မြန်မာပြည် တံခါးဖွင့်ချိန်တွင် ခရီးသွား လုပ်ငန်းအတွက် လေကြောင်းလိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမှန်တကယ် လိုအပ်နေသည်။
လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်မည်ဆိုပါက National Flag Carrier ခေါ် ဂုဏ်ယူစရာ နိုင်ငံပိုင် လေကြောင်းလိုင်းကြီးများ အသီးသီးရှိကြသည်။
ထိုင်းနိုင်ငံ၌ ဆိုလျှင် TG ဟု လူသိများသည့် Thai Airways, စင်ကာပူတွင် Singapore Airlines, မလေးရှားတွင် Malaysia Airlines, အင်ဒိုနီးရှားတွင် Garuda Indonesia, တရုတ်နိုင်ငံတွင် Air China, ဂျပန်နိုင်ငံတွင် Japan Airlines (JAL)၊ ဂျာမနီတွင် Lufthansa, ပြင်သစ်တွင် Air France စသည့် နိုင်ငံပိုင် လေကြောင်းလိုင်းကြီးများက ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံသန်းနေပေသည်။
မြန်မာနိုင်ငံ၌မူ ပြည်ပခရီးစဉ်များ ပြေးဆွဲနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ပြည်သူများ ပိုင်ဆိုင်သည်ဟု ဂုဏ်ယူ လက်ညိုးထိုးစရာ နိုင်ငံပိုင် လေကြောင်းလိုင်းဟူ၍ မရှိပေ။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) သည်လည်း ယခုအခါ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်းက ပိုင်ဆိုင် ထားသည့်အတွက် နိုင်ငံပိုင်လေကြောင်းလိုင်းဟု ခေါ်ဆိုရန် မသင့်။ မြန်မာ့လေကြောင်း Myanmar Airways (MA) သည်လည်း အစိုးရပိုင်ဟု ဆိုသော်လည်း ပြည်တွင်းခရီးစဉ်များကိုသာ ပြေးဆွဲနိုင်သည့်အတွက် လေကြောင်းလိုင်း မည်ကာမတ္တပင်။
လက်ရှိ မြန်မာ့လေကြောင်း လုပ်ငန်းကို လေ့လာကြည့်လျှင်လည်း အစိုးရ၏ ကဏ္ဍမှာ မှေးမှိန်နေပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်ကြီးများကသာ စိုးမိုးထားသည်ကို တွေ့ရသည်။
ပြည်တွင်း လေကြောင်းလိုင်းများ၏ ဝန်ဆောင်မှု၊ လုံခြုံမှုနှင့် ပတ်သက်ပြီး ခရီးသည်များကလည်း ယုံကြည်စိတ်ချမှု နည်းပါးနေချိန် ဂျပန် လေကြောင်းလိုင်းကြီး တခုဖြစ်သော All Nippon Airways (ANA) က ပြည်တွင်း ပျံသန်းနေသည့် Asian Wings Airways (AWA) ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူကာ မြန်မာ့ လေကြောင်းဈေးကွက်သို့ ပထမဆုံး ဝင်ရောက်လာရန် ပြင်ဆင်နေပြီဖြစ်သည်။
အတွေ့အကြုံ ရင့်ကျက်သည့် ပြည်ပ လေကြောင်းလိုင်းကြီးတခု ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းက အနာဂတ် မြန်မာ့ လေကြောင်းအတွက် ကောင်းသော လက္ခဏာတရပ်ဟု ယေဘုယျ ယူဆနိုင်သော်လည်း ANA ၏ ရင်းနှီးမြှုပ်နှံမှုသည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း၌သာ ဖြစ်ပြီး နိုင်ငံသားများ ပိုင်ဆိုင်သည့် မြန်မာလေကြောင်း Myanmar Airways (MA) သို့ ဝင်ရောက်လာခြင်း မဟုတ်သည့်အတွက် ခြွင်းချက်တခုကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ANA ၏ ထိုကဲ့သို့ AWA နှင့် တိုက်ရိုက် ချိတ်ဆက် ဝင်ရောက်လာခြင်းအပေါ် တခြားသော လေကြောင်းလိုင်းများ ကလည်း ဝေဖန်မှုများ ပေါ်ထွက်နေကြောင်း သိရသည်။
ဤသို့ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများ၊ ဖက်စပ် လုပ်ဆောင်လိုမှုများနှင့် ပတ်သက်၍ အစိုးရက ဥပဒေကြောင်း အရ တိကျသည့် သတ်မှတ်ပြဌာန်းချက်များ ပြုလုပ်ကာ ပြည်တွင်းလေကြောင်း လိုင်းများအပေါ် အကာကွယ်ပေးရန် လိုအပ်နေသည်။
လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်က အစိုးရထံမှ ကျပ်သိန်း ၅၀ ချေးယူကာ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားများပိုင် Union of Burma Airways (UBA) ကဲ့သို့ ပြည်တွင်းသာမက ပြည်ပခရီးစဉ်များကိုပါ ပြေးဆွဲမည့် နိုင်ငံသားပိုင် လေကြောင်းလိုင်းကြီးတခု လိုအပ်နေပြီဟု ထင်မြင်မိသည်။
ထို့အတွက် အစိုးရအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် National flag Carrier ခေါ် နိုင်ငံပိုင် နိုင်ငံတကာ လေကြောင်းကြီးတခု ဖြစ်လာစေရန် အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း ဧရာဝတီမှ တိုက်တွန်းပါသည်။