ယခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ဆိုလျှင် စာနင်းဇင်း ကောင်စီခေါ် Press Council ၏ သက်တမ်း ၁ နှစ်ပြည့်ပါပြီ။ မိုးထဲ လေထဲ အလဲလဲ အကွဲကွဲနှင့် တိုက်ပွဲဝင်ခဲ့သော စာနယ်ဇင်းကောင်စီသည် ရလဒ်ကောင်း တခုကို ရယူနိုင်ခဲ့ပြီဟု ဆိုနိုင် ပါသည်။ သက်တမ်း ၁ နှစ် ကာလသည် ပင်ပန်းကြမ်းတမ်းသော ခရီးကြမ်းဖြစ်ခဲ့၏။
ဤ ၁ နှစ်အတွင်း အစည်းအဝေးပေါင်း ၄၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ သတင်းစာ ရှင်းလင်းပွဲ ၃ ကြိမ်၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ၃ ကြိမ်၊ ညွှန်ကြားရေးမှူးနှင့် ၃ ကြိမ်၊ ဥပဒေပညာရှင်များနှင့် ၆ ကြိမ် ဆွေးနွေးခဲ့ ကြောင်းလည်း သိရသည်။
စာနယ်ဇင်း ကောင်စီကား စကတည်းကပင် “ဗိန်းမောင်း” ရိုက်၍ ကပြခဲ့ရ၏။ နိုင်ငံတော် သမ္မတက သတင်း မီဒီယာများကို အလေးအနက် ထားသည်၊ နှစ်ပေါင်း ၄၀ ကြီးစိုး လွှမ်းမိုးခဲ့သော စာပေစိစစ်ရေးကို ဖျက်သိမ်းပေးသည်၊ မီဒီယာ လောက အတွက် ရှိသင့် ရှိထိုက်သော အထိမ်းအကွပ် အဖြစ် အဆိုပါ ကောင်စီကို ဖွဲ့ပေးခဲ့သည်။ သို့သော် ပထမအကြိမ် ဖွဲ့စည်း ပေးခဲ့သော ကောင်စီထဲတွင် ပါဝင်သည့် ပုဂ္ဂိုလ်များမှာ မီဒီယာ ကိုယ်စားပြုသူများ မပါ၍ဟု ဆိုပြီး မီဒီယာများက ကန့်ကွက်ခဲ့ ကြသည်။ အလိုလိုက်သည့် အနေဖြင့် ယင်းကို ဖျက်သိမ်း၍ အသစ်ဖွဲ့စည်း ခဲ့သည်။ အသစ်ဖွဲ့စည်းသော ကောင်စီတွင် မီဒီယာ ကိုယ်စားပြု၊ အထူးသဖြင့် ပုဂ္ဂလိက စာစောင်များမှ အယ်ဒီတာ လူလတ်ပိုင်းများ ပါဝင်သဖြင့် အားလုံးက လက်ခံခဲ့ ကြသည်။ ပထမအကြိမ် အစည်းအဝေးကို ကျင်းပသောအခါ ပြည်သူ့ လွတ်တော်မှ အားကစားနှင့် ယဉ်ကျေးမှု ကော်မတီ ဝင်များ တက်ရောက် အားပေးခဲ့သည်။ ထို့အပြင် မီဒီယာလောကမှ မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ၊ ပုံနှိပ်ထုတ်ဝေ အသင်းတို့မှ အမှုဆောင်များ ကိုပါ ဖိတ်ကြားခဲ့သည်။
စာနယ်ဇင်း ကောင်စီအား သမ္မတက အဓိက ပေးအပ်သော တာဝန်မှာ မီဒီယာ ဥပဒေကြမ်း ရေးဆွဲရန် ဖြစ်၏။ ကောင်စီ အနေနှင့် မီဒီယာလောက၌ လက်တွေ့လုပ်ကိုင်နေသူများ ပီပီ မီဒီယာ လောကအား အကာအကွယ် ပေးသော ဥပဒေကို ရေးဆွဲရန် ဆုံးဖြတ်ပြီး ပြင်ပ ဥပဒေပညာရှင်များ၊ သမဂ္ဂများ၏ သဘောထား “အား” ကိုလည်း ယူခဲ့သည်။
သို့သော် လုပ်ထုံးလုပ်နည်းအရ ဥပဒေကြမ်း တင်သွင်းရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဖြစ်စေ၊ လွှတ်တော် နှစ်ရပ်မှာ ရှိနေသော အမတ်တဦးဦးက ဖြစ်စေ တင်သွင်းရ၏။ စာနယ်ဇင်း ကောင်စီက တိုက်ရိုက်တင်သွင်းခွင့် မရှိပေ။ ဝန်ကြီးဌာနမှ တဆင့်ဖြစ်စေ၊ လွှတ်တော် အမတ်တဦးမှ တဆင့် ဖြစ်စေ တင်ရမည် ဖြစ်သည်။
ဆိုခဲ့သည့် အတိုင်း စာနယ်ဇင်း ကောင်စီသည် အားကောင်းမောင်းသန်ဖြင့် မီဒီယာအများ၏ အကြံဉာဏ်ရယူရန် အလုပ်ရုံ ဆွေးနွေးပွဲကိုပင် ပြုလုပ်ခဲ့၏။ ဥပဒေ တခန်းချင်း၊ စာတပိုဒ်ချင်း၊ ဝါကျ တကြောင်းချင်း၊ သဒ္ဒါ သတ်ပုံက အစ ပြင်ဆင် တည်းဖြတ်ခဲ့၏။
ဤသို့ အဆင့်ဆင့် ပထမ မူကြမ်း၊ ဒုတိယ မူကြမ်း စသည်ဖြင့် ရေးဆွဲနေစဉ်မှာပင် ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်။ အများက လက်မခံနိုင်၍ ကန့်ကွက်ကြသည်။ ခေတ္တ ဆိုင်းခဲ့ရသည်။ ပြန်ကြားရေးနှင့် စာနယ်ဇင်း ကောင်စီ မူကြမ်း ကွဲပြားမှုများကို ညှိနှိုင်းပါသည်။
သို့သော် စာနယ်ဇင်း ကောင်စီက ဇူလိုင် ၂၆ မှာ တင်ပြီးသော အခါ ပြန်ကြားရေးမူကို သြဂုတ်လ ၄ ရက်တွင် ပြည်သူ့ လွှတ်တော်က အတည်ပြု လိုက်သည်။ သို့သော် ကောင်စီက ပြင်ထားသော အချက်များ မပါချေ။
ဤသို့ဖြင့် စာနယ်ဇင်း ကောင်စီမှာ ဗျာများရ တော့သည်။ စာနယ်ဇင်းများက ဝေဖန်ကြသည်၊ လူငယ် သတင်းသမားများက ပြည်သူ့ဆန္ဒ လက်မှတ်များ ကွင်းဆင်း ကောက်ယူကြသည်။ တီရှပ်ပေါ်တွင် “သတင်းလွတ်လပ်ခွင့်ပေး”၊ “Stop Killing Press” ဟူသော စာတန်းများ ရိုက်နှိပ် ဝတ်ဆင်ခြင်းဖြင့်လည်း တိုက်ပွဲဝင်ခဲ့ကြ၏။
စာနယ်ဇင်း ကောင်စီ အနေဖြင့် အားမလျှော့ဘဲ အမျိုးသား ကောင်စီသို့ တင်ရန်ကြိုးစားရသည်။ ပြန်ကြားရေးက တဆင့် တင်ရန် မဖြစ်တော့၍ လွှတ်တော် အမတ်များမှ တဆင့် တင်နိုင်ရေး အတွက် အားကိုးအားထား အဖြစ် နိုင်ငံရေး ပါတီများကို အစည်းအဝေး ဖိတ်ခေါ်ရာ ၂ ပါတီသာ တက်ရောက်ခဲ့ကြောင်း သိရ၏။ ပြည်သူ အားကိုး အားထား ပြုသော ပါတီကြီးက တက်ရောက်ခြင်း မရှိခဲ့။ သို့သော် ဖိတ်ကြားစဉ်က ကျန်ရစ်ခဲ့သော “အမျိုးသား ဒီမိုကရေစီပါတီသစ်” (NNDP) (ဦးသိန်းညွန့်ပါတီ) က မိမိတို့ တင်ပေးပါမည်ဟု ကမ်းလှမ်းခဲ့သည်။ ဦးခင်မောင်ဆွေတို့၏ NDF (အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ) ကလည်း ကမ်းလှမ်းသည်။ အရေး အကြောင်း ရှိလျှင် အားထားရသော ပါတီများ အဖြစ် မမေ့သင့်ပါ။
လွှတ်တော် ၂ ရပ်လုံးက မိမိတို့ မူကြမ်းကို ပယ်ခဲ့လျှင်၊ နောက်ဆုံး သမ္မတကလည်း မကယ်တင်နိုင်လျှင်၊ မိမိတို့ တဖွဲ့လုံး နုတ်ထွက်မည်ဟု ထုတ်ဖော် ပြောခဲ့ရသည်။
ပြည်သူ့လွှတ်တော်မှ ပုဂ္ဂိုလ်များနှင့်လည်း သွားရောက် တွေ့ဆုံဆွေးနွေးရာ ကန့်ကွက်မှုများကို ၎င်းတို့ မသိခဲ့ကြောင်း၊ ပြန်ကြားရေးနှင့် ညှိနှိုင်းပြီးပြီဟု “ထင်” ကြောင်း၊ ပြန်လည် စိစစ်ပေးပါမည့် အကြောင်း အဖြေရခဲ့၏။ “မသိ” ခြင်း၊ “ထင်” ခြင်းများ အတွက် ပွက်လောညံအောင် ကန့်ကွက်နေသူများက အံ့သြကြရသော်လည်း၊ ရှေ့ဆက်ရေးအတွက် အားတင်းကြ ရ၏။ အထူးသဖြင့် မီဒီယာများက ရေးသား ထောက်ပြကြ၏။
အလွန်ပင်ပန်းစွာ ထိပ်တိုက်ပွဲများလည်း ကြုံခဲ့ရသည်။ မီဒီယာသမားများ အဖို့ သားစဉ်မြေးဆက် ဆိုးမွေ မဖြစ်ရ လေအောင် အတတ်နိုင်ဆုံး ပြောခဲ့ကြရသည်။ စာစောင်များတွင် သာမက အင်တာနက် စာမျက်နှာများ၊ အသံလွှင့် မီဒီယာများ အပြင် မြန်မာ့ ရုပ်မြင်သံကြား Readers’ Channel မှပင် ပြောခဲ့ကြရသည်။ အစွမ်းကုန် အားပြိုင်ပွဲဟု ဆိုနိုင်သည်။
နောက်ဆုံးတွင်…၊ ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး၏ နောက်ဆုံးရက် သြဂုတ်လ ၂၉/ ၃၀ မှာကား၊ အမျိုးသား လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ ဦးဖုန်းမြင့်အောင် တင်သွင်းသော စာနယ်ဇင်း ကောင်စီ ဥပဒေကြမ်းကို အတည်ပြုခဲ့ပါပြီ။
နောက်ထပ် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခြင်း၊ သမ္မတ လက်မှတ်ရေးထိုးခြင်းများ အတွက် ပူပန်ရန် မရှိတော့ပါ။
စက်တင်ဘာ ၁ ရက်နေ့တွင်ကား နိုင်ငံတော် သမ္မတသည် တာဝန်ကျေသော စာနယ်ဇင်း ကောင်စီကို မိမိ၏ ကျေးလက်အိမ် (လယ်တောအိမ်) ၌ တွေ့ဆုံခဲ့လေသည်။ နိုင်ငံ တည်ဆောက်ရေးတွင် စတုတ္ထ မဏ္ဍိုင်၏ အရေးပါပုံကို ထပ်လောင်း အားပေးခဲ့ ပေသည်။ ယာယီသက်တမ်း ပြည့်ခဲ့သော စာနယ်ဇင်း ကောင်စီကို သက်တမ်း ၁ နှစ် တိုးပေးခဲ့သည်။ ပင်ပန်းသမျှ ဟင်းမချနိုင် သေးသော်လည်း အလားအလာ ကောင်းများဖြင့် မျှော်လင့်ချက် အပြည့် ရှိလာခဲ့ပါပြီ။
“မြန်မာ့မီဒီယာ လောကသည် နှစ် ၅၀ ကျော် အမှောင်ခေတ်မှ အပြီးတိုင် လွတ်မြောက်ပါစေ၊ ဒီမိုကရေစီ၏ အခြေခံ အစစ် ဖြစ်သော စာနယ်ဇင်း လွတ်လပ်ခွင့်ကို နှောင့်ယှက်မည့်သူများ ပပျောက်ပါစေ” စသဖြင့် သမ္မတကြီး အပါအဝင် ဝိုင်းဝန်းကူညီ အားပေးကြသည့် ပုဂ္ဂိုလ်များအား မေတ္တာပို့ဆဲမှာပင် လုံး၀ မျှော်လင့် မထားသော သတင်းတခု ကြားရသည်။
“စာနယ်ဇင်း ကောင်စီအား သမ္မတကြီးက လှူဒါန်းငွေ သိန်း ၅၀၀ ချီးမြှင့်မည်။ ငွေ လက်ခံပွဲပြုလုပ်မည်” ဟူ၍ ဖြစ်သည်။
ဤတွင် ကျမသည် အတွင်းရေးမှူး ကျော်မင်းဆွေ ရှင်းပြလေ့ရှိသော စကားကို ကြားယောင်သည်။
“ကျနော်တို့ ကောင်စီဟာ ကိုယ့်စားရိတ် ကိုယ်စိုက်ပြီး လည်ပတ်ခဲ့တာပါ။ ရုံးခန်းငှားခ၊ ပရိဘောဂက အစ အသံချဲ့စက် မိုက် အထိပေါ့။ အားလုံး ကောင်စီဝင်တွေ အိတ်စိုက် လုပ်ခဲ့တာပါ။ နောက်ပိုင်းမှာ ပုဂ္ဂလိက ဖောင်ဒေးရှင်း ဘဏ် တခုက လှူဒါန်းမှု တချို့ရှိခဲ့တယ်။ ဒါပါပဲ”
ယခုအခါ စာနယ်ဇင်း ကောင်စီ၏ အလဲအကွဲကြိုးပမ်းမှုများကို သမ္မတကြီး သိရှိ သဘောပေါက်သွားပြီ ဖြစ်ရာ ဆရာက တပည့်ကို စာတော်၍ ဆုချတာမျိုးဟု ယူဆမိသည်။ သို့သော် အင်တာနေရှင်နယ် မီဒီယာ ကျင့်ဝတ် သဘောတရား အရ၊ မီဒီယာသည် တစုံတဦးထံမှ ငွေကြေး၊ အထောက်အပံ့ တစုံတရာ ယူလျှင် ထိုတစုံတဦး အလိုကျ မျက်နှာငဲ့ပြီး ရေးသားရ တာမျိုး၊ လုပ်ရတာမျိုး ကြုံလာနိုင်သည်ဟု ယူဆကြသည်။
သို့သော် တချို့ကမူ၊ ခိုးကြောင်ခိုးဝှက် ပေးတာမှ မဟုတ်ဘဲ၊ အလုပ်လုပ်လို့ အသုံးစားရိတ် အဖြစ် ပေးတာမို့ လက်ခံရမည် ဟု ယူဆကြသည်။ မိမိတို့ ကောင်စီကို သမ္မတက ချီးမြှင့်တဲ့အတွက်၊ နောင်ဆိုရင် မထီမဲ့မြင် လုပ်ဝံ့ကြမှာ မဟုတ်ဟု အကောင်း မြင်သူ များလည်း ရှိ၏။ အဓိကမှာ စာနယ်ဇင်း ကောင်စီက ယခင်ကလိုပင် မှန်မှန်ကန်ကန်၊ စေတနာအပြည့်၊ ပွင့်လင်းမှု အပြည့်ဖြင့် အလုပ် ပိုလုပ်ရန် လိုပေသည်။