“သည်၊ ၏” မရွေး ပညာရေးစနစ်က လွန်မြောက်ဖို့ လိုပြီ

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

ဟိုတနေ့က ကျမ အစ်မဝမ်းကွဲ တယောက် အိမ်ကို ရောက်လာပါတယ်။ သူ့သမီးလေးက သုံးတန်း တက်နေတဲ့ ကလေးပါ။ ဆရာမက သူ့သမီးကို လပတ် စာမေးပွဲမှာ စာမေးပွဲ ချလိုက်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးက ဖတ်စာ စာအုပ်ထဲက အတိုင်း ကျက်ပြီး မဖြေဘဲနဲ့ ကိုယ့်စကားနဲ့ကိုယ် နားလည်သလို ရေးပြီး ဖြေလိုက်တာကြောင့်လို့ ဆိုပါတယ်။

အစ်မက “ဆရာမရယ်…၊ ကလေးဖြေထားတာ အချက်အလက်တွေက မှန်နေတာပဲ၊ မှားမှ မမှားတာ” လို့ ပြောပါတယ်။ ဒါပေမယ့် ဆရာမက စာအုပ်ထဲက အတိုင်း တိတိကျကျဖြေမှ အမှတ်ပေးလို့ ရမှာ၊ ကလေးက “သည်” တွေကို “တယ်” တွေ လုပ်ထားတယ်လို့ ဆိုပါတယ်။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

ကလေးကလည်း စာအုပ်ထဲမှာ မှင်နီရာ ဗရပွနဲ့မို့ မျက်နှာလေးငယ်လို့။ ပြီးတော့ သူများတွေက အမှတ်တွေ အများကြီး ရနေတဲ့ အချိန်မှာ သူက စာမေးပွဲကျရတယ် ဆိုတော့ စိတ်ဓာတ်လည်း ကျနေရှာပါတယ်။ တကယ်တော့ ကလေးက စာဖတ်လည်း ဝါသနာ ပါသလို၊ စာကို သဘောပေါက်အောင် ဖတ်တတ်တဲ့ ကလေးမျိုးပါ။ စာရဲ့ အဓိပ္ပာယ်ကို သေသေချာချာ သဘောပေါက်အောင် ဖတ်ပြီးတော့မှ စာကို သူနားလည်သလို ပြန်ရေးချတတ် ပါတယ်။ အဲဒီလိုပဲ သိပ္ပံဘာသာရပ်မှာလည်း သစ်ပင်ရဲ့ အမြစ်ကို ဆွဲတာ အကောက်လေး တွေက ဖတ်စာအုပ်ထဲက ပုံနဲ့ မတူလို့ ဆိုပြီး အမှတ် မပေးပြန်ပါဘူး။ သုံးတန်း ကလေး ဆွဲတဲ့ပုံဟာ ဖတ်စာအုပ်ထဲက ပုံနဲ့တော့ ဘယ်လိုမှ တထပ်တည်း မတူနိုင်ပါဘူး။ ကျမ အစ်မ ပြောတာတွေကို နားထောင် ပြီးတော့ ကျမတို့ရဲ့ ကလေးတွေ အတွက် တော်တော်လေး ကိုမှ စိတ်မကောင်း ဖြစ်မိပါတယ်။

စာအုပ်ထဲက စာတွေကို “သည်၊ ၏” မလွဲ ဖြေဖို့ပဲ အားထုတ်နေကြတဲ့ ခေတ်က မကုန်သေးဘူးလား လို့လည်း တွေးမိပါတယ်။ ကလေးဗဟိုပြု ပညာရေး စနစ်လို့ လည်းပြောတယ်၊ စာကို အခုချိန်အထိ “သည်၊ ၏” မလွဲ ဖြေနေရ သေးတယ် ဆိုတော့ ကျမလည်း ကျမတို့ နိုင်ငံရဲ့ပညာရေး စနစ်ကို တော်တော်လေးကိုပဲ နားမလည် ဖြစ်ရပါတော့တယ်။

ပညာရေး ဆိုတာ စာအုပ်ထဲက စာကို အလွတ်ကျက်ပြီးတော့ ပြန်ချရေးတတ် ရုံမျှနဲ့တော့ ကလေးတယောက် စာတတ်ပြီ ရယ်လို့ မဆိုနိုင်ပါဘူး။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ ကျမတို့ စာတွေ သင်နေတာဟာ ပညာတတ်ချင်လို့ပါ။ ဒါပေမယ့် ရိုးသားစွာနဲ့ အမှန်ကို အမှန်တိုင်း ဝန်ခံရမယ် ဆိုရင်ဖြင့် သူငယ်တန်းကနေ ဆယ်တန်းအထိမှာ စာတွေကိုသာ ကျက်ပြီးတော့ ဖြေလာခဲ့ရတယ် ဘာစာတွေများ ခေါင်းထဲမှာ ကျန်ခဲ့ပါသလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် အနေထားပါ။ အခု တီဗီက လာတဲ့ အစီစဉ် တခုဖြစ်တဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီစဉ်မှာ အမြင့်ဆုံး ငါးတန်း သာရှိတဲ့ စာတွေကို လူကြီးတွေ မဖြေနိုင်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ပညာကို သင်တယ် ဆိုတာဟာ တကယ်တော့ ကျမတို့ဟာ ဆယ်တန်းမှာ “သည် ၏” မလွဲ ကျက်နိုင်တဲ့ အခါမှာ လိုင်း ကောင်းကောင်း ဝင်ဖို့၊ ရဖို့ ရည်ရွယ်တာ တခုတည်း မဟုတ်ပါဘူး။ ဘွဲ့သာ ရသွားတယ် အင်္ဂလိပ်စာ မပြောနဲ့ မြန်မာစာတောင် ဖြောင့်အောင် မရေးနိုင်တဲ့ သူတွေ ကျမတို့ နိုင်ငံမှာ အများကြီးပါ။ မြန်မာ့ သက်ဦးဆံပိုင် ဘုရင်စံနစ်ရဲ့ ကုန်းဘောင် နောက်ဆုံးမင်းဆက် သီပေါမင်းကို မသိတဲ့သူတွေ၊ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုတောင်မှ မသိတဲ့သူတွေကို ကျမ တွေ့ဖူးပါတယ်။

ကျောင်းတွေမှာ ကျမတို့စာတွေ ဘာကြောင့်သင်လဲ။ စာသင်တယ် ဆိုတာဟာ တကယ်တော့ သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း စကားနဲ့ ငှားပြောရရင် မအ, အောင်လို့ သင်ကြရတာပါပဲ။ ရိုးရိုး နဲ့ ရှင်းရှင်း ပြောရရင်တော့ အယုံ မလွယ်မိဖို့၊ အလိမ် မခံရအောင်လို့၊ တီထွင်ဖန်တီး တတ်စေဖို့၊ စူးစမ်းဆင်ခြင် တွေးတောတတ်တဲ့ ဉာဏ်ပညာ ရင့်သန်စေဖို့၊ ခက်ခဲ နက်နဲတဲ့ ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းတတ်စေဖို့ ယုတ္တိဗေဒ ကျကျ စဉ်းစား တွေးတော နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်များနဲ့ သင်ကြရတာပါ။

ကလေးတို့ သမိုင်းကို သင်ကြတယ် ဆိုတာဟာလည်း ရှေးက ဖြစ်သွားခဲ့တဲ့ သမိုင်း သင်ခန်းစာတွေကို သိမြင် တွေးတော တတ်ဖို့၊ သင်ခန်းစာ ယူတတ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားတာပါပဲ။ ဖတ်စာအုပ်ထဲက စာများဟာ အလွတ်ကျက်မှတ် ရမယ့် စာတွေ မဟုတ်ပါဘူး။ စာတပုဒ်ကို ဖတ်လိုက်တာနဲ့ စာရဲ့ အဓိပ္ပာယ် ဆိုလိုရင်းက ဘာလဲ၊ ဘာကို ရည်ရွယ်သလဲ၊ စာထဲမှာ ပါတာကို ကလေးတို့ ဘယ်လောက်အထိ တွေးတော စဉ်းစား ဆုံးဖြတ်နိုင်ကြသလဲ၊ ဘယ်လို တွေးထင် ယူဆ ကြသလဲ ဆိုတာကို ကလေးတို့ တွေးတတ်အောင်၊ သိမြင်အောင်လို့ ဆရာမတွေက ကူညီလမ်းညွှန် ပြသပေးရမယ့် စာတွေ ဖြစ်ပါတယ်။

ကျမ ကြုံခဲ့ဖူးတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံက ကျောင်းတကျောင်းက ခုနစ်တန်း အရွယ် ကလေးငယ်လေးကို ပေးလိုက်တဲ့ အိမ်စာလေး အကြောင်း ပြောချင်ပါတယ်။ ကျောင်းကနေ ကလေးတွေကို ကြက်ဥ တလုံးစီ ပေးလိုက်တာပါ။ ကြိုက်တဲ့ ပစ္စည်း သုံးပြီးတော့ ကြက်ဥကို ရစ်ပတ် လာရပါမယ်။ နောက်တနေ့ ကျောင်းရောက်တဲ့ အခါမှာ ဆရာမက သတ်မှတ် ထားတဲ့ အမြင့်ကနေပြီးတော့ ကြက်ဥကို လွှတ်ချပါလိမ့်မယ်။ ကြက်ဥ မကွဲတဲ့ ကလေးက အမှတ်ရပါတယ်။

ရုတ်တရက် ကြည့်ရင်တော့ ဒီကြက်ဥလေးကို အမြင့်ကနေ လွှတ်ချတဲ့ သင်ခန်းစာဟာ ဘာမှ မဟုတ်ဘူးလို့ ထင်စရာပါပဲ။ တကယ်တော့ ဒီကြက်ဥကနေတဆင့် ကလေးတို့ရဲ့ ပြဿနာ ဖြေရှင်းခြင်း အတတ်၊ တီထွင်ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှု စတာတွေကို သင်ပေး လေ့ကျင့်ပေး လိုက်တာပါ။ စာတပုဒ်ကို “သည်၊ ၏” မလွဲ ကျက်လာခဲ့၊ အတန်းထဲ ရောက်ရင် ကျက်လာတဲ့ အတိုင်း ပြန်ဖြေရမယ် ဆိုတဲ့ သင်ကြားနည်းထက် အကျိုးသက်ရောက်မှု အများကြီး ရှိတဲ့ သင်နည်းပါပဲ။

အဲဒီလိုပဲ လေးတန်းကျောင်းသူ၊ ကျောင်းသားတွေကို နှစ်ကုန်ရင် တယောက်ချင်းစီ တင်ရမယ့် စာတမ်း တခုကို ကျောင်းတကျောင်းမှာ ဆရာမက လုပ်ခိုင်းတာလည်း ကြားခဲ့ဖူးပါတယ်။ ဒါကတော့ အတန်းထဲမှာ ရှိနေတဲ့ ကိုယ့်သူငယ်ချင်း၊ ကျောင်းသူ၊ ကျောင်းသားများရဲ့ ကောင်းကွက်၊ တော်ကွက်လေးတွေကို မြင်အောင်ကြည့်ပြီးတော့ သူတို့ရဲ့ တော်တဲ့ အကွက်၊ ကောင်းတဲ့ အကွက်လေးတွေကို စာတမ်း တစောင်ရေး တင်ရမယ့် ပရောဂျက်ပါ။ တနှစ်လုံးလုံး ကလေးတို့ဟာ ကိုယ့်အနားက ကိုယ့်သူငယ်ချင်း တွေရဲ့ ကောင်းတဲ့ အကွက်၊ တော်တဲ့ အကွက်လေး တွေကို သတိထားပြီးတော့ လေ့လာကြရပါတယ်။ တကယ်တော့ ဒါဟာ ကလေးတို့ ကိုယ့်အနားမှာ ရှိနေတဲ့ လူတွေရဲ့ အရည်အချင်းကို သတိထားမိအောင်၊ လူ့လောကနဲ့ ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်နဲ့ စူးစမ်းလေ့လာတတ်အောင်လို့ လေ့ကျင့်ပေးတဲ့ သင်ခန်းစာပါပဲ။

ကျောင်း ဆိုတာဟာ တကယ်တော့ လူ့လောက ဝန်းကျင်မှာ စိတ်ဓာတ်ဉာဏ်ရည် မြင့်မားတဲ့၊ တီထွင်တွေးခေါ် တတ်တဲ့၊ ချင့်ချိန်နှိုင်းဆ နိုင်တဲ့ ပညာတတ်တွေကို မွေးထုတ်ပေးရတာပါ။ ကြက်တူရွေး စာအံသလို အလွတ်ကျက်၊ အလွတ်ဖြေ ခိုင်းရုံနဲ့တော့ တကယ့်ပညာကို တတ်ဖို့ မလွယ်လှပါဘူး။ ဆရာ ဆိုတာ ကလေးတယောက် (လူ တယောက်ချင်းစီ) မှာ ပါလာတဲ့ ကိုယ်ပိုင် အရည်အချင်း၊ အရည်သွေးတွေကို ပိုပြီးတော့ တောက်ပြောင်လာစေဖို့ အတွက် တိုက်ချွတ်ပေးရမယ့် သူများပါ။ ကလေးရဲ့ ရှိပြီးသား အရည်အချင်းလေးတွေကို သင်နည်း အမှား၊ တွေးနည်း အမှားတွေနဲ့ ညှိုးခြောက် သွားအောင် လုပ်ကြမယ် ဆိုရင်တော့ ကလေးတို့ရဲ့ အနာဂတ် အတွက် အင်မတန် ရင်လေးစရာ ကောင်းလှတာမို့ ဆင်ခြင် ပေးကြပါဦး … လို့။

Loading