွက် အရမ်းလေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တဦး ဆုံးရှုံးသွား သလို ခံစားရပါတယ်။
စာပေလောက အတွက်လည်း အရမ်းကို လေးစားစရာကောင်းတဲ့သူ၊ စာပေဖခင်ကြီးတဦး၊ စာပေနဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေ ပြည့်ဝတဲ့ လူတယောက် ဆုံးရှုံးသွားသလို ခံစားရပါတယ်။ ဖိုးဖိုးကအောင်ပန်းမှာပဲ နေတာများတယ်လေ၊ အူဝဲတို့ ဇာတ်ကားတွေ သွားရိုက်တဲ့အခါတော့ ဖိုးဖိုးဆီကို ဝင်ဖြစ်တယ်။ အခုဆို ဖိုးဖိုး မရှိတော့တဲ့အတွက် အရမ်းကို ဝမ်းနည်းပြီး နှမျောတသ ဖြစ်ရပါတယ်။
တေးသံရှင် ဟေမာနေဝင်း
ဖိုးဖိုးနဲ့ ပတ်သက်ပြီး ဟြေစရာအမှတ်တရကတော့ ဟေမာ့အတွက် အများကြီးပါ။ ဟေမာနေဝင်း ဆိုတဲ့ နာမည်က ဖိုးဖိုး ကိုယ်တိုင်ပဲ ပေးခဲ့တာပါ။ ဟေမာ့ကို ဖိုးဖိုးကအချစ်ဆုံးပါ။ ဟေမာငယ်ငယ်က ဖိုးဖိုးနဲ့အတူ နေတယ်၊ ဖိုးဖိုးနဲ့အတူ အိပ်တယ်၊ ဖိုးဖိုး ထောင်ကျတော့ ထောင်ထဲမှာ နေရင်းနဲ့ပဲ ဟေမာနေဝင်းဆိုတဲ့ နာမည်ကို ပေးခဲ့တာပါ။
ဖိုးဖိုးပေးတဲ့ နာမည်နဲ့ပဲ ဟေမာ အောင်မြင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာခဲ့ရပါတယ်။ ဖိုးဖိုး နိုင်ငံရေး သမားတွေနဲ့
လက်ဖက်ရည်ဆိုင် ထိုင်ရင် ဟေမာလည်း အမြဲလိုက်ထိုင်တယ်။ ဟေမာ့အဖေ၊ အမေတွေ မသိအောင်ပေါ့။ ဖိုးဖိုးနဲ့အတူ ဘတ်စ်ကားတွေ အတူတူ တက်စီးတယ်၊ ဖိုးဖိုးနောက် တကောက်ကောက် ပါနေတာပေါ့။
ဟေမာ့ဖိုးဖိုးက အသက်ကြီးနေပြီ ဆိုတော့ လူကြီးရောဂါနဲ့ ဆုံးသွားတဲ့အတွက် ဖြေသာပါတယ်။ ဖိုးဖိုးက ကလောမှာ နေတာလေ၊ အခုဆုံးတာက ကလောမှာဆိုတော့ ဖိုးဖိုးကိုတွေ့ချင်သေးတဲ့ အတွက် ဟေမာတို့ ကလောကို လိုက်သွားမယ်။ စာပေလောက မှာ ဖိုးဖိုးလို လူတယောက် ဆုံးသွားတဲ့အတွက် ဒီလိုလူတယောက် ပြန်ပေါ်လာဖို့ ဆိုတာမလွယ်ဘူးလေ။ အရမ်းကို ဝမ်းနည်းပြီး နှမြောမိပါတယ်။
စာရေးဆရာ ညီပုလေး
ဝမ်းနည်းစရာကောင်းပါတယ်။ အခု ကျနော် တော်တော့်ကို စိတ်မကောင်းဖြစ်နေတာ။ သူငယ်ချင်းတွေဆီ အကြောင်းကြား၊ အောင်ပန်းကို ဖုန်းဆက်၊ ဘယ်နေ့၊ ဘယ်တော့ သင်္ဂြိုဟ်မှာလဲ မေးမြန်းလုပ်နေတာ။ ရေးလက်စ စာအုပ်ကိုတောင် မရေးနိုင် ဖြစ်နေတာ။
ဆရာကြီး ကျေးဇူးက ကြီးတယ်ဗျ။ သူ့လို လူမျိုးလည်း ရှားပါတယ်။ အထူးသဖြင့် ဒီလိုမျိုး အချိန်မှာ ဆရာကြီးကို ကျန်းကျန်း မာမာ ရှိစေချင်တာ။ ကျနော် သတိရတာ အမေ၊ ဆရာကြီး လူထုဦးစိန်ဝင်း၊ ဆရာကြီးလို ခင်မင်ရင်းနှီးတဲ့ လေထီး ကိုအုန်းမောင်၊ အဘ သခင်အုန်းမြင့်တို့၊ ဆရာတို့ကို သတိရ နေတယ်ဗျာ။ ကျနော်တို့က သူ့ကို ဦးလေးလို့ ခေါ်တာဗျ။ သူကလည်း ဆရာလို့ ခေါ်တာထက် ကျနော်တို့က ဦးလေးလို၊ ဆွေမျိုးတွေလို ပြောဆို ဆက်ဆံတာကို နှစ်သက်ပုံရတယ်ဗျ။
ဆရာက အကျႌကိုတောင် လူငယ်တွေလို ဝတ်တတ်၊ စားတတ်တယ်ဗျ။ ကျနော်တို့ကလည်း လက်ဆောင်ပေးရင် အဲဒီလို ပုဆိုး၊ အကျႌ အဆင်မျိုးကို ဆရာကြီးအကြိုက် ပေးတတ်တယ်။ သူကတော့ မပေးပါနဲ့လို့ အမြဲတမ်း ပြောတယ်။ တခါကျတော့ သူနေမကောင်း နေတဲ့ အချိန်မှာ ကျနော်တို့ သွားတော့ သူက သူ့ကိုသူများပေးတဲ့ အနွေးထည် တထည်ကို ကျနော့်ကို ပြန်ပေးတယ်။ ကျနော်နဲ့ မတော်ပါဘူး။ အကြီးကြီးပါ။ ဒါပေမယ့် ဆရာကြီးရဲ့ မေတ္တာစေတနာနဲ့ ပေးတာ ဒီတခါပဲ ရဖူးတယ်။ သိပ် တန်ဖိုးထားတာ။ အလွန်ချစ်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါဗျာ။ သူ့စာတွေကတော့ နှစ်ပေါင်းများစွာ တည်တံ့ နေဦးမယ်လို့ ကျနော် ယုံတယ်။
စာရေးဆရာ ဆူးငှက်
တော်တော် စိတ်မကောင်းဖြစ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာကြီးတို့ဆိုတာ နိုင်ငံရေးဘက်မှာရော၊ အမျိုးသားရေး ဘက်မှရော၊ စာပေဘက်မှာရော၊ ငြိမ်းချမ်းရေး ဘက်မှာရော ရှေ့တန်းကနေ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အထူးသဖြင့် လူကြီးတွေ ဒီအချိန်အခါမှ ကွယ်လွန်ရတာဟာ သူတို့ရဲ့ မီးစာကုန် ဆီခမ်း ဆိုသော်ငြားလည်း သူတို့မျှော်လင့် ထားတဲ့ ပန်းတိုင်ကိုမမြင်ရခင်မှာ ကွယ်လွန်ကြတာဟာ အများကြီး စိတ်မကောင်း ဖြစ်ရတယ်။
ကျနော်တို့ကတော့ သူတို့မြင်သွားပြီး အသေဖြောင့် စေချင်တာ။ အထူးသဖြင့် ဒီဆရာကြီးတွေက အင်မတန်ကို ပြီးမြောက် သွားတဲ့ ပုဂ္ဂိုလ်ကြီးတွေလိုပါ။ မာန်မာန မရှိဘူး၊ အင်မတန် စိတ်ကောင်း စေတနာကောင်း ရှိတယ်။ ဆရာကြီးက မှတ်ဉာဏ် အင်မတန် ကောင်းတယ်။
ကျနော်တို့ ဆိုရင်တောင် သားအရွယ်၊ မြေးအရွယ် ဖြစ်သော်ငြားလည်း တလေးတစား ဆက်ဆံတယ်။ သူ့စကားလုံး တခုရှိတယ် “ ခင်ဗျားတို့ဆီက ကျနော်က သင်ယူနေတဲ့သူပါ” ဆိုတဲ့စကားပါ။ သူဟာ ချိုးနှိမ်တဲ့ ဆက်ဆံမှုမျိုးနဲ့ ကျနော်တို့နဲ့ ပြောဆို ဆက်ဆံတာပါ။ ကျနော်တို့ အသက်ကြီး လာရင်လည်း ဒါဟာ လိုက်နာရမယ့် အရာလို့ မြင်ပါတယ်။
စာရေးဆရာ ထက်မြက်
ကျနော်တို့ စာပေလောကမှာ နေတဆူ ကွယ်သွားသလိုပဲ။ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေး အတွက်ကို ဆရာက စာပေလောက မြှင့်တင်ရေး အတွက်ပါ တလျှောက်လုံး အတတ်နိုင်ဆုံး လုပ်လာခဲ့တာပါ။ သူ့ဘဝကို စာပေနဲ့ ငြိမ်းချမ်းရေးမှာပဲ မြှုပ်နှံထားတဲ့ သူပါ။
သူကွယ်လွန် သွားတဲ့အတွက် ကျနော်တို့ စာပေလောမှာ အစားထိုးလို့မရတဲ့ ဆရာကြီးတဆူ မရှိတော့ဘူးလို့ ကျနော် ပြောချင်တယ်။ ဆရာက ကျနော်တို့ စာရေးဆရာများ သမဂ္ဂရဲ့ နာယကကြီးလည်း ဖြစ်ပါတယ်။ ဆရာ ကွယ်လွန်သွားတာ ကျနော်တို့ စာပေလောကကြီးအတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီးပဲ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ အတူတူ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးမှာပဲ မြှုပ်နှံထားတဲ့သူပါ။ ဆရာတာရာကြီးရဲ့ ဘဝမှာ အစိုးရအမှုထမ်းနဲ့ လခစား အလုပ်ကို ဘယ်တော့မှ မလုပ်ခဲ့ဘူး။ စာပေနဲ့ ငြိမ်းချမ်းရေး တခုတည်း ကိုပဲ လုပ်လာတာ။ သူ့မှာ ကိုယ်ကျိုးစီးပွား ရယ်လို့လည်း မရှိဘူး။ စွန့်လွှတ် အနစ်နာခံပြီးတော့ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ စာပေလောက မြှင့်တင်ရေး၊ ညီညွတ်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ဆရာ့ကို အလွန်နှမြောစရာ ကောင်းပါတယ်။
အဲဒါကြောင့် ဆရာရဲ့ “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ” ဆိုတဲ့ ငြိမ်းချမ်းရေး ဆောင်ပုဒ်ကို အားလုံးက လက်ခံ ကျင့်သုံးနိုင်မယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရပြီးတော့ စည်းလုံးညီညွတ်တဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
စာရေးဆရာမ မသီတာ (စမ်းချောင်း)
သူ့ကို နိုင်ငံရေးအရ ငြိမ်းချမ်းရေး အရ ဘာပဲ ပြောနေပြောနေ၊ အဲဒါတွေက တကဏ္ဍပေါ့။ သူနဲ့ ပတ်သက်ရင် ပြောစရာ ရှိတာက ရသစာပေနဲ့ ပတ်သက်ပြီးတော့မှ အင်မတန်မှ တကယ့် တစိုက်မတ်မတ် ကလောင်မျိုးစုံနဲ့ ရေးခဲ့တယ်။ ရသစာပေကို ဝေဖန်ရေး လုပ်သလို ကိုယ်တိုင်လည်း ရသစာပေကို ရေးခဲ့တယ်။ စကားလုံး အသစ်အဆန်း တီထွင် ဖန်တီးတဲ့ နေရာမှာ အင်မတန် အားကောင်းတယ် ဆိုတဲ့အခါကျတော့ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းတယ်။
ရသစာပေကို နှစ်ခြိုက်သဘောကျ စွဲလန်းမိသွားအောင် ရေးနိုင်တဲ့သူမျိုးက တဖြည်းဖြည်း နည်းလာတာကိုး။ သူရေးသားခဲ့တဲ့ စာပေတွေထဲမှာ အခုအချိန်အထိ တဖွဖွပြောနေရတဲ့ စကားလုံးတွေ ရှိနေသေးတယ်လေ။ လေနုအေးက တနွဲ့နွဲ့ နော့နေဆဲကို၊ ရေချိုးထားတဲ့ ဝတ်လစ်စလစ် လမ်းမကြီးတို့ … စသည်ဖြင့် သူရေးခဲ့တဲ့ စကားလုံး တီထွင်ဖန်တီးမှုတွေပေါ့။ အချစ်နဲ့ ပတ်သက်တဲ့ စကားလုံးအနုအရွ တီထွင် ဖန်တီးမှုတွေကတော့ ဘာပဲဖြစ်ဖြစ် အသိအမှတ်ပြုရမယ့် ဟာတွေ၊ အသိအမှတ် ပြုတာထက်ကို ရှားပါးသွားပြီးပေါ့။
(ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်၊ စနေလင်းနှင့် မြတ်သူအောင်တို့ ပူးပေါင်းမေးမြန်းသည်)