သူရ ဦးရွှေမန်း နာယက အဖြစ် ဆောင်ရွက်နေသော ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ အခြေခံဥပဒေကို အပြီး လေ့လာ သုံးသပ်တော့မည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ လတ်တလော အစိုးရနှင့် လွှတ်တော်အကြား၊ တပ်မတော် ကိုယ်စားလှယ်များ နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီလွှတ်တော်ကိုယ်စားလှယ်များ အကြား အဆင်မပြေမှု များရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု အပေါ် သက်ရောက်မှု ရှိနိုင်ခြေ များနှင့်စပ်လျဉ်းပြီး ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ(ကျားဖြူ)မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန် ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့နေရာမှာ လွှတ်တော်က မပေါက်ကြားစေရန် လျှို့ဝှက်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားချက် ပါဝင်လာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်တယ်ဆိုတာက ပြည်သူ အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူးလား။
ဖြေ။ ။ တချို့ကိစ္စတွေက လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ရမှာလေ။ လွှတ်တော်ကော်မတီတွေမှာ ဆွေးနွေးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရတယ်။ ကော်မတီထဲမှာ ဆွေးနွေးတဲ့ဟာတွေကို အပြင်ကို မပေါက်ကြားရဘူးလို့ လွှတ်တော် ဥပဒေတွေမှာ ရှိပြီးသား။ ကော်မတီထဲမှာ ဘယ်သူက ဘယ်လိုရပ်တည်တယ်၊ ဘာပြောတယ်ဆိုတာ အပြင်မှာ မပြောရဘူးဆိုပြီး ပြဋ္ဌာန်းထားတယ်။ အဓိပ္ပာယ်က ဘာကိုရည်ရွယ်တာလဲဆိုတော့ ကော်မတီထဲမှာ ဆွေးနွေးကြတဲ့ ကိစ္စတွေက ကော်မတီဝင်တွေအကြား လွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်အောင် အကာအကွယ်ပေးထားတာ။ တချို့ကိစ္စ တွေက မိမိရဲ့သဘောထား ကို လူသိရှင်ကြားပြောဖို့ ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ရှိတယ်။ ဥပမာဆိုကြပါစို့။ မျိုးစောင့်ဥပဒေ လိုဟာမျိုး။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အများကြီး ပတ်သက်နေတဲ့ သမ္မတ ရွေးချယ်ရေး နဲ့ ပတ်သက်တဲ့ အရည်အချင်း သတ်မှတ်တဲ့ကိစ္စ လိုဟာမျိုးတွေနဲ့ပတ်သက်လို့ ကော်မတီထဲမှာ ဘယ်သူက ဘယ်လို ပြောတယ် ဆိုတာမျိုး ထုတ်ပြီးပြောရင် ပေါက်ကြားရင် မကောင်းတဲ့ ဂယက်တွေရိုက်မှာစိုးလို့။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကျမှ လျှို့ဝှက်ရမယ်ဆိုပြီး သတ်မှတ်တာမဟုတ်ဘူး။ ကျနော်တို့ အရင် ကော်မတီမှာ အဲဒီစည်းကမ်းက ရှိပြီးသားပဲ။ ဘယ်လို ပြဿနာတွေ ကို ဆွေးနွေးတယ်ဆိုတာတော့ သိရမှာပေါ့။ ဘယ်အခြေအနေ ရောက်နေပြီဆိုတာတော့ သိခွင့်ရမှာပါ။ ဘယ်သူက ဘယ်လိုရပ်တည်နေသလဲဆိုတာမျိုးတော့ အဲလိုမျိုးတော့ ပြောလို့မရဘူး၊ သိခွင့်မရနိုင်ဘူးပေါ့။
မေး။ ။ တကယ်လို့ လျှို့ဝှက်ထားတဲ့ ဆွေးနွေးချက်တွေ ပေါက်ကြားသွားရင် ဘာတွေဖြစ်မလဲ။
ဖြေ။ ။ လွှတ်တော် ဥပဒေ တွေအရ အရေးယူမှာပေါ့။ လျှို့ဝှက်ချက်ပေါက်ကြားတယ်ဆိုရင် ကော်မတီဝင်အဖြစ်က ထုတ်ပစ်မလားတော့မသိဘူး။ အဲဒါလည်း စည်းကမ်းချက် ဘယ်လိုသတ်မှတ်မလဲတော့မသိဘူး။ ကော်မတီဝင်အဖြစ် ရပ်စဲတာမျိုးလောက်ပဲရှိမှာပါ။
မေး။ ။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေက စုံစမ်း ဖော်ထုတ် ရေးသားမယ်ဆိုရင်ကော။ လွှတ်တော်ကိုယ်စားလှယ် တဦးဦးဆီက သတင်းအချက်အလက်တွေရလို့ ထုတ်ဖော်ပြီး ရေးလိုက်မယ်ဆိုရင်ကော ဘယ်လိုအရေးယူမှုတွေရှိနိုင်မလဲ။
ဖြေ။ ။ မရေးသင့်ဘူးပေါ့ဗျာ။ မှန်းပြီး ရေးမယ်ဆိုရင်တော့ ရတာပေါ့။ ကော်မတီဘက်က ဘယ်သူ့ဆီက ပေါက်ကြား တယ်ဆိုတာ ရှာလိမ့်မယ်ထင်တယ်။ ရေးတဲ့မီဒီယာတွေအနေနဲ့ကတော့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့ဘာတို့နဲ့ တော့ သွားငြိမယ် ထင်တယ်။ လွှတ်တော်ထဲမှာ ရောက်လာတဲ့ စာရွက်စာတမ်းတွေထဲက မီဒီယာတွေသိသင့်တဲ့ ကိစ္စမျိုးဆိုရင် ခင်ဗျားတို့ ဆီပို့တဲ့အခါမှာ လျှို့ဝှက်တို့ ဘာတို့ ရေးထားရင် ကျနော်က မပေးရဲဘူး။ လျှို့ဝှက်တို့ ဘာတို့ မရေးထားရင်တော့ ကျနော်ပို့ပေးတယ်။ ဒါကလည်း လွှတ်တော်ဥပဒေတွေထဲမှာ လွှတ်တော်တွင်း ဖြန့်ဝေသည့် စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး အရေးယူ ပိုင်ခွင့်မရှိဆိုတဲ့ ဥပဒေရှိလို့ ကျနော် လုပ်ရဲတာ။ ဒါပေမယ့် လျှို့ဝှက်လို့ ရေးထားရင် ကျနော်လည်း မပေးရဲဘူး။
မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်သုံးသပ်တာကို ၄ လအတွင်းမှာ အပြီးလုပ်နိုင်ပါ့မလား။ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့အတွက် ပြင်ဆင်ချင်တဲ့ ပြဋ္ဌာန်းချက်တွေ သေသေချာချာ သုံးသပ်မှုတွေလုပ်နိုင်ပါ့မလား။ နောက်ပြီး တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစု အားလုံးလိုလားတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အထိ ပြင်ဆင်နိုင်ပါ့မလား။
ဖြေ။ ။ ပြင်တယ်ဆိုတာက အားလုံးက တသဘောတည်း ဖြစ်တယ်ဆိုရင် မြန်မှာပေါ့။ အားလုံးဆိုတာက အဓိကကျတဲ့ တပ်မတော်ရယ်၊ ပြည်ခိုင်ဖြိုးပါတီရယ်၊ သမ္မတနဲ့ အစိုးရအဖွဲ့ တွေပေါ့။ သမ္မတက လွှတ်တော်ထဲမှာ လာပြီး မဲပေးလို့မရပေမယ့် သြဇာရှိတယ်။ သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာရော၊ ပြည်ခိုင်ဖြိုးပါတီက ခေါင်းဆောင်ပိုင်းအချို့ပေါ်မှာရော သြဇာရှိတယ်။ ဦးရွှေမန်းလည်း ပြောထားပြီးသားပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းကလည်း သဘောတူဖို့ လိုတယ်ဆိုတာက လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေ၊ တပ်မတော်က လွှတ်တော်အမတ်တွေက သဘောပေါက်ဖို့၊ သဘောတူဖို့လိုတယ်ဆိုတာပြောတာပဲ။ တချို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို တကယ်တန်းပြင်မယ်ဆိုရင် ၃ လဆိုရင် ရတယ်ဆိုတာ ပြောနေကြတယ်။ အားလုံးက ဒါကို ပြင်ရမယ်ဆိုပြီး နားလည်ပြီး သဘောတူကြရင်တော့ ၃ လဆိုတာက ဖြစ်နိုင်တာပေါ့။ အခုက အဲလို သဘောတူ နေကြတာ မဟုတ်ဘူး။ တယောက်နဲ့ တယောက်က အမြင်မတူကြဘူး။ ဟိုဘက်က ဒါက ဒီမိုကရေစီမကျဘူး မြင်ပေမယ့် အခြားဘက်က အမျိုးသား အကျိုးစီးပွားရှိရမယ်ဆိုတာ မြင်တယ်။ အဲဒါတွေ နားလည်အောင် အချိန်တခုကို ယူ။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရမယ်။ ဥပမာဆိုကြပါစို့။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်သွားဖို့ဆိုတာက ဒီအချိန်မှာ ဘယ်လိုမှ မရနိုင်ဘူး။ ဒီတခေါက်မှာလည်း လုပ်လို့မရနိုင်သေးဘူး။ အဲဒါရနိုင် ဖို့ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်၊ တိုင်းရင်းသားဒေသတွေကလည်း ဖွံ့ဖြိုးုတိုးတက်ပြီး ခွဲထွက်ချင်တဲ့စိတ် မရှိတော့မှ၊ ပြည်တွင်းစစ်ကလည်း မရှိတော့ဘူးဆိုတော့မှ တပ်မတော်သားတွေကလည်း လွှတ်တော်ထဲက ထွက်ဖို့ ခေါင်းငြိမ့်မှာပေါ့။ အချိန်လုံလောက်အောင် ပေးဖို့ လိုတယ်။ အခု မြန်မြန်ဆန်ဆန်ကြီးလုပ်ဖို့ တဖက်က ဖိအား ပေးနေတယ်။ ၃ လနဲ့ လုပ်လို့ရတယ်ဆိုပြီးပြောနေတယ်။ လွှတ်တော်ထဲမှာ မြင်နေရတဲ့ အခြေအနေတွေအရ တချို့ကိစ္စတွေက ပြင်ဖို့ တော်တော်ကို မလွယ်ဘူး။
မေး။ ။ တပ်မတော်ကိုယ်စားလှယ် နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေအကြားမှာလည်း အဆင်မပြေမှုတွေရှိနေတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အလားအလာ ဘယ်လိုဖြစ်မလဲ။
ဖြေ။ ။ အဲဒါကြောင့်မို့ အချိန်ယူရမယ်လို့ပြောတာ။ ဘုံအကျိုးစီးပွားတွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရဖို့ အချို့ကိစ္စတွေ လျော့ပေးတာမျိုး။ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဥပဒေ ပြင်ဆင်မှုတွေ ဖြစ်လာဖို့ တော့ မျှော်လင့်လို့ရပါတယ်။ နောက်တခုက အုပ်ချုပ်ရေးယန္တရားမှာ မြို့နယ်၊ ခရိုင်တာဝန်ခံတွေကို ပြည်သူ လူထုက ရွေးကောက်တင်မြှောက်တာမျိုးတွေ စနစ်ကို ပိုကောင်းအောင် လုပ်ပေးနိုင်တော့ အဲဒါမျိုးတွေတော့ ပြင်ကောင်း ပြင်နိုင်တာပေါ့။
မေး။ ။ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်အကြားမှာ ပဋိပက္ခ အသွင်ဆောင်တာတွေရှိနေတော့ အဲဒီအသွင်ဆောင်မှုကရော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု အပေါ်မှာဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ။
ဖြေ။ ။ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်ကြားက ပဋိပက္ခက သက်ရောက်မှု ရှိနိုင်တာပေါ့။ တချို့ကိစ္စလေးတွေက သူတို့အချင်းချင်း ညီညွတ်မှုပြီးတော့ အပြန်အလှန်နားလည်မှုရှိပြီးတော့ ဒါကတော့ ကျနော်တို့ တိုင်းပြည်အနာဂတ် အတွက် ဒါ ပြင်သင့်ဖို့ သင့်ပါတယ်ဆိုပြီး စကားပြောလိုက်ရင် အဆင်ပြေ နိုင်တဲ့ကိစ္စက အဲဒီလို ပဋိပက္ခက ရှိနေတော့ မပြေလည်နိုင်ဘူးပေါ့။ နောက်ပြီး ဦးသိန်းစိန်က တယောက်တည်း မဟုတ်ဘူး။ သူ့ဘက်မှာလည်း သူ့အုပ်စုနဲ့ ရှိနေတဲ့အခါကျတော့ ပုဂ္ဂိုလ်ရေး ပဲဖြစ်ဖြစ်၊ သူက ဖြူတယ်ဆိုရင် ကိုယ်က မည်းတယ်ဆိုတဲ့ အစွဲတွေနဲ့ ချည်းကပ်မှုမျိုးတွေနဲ့ တိုင်းပြည်အတွက် မကောင်းနိုင်ဘူး။ အဲလိုဟာမျိုးတွေက မမျှော်လင့်တဲ့နေရာမှာ ရှိလာနိုင်တယ်။
မေး။ ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်မှုက သိပ်မတော့အများကြီးမျှော်လင့်လို့မရဘူးလို့ ပြောချင်တာလား။
ဖြေ။ ။ ဟုတ်တယ်။ မျှတတဲ့ ချည်းကပ်မှုမျိုးနဲ့ လုပ်ရင်တော့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မျှော်လင့်နိုင်တယ်။ မျှတတဲ့ချည်းကပ်မှု ရှိဖို့လိုတယ်။ အပြင်မှာလည်း ဖက်ဒရယ်စစ်စစ်ဆိုလို့ရှိရင် ရှစ်ပြည်ထောင်စု ဖြစ်ရမယ်။ ကိုယ်ပိုင်တပ်နဲ့ ကိုယ်ပိုင်ရဲတပ်ဖွဲ့နဲ့ဖြစ်ရမယ်တို့ အဲလိုမျိုးတွေ ပြောလို့ ဆိုလို့ရပြီဆိုပြီး ဇွတ်အတင်းပြောရင် ပိုပြီးဝေးသွားမှလည်း စိုးတယ်။ ဘာမှ မရ မှာလည်း စိုးတယ်။ လက်တွေ့နိုင်ငံရေးကို သိတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ နှစ်ဖက်လုံးက ယုံကြည်မှုရတဲ့ ပုဂ္ဂိုလ်တွေက တဖက်နဲ့ တဖက် နားလည်အောင်ပြောရင်ရတယ်။ သမ္မတနဲ့ လွှတ်တော်ကြားမှာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြဿနာ သိပ်မရှိဘူး ထင်တယ်။ ပြဿနာတော့မရှိဘူး။ သို့သော်လည်း လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့က နားလည်မှု ရှိဖို့တော့လိုတယ်။ ။