အရင်နဲ့ မတူအောင် ဆောင်ရွက်နေတယ် ဆိုတဲ့ သံအမတ်ကြီး

လင်းသန့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းလောက်ရှိရာမှာ နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်ပြီး တရားဝင် အလုပ်သမားများအဖြစ် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးပြီးသူ ၁ သန်း ၇ သိန်း လောက် ရှိပါတယ်။

ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်း ၄ နှစ်သာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရပြီး ၄ နှစ် ကျော်သူတွေဟာ မိခင်နိုင်ငံကို ပြန်ပြီး ၃ နှစ်ကြာ နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံကို ပြန်လည်လာရောက် အလုပ်လုပ်ခွင့် ရှိပါတယ်။

ဒါကြောင့် ဗီဇာ သက်တမ်း ၄ နှစ် ကျော်နေပြီး မြန်မာပြည်မပြန်ဘဲ ထိုင်းမှာပဲ ဆက်အလုပ်လုပ်လိုတဲ့ မြန်မာ အလုပ်သမား တွေ အခက်အခဲဖြစ်နေကြပါတယ်။ ဒီလို အခက်အခဲ တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဆောင် ရွက်ပေးနေတဲ့ အခြေအနေတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းကို ဧရာဝတီ သတင်းထောက် လင်းသန့် က ဆက်သွယ် မေးမြန်းထားပါတယ်။ ဦးတင်ဝင်း ဟာ ၂၀၁၂ ခုနှစ် မေလကုန်ပိုင်း က စတင်ပြီး သံအမတ် တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။

မေး။     ။ ထိုင်း လဝက ဥပဒေအရ ဗီဇာ သက်တမ်း ၄ နှစ်ကျော်ရင် မြန်မာပြည် မဖြစ်မနေ ပြန်ရမယ့် ထိုင်းရောက် မြန်မာ အလုပ်သမားတွေက ထိုင်းမှာ ဆက်ပြီး နေထိုင်အလုပ်လုပ်ချင်နေကြတယ်။ အဲဒီကိစ္စကို မြန်မာသံရုံးဘက်က ဘယ်လို အကူ အညီတွေ ပေးဖို့ ရှိပါသလဲ။

ဖြေ။     ။ အဲဒါကို ကျနော် ဒီမှာ ညှိနှိုင်းထားတာ ရှိတယ်။ အကြမ်းဖျင်း ပြန်စရာမလိုဘဲနဲ့ သက်တမ်းတိုးနိုင်အောင် လုပ်ထား တယ်။ အဲဒါကို အခြေခံပြီး ကျနော်တို့ သံရုံးကနေပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ကျနော် တင်ပြထားတယ်။ အလုပ်သမားဝန်ကြီးရုံးက သဘောတူတယ်။ သမ္မတရုံးကလည်း သဘောတူတယ်။ မကြာမီပေါ့ ကျနော်တို့သံရုံးကနေ ထုတ် ပေးမယ်။ အဲဒါကို ကျနော်တို့ တရားဝင်စာရတာနဲ့ သတင်းထုတ်ပြန်ပေးမယ်။ သဘောကတော့ ပတ်စ်ပို့ လာလုပ်လို့ရပြီ။ ဗီဇာ သက်တမ်းတိုးဖို့ကို ဘန်ကောက်သံရုံးမှာပဲ လုပ်ပေးလိုက်မယ်။ ၂ နှစ်ပေါ့နော်။ ၄ နှစ်ပြည့်လို့ ပြန်ရမယ်ဆိုတဲ့ လူတွေ အတွက် အဓိက ရည်ရွယ်ပြီး လုပ်မှာပေါ့ဗျာ။ ပြီးတော့မှ သူတို့က Work Permit ဆက်လုပ်ပေါ့။ သူတို့ အလုပ်လုပ်တဲ့ နေရာသွားလုပ်ရမှာပေါ့။ အဲဒါတွေလည်း ထိုင်းဘက်နဲ့ ညှိနှိုင်းပြီး Work Permit ရအောင်အထိပါ ဆက်ပြီး စီစဉ်ပေးဖို့ ရှိပါတယ်။

မေး။     ။ ဗီဇာ သက်တမ်းတိုးရေး ကိစ္စ အပါအဝင် ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေ အလုပ်သမား ရပိုင်ခွင့်နဲ့ တခြား အလုပ်သမား ပြဿနာတွေကိုရော သံအမတ်ကြီးတို့ ဘယ်လို ဖြေရှင်းပေးနေပါလဲ။

ဖြေ။     ။ ကျနော်တို့ ထိုင်းဘက်နဲ့ ဆွေးနွေးတဲ့ အခါတိုင်း မြန်မာအလုပ်သမားတွေ နစ်နာရတာ၊ အခွင့်အရေး ဆုံးရှုံး နေရ တာ၊ စတဲ့ဟာတွေကို အမြဲဆွေးနွေးဖြစ်ကြတယ်။ အခု လာမယ့် စက်တင်ဘာလ ၅ ရက်ဆိုရင် ကျနော်တို့ ဟိုဘက် ဒီဘက် Technical Meeting (လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆွေးနွေးပွဲ) လုပ်ဖို့ ရှိတယ်။ ကျနော်တို့ အခုနောက်ပိုင်း သံရုံးက သွားတဲ့ ပုံစံကတော့ အလုပ်သမားတွေအတွက် တကယ့်ကို အကျိုးရှိအောင်၊ အသက်သာဆုံး ဖြစ်အောင် နည်းလမ်းတွေကိုရှာထား တယ်။ ခါတိုင်းပုံစံနဲ့ မတူအောင်ပေါ့။

မေး။     ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ မြန်မာအလုပ်သမား အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ မြန်မာ သံရုံးတွေက ကူညီမှု မရှိကြဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြတယ်။ အခုနောက်ပိုင်း မြန်မာသံရုံး ဘက်က အကူ အညီ ပေးလာတာတွေ ရှိလာတယ်လို့လည်း ပြောကြတယ်။ ဒီတော့ သံအမတ်ကြီးတို့အနေနဲ့ ဒီလို ကူညီပေးတဲ့ အခါ ဘယ် လို အခက်အခဲတွေ ကြုံတွေ့ရလဲ။

ဖြေ။     ။ ဒီကိစ္စမှာ သမ္မတကြီးက အထူးတာဝန် ပေးထားတယ်။ အလုပ်သမားတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ပေါ့။ ဒီ မှာက သန်းနဲ့ချီ ရှိတာကိုး။ ဟိုဘက်မှာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမှာ မူအားဖြင့်တော့ သူတို့က ကူညီပါတယ်။ ပူးပေါင်းဆောင်ရွက် ပေးပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် ကျနော်တို့ ပတ်စ်ပို့ ၁ သန်း ၇ သိန်း နီးပါး ထုတ်ပေးပြီး ပါပြီ။ ၁ သန်း ၆ သိန်း ၇ သောင်းပေါ့။ အဲဒီလောက်အထိ ထုတ်ပေးပြီးသွားပြီ။ အဲဒီအထဲကမှ အခု ၄ သိန်း က သက်တမ်း ကုန်တဲ့ ဟာတွေ၊ သူတို့တွေအတွက် အမြန် ပြန်ထုတ်ပေးဖို့ လုပ်နေတာပေါ့။ ဆိုတော့ ဒီမှာ အခက်အခဲ ဆိုတာတွေကတော့ သူ့နိုင်ငံမှာ သူ့ဥပဒေ သူ့စည်းမျည်းနဲ့ လိုက်နာရသလိုပေါ့။ သူတို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရတဲ့အခါမှာ စိတ် တိုင်း ကျတော့ မဖြစ်ဘူးပေါ့။ အဓိကတော့ အလုပ်သမားတွေအတွက် တရားဝင်အောင်၊ အခွင့်အရေးတွေ မဆုံးရှုံးရအောင် ရည်မှန်းချက်ထားပြီး လုပ်ရတာပေါ့။ စိတ်တိုင်းကျတော့ မဖြစ်ဘူး၊ ဆွေးနွေးရတာက ထိုင်း နိုင်ငံဘက်က DOE (Department of Employment) ခေါ်တာပေါ့။ အလုပ်သမား ဌာနပေါ့။ တချို့ဟာတွေ သူတို့နဲ့ ပြောတိုင်း မအောင်မြင် ဘူး ပေါ့။

မေး။     ။ မြန်မာအလုပ်သမားတွေ ထိုင်းအလုပ်ရှင်နဲ့ ပြဿနာဖြစ်တာ၊ တချို့ ညှဉ်းဆဲ သတ်ဖြတ်ခံရတာ၊ တချို့ အမှုအခင်း ဖြစ်တာမျိုးတွေမှာ ထိုင်းနိုင်ငံဘက်က မှေးမှိန်အောင် လုပ်ပစ်တာမျိုးတွေ ရှိခဲ့တယ်။ အခု သံအမတ်ကြီးတို့ ကူညီ ပေး တယ်ဆိုတော့ ဒါမျိုးတွေမှာရော ဘယ်လို တိုးတက်မှုတွေ ရှိလာသလဲ။

ဖြေ။     ။ အခုကျတော့ ဖြစ်တာနဲ့ ချက်ချင်းပေါ့၊ ရဲစခန်းမှာ အမှုဖွင့်ခိုင်းတယ်။ ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကူညီတယ်။ ကျနော်တို့ အစည်းအဝေးတွေမှာ ဒါတွေ ထည့်ပြောတာပေါ့။ ဒါမျိုးတွေဖြစ်တယ်။ တရားဥပဒေ စိုးမိုးနိုင် အောင် ဖြစ်စဉ်လေးတွေနဲ့ ပြောရတာပေါ့။ လုပ်ငန်းခွင်တွေမှာ ဥပဒေ ချိုးဖောက်မှုတွေ ရှိပါတယ်။ တရားဥပဒေ စိုးမိုးမှု အရမ်းနည်းတာပေါ့။ ဒီလိုအောက်ခြေမှာ တကယ်တမ်းဖြစ်နေတာကိုက သဘာဝလို့ ပြောလို့ရတာပေါ့။ ဒါကြောင့် ဒီလိုနေရာ တွေ မှာလည်း တရားဥပဒေ စိုးမိုးအောင် အမြဲတမ်းပြောဆို တိုက်တွန်း နေရတာပါ။

မေး။     ။ အရင်က မြန်မာအလုပ်သမားတွေမှာ အားကိုးရာ မဲ့ခဲ့ကြတယ်လို့ ပြောဆိုခဲ့ကြတယ်။ အခု မြန်မာသံရုံး ဘက်က ကူညီပေးနေမှုတွေ ရှိလာတာကို သူတို့လည်း အားတက်ကြတယ် ပြောတယ်။ ဒီဟာကိုရော သံအမတ်ကြီးတို့ ဘက်က ဘယ်လို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။     ။ ကျနော်တို့ဘက်က ပြဿနာ တခုခုဖြစ်လာတာနဲ့ ခုနက ပြောခဲ့သလို ရဲစခန်းမှာ အမှုဖွင့်၊ ဒါကို ဖော်ထုတ်၊ ပြီး တော့ ကျနော်က (ထိုင်း)အာဏာပိုင်တွေနဲ့ ပြောမယ်၊ ဒီလိုဖြစ်စဉ်တွေကို ရှင်းပြတာပေါ့။ အောက်ခြေမှာကျတော့ တရားဥပဒေ မစိုးမိုးတာတွေက ပြောရရင်တော့ အများကြီး ရှိတာပေါ့ဗျာ။ အဲဒါတွေမှာလည်း စိုးမိုးနိုင်အောင် လက်တွေ့ ကျနိုင်တဲ့ နည်း လမ်းတွေ ရှာပြီး လုပ်ရတာပေါ့။ နောင်ကျလည်း ဒါတွေဆက်ပြီး လုပ်ရဦးမှာပေါ့။ လူတွေက ဒီမှာ သန်းချီပြီး ရှိတဲ့အခါကျတော့ ကိစ္စတွေ မြောက်များစွာ ရှိတာပေါ့ဗျာ။ ကျနော့် ဖုန်းမှာလည်း တနေ့ ၅ ခါ၊ ၆ ခါ ကလေးတွေဆီက လာနေတာ။ ညဉ့်နက်၊ သန်းခေါင်လည်း လာတာပဲ။ နေ့စဉ် ဒီလိုပဲ ဖြေရှင်း ပေးနေရတာပေါ့။

မေး။     ။ အခု ထိုင်းနိုင်ငံမှာ တရားမဝင်ဖြစ်နေသေးတဲ့၊ အထောက်အထား မရှိသေးတဲ့ မြန်မာအလုပ်သမားတွေ အတွက် ဘယ်လို လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။     ။ အဓိက ကတော့ ဒီမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာအလုပ်သမားတွေကို ကလေးတွေကအစ တဦးတယောက် မကျန်၊ တရားမဝင်ဖြစ်နေသူတွေ တရားဝင် အထောက်အထားတွေ ပြည့်ပြည့်၀၀ရအောင် အဓိကထားပြီး ကျနော်တို့ ဆောင်ရွက် ပေး တယ်။ အဲဒီအပေါ်မှာ အကျိုးဆက်တွေကျတော့ သူတို့ အခွင့်အရေး အပြည့်အ၀ ရသွားမယ်။ လူမှုဖူလုံရေးလို ဟာမျိုးတွေ ရမယ်။ ကလေး ပညာရေးဆိုတာမျိုးတွေ။ ဒါမျိုး သူတို့ ခံစားခွင့်တွေရသွားမယ်။ တဖက်မှာလည်း မြန်မာ သံရုံးနဲ့ မြန်မာ အာဏာပိုင်တွေက ကလေးတွေရဲ့ ပညာရေး ကိစ္စတွေအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကလေးတွေအတွက် မြေတောင် မြှောက်ပေး ရတာတွေ ရှိတယ်။ သို့သော်လည်း အားရတဲ့ အပိုင်းတော့ မရှိသေးဘူး။ လုပ်စရာတွေက အများကြီး ရှိတယ်။

မေး။     ။ မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေ အထောက်အထား လက်မှတ်ရရေး အတွက်လည်း သံအမတ်ကြီး တို့ ဘက်က ဘယ်လောက်အထိ လုပ်ပေး ထားနိုင်ပြီးလဲ။

ဖြေ။     ။ ကလေးတွေကို တရားဝင် အထောက်အထား ရဖို့တွေလည်း ကျနော်တို့ကလုပ်ပေးနေတယ်။ အခုဟာက လုပ် ပေး ထားတဲ့ အရေအတွက်က နည်းသေးတယ်။ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ပြောရရင် အချိတ်အဆက် မမိကြသေး လို့ပါ။ ကလေးတွေ ပညာသင်တဲ့အရွယ်မှာ ပညာသင်နိုင်အောင်၊ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်နိုင်အောင် ဒါမျိုးတွေက ဆက်ပြီး လုပ်စရာတွေက အများကြီး ရှိသေးတာကိုး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading