၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံအစိုးရအဖြစ်သို့ အသွင်ကူးပြောင်းခဲ့ပြီးကတည်းက မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာတို့၏ ဆက်ဆံရေးများသည် စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲလာခဲ့ပြီး နေရာအများအပြားတွင် အပေါင်းလက္ခဏာဆောင်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် မဟာစီမံကိန်းကြီးများကြောင့် ထိခိုက်နစ်နာရသည်ဟု မြန်မာနိုင်ငံသား များက ယူဆထားကြသည့်အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးက ခြွင်းချက်တခုသဖွယ်ဖြစ်လာပြီး ပြန်လည်သုံးသပ်ရန် အကြောင်းတွေ ပေါ်လာသည်။
တရုတ်က တည်ဆောက်နေသည့် ကချင်ပြည်နယ်မှ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ရွှေ့ဆိုင်းလိုက်ပြီးနောက် တရုတ်အစိုးရအတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ချဉ်းကပ်ပုံနည်းလမ်းများကို ပြန်လည် တန်ဖိုးဖြတ် သုံးသပ်ရေးသည် ဖိအားတခုလို ဖြစ်လာသည်။ သဘာ၀ သယံဇာတများနှင့် အရေးပါသည့် ဗျူဟာမြောက် ပိုင်ဆိုင်မှုများကို ရရှိနိုင်ရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်များကို လက်နက်များနှင့် အခြား ထောက်ပံ့မှုများပေးခြင်း နည်းလမ်း သည် နောက်ပိုင်းတွင် အလုပ်မဖြစ်နိုင်တော့သည့်အခါ ပြန်လည်သုံးသပ်ကြည့်ရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်သည်။
ပြောင်းလဲလာနေသော မြန်မာနိုင်ငံအပေါ် ပိုမိုထိရောက်စွာ ဆက်ဆံနိုင်ရေး တရုတ်နိုင်ငံ၏ ကြိုးပမ်းချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Yang Houlan က ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး၊ အကြီးတန်းသတင်းထောက် စောရန်နိုင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ရှင်းလင်းဖြေကြားထားသည်။
မေး။ ။ ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က တရုတ်နိုင်ငံ ကျောထောက်နောက်ခံပေးထားတဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စက တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက် စေတယ်လို့ အများစုက ပြောကြတယ်။ အဲဒါကို လက်ခံပါသလား။
ဖြေ။ ။ ကျနော့် အမြင်ကိုပြောရရင်တော့ ဒါက သီးခြားကိစ္စဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ တစုံတရာ ရှိနေတယ် ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက နှစ်နိုင်ငံကြားမှာ ရှိနေတဲ့ ဆက်သွယ်မှုအပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန် သမ္မတရာထူးလက်ခံပြီးတဲ့နောက် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို “ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ” အဖြစ်တိုးမြှင့်ခဲ့ပြီးတော့ ဒီနှစ်အတွင်းမှာ ဖော်ဆောင်မယ့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တရပ်ကို လည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် အထွေထွေဆက်ဆံရေးဟာ ကောင်းမွန်နေဆဲပါပဲ။ အရှိန်အဟုန် ကောင်းနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄လ ကျနော် ဒီကိုရောက်လာကတည်းက နိုင်ငံရေးအဖွဲ့တွေ၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ အစိုးရ အပါအဝင် နယ်ပယ်စုံက မိတ်ဆွေတွေနဲ့ ရှင်းလင်းဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ထင်မြင်ချက်ကို ပြောရရင် မြန်မာပြည်သူတွေအားလုံး၊ အစိုးရ ဝန်ကြီးဌာနတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီ တွေမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးတိုးတက်လာစေချင်တဲ့ ဆန္ဒတွေရှိနေကြပါတယ်။ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက် ဖို့ပါ။
မြစ်ဆုံနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက စိုက်ပျိုးရေးကနေ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆီကိုသွားနိုင်ဖို့ ကြိုးစားနေတဲ့ ကာ လဖြစ်ပါတယ်။ တကယ်လို့ စက်မှုလုပ်ငန်းကို တိုးတက်စေချင်တယ်ဆို လျှပ်စစ်ဓာတ်အားက အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ လျှပ်စစ်မရှိဘဲနဲ့ စက်မှုကဏ္ဍကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ။
မေး။ ။ ဒါဆိုရင် မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည် စတင်တာကို မြင်ချင်ပါသလား။
ဖြေ။ ။ တကယ်လို့ ကျနော်တို့က စီမံကိန်းကို ပြန်စချင်တယ် ဆိုရင် နှစ်ဘက်လုံးကြားမှာ ဆက်သွယ်ရေးတွေ၊ ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်ဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ အထောက်အကူ ယန္တယားတွေ တည်ထောင်နိုင်ဖို့လိုသလို ရှင်းလင်း ဆွေးနွေးမှုတွေ ပိုပြီးလုပ်ဖို့ လိုပါတယ်။ ယေဘုယျ အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ မြန်မာအစိုးရ ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ မြန်မာပြည်သူတွေရဲ့ အမြင်ကိုလည်း ကျနော်တို့အလေးထားပါတယ်။
မေး။ ။ သံအမတ်ကြီး ပြောတဲ့အတိုင်းဆိုရင် တရုတ်သံရုံးဟာ အခုအချိန်မှာ အစိုးရ အာဏာပိုင်တွေသာမကဘဲ အတိုက်အခံအုပ်စုတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ နဲ့ အခြေခံလူတန်းစား ပြည်သူတွေအထိ ရောက်ရှိ ထိတွေ့နိုင်ဖို့ တက်တက်ကြွကြွ လှုပ်ရှားနေတယ်လို့ သိရပါတယ်။ အရင်တုန်းက ဒီလိုဘာဖြစ်လို့ မလုပ်ခဲ့တာပါလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ မြန်မာနိုင်ငံဟာ ပွင့်လင်းလာပါတယ်။ လူမှုရေးအဖွဲ့ အစည်းတွေနဲ့ မီဒီယာတွေလည်း ပိုပြီး တက်ကြွ လှုပ်ရှားလာပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေဟာ အကောင်းဖက်ကို ပြောင်းလာခဲ့ပါပြီ။ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက တရုတ်နိုင်ငံအတွက် အရေးပါပါတယ်။ ဒီနေ့ခေတ်အချိန်မှာ ကမ္ဘာဟာ တသားထဲ ဖြစ်နေပြီဖြစ်လို့ သီးခြားနေတဲ့ နိုင်ငံဟာ ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ စီးပွားရေး ဆက်သွယ်မှုတွေကို ရှေ့ ဆက်နိုင်ဖို့ အတွက် အားကောင်းပြီး သိပ်သည်းတဲ့ လူမှုရေးအခြေခံတွေ ကျနော်တို့အတွက် လိုအပ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း အမျိုးမျိုး နဲ့ ပြည်သူ အသီးသီးရဲ့ ထောက်ခံမှု ရယူရပါမယ်။
မေး။ ။ မြန်မာဟာ အနောက်နိုင်ငံတွေနဲ့ ဂျပန် အပါအဝင် တခြားအာရှနိုင်ငံတွေနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိလာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ။ ကျနော် ပြောခဲ့သလိုပါပဲ။ ကမ္ဘာဟာ တသားထဲလိုဖြစ်လာတဲ့အတွက် တခြားကမ္ဘာ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိဘဲ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ပါဘူး။ အရင်တုန်းက အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို အထီးကျန် ဖြစ်အောင်လုပ်ခြင်းမျိုးဟာ မြန်မာပြည်သူတွေအတွက် ကောင်းတဲ့ ကိစ္စ မဟုတ်လို့ တရုတ်နိုင်ငံက ဒါကို မထောက်ခံခဲ့ပါဘူး။ ပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် အစိုးရ အာဏာပိုင်တွေတင် မကပါ ဘူး သာမန်ပြည်သူတွေလည်း ထိခိုက်နစ်နာခဲ့ရပါတယ်။ အဆိုးရွား ဆုံးခံစားခဲ့ရတာက အစိုးရလူကြီးပိုင်းတွေ မဟုတ်ပါဘူး ပြည်သူတွေပါ။ ဒါကြောင့်လဲ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ တာပါ။
မြန်မာနိုင်ငံဟာ တံခါးဖွင့်လာပြီးတော့ အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ တိုးတက်လာ တာဟာ ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံအားလုံးက ဝိုင်းဝန်းကူညီပေးကြ မယ်လို့လဲ ကျနော် မျှော်လင့်ပါတယ်။
မေး။ ။ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မြန်မာနိုင်ငံနဲ့ စတင်လက်တွဲဖို့ အမေရိကန်က ဆုံးဖြတ်လိုက်တာ ဟာ မြန်မာအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို စိုးရိမ်လို့ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်ချင်ပါတယ်။
ဖြေ။ ။ ကျနော် သတင်းစာတွေကို ဖတ်ရပါတယ်။ ဒီက ကျနော့် မိတ်ဆွေတွေနဲ့လည်း စကားပြောဖြစ်တယ်။ သူတို့မှာ တူညီတဲ့ အတွေးတခုရှိကြတယ်။ သူတို့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပါဝါ အားပြိုင်မှုတွေအကြောင်း ပြောကြတယ်။ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ကြားကပါ။ တကယ်လို့ အဲဒီလိုမျိုးသာတကယ်ဖြစ်ခဲ့ရင် ကံမကောင်းမှုတခုလို့ပဲ ကျနော်မြင်ပါတယ်။ ဒီမှာ လာပြီးတော့ တရုတ်နဲ့ အမေရိကန် အားပြိုင်ကြမယ်ဆိုရင် မြန်မာနိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒီလို မဖြစ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပေါင်းလဒ် သုည ကစားပွဲကို မထောက်ခံပါဘူး။ ကျနော်တို့ မှာ နှစ်ဦးနှစ်ဖက်လုံး အနိုင်ရတဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒပဲ ရှိပါတယ်။ မြန်မာနိုင်ငံရေးသမား တချို့ကလည်း မြန်မာနိုင်ငံကို အင်အားကြီး နှစ်ခုကြားက စစ်မြေပြင် မဖြစ်စေရဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။ မြန်မာပြည်သူတွေက လည်း ဒါကို မလိုချင်ပါဘူး။ မြန်မာနိုင်ငံ တည်ဆောက်ရေး ကဏ္ဍမှာ အမေရိကန်ပါဝင်လာတာကို ကျနော်တို့က ကြိုဆို ပါတယ်။
မေး။ ။ China Power Investment Corporation လိုမျိုး တရုတ်ကုမ္ပဏီ အချို့ကို လုပ်ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ သံရုံးရဲ့ ဝက်ဆိုက်ကို သတိထားမိမယ်လို့ ထင်ပါတယ်။ ကောလဟာလ တွေကိုဖြေရှင်း နိုင်ဖို့အတွက် ကျနော်တို့ မှာ ဝက်ဆိုက် တခုရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့မှာ Facebook စာမျက်နှာလည်း ရှိပါတယ်။ တရုတ်အစိုးရကလည်း တရုတ်ကုမ္ပဏီတွေ အထူးသဖြင့် နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိတဲ့ ကုမ္ပဏီတွေကို လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အားပေးပါတယ်။ လူမှုရေးတာဝန်ဆိုတာ ပြည်သူတွေအတွက် အရမ်း အရေးကြီးပါတယ်။ ပြည်သူတွေနဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ် ဆိုတာ ဟိုအရင်အတွေ့အကြုံတွေကနေ ကျနော်တို့ သိခဲ့ပြီးပါပြီ။
မေး။ ။ တရုတ်အာဏာပိုင်တွေဟာ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ မြန်မာ အစိုးရတို့ ငြိမ်းချမ်းရေးဆွေး နွေး ကြတဲ့ နေရာမှာလည်း ပါဝင်ဆောင်ရွက်လာကြပါတယ်။ နယ်စပ်ဒေသနဲ့ ပတ်သက်ပြီး သံအမတ်ကြီးရဲ့ အလေးထားမှုက ဘယ်လိုပါလဲ။
ဖြေ။ ။ နှစ်ဖက်ကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြတာကို တရုတ်နိုင်ငံက လေးလေးနက်နက် ထောက်ခံပါတယ်။ အပြုသဘောဆောင်တဲ့ နေရာကလည်း ပါဝင်ပေးချင်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှုရရှိဖို့ ဆိုတာ မြန်မာ တနိုင်ငံထဲနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ တရုတ်နိုင်ငံ နဲ့လည်း သက်ဆိုင်နေ ပါတယ်။ အရင်တုန်းက တရုတ်နိုင်ငံဖက်ကို ကျည်ဆန်တွေ ရောက်လာတတ်ပါတယ်။ မြန်မာဘက်မှာ ပဋိပက္ခတွေ ဖြစ်လာ ပြီဆိုရင် ရာနဲ့ ထောင်နဲ့ ချီတဲ့ ပြည်သူတွေ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကိုရောက်လာကြပါတယ်။ မြန်မာ နိုင်ငံ မြောက်ပိုင်း အေးချမ်းတည်ငြိမ်တာဟာ တရုတ်နိုင်ငံအတွက် ကောင်းပါတယ်။
ကချင်နဲ့ အစိုးရတို့ တိုက်ရိုတ်စကားပြောနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးဖို့နဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် သူတို့တွေ ယုံကြည်မှုကို ပထမဆုံးတည်ဆောက် နိုင်ဖို့ လိုပါတယ်။ သူတို့တွေ သဘောတူလက်မှတ်ရေးထိုးနိုင်ကြမယ်လို့ တရုပ်နိုင်ငံက ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းချမ်းရေးဟာ နှစ်ဖက်လုံးကို အကျိုးရှိစေမှာ ဖြစ်လို့ပါ။
မေး။ ။ မြန်မာပြည်သူ အများအပြားက တရုတ်နိုင်ငံဟာ စစ်အစိုးရဘက်မှာပဲ ရပ်တည်ခဲ့တယ်၊ သူတို့ဘက်မှာ မရပ် တည်ခဲ့ဘူးလို့ အရင်တုန်းက စိတ်ထဲမှာ ထင်ခဲ့ကြတယ်။ ဒါကို ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ တရုတ်နိုင်ငံ တခုထဲ မဟုတ်ပါဘူး။ ရုရှားနဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေလည်း မြန်မာကို ထောက်ပံကူညီ ခဲ့ ကြပါတယ်။ တရုတ်နိုင်ငံက စစ်အစိုးရကို ထောက်ပံ့ခဲ့တယ်။ ဒါပေမယ့် ဒါက တရုတ်နိုင်ငံဟာ စစ်အုပ်ချုပ်ရေးကို ထောက် ခံတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ပြည်သူတွေရှိတဲ့ နိုင်ငံတခုလို့ ကျနော်တို့ တွေးခဲ့ပါတယ်။ ကျနော်တို့ လမ်းတွေ၊ စက်ရုံတွေနဲ့ စိုက်ပျိုးရေး စီမံကိန်းတွေ တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒါ ပြည်သူတွေအတွက်ပါ။ စစ်တပ် အတွက် သက်သက် မဟုတ်ပါဘူး။ တကယ်လို့ နိုင်ငံအားလုံးက မြန်မာနိုင်ငံကို အထီးကျန်ဖြစ်အောင်လုပ်ထားကြမယ် ဆိုရင် ပထမဆုံး ထိခိုက်နစ်နာရမှာက ပြည်သူတွေပါ။ ဒါကြောင့် တရုတ်နိုင်ငံက စစ်အစိုးရကိုပဲ ထောက်ခံခဲ့တယ် ဆိုတာ မမှန်ပါဘူး။
မေး။ ။ မကြာသေးခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သံအမတ်ကြီး ကျပ်ငွေ ၁ သန်း လှူခဲ့ပါတယ်။ တရုတ် နိုင်ငံဟာ အရင်တုန်းက မြန်မာ ဒီမိုကရေစီ အင်အားစုတွေကို ထောက်ပံတာမျိုး မလုပ်ခဲ့ပါဘူး။ အခု ဘာဖြစ်လို့ ငွေလှုတာ ပါလဲ။
ဖြေ။ ။ အရင်တုန်းကဆိုရင် တရုတ်နိုင်ငံဟာ စကားမပြောဘဲ အလုပ်ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာ တော့ မြန်မာပြည်သူတွေနဲ့ နားလည်မှု ရယူနိုင်ဖို့ ဆက်ဆံပြောဆိုမှုတွေ ပိုပြီးတော့လုပ်ဖို့ လိုလာပါပြီ။ ဘာမှ မပြောလဲ အလုပ်ပဲ လုပ်နေတာဟာ အခုအချိန်မှာ တရုတ်နိုင်ငံအတွက် မကောင်းတော့ပါဘူး။ ကျနော်တို့ ပြောင်းသင့်ပါပြီ။ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းကြီးတွေကို လူမှုအသိုင်းအဝိုင်းနဲ့ ပိုပြီးတော့ ဆက်ဆံပြောဆိုဖို့ ကျနော်တို့ တိုက် တွန်းနေပါတယ်။ တကယ်လို့ ပြည်သူတွေက ကျနော်တို့ ဘာတွေလုပ်နေတယ်ဆိုတာ နားမလည်ဘူး ဆိုရင်တောင်မှ တရုတ်ကုမ္ပဏီ တွေ အနေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကို လေးစားရမှာ ဖြစ်ပြီးတော့ သူတို့ကြောင့် ဖြစ်လာတဲ့ လူမှုရေး သက်ရောက်မှုတွေ အတွက် တာဝန်ယူပေးရပါမယ်။
မေး။ ။ မြန်မာနိုင်ငံမှာ တံခါးဖွင့်လိုက်ပြီးတဲ့ နောက် တခြားနိုင်ငံတွေကပါ မြန်မာနိုင်ငံကို ချဉ်းကပ်လာကြတဲ့ အတွက် တရုတ်နိုင်ငံရဲ့ အနေအထားမှာ အခက်အခဲတွေ တွေ့လာရတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ကျနော်ကတော့ မထင်ပါဘူး။ မြန်မာနိုင်ငံမှာ လူမှုရေး၊ စီးပွားရေး အလျှင်အမြန်တိုးတက် ဖွံ့ဖြိုးလာတာ တရုတ် နိုင်ငံအတွက် ကောင်းပါတယ်။ ဒီလို တိုးတက်လာခြင်းက နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အခွင့် အလမ်းတွေ ပေးပါလိမ့်မယ်။ အခွင့်အလမ်းသစ်တွေ နဲ့ အတူ စိန်ခေါ်မှု အသစ်တွေလည်း ရှိလာပါလိမ့်မယ်။