စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အသွင်ပြောင်းနေပြီဟု အစိုးရက မကြာခဏ ထုတ်ဖော်ပြောဆိုနေချိန် ဥပဒေနှင့် မညီသော လုပ်ရပ်များကို ကန့်ကွက်သော ဆန္ဒပြမှုများ နေ့စဉ်ရက်ဆက်သလို ဖြစ်ပေါ်လျက်ရှိသည်။ သာမန်ပြည်သူများ၊ လယ်သမားများ ဆန္ဒပြမှု ဆက်တိုက်ဖြစ်ထွန်းနေချိန် ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ်လ ၁၈ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြည်သူပိုင်ပန်းခြံမြေတွင် ကွန်ဒိုအိမ်ရာ တည်ဆောက်သည့်ကိစ္စ ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ ဦးဖုန်းမြင့်အောင်၏ ဆန္ဒပြမှုသည် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် ပထမဆုံးသော ဆန္ဒပြမှုဖြစ်ပြီး ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဦးဖုန်းမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လွှတ်တော်အမတ်တဦးအနေနဲ့ တောင်ဥက္ကလာပန်းခြံသိမ်းခံရတဲ့ကိစ္စကို ဆန္ဒပြခဲ့တယ်။ ဥပဒေပြု လွှတ်တော်အမတ်တဦးအနေနဲ့ ဘာကြောင့် ဒီလိုဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာလဲ။
ဖြေ။ ။ ဘာကြောင့် ဆန္ဒပြလဲဆိုရင် ဖြစ်စဉ် အသေးစိတ်ကို ပြန်ပြောရမယ်ထင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် တောင်ဥက္ကလာမြို့သစ် စတည်တုန်းတော့ ရပ်ကွက်တွေမှာ အများပိုင်ပန်းခြံနဲ့ ကလေး ကစားကွင်း လေး တွေပါတယ်။ တောင်ဥက္ကလာ ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာလည်း အများပြည်သူပိုင် ပန်းခြံနဲ့ ကလေးကစား ကွင်းလေး ရှိတယ်။ အရင် စစ်အစိုးရခေတ် တုန်းက လူမှုရေးအသင်းဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေး အသင်းရဲ့ အသင်းရုံးခန်း ဆောက်မယ်ဆိုပြီး မြေကွက်ကို သိမ်းတယ်။
ကြံ့ခိုင်ရေးအသင်းက မြေကွက်ကိုသိမ်း ၂ ထပ် အဆောက် အအုံ ဆောက်ပြီး ဆိုင်ခန်း တွေဖွင့်ပြီး ငှားစားတယ်။ ဘီယာဆိုင်နဲ့ ဈေးဆိုင်တွေ ပါတယ်။ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးကိုလေး လက်ထက်မှာ ၂၀၀၂ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ ကြံ့ခိုင်ရေးအသင်းက သိမ်းထားတဲ့ ပြည်သူပိုင်ပန်းခြံမြေကွက်ကို နှစ် ၆၀ မြေငှား စာချုပ်ဂရန် ထုတ်ပေးလိုက်တယ်။ အမည်ပေါက်က ကြံ့ခိုင်ရေးအသင်းအမည်နဲ့ ထုတ်ပေးလိုက်တာ။ အဲဒီတုန်းက ကြံ့ခိုင်ရေးအသင်းသည် လူမှုရေးအသင်းအနေနဲ့ ရှိနေခဲ့တာ။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးအသင်းကနေပြီးတော့ ကြံ့ခိုင်ရေးပါတီဆိုပြီး နိုင်ငံရေးအသင်းအဖြစ် အမည်ပြောင်း လိုက်တယ်။ နိုင်ငံရေး ပါတီအဖြစ် အမည်ပြောင်း ပြီးတဲ့နောက်ပိုင်းမှာလည်း အသင်းဘဝတုန်းက သိမ်းယူထားတဲ့ အများပိုင် မြေကွက်ကို ပြန်မပေးဘဲ နိုင်ငံရေးပါတီ ရုံးခန်းအဖြစ် သိမ်းယူပြီး အခု အကျိုးစီးပွားဆန်တဲ့ ကွန်ဒိုစီမံကိန်းတခုလုပ်တယ်။ ဒီလို ကွန်ဒိုအိမ်ရာစီမံကိန်းကို အဓိက စီမံခန့်ခွဲခွင့်ပြုပေးနေတာက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်နေတာ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က အများပိုင် ပြည်သူပန်းခြံကို ဘာကြောင့် ကြံ့ခိုင်ရေးအသင်းကို ဂရန်ထုတ် ပေးခဲ့သလဲ။ လူမှုရေး အသင်း အမည်ခံထားတဲ့ ကြံ့ခိုင်ရေးအသင်း အမည်ပေါက်ထားတဲ့ မြေကွက်ကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသွားပြီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကွန်ဒိုအိမ်ရာစီမံကိန်း တည်ဆောက်မှုကို ဘာလို့ ခွင့်ပြုလဲ။ သာသနာ့မြေ အမည်ပေါက်မြေကွက် ဆိုရင် သာသနာအဓိက အဆောက်အအုံပဲရှိရမှာပေါ့။
အဲဒီလိုပဲ လူမှုရေးအသင်း အမည်ပေါက် မြေကွက်ဆိုရင် လူမှုရေးနဲ့ ဆိုင်တာပဲရှိရမယ်။ တကယ်တန်းက ကြံ့ခိုင်ရေးအသင်းကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းတဲ့အချိန်ကတည်းက ဒီမြေကွက်ကို ပြည်သူကို ပြန်ပေးရမယ်။ အခုက အများပြည်သူပိုင် မြေကွက်မှာ နိုင်ငံရေးပါတီ တခုရဲ့ ရုံးခန်း လုပ်ထားရုံမက အထပ်မြင့်အိမ်ရာစီမံကိန်းကြီးပါ လုပ်တော့မယ်ဆိုတော့။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အများပိုင်မြေကို သိပါလျက်နဲ့ အဆောက် အအုံ ဆောက်ခွင့်ပေးတာ အပြစ်ကျူးလွန်လိုက်တာပဲ။
မေး။ ။ လွှတ်တော်အမတ်တဦး ဖြစ်နေပါလျက်နဲ့ ဆန္ဒပြတဲ့ နည်းလမ်း ထက်ပိုကောင်းတဲ့ လွှတ်တော်ထဲမှာ မေးခွန်း ထုတ်တာ၊ အဆို တင်တာမျိုး ဘာလို့ မလုပ်ဘဲ ဆန္ဒပြဖို့ကိုပဲ ရွေးချယ်ရတာလဲ။
ဖြေ။ ။ ကြံ့ခိုင်ရေးပါတီက ကွန်ဒိုဆောက်မယ့် မြေကွက်၊ အများပြည်သူပိုင်တဲ့ မြေကွက်က ကျနော့် မဲဆန္ဒနယ်မြေ မှာဖြစ်နေတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စကို အဓိက စီမံခန့်ခွဲနေတာက ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ။
ကျနော်က ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ဝင်ပြီး စွက်ဖက်ပိုင်ခွင့်မရှိဘူး၊ ပြောပိုင်ခွင့်မရှိဘူး။ ပြီးတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကလည်း အစိုးရလုပ်ရပ်တွေ မှားပါတယ်၊ မှန်ပါတယ်ဆိုတာကို တဦးချင်း တိုက်ရိုက်ကြီးပြောလို့မရဘူး။ လွှတ်တော်ကြီးတခုလုံးအနေနဲ့ပဲ ပြောလို့ရတာ။
အခု ပြည်သူပိုင်ပန်းခြံသိမ်းတဲ့ကိစ္စမှာ ကျနော်မှာ ဆန္ဒပြရုံကလွဲလို့ ဘာမှ ရွေးချယ်စရာမရှိတော့ဘူး။ တကယ်တော့ ဒီကိစ္စက တရားဥပဒေနဲ့ မညီဘူး၊ စည်းမျဉ်း စည်းကမ်းနဲ့ မညီဘဲ ဖြစ်ပျက်သွားတဲ့ကိစ္စ။ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့တောင် ဆန္ဒပြဖို့ နည်းလမ်းကလွဲပြီး အခြားနည်းလမ်းကို မရှိတော့တာ။ ကျနော်ဆန္ဒပြလို့လည်း အခု ကွန်ဒိုဆောက်တာ ရပ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါက ဥပဒေနဲ့ မညီတဲ့လုပ်ရပ်ဆိုတာ သိစေချင်တာကြောင့် ကျနော်ဆန္ဒပြတာ။
မေး။ ။ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်ဆိုရင် ဥပဒေအရ အရေးယူနိုင်ဖို့ တရားရုံး တက်ပြီး တရားစွဲတာမျိုး မလုပ်ဘူးလား။
ဖြေ။ ။ ဒီနိုင်ငံမှာ အစိုးရရဲ့ လုပ်ရပ် မှားယွင်းသွားလို့ ထိခိုက်နစ်နာမှုအတွက် ထောက်ပြ၊ တရားရုံးတင် စစ်ဆေး စုံစမ်းပြီး လိုအပ်သလို အရေးယူနိုင်တဲ့ အခြေအနေမျိုး၊ အနေအထားမျိုး ၊ Institution မျိုး ဒီတိုင်းပြည်မှာ မရှိသေးဘူး။ ဒီနိုင်ငံမှာ အစိုးရက လုပ်ချင်ရာလုပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်။ တော်တော် အခြေအနေဆိုးမှ လွှတ်တော်က အဆို တင်သွင်းပြီးမှ တိုက်တွန်းရတာမျိုး၊ ခုံရုံးလိုမျိုး လုပ်ရတဲ့ အခြေအနေမျိုး ပဲရတယ်။ ဖြောင့်မတ်တဲ့ တရားစီရင်ရေးစနစ် မရှိဘူး။
လက်ရှိ တရားစီရင်ရေးစနစ်က အစိုးရအောက်မှာကို ရှိနေတာ။ ကျနော်ကြိုးစားဖူးတယ်။ အစိုးရလုပ်ရပ်မှားနေလို့ တရားစီရင်ရေး အဖွဲ့ကို အကူအညီတောင်းတယ်။ ဥပဒေက ဒီလိုပြဋ္ဌာန်းထားတယ်၊ ဒါပေမယ့် အစိုးရ ဒီလိုလုပ်နေတယ်။ ဘယ်လို တရားစွဲလို့ရမလဲလို့ သွားမေးတယ်။ တရားသူကြီးတွေက တရားစွဲလို့မရဘူးပြောတယ်။
မေး။ ။ ဒါဆိုရင် ကြံ့ခိုင်ရေးအသင်းက ကြံ့ခိုင်ရေးပါတီက အများပိုင်မြေကွက်ပေါ်မှာ ကွန်ဒိုတည်ဆောက်တဲ့ကိစ္စမှာ အရေးယူနိုင်တဲ့ ဥပဒေ တကယ် မရှိဘူးလား။
ဖြေ။ ။ ဥပဒေမရှိတာမဟုတ်ဘူး။ ဥပဒေရှိတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေး ပါတီများအနေနဲ့ နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့အစည်း အနေဖြင့် ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားတယ်။
ဒီကိစ္စက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ လုံး၀ တာဝန်ရှိတယ်။ တောင်ဥက္ကလာ မှာလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ တွေရှိတယ်။ ဒီမြေကွက်က ပြည်သူပိုင်ဆိုတာလည်း တောင်ဥက္ကလာ ရွေးကောက်ပွဲကော်မရှင်ရုံးက သိတာပဲ။ ကွန်ဒို ဆောက်နေတယ် ဆိုတာလည်း သူတို့သိနေတာပဲ။ အနားမှာနေပြီးတော့ မမြင်ဘူး၊ မကြားဘူး ဆိုတဲ့ပုံစံမျိုး လုပ်နေတယ်။ ကြံ့ခိုင်ရေးပါတီက အများပိုင်မြေကွက်ပေါ်မှာ ကွန်ဒိုဆောက်တဲ့ကိစ္စက နိုင်ငံရေးပါတီများဥပဒေ နဲ့ ငြိနေတယ်။ ငြိနေတယ်ဆိုတာကို အစိုးရကိုယ်တိုင်လည်းသိတယ်။ သိသိကြီးနဲ့ မျက်ကွယ်ပြုနေတာ။ တရားစီရင်ရေး မဏ္ဍိုင်ကလည်း အားကိုးလို့မရဘူး။
မေး။ ။ ဒါဆိုအခု ပန်းခြံကိစ္စမှာ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ဘာမှ လုပ်နိုင်တဲ့ အနေအထားမရှိဘူးလို့ ဆိုလိုချင်တာလား။
ဖြေ။ ။ တရားစီရင်ရေးမဏ္ဍိုင်က ပြည်သူတွေအတွက် ကတော့ တပြေးညီ ဥပဒေဖြစ်ချင်ဖြစ်မယ်။ အစိုးရမပါဘူး။ အစိုးရက တော့ ခြွင်းချက်အနေနဲ့ လုပ်ချင်ရာ လုပ်လို့ရတာမျိုးဖြစ်နေတယ်။ ဒီပန်းခြံကိစ္စက သေးသေးလို့ ထင်ရပေမယ့် တကယ်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ချီပြီး ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေကို ကိုယ်စားပြုတဲ့ ဥပဒေမဲ့ ဖြစ်စဉ်လေးတခုပဲ။ ကျနော်အနေနဲ့ ဆန္ဒပြပြီးတဲ့နောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စိစစ် အရေးယူဖို့ ပြောရမှာပေါ့။ ကိုယ် မပြောခင်ကတည်းက သူတို့သိထားပြီပေမယ့် ထပ်ပြောရမှာပေါ့။
ကျနော်အနေနဲ့ လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းပြီး ဒီလိုဖြစ်စဉ်မျိုးကို အရေးယူပေးပါလို့ ပြောဖို့လည်း လွှတ်တော်ထဲမှာ ထောက်ခံမဲရနိုင်တဲ့ အင်အားမရှိဘူး။ ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်ပိုင်း က အဲဒီပန်းခြံကိစ္စက အသင်းပိုင်မြေကွက်မို့လို့ ပါတီက အမွေဆက်ခံပါတယ် ဆိုတာမျိုးပြောတာမျိုးရှိတယ်။ ဒီလိုပြောတာက တရားလက်လွှတ်ပြောတာပဲ။ မဆလခေတ်က လူတွေက တော်တော်ဆိုးလှပြီးထင်တာ။ “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ” ဆိုသလို အခုခေတ်က လူတွေက အရင်ခေတ်က လူတွေထက်ပိုဆိုးနေတယ်။
မေး။ ။ ဥပဒေလည်း ရှိနေရက်သားနဲ့ ဒီလို မျက်ကွယ်ပြုမျိုးတွေ ဖြစ်နေတာ့ ဒီမိုကရေစီ လမ်းကြောင်း ချီတက်မယ်၊ လျှောက်မယ်ဆိုပြီး ပြောနေတဲ့ စကားမျိုးတွေက ယုံရပါ့မလား။
ဖြေ။ ။ ပြောမယ်ဆိုလို့ရှိရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမူ အကျိုးစီးပွားသာ အမှန်ဖြစ်တယ်လို့ ပြောရမလို ဖြစ်နေပြီ။ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွား ယှဉ်လာရင်တောင် အကျိုးစီးပွားယူပြီး ဂုဏ်သိက္ခာနဲ့ လဲမယ့်အနေအထားမျိုးပဲ။ လက်ရှိဥပဒေနဲ့အညီ လုပ်ဖို့ ပြောတာတောင် မလုပ်ဘူး။ သူတို့လိုသာ လုပ်လို့ရတယ်ဆိုရင် ကျနော် လူမှုရေးအသင်း ထောင်မယ်။ ပြီးရင် ကျနော် နိုင်ငံတော်က လူမှုရေးအသင်း အမည်နဲ့ မြေကွက်တောင်းမယ်။ မြေကွက်ရလာရင် လူမှုရေးအသင်းကို ကန်ထုတ်ပြီး ကွန်ဒိုဆောက်မယ်။ ရောင်းစားမယ်။ ရမလား။
ပြည်သူပိုင် ပန်းခြံ သိမ်းခံရတဲ့ ကိစ္စမှာ လွှတ်တော်အမတ်တောင် ငုတ်တုတ် ထိုင်ကြည့်နေရတယ်။ ဘာမှ မလုပ်နိုင်ဘူး။ အကျိုးစီးပွားထိလာလို့ရှိရင် စည်းမျဉ်းဥပဒေတွေ အလကား ဖြစ်သွားတယ်။ နိုင်ငံရေးပါတီတွေက တိုင်းပြည်ကို ဒုက္ခပေးတာမဟုတ်ဘူး။ အကျိုးစီးပွားရှာတဲ့သူတွေကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်တာ။ အကျိုးစီးပွားရှာတဲ့သူတွေက လွှတ်တော်မှာလည်းရှိတယ်။ အစိုးရမှာလည်းရှိတယ်။ NLD မှာလည်းရှိတယ်။ ကြံ့ခိုင်ရေးမှာလည်း ရှိတယ်။
နေရာတိုင်းမှာရှိတယ်။အကျိုးစီးပွားရှာတဲ့သူတွေက လုပ်ရတာတန်တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေက ရင်ကွဲပက်လက် ကျန်ပေမယ့် အကျိုးစီးပွားရှာ တဲ့သူတွေကတော့ အတော်ကို တွက်ခြေကိုက်ကြတယ်။ လူထုကလည်း ဘာသိဘာသာ နေတတ်တဲ့ အကျင့်ရှိတယ်။ ဘယ်သူ ဘာဖြစ်ဖြစ် ငါ့မထိ ပြီးရော ဆိုတဲ့ စိတ်ကြောင့် အကျိုးစီးပွားသမားတွေက အလုပ်ဖြစ်နေကြတယ်။