မြန်မာ့စာနယ်ဇင်း သွေးခွဲခံရပြီ
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက သမ္မတ ဦးသိန်းစိန်၏ ပုဂ္ဂလိက အလှူငွေ ခေါင်းစဉ်တပ်ပြီး လှူဒါန်းလိုက်သည်ဆိုသော ငွေကျပ် သိန်း ၅၀၀ ကို လက်ခံလိုက်ခြင်းအားဖြင့် အားယူခါစ သတင်းစာနယ်ဇင်း လောကတွင် လက်ခံရန် သင့်၊ မသင့် အပြင်းအထန် ငြင်းခုံကြကာ သွေးခွဲခံခဲ့ရသည်။
ယင်းသို့ ရည်ရွယ်ခဲ့လျှင် ရည်ရွယ်ချက် အောင်မြင်သည်ဟု ဆိုရမည်။ ထိုသို့ မဟုတ်ပါက သမ္မတ ဦးသိန်းစိန်၏ အလှူငွေသည် စာနယ်ဇင်း ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ် ဦးတည်သည် ဆိုသော် အနာတခြား ဆေးတခြားဟု ဆိုချင်သည်။
အကြောင်းမှာ လွတ်လပ်၍ တက်ကြွသော စတုတ္ထမဏ္ဍိုင်ကို အားပေးတည်ဆောက် လိုလျှင် သတင်းသမားများ၏ ဓမ္မဓိဌာန် ကျစွာ လုပ်ဆောင်ရမည့် သတင်းလုပ်ငန်းကို အနည်းနှင့်အများ ဆိုသလို ထိခိုက်လာစေနိုင်သော ပုဂ္ဂိုလ်ရေး ဩဇာလွှမ်းစေရန် ကြိုးစားချက် တရပ်အဖြစ် ရှုမြင်သွားစေမည့် အပြုအမူကို ရှောင်ရှားသင့်သော ကြောင့်ပင်။
အမှန်တကယ် လုပ်ဆောင်သင့်သည်မှာ သတင်း စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းစာသမားများ၏ လုံခြုံရေးကို အခြေခံ ကျကျ အာမခံ ပေးရုံရှိသည်။ ယခု ထိုသို့မဟုတ်ဘဲ စာနယ်ဇင်းကောင်စီမှ ကနဦးတင်ပြထားသော မီဒီယာဥပဒေကို ပြန်ကြားရေး ဝန်ကြီးဌာနမှ အမျိုးမျိုး အတိုက်အခံလုပ် နှောင့်ယှက်သောကြောင့် နိုင်ငံရေး ခေါင်းဆောင်များ၏ ထောက်ခံမှုကို အကူအညီ ရှာဖွေရန် ရောက်လာသူများကို ဈေးစစ်ပြီး လာဘ်ပေး မြှူဆွယ်သကဲ့သို့သာ ဖြစ်ခဲ့သည်။
သတင်းစာများအား အစိုးရက တိုင်းပြည်၏ ဒီမိုကရေစီ ယန္တရား တခုအဖြစ် အသိအမှတ်ပြုပါက ယခုကဲ့သို့ ရှင်းလင်းမှု မရှိသည့် တခါသုံး ပေးကမ်းခြင်း မဟုတ်ဘဲ ရေရှည် ခိုင်မာမည့် သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို အခြေခံ ဥပဒေအားဖြင့် အာမခံ ရမည်ဖြစ်ပြီး အကယ်၍ ငွေကြေးထောက်ပံ့လိုပါကလည်း လွတ်လပ်သော သတင်းစာနယ်ဇင်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရန်ပုံငွေ တရပ်ကို ဥပဒေဖြင့် ပြဋ္ဌာန်းပြီး လွှတ်တော်များ၏ အတည်ပြု ထိန်းညှိမှုနှင့် ပြည်သူ့ဘဏ္ဍာငွေဖြင့် မ တည်သင့်ပေသည်။
ပုဂ္ဂလိကနှင့် အစိုးရ၏ ဩဇာမှ လွတ်ကင်းသော လွတ်လပ်ပြီး မိမိအလုပ်ကိုသာ ပီပီပြင်ပြင် လုပ်ဆောင်သည့် လူထုဝန်ဆောင် သတင်းနှင့် စာနယ်ဇင်းများလည်း ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ခိုင်ခိုင်မာမာ ဖြစ်ထွန်းစေချင်သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက လတ်တလော ကြွေးကြော်နေသော အစိုးရပိုင် မီဒီယာ လုပ်ငန်းများကို “အများပြည်သူ ဝန်ဆောင်မှု” လုပ်ငန်းများအဖြစ် ပြောင်းလဲမည့် အစီအစဉ်ကိုမူ သံသယရှိသည်။
အကြောင်းမှာ အခုအချိန်အထိ တိုင်းပြည်၏ အခွန်ဘဏ္ဍာ များနှင့် ပိုင်ဆိုင်မှုပစ္စည်းများကို အသုံးပြုပြီး ပြည်သူ့ဝန်ကို ဆောင်ရန်ထက် အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ကာ ငွေကြေးအရှုံးခံ လုပ်ကိုင်နေရသည့် ပုဂ္ဂလိက သတင်းစာများကို တဖက်သက် ချုပ်ကိုင်၍ အနိုင်ယူရန်သာ ပိုမို အားထုတ်နေသလောဟု မေးစရာ ဖြစ်လာစေသောကြောင့်ပင်။
တခြားတဘက်မှ ပြန်လည် သုံးသပ်ကြည့်မည်ဆိုလျှင်လည်း ပုဂ္ဂလိက သတင်းနှင့်စာနယ်ဇင်း သမားများက သတင်းစာ လွတ်လပ်ခွင့်အား ချုပ်ကိုင်သည့် ဥပဒေများကို ကန့်ကွက်ရန် သွားသော ခရီးတွင် သမ္မတထံမှ ငွေကြေး လက်ခံယူခြင်းသည် မသင့်လျော်ဟု ဆိုချင်သည်။ အခြေအနေနှင့် အချိန်အခါ လုံးဝ မှားယွင်းနေသည်။ စည်းမျဉ်းစည်းကမ်းများနှင့် အသင်းအဖွဲ့ ရေးရာ အတွေ့အကြုံများ အားနည်းနေသေးသည့် မြန်မာ့ သတင်းနှင့် စာနယ်ဇင်းလောကသည် ယခုကဲ့သို့ သမ္မတက မတည်ပေးသော အရင်းအနှီးကို အားပြု ထူထောင်မည်ဆိုလျှင် လွတ်လပ်ပြီး ဓမ္မဓိဋ္ဌာန်ကျစွာ အလုပ်လုပ်နိုင်မည့် စာနယ်ဇင်းရုံး ဖြစ်လာမည် မထင်၊ သမ္မတ လူထုဆက်ဆံရေး ဌာနရုံးသာ ဖြစ်ဖို့ရန် ရှိသည်။
မြန်မာပြည်မှ စာနယ်ဇင်းသမားများ အားလုံးကို ကိုယ်စားပြုသော စာနယ်ဇင်းကောင်စီ ဆိုပါက လူ ၃ ဦး၏ သဘောဖြင့် ငွေလက်ခံခြင်းမှာ မှားသည်။ စာနယ်ဇင်းသမားများ၏ အသံကို နားထောင်ပြီးမှသာ ယူသင့် မယူသင့် ဆုံးဖြတ်ရမည်၊ စာနယ်ဇင်းသမားများ အချင်းချင်း သွေးကွဲခြင်းကို ဦးမတည်စေသင့်ပေ။
မည်သို့ဆိုစေ သမ္မတ အနေဖြင့် ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်များကို စောင့်ကြည့် ဝေဖန် အကြံပြုမည့် စတုတ္ထမဏ္ဍိုင်ကို အမှန်တကယ် လိုလားပါက ပြန်ကြားရေး ဝန်ကြီးဌာနက လုပ်ဆောင်နေသကဲ့သို့ ပုံနှိပ် ထုတ်ဝေသူများနှင့် သတင်း စာနယ်ဇင်းများ အကြား ခွဲထုတ်ခြင်း၊ ယခုကိစ္စ ကဲ့သို့သော သတင်းစာသမား အချင်းချင်းအကြား ခွဲထုတ်ခြင်း ကဲ့သို့သော လုပ်ရပ်များ မပြုအပ်။
“သမ္မတကြီး ကောင်းပါသည်” ဟု ရေးပေး၊ ထုတ်ဝေပေးမည့် လူမွေးခြင်းကို ဧရာဝတီအနေဖြင့် အားမပေးကြောင်း ဖော်ပြလိုက်ရပေသည်။