လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် လွှတ်တော် အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက်လျက်ရှိရာ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်း ပြဋ္ဌာန်းရေး အဆိုပြုသကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်း ဆိုင်းငံ့ရေး အပြန်အလှန် ထိုးနှက် ဝေဖန် ကြသည် အထိ ဆွေးနွေးငြင်းခုံမှု ပြင်းထန်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းလှ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မေးခွန်း ထုတ်ခဲ့ပြီး ယင်းသို့ အချေတင်ဆွေးနွေးခဲ့သော ဦးမောင်တိုးကို ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်းကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ဆန့်ကျင်ဘက် ဆွေးနွေးရတဲ့အထိ ဘာကြောင့် အငြင်းအခုံဖြစ်ခဲ့ရတာလဲ။ ဘာကြောင့် ဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ အဆိုပြုခဲ့ တာလဲ။
ဖြေ။ ။ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့သူလည်းရှိတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်းကျော်လောက်နဲ့ နိုင်တဲ့သူတွေရှိတယ်လေ။ အဲဒီလိုရှိတဲ့အခါကျတော့ တယောက်က ဖြစ်စေ၊ အခြား ဆန့်ကျင်ဘက် ပါတီတခုကဖြစ်စေ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်ကို ၁ ရာခိုင်နှုန်း မဲဆန္ဒရှင်တွေရဲ့ လက်မှတ်ကို ရအောင် ထိုးပြီး ဖြုတ်ချဖို့ တင်မယ် ဆိုလို့ရှိရင် မှန်တာ၊ မမှန်တာက နောက်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ကို ခုံရုံးဖွဲ့ စစ်ဆေး မယ်ဆိုရင် အစစ်ဆေးခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်လည်း သိက္ခာ ကျတယ်၊ အားလုံး လည်း အလုပ်ရှုပ်မယ်။ ၁ ရာခိုင်နှုန်းဆိုတာက နည်းလွန်းအားကြီးတယ်။ ကမ္ဘာမှာလည်း မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းနဲ့ လွှတ်တော် ကိုယ်စားလှယ် ကို ပြန်ခေါ်တယ်ဆိုတာ မရှိဘူးလေ။ ကျနော် မဲဆန္ဒနယ် ဆိုလို့ရှိရင် မဲပေးနိုင်တဲ့သူ ၈၀၀၀၀ လောက်ရှိတယ်။ ၁ ရာခိုင်နှုန်း ဆိုရင် မဲဆန္ဒရှင် ၈၀၀ ပဲရှိတယ်။ ကျနော်ရဲ့ မြို့က အလယ်အလတ် အဆင့်မှာပါတယ်။ အချို့မြို့တွေဆိုရင် အဲလောက်တောင် ရှိတာမဟုတ်ဘူး။ လူ ရာဂဏန်း လောက် လက်မှတ်ရဖို့ဆိုတာ လွယ်တယ်လေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်ဆိုပေမယ့် လက်တွေ့လုပ်ဖို့ မရနိုင်တဲ့ဟာတွေ ပြင်ဖို့လုပ်နေတယ်။ ဒါကြောင့် ဆိုင်းငံ့ထားဖို့ လုပ်တာ။ ဥပဒေကြမ်း ကော်မတီရဲ့ အစီရင်ခံစာမှာလည်း ပါတယ်။ ရွေးကောက်ခံထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို မလိုတဲ့သူတွေရှိနိုင်တာပဲ။ ဘယ်သူမှ စိတ်တိုင်းကျမှာ မဟုတ်ဘူး။ အဓိက က မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ဆိုတာ နည်းလွန်းအားကြီးလို့ အဆင်မပြေတာတွေနဲ့ အလုပ်တွေရှုပ်ကုန်မယ်။ Right to Recall ဆိုတာက ရှိရမှာပါ။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဥပဒေကြမ်း ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းဆွေးနွေးတာ တွေ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်သိချင်ပါတယ်။
ဖြေ။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ရွေးကောက်ခံ မဟုတ်ဘူး။ သူတို့က ခန့်အပ်ခံရတဲ့ ကိုယ်စားလှယ်တွေ။ ဒီဥပဒေက သူတို့နဲ့မဆိုင်ဘူး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ဘာကြောင့် တိုက်တွန်းနေသလဲဆိုတာက တိုက်တွန်းမယ့်သူက သူတို့ပဲရှိတယ်လေ။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲဝင်ဖူးတဲ့ ကိုယ်စားလှယ်တွေက ဒါတွေကို သိတယ်လေ။ အခြေအနေ တွေကို သိတယ်လေ။ ရွေးကောက်ပွဲမဝင်ဖူးတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ဒါတွေကို ဘယ်လိုလုပ် သိမလဲ။ သူတို့ ဘယ်လို သဘောနဲ့ ဘာကြောင့် တိုက်တွန်းလဲဆိုတာ ကျနော်တို့လည်း ပြောဖို့ခက်တယ်။ တချို့ဟာ တွေက ပြောလို့မကောင်းဘူး။
မေး။ ။ လွှတ်တော်မှာ အန်ကယ်ပြောသွားတဲ့”လွှတ်တော်ဆိုတာ တပ်မတော် မဟုတ်ဘူး” ဆိုတဲ့ စကားက ဘာကို ဆိုလိုတာပါလဲ။
ဖြေ။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေက စည်းကမ်းမရှိဘူး။ ကွမ်းတံတွေး ထွေးတယ်တို့။ လွှတ်တော်ကိုလာတာ နောက်ကျ တယ်တို့ ဘာတို့၊ ညာတို့ ပြောတယ်။ အဓိက ပြောချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေက စည်းကမ်းမရှိဘူးလို့ပြောချင်တာပေါ့။ စည်းကမ်းဆိုတာက တပ်မတော်လို လေ့ကျင့်ထားတာသူ တွေနဲ့ ကွာချင် ကွာမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာ အရပ်သား တွေက လာတာ။ တချို့နေရာတွေမှာ တပ်မတော်ပုံစံလုပ်လို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ စစ်သင်တန်း တက်ထားတဲ့ သူတွေ မဟုတ်ဘူး။ လေ့ကျင့်ထားတဲ့ စစ်သင်တန်းတက်ထားတဲ့ဆိုရင်တော့ အချိန်တိကျတာတို့ စည်းကမ်း တိကျတာတွေ ရှိမှာပေါ့။ စည်းကမ်းလိုက်နာမှု ပိုကောင်းမှာပေါ့။ အဲဒီတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်တဲ့အတွက် ဒီလောက် အသေးအမွှားလေးကို ခွင့်လွှတ်ရမယ်လို့ ပြောချင်တာပါ။
မေး။ ။ တပ်တော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော့် အမြင်ကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ အတိုင်း အတာ တခုထိတော့ ရှိသင့်ပါတယ်။ ဒါလည်း ကျနော်တို့ နိုင်ငံရဲ့ အရင်အတွေ့အကြုံတွေအရ ထည့်ထားတာပေါ။ လွှတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီစနစ်မှာ အားနည်းခဲ့တာတွေ ရှိခဲ့လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ထည့်ထားတာလို့ မြင်ပါတယ်။ အင်ဒိုနီးရှားမှာလည်း လုပ်ခဲ့တဲ့ သာဓကတွေရှိတော့၊ အတိုင်းအတာ တခုထိတော့ လိုပါတယ်။ အမြဲတမ်းတော့ မလိုပါဘူး။ အချိန် တခုရောက်ရင်တော့ လွှတ်တော်မှာရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဖြုတ်ကို ဖြုတ်ရမှာပါ။ အမြဲတမ်းမလိုဘူး။ ဘယ်လောက်ကြာမလဲဆိုတာတော့ ပြောရခက် ပါတယ်။ တပ်မတော်ဆိုတာ ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပဲ။ တပ်မတော်ဆိုတာ အမိန့် နာခံတဲ့ အဖွဲ့အစည်းပဲ။ သူတို့ကတော့ သူတို့တာဝန် သူတို့လုပ်မှာပဲလေ။
မေး။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုပြီး နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမြင် သိချင် ပါတယ်။
ဖြေ။ ။ တပ်မတော်က တပ်မတော်ပဲ။ ပြည်ခိုင်ဖြိုးက ပြည်ခိုင်ဖြိုးပဲ။ ကွဲတယ်လို့ ပြောလို့မရဘူး။ တပ်မတော်က နိုင်ငံ့ ဝန်ထမ်း အဖွဲ့အစည်းဖြစ်ပြီးတော့ ပြည်ခိုင်ဖြိုးက နိုင်ငံရေးပါတီလေ။ ကွဲတယ်၊ ပြဲတယ်ဆိုတာ မဟုတ် ပါဘူး။ သြဂုတ်လ ၂၃ ရက်နေ့ ဆွေးနွေးမှုက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပြဿနာမဟုတ်ပါဘူး။ တပ်မတော်သား ၂ ယောက်၊ ၃ ယောက်က ဆွေးနွေးတယ်။ ပါတီက ကျနော်ရယ်၊ ရခိုင်ပါတီက တယောက်ရယ်ဆွေးနွေးတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကွဲတယ် လို့တော့ ပြောလို့မရဘူး။
မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ အခု ဘာတွေပြင်ဆင်နေပြီလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့က ပြင်စရာရှိတာတော့ ပြင်ရမှာပဲ။ ပါတီတခုနဲ့ ပါတီတခု အမြင်မတူဘူး။ သို့သော်လည်း ပြင်သင့်တာတွေ ရှိတယ်ဆိုတာ ကျနော်တို့ပါတီတွေကရော၊ ကျန်တဲ့ပါတီတွေကရော လက်ခံ ပါတယ်။ ဘာတွေ ပြင်ရမှာလဲဆိုတာတော့ ရှိကြမှာပဲ။ ပြင်တော့ ပြင်ရမှာပေါ့။