ဩဂုတ်လ ၂၄ ရက် ည စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် တဖန်ပြန်လည် ဖြစ်ပွားလာခဲ့သော ဘာသာရေးခွဲခြားမှု အကြောင်းပြုပြီး မီးရှို့ဖျက်ဆီးခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တာနား၏ မိတ္ထီလာခရီးစဉ်အတွင်း ကားကို ဝိုင်း၍ ထုရိုက်ခံရအပြီး ၄ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသည် မြန်မာနိုင်ငံအတွက် လွန်စွာ မျက်နှာပျက်စရာဖြစ်ပြီး ၂၀၁၂ မေလ ရခိုင်ပြည်တွင် စတင်ဖြစ်ပွားခဲ့ကာ အလျင်အမြန် ပြန့်ပွားလာနေခဲ့သော လူမျိုးရေး ဘာသာရေး ခွဲခြားမှု အကြမ်းဖက် တိုက်ခိုက်ခြင်းများကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိကြောင်းနှင့် အဆိုပါကိစ္စကို အရေးယူ ကိုင်တွယ်နေသည့် ကုလသမဂ္ဂ သံတမန်၏ လုံခြုံရေးအပေါ် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများအရ လိုက်နာစောင့်ထိန်းရမည်ကို အလေးအနက် မရှိကြောင်း ပြသနေပေသည်။
ကောက်ရိုးမီးကဲ့သို့ ခဏ တောက်လောင်ပြီး ပြန်ငြိမ်းသွားတတ်သော အကြမ်းဖက် တိုက်ခိုက်ခြင်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ မကြာခဏ ထုတ်ပြန်ကြေညာသလို အခြေအနေမှာ အေးချမ်း တည်ငြိမ်သွားပြီ ဆိုသည်မှာ မဟုတ်ဟု ယခုဖြစ်ရပ်များက သက်သေဖြစ်သည်။
အမှန်မှာ မီးခဲပြာဖုံးသကဲ့သို့သာဖြစ်နေပြီး အမုန်းတရား လေပင့်ပေးပါက အဓိကရုဏ်းမီး အချိန်မရွေး ထ တောက်လောင် နိုင်ကာ လောင်ပြီဆိုလျင်လည်း အချိန်မီ မငြှိမ်းသတ်တော့ပေ။
ပိုဆိုးရွားသည်မှာ သမ္မတဦးသိန်းစိန်က ဘာသာရေး လူမျိုးရေးခွဲခြားနှိမ်ချမှုများကို လက်မခံဘဲ အရေးယူသွားမည်ဟု မိန့်ခွန်းများ ခြွေနေသော်ငြား သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေညာချက်များသည်ကား အဓိကရုဏ်း မီးကို လေပင့်ပေးနေသော မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူနှင့် ၎င်းဦးစီးဦးဆောင်ပြုနေသည့် ၉၆၉ အဖွဲ့ကိုပင် ထောက်ခံ ကာကွယ်နေခြင်းပင်။ ယင်းသည် သမ္မတ၏ သဘောထားလော၊ သို့မဟုတ် သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့် ရှိသူတို့က ဘောင်ကျော် လုပ်ဆောင်ခြင်းလော။
အကယ်၍ အဓိကရုဏ်းမီးကို လေပင့်ပေးနေသူများအား လွှတ်ပေးထားခြင်းသည် သမ္မတ၏ သဘောထား ဆိုလျှင် သမ္မတဦးသိန်းစိန် ရိုးသားသန့်ရှင်းသည်ဟု ဂုဏ်သတင်းမွှေးခဲ့ခြင်းသည် ဖန်တီးချက်တခု ဖြစ်သွားပေသည်။ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့က ဘောင်ကျော်လုပ်ဆောင်ခြင်း ဆိုလျှင် သမ္မတဦးသိန်းစိန် တုံးလွန်း အ လွန်းသည်ဟု ပြောစရာဖြစ်မည်။ မည်သို့ပင်ဖြစ်စေ သမ္မတရုံးနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့၏ လက်ရှိ သဘောထားများမှာ ပြဿနာ မီးမွှေးထားခြင်းကို လိုလားသည်ဟုပင် ကောက်ချက်ချနိုင်သည်။
ထိုကောက်ချက်သို့ ရောက်ရန် မစ္စတာကင်တားနား ကားတန်း ခြိမ်းခြောက်ခံရမှုအပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်၏ သဘောထား မှတ်ချက်များက ပို၍ တွန်းအားပေးခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ကားကို လူအုပ်က ဝိုင်းဝန်း ရိုက်ပုတ်ကြသည်ကိုပင် အန္တရာယ်မရှိဟု နိုင်ငံတကာ သံတမန်ရေး အတွေ့အကြုံရှိဖူးသူ တယောက်အနေဖြင့် ပြောဆိုရန် မသင့်ပေ။ သမ္မတ ဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ်များတွင် ကန့်ကွက်ဆန္ဒပြသူများအား သက်ဆိုင်ရာနိုင်ငံများ၏ လုံခြုံရေး ရဲတပ်ဖွဲ့များက ကားတန်းအနီး ပေး အကပ်ခံဖူးသလော ဟူသည်ကို ဦးရဲထွဋ်က ပိုသိပေမည်။
ချုပ်လျှင် ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများ၏ ပုဂ္ဂလိက ခံစားချက်နှင့် အမြင်သဘောထားများသည် အစိုးရ၏ တရားဝင် မူဝါဒများကို ကျော်လွန်ဖုံးအုပ်လာပြီး အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများကို ပြီးပြီးရော ပေါ့ပေါ့တန်တန် သဘောထားနေကြသည်။ လူ့အခွင့်အရေး၊ သံတမန်ရေး စည်းမျဉ်းစည်းကမ်းများကို လေးစား အသိအမှတ်ပြုရန်ပင် မစွမ်းဆောင်နိုင် ဖြစ်လာနေခဲ့သည်ကို ထောက်ရှု၍ ရှေ့ဆက် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး မည်သို့ လုပ်ဆောင် ဦးမည်နည်းဟု သံသယ ကြီးစွာ ဖြစ်ရသည်။
ယခုအတိုင်း ပြဿနာကို ဆက်လက်ကိုင်တွယ်နေမည်ဆိုလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စားပွဲသို့ မြန်မာအရေး ပြန်လည်ရောက်ရှိပြီး မျက်နှာကောင်း ရရှိထားခြင်းများ ပျောက်ဆုံးကာ ယခင်ကအတိုင်း မျက်နှာပျက်စရာ ပြန်ဖြစ်လာ ပေလိမ့်မည်။ မနေ့ကပင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လက်ကမ်းကြိုခဲ့သည့် အမေရိကန် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ မွတ်စလင် ဆန့်ကျင်ရေး လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို အထူး သတိထား စောင့်ကြည့်ရမည့်သူများ (SDN) စာရင်းတွင် ထားရှိရန် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ဆိုင်ရာ ကော်မရှင် အစီရင်ခံစာက တိုက်တွန်းနှိုးဆော်ခဲ့သည်ကို သတိမူသင့်ပေကြောင်း။