ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားပဲွဲ၊ ABSDF ရဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲ၊ အစိုးရအဖွဲ့ တွင်းက ဝန်ကြီးအပြောင်းလဲလုပ်ပွဲ၊ လွှတ်တော်တွင်းက ဥပဒေအသစ်ပြဌန်းပွဲ၊ အီဂျစ်က ဆန္ဒပြပွဲ သတင်းတွေကို ဖတ်နေတုန်း ဝင်လာတဲ့သတင်းတခုက ဒေါ်နော်အုန်းလှ အဖမ်းခံရပြန်ပြီတဲ့။
ဒေါ်နော်အုန်းလှဆိုတာ အရင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ရွေတိဂုံ စေတီတော်ပေါ်တက်ပြီး ဆုတောင်းပွဲလုပ်လို့ မကြာခဏ ဖမ်းဆီးခံရဖူးသူပေါ့။ အခုတော့ မုံရွာနယ် လက်ပံတောင်းဒေသက ကြေးနီ တောင် စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြပွဲအတွင်း ပါဝင်မှုနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
|
Facebook ပေါ်မှာ ၁၃ ရက်နေ့က သူ အဖမ်းခံရတဲ့အကြောင်း ဗီဒီယို ကလစ်ကို ကြည့်တော့ Shock ဖြစ်သွားပါတယ်။ ဒါ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၊ ဒီမိုကရေစီနစ်ဆီ ဦးတည်ချီတက်နေပြီဆိုတဲ့ မြန်မာနိုင်ငံမှ ဟုတ်ပါစ။ ရှစ်လေးလုံးငွေရတု အခမ်းအနားတွေ၊ အပစ်ရပ် လက်မှတ်ထိုးတဲ့ အခမ်းအနားတွေမှာ တွေ့ရတဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ အပြုအမူနဲ့ အခု မုံရွာက ရဲတွေရဲ့အပြုအမူ ဘာမှ မဆိုင်။ ယူနီဖောင်းဝတ်ထားတဲ့ ရဲအင်အား အများအပြားက ဒေါ်နော်အုန်းလှတို့အဖွဲ့ကို အဝတ်တွေပြဲတဲ့ အထိ ဆွဲလားရမ်းလားနဲ့ အင်အားသုံး ဖမ်းဆီးခဲ့တာကို စိတ်ပျက်ဖွယ် တွေ့လိုက်ရပါတယ်။
ဘာကြောင့် ဒီလိုလုပ်တာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲတွေမှာ ဒီလိုလုပ်ခွင့်ရှိသလား။ ဆန္ဒပြသူတွေကို ဘယ်အဖွဲ့အစည်းကမှ အကာအကွယ် မပေးကြဘူးလား။ ကျနော့် စိတ်ထဲမှာတော့ ဒီမြင်ကွင်းဟာ လွန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မဖြစ်ခင်လေးကာလက အဖမ်းဆီးနဲ့ အတူတူဖြစ်နေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီကာလက ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတဲ့ ကိုထင်ကျော်၊ လုပ်အားပေးကိစ္စပြောတဲ့ မစုစုနွေးတို့ကို စွမ်းအားရှင် ဆိုတဲ့လူတွေက ရန်ကုန်မြို့လယ်ခေါင်မှာ အခု ဒေါ်နော်အုန်းလှကို ဖမ်းသလိုမျိုး ဖမ်းသွားခဲ့တာကို ပြန်မြင်ယောင်နေမိပါတယ်။
အချိန် ၇ နှစ်ကြာပြီးတဲ့အထိ သို့မဟုတ် ရွေးကောက်ပွဲ မတိုင်မီနဲ့ အခုရွေးကောက်ပွဲပြီးလို့ ဒေါ်အောင်ဆန်းစုကြည်တောင် ပါလီမန်ထဲရောက်နေတဲ့ အချိန်ထိတောင် အစိုးရဘက်က အဖမ်းအဆီး တာဝန်ယူရသူတွေရဲ့ လုပ်ရပ်က ဘာမှမပြောင်းလဲသေးဘူးလား။ ယူနီဖောင်းမရှိဘဲ ထင်သလိုရမ်းတဲ့ စွမ်းအားရှင်နေရာမှာ ယူနီဖောင်းဝတ်ပြီး ရမ်းတဲ့ ရဲတွေက အစားထိုးလိုက်တဲ့ ပြောင်းလဲခြင်း သဘောလား။ အစိုးရနဲ့ အတိုက်ခံတချို့က အားလုံးကောင်းနေပါပြီလို့ ပြောနေတဲ့လေသံနဲ့ လက်တွေ့တကယ်ဖြစ်နေတဲ့ အခြေအနေတွေဟာ တခြားစီဖြစ်နေတယ် ဆိုတာကို ဒီဖမ်းဆီးမှုက သက်သေပြလိုက်သလိုပါပဲ။
တိုက်ဆိုင်မှုဖြစ်ချင်တော့ မုံရွာမှာ ဒေါ်နော်အုန်းလှ အဲဒီလို အဖမ်းခံနေရတဲ့သတင်း ဟိုးလေးတကျော် ဖြစ်နေစဉ်မှာ ပြည်သူ့ကိုယ်စားလှယ်တွေ ရှိနေတဲ့ ပါလီမန်ထဲမှာလည်း စစ်တပ်က လယ်သိမ်းမှုကိစ္စကို အကြီးအကျယ် ဆွေးနွေးငြင်းခုန်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြေသိမ်းတဲ့ကိစ္စ ခဏခဏ ဆွေးနွေးတာကို သူတို့ မကြိုက်ဘူးဆိုပြီး စစ်သားကိုယ်စားလှယ်က ထကန့်ကွက်တဲ့အတွက် တပ်သိမ်းလယ်ယာများ ပြန်လျှော်ပေးရေး ကိစ္စဆွေးနွေးချက်ကို ချက်ချင်းရပ်ဖို့ ပါလီမန်နာယကက အမိန့်ပေးလိုက်တယ်လို့ ဆိုပါ တယ်။ ကဲ … ဘယ်လို ပါလီမန်ကြီးလဲ။ လယ်သမားအရေးဆန္ဒပြလို့ အဖမ်းခံရသူကို လွှတ်ပေးဖို့တောင်း ဆိုရမယ့် ပါလီမန်အမတ်တွေ ကိုယ်တိုင်က လယ်သိမ်းခံရမှုကိစ္စကို ဆက်မဆွေးနွေးရဲတော့ဘူး ဆိုတော့ ဒီ ပါလီမန်ကို မြန်မာနိုင်ငံရဲ့ လူများစုဖြစ်တဲ့ လယ်သမားတွေက ဘယ်လိုလုပ် အပြည့်အ၀ ယုံကြည်ဖို့ ဖြစ်လာနိုင်တော့မလဲ။
တကယ်က ပါလီမန်အမတ်တွေတင် မကပါဘူး။ လယ်သမားအရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူတွေဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူတွေ အဖမ်းဆီးခံရတဲ့ သတင်းလောက် အလေးပေးမခံရပါ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး အဖွဲ့က မြန်မာဌာနအရာရှိ တဦးရဲ့ အဆိုအရဆိုရင် NLD အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ မှော်ဘီက ဒေါ်နော်အုန်းလှ၊ မိတ္ထီလာက ဒေါ်မြင့် မြင့်အေး အပါအဝင် လယ်သမားအရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူဦးရေ ၁၀၀ ကျော်အထိ ရှိနေပြီ လို့ သိရပါတယ်။ ဒီအတွက် နိုင်ငံရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ဘာတွေ ဆောင်ရွက်နေပါလဲ။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး သတင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလလောက် အသံမကျယ်တော့ပါဘူး။ ဘာကြောင့်လဲ။ “ခေတ်ပြောင်း” သွားလို့လား။ ဆိုလိုတာက ဒီနေ့ခေတ်ဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ရမယ့် နိုင်ငံရေးခေတ်သစ်ဖြစ်လို့ ဒီလိုဆန္ဒပြတာ၊ ထိပ်တိုက် ရင်ဆိုင်တာတွေကို အားမပေးသင့်တော့ဘူးဆိုတဲ့ သဘောတွေများလား။
ဒီမေးခွန်းကို ဖြစ်ပေါ်စေတဲ့ နောက်ခံ အချက်အလက်တွေကတော့ အခုတလော အဖမ်းခံနေရသူတွေဟာ NLD အပါအဝင် လွှတ်တော်နိုင်ငံရေးထဲ ပါဝင်နေတဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ အဖွဲ့ဝင်တွေ မဟုတ်ပါ၊ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းဝင်တွေလည်း မဟုတ်ပါ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း မဟုတ်ပါ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင်တွေလည်း မဟုတ်ဘဲ လယ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ ဒေသအလိုက် ဖွဲ့ထားတဲ့ ကွန်ရက် အဖွဲ့ငယ်လေးတွေရဲ့ အဖွ့ဲဝင်တွေ၊ လူသိ သိပ်မများတဲ့ သာမန်နိုင်ငံသားတွေသာ ဖြစ်နေတာကို တွေ့ ရပါတယ်။
ထပ်ဖြည့်ပြောရမယ်ဆိုရင် လက်ပံတောင်းဒေသဆီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရောက်လာပြီး သိမ်းဆည်းခံမြေကိစ္စ၊ စီမံကိန်းဆက်လုပ်ရေး ကိစ္စတွေ ကြားဝင်ညှိနှိုင်းပြီးတဲ့နောက် သူပြောတာကို လက်မခံဘဲ ဆက်လက် ဆန္ဒပြနေသူတွေအပေါ် Mainstream politic ခွင်ထဲကလူတွေ သဘောထား တမျိုး ပြောင်းသွားတဲ့သဘောလား။ ဒီလူတွေကို စေ့စပ်ရေးကို လက်မခံဘဲ ဆန္ဒပြဖို့ပဲ အားသန်နေသူ တွေအဖြစ် မြင်သွားကြတာလား။ သေချာတာ တခုကတော့ နိုင်ငံရေးဆိုတာ အပေးအယူ လုပ်တဲ့နည်းနဲ့ အရာအားလုံး အဆင်မပြေနိုင် သလို ဆန္ဒပြတောင်းဆိုတဲ့ နည်းနဲ့လည်း အားလုံး အဆင်မပြေနိုင်ပါဘူး။ ဒီတော့ သူသန်တဲ့နည်းသူလုပ်၊ ကိုယ်သန်တဲ့နည်း ကိုယ်လုပ်ပေါ့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အချင်းချင်းကြားမှာ ပန်းတိုင်တူနေရင် ပြီးတာပဲမဟုတ်လား။ အရေးကြီးတာက လူဦးရေ သန်း ၆၀ ရဲ့ ၇၀ ရာခိုင်နှုန်းကျာ်ရှိတဲ့ ကျေးလက်နေ တောင်သူ လယ်သမားတွေဘဝကို နိုင်ငံရေးသမားတွေ၊ ကွန်ရက်သမားတွေက ဘယ်လောက်အထိ တိုးတက်လာအောင် လုပ်ပေးနိုင်သလဲဆိုတာပဲ မဟုတ်ပါလား။
နှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတဦးမှ ထောင်ထဲမှာ မကျန်စေရပါဘူးလို့ ကတိပေးထားတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း ဒီဖမ်းဆီးမှုတွေကို အသေအချာ ဆန်းစစ်ဖို့ လိုပါတယ်။ လူတွေ ထပ်ဖမ်းတာကို ချက်ချင်း ရပ်တန့်ပြီး ဖမ်းထားတဲ့လူတွေ၊ စွဲချက် တင်ထားတဲ့လူတွေ၊ ထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွတ်ပေးမှသာ ပေးထားတဲ့ကတိ တည်ပြီး အများပြည်သူရဲ့ ယုံကြည်မှုကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။