“တိုင်းပြည် ချစ်စိတ်နဲ့ ဘာသာရေး ပဋိပက္ခတွေ တားဆီးဖို့ လုပ်သင့်ပြီ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ဆက်တိုက် ဆိုသလို မန္တလေးတိုင်း မိတ္ထီလာ၊ ရှမ်းပြည်နယ် လာရှိုး ၊ ရန်ကုန်တိုင်း ဥက္ကံ၊ ပဲခူတိုင်း အပါအဝင် နိုင်ငံတဝန်း ဘာသာရေး နှင့် လူမျိုးရေး ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အာဏာပိုင်များ ၏ အချိန်မီ တားဆီး ထိန်းသိမ်းမှု အားနည်းခြင်း၊ ထိရောက်သော အရေးယူမှု မရှိခြင်း နှင့် ပဋိပက္ခများ ဖြစ်ပွားစေရန် အကွက်ချ စီမံမှု များ ရှိနေ သည်ဟု ယူဆ ပြောဆို ချက်များက နိုင်ငံရေး နှင့် မီဒီယာ အသိုင်းအဝိုင်းတွင် တွင်ကျယ်စွာ ထွက်ပေါ် လျက်ရှိသည်။

စက်တင် ဘာလ ၄ ရက်နေ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အစ္စလမ် ဘာသာရေး စာသင်ကျောင်းတခုကို မီးတုတ်ပစ် မီးရှို့ရန် ကြံစည်မှု ဖြစ်ပွားခဲ့ပြီး ယင်းကြံစည်မှုကြောင့် ပဋိပက္ခ မဖြစ်ပွားစေရန် သံဃာတော်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဒေသခံ အာဏာပိုင် များ နှင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အခြေအနေ များနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ဧရာဝတီ သတင်းထောက် စနေလင်းက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။     ။ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖြစ်သွားတဲ့ အစ္စလမ်ဘာသာရေးစာသင်ကျောင်း မီးတုတ်ပစ်မှုနဲ့ပတ်သက်လို့ နောက်ဆုံး ဘာတွေ သိထားပါသလဲ။

ဖြေ။     ။ မနေ့က သင်္ဃန်းကျွန်းမှာဖြစ်တာက ကျနော်ကိုယ်တိုင်သွားပြီးတော့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ သူတို့ ကျောင်း ရဲ့ အခြေအနေနဲ့ မြင်ကွင်းကို လေ့လာကြည့်တဲ့အခါ ဘယ်သူတရားခံလဲဆိုတာ အသေအချာဖော်ထုတ်ဖို့ လိုတယ်။ အချက်အလက် မပြည့်စုံဘဲနဲ့ တဘက်တည်းကို မီးမောင်းမထိုးချင်ဘူး။ ဖြစ်စဉ်ကို ကြည့်လိုက်ရင် အစ္စလမ် ဘာသာရေး စာသင်ကျောင်းကို လူ ၃ ဦးက မီးထုတ်ပစ်တာကိုတွေ့တယ်ပြောတယ်။ အခုချိန်က ကုလမသဂ္ဂ အထွေထွေ ညီလာခံ ကလည်း နီးနေတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင်လုပ်မယ့် လူတွေ ရှိနေတယ် ဆိုတာ သေချာ တွက်ဖို့ လိုတယ်။

မနေ့က ကိစ္စမှာ ကျနော် ပြောနိုင်တဲ့အချက်က သင်္ဃန်းကျွန်း မှာရှိနေတဲ့ အစ္စလမ် ဘာသာဝင်တွေက အဲဒါမျိုး မလုပ်ဘူး။ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ အခြား ဘာသာဝင် တွေကလည်း မလုပ်ဘူးလို့ ကျနော် ပြောနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ မီးလောင် သွားရင် သာမန်မီးလောင်တာတောင် အပြစ်မဲ့တဲ့သူတွေ အများကြီး ခံရတာလေ။

မီးအန္တရာယ်နဲ့ ပတ်သက်ရင် လူထုကလည်း ကြီးစွာသတိထားတယ်။ ကျနော် သွားကြည့်ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ မီးသတ်ကို အင်အား ကောင်းအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မီးသတ်ရဲ့ လိုအပ်ချက်တွေတင်မကပါဘူး၊ အခု ဒီနိုင်ငံရေး အကြောင်း တွေပါ ပါခဲ့တယ်။ ကျနော် မသိတဲ့အရာတွေတော့ မပြောလိုဘူး။

မေး။     ။ အခုဖြစ်စဉ်က ပဋိပက္ခ ဖြစ်အောင် လုပ်တဲ့ နိုင်ငံရေးလှည့်ကွက်တခုလို့ ထင်လား။

ဖြေ။     ။ ဒီနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလမှာ အင်မတန်မှ ဆွပေးလို့ ကောင်းတဲ့ဟာက ဘာသာရေးနဲ့ လူမျိုးရေးပဲ။ အခြေခံဥပဒေမှာ ဗုဒ္ဓဘာသာသည် ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသော ဘာသာဖြစ်သည်လို့ ဆိုထားတယ်။ ဒီစာလုံးနဲ့တင် မရဘူး။ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတယ်ဆိုတာ ဘယ်လို။ အဲဒီလိုပဲ အခြေခံဥပဒေမှာ ခရစ်ယာန်၊ အစ္စလမ်၊ ဟိန္ဒူ၊ နတ် ကိုးကွယ်တဲ့ဘာသာ တွေကို နိုင်ငံတော်က အသိအမှတ်ပြုတယ်။

အသိအမှတ်ပြုတယ်ဆိုရင် သူတို့အတွက် ဘာလုပ် ပေးရမှာလဲ။ မနေ့က သင်္ဃန်းကျွန်းက ဖြစ်တဲ့နေရာရောက်တော့ ဘာသာရေးဆရာတွေရှေ့မှာပဲ သူတို့ အခြေအနေကို ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဆီကို ဖုန်းဆက်လိုက်တယ်။ သူတို့ ဘာသာရေး ရဲ့ လိုအပ်ချက်တွေကို လည်း ပေးဖို့။ တချိန်ထဲမှာပဲ ကျနော် ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ စာသင်ကျောင်း အတွက် ပေးရင် စာသင်ကျောင်းပဲ ဆောက်ပါ။ တိုးပြီးတော့ ဗလီတော့ သွားမလုပ်နဲ့။

ဒါတွေက ထစ်ကနဲ့ဆို ပြဿနာရှိတယ်။ တဘက်နဲ့ တဘက်က စောင့် ကြည့်နေတဲ့ အနေအထားတွေ ရှိတယ်။ အဲဒီ အနေအထား တွေမှာ ဘာသာ အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေဖို့ လုပ်ခြင်းအားဖြင့် ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကို အထောက် အကူ ပြုစေနိုင်မှာပါ။ အခုမှ လပေါင်း ၃၀ ပဲရှိသေးတယ်။ အပေါ်ပိုင်းမှာသာ တစုံတရာ အပြောင်းအလဲ လုပ်နိုင်တာ။ အောက်မှာဆိုရင် ကျနော့် သင်္ဃန်းကျွန်းက ဒီမိုကရေစီရဲ့ အပြောင်းအလဲကို နည်းနည်း ခံစားရတယ်။

ကျန်တဲ့နေရာ တွေမှာ ဒုံရင်း၊ ဒုံရင်းပဲ။ ကျနော်မနေ့က အားလုံးရှေ့မှာ ပြောခဲ့ တယ်။ မနေ့က သင်္ဃန်းကျွန်းမြို့နယ် အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုကို အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေက ကျေနပ် အားရကြတယ်။ လောလောဆယ် ကျနော် လုပ်နိုင်တဲ့ အရာကတော့ သင်္ဃန်းကျွန်းမှာ မလိုလားအပ်တဲ့ ဘာသာ ရေး ပဋိပက္ခ မဖြစ်အောင် လူထုအားနဲ့၊ တရားဥပဒေ စိုးမိုးရေး အကူအညီနဲ့ ဖြေရှင်းသွားမယ်။

မေး။     ။ တနိုင်ငံလုံးမှာ ဘာသာရေးပဋိပက္ခတွေ မဖြစ်နိုင်အောင် ဘယ်လိုကာကွယ်တားဆီးမလဲ။

ဖြေ။     ။ အရင်ဆုံး ကျနော်တို့ သတိထားရမှာက ဘာသာရေး ပဋိပက္ခဖြစ်လို့ ကျနော်တို့ တိုင်းပြည်အတွက်၊ ကျနော်တို့ လူမျိုး အတွက် အကျိုးရှိမလား၊ ဒုတိယကတော့ ပြင်ပကနေ ပဋိပက္ခတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတဲ့သူ အတွက် ပဋိပက္ခတွေ ဖြစ်လာရင် သူတို့ကို ဘာမှ ထိခိုက်မှာမဟုတ်ဘူး။ သူတို့အတွက် အမြတ်တောင် ရဦးမယ်။ ရခိုင် အဖြစ် အပျက်က စပြီး သင်ခန်းစာ ယူရမယ်။ လူ့အဖွဲ့အစည်း ၂ ခုလုံး ဘ၀ ပျက်သွားတဲ့ အခြေအနေမျိုး တွေကို ခွင့်မပြု သင့်ဘူး။

အခုကိစ္စမှာလည်း ကျနော် တွက်တာကတော့ ရိုးရိုးလေးပါပဲ။ ကုလ သမဂ္ဂအထွေထွေ ညီလာခံက ခေါ်တော့မယ်။ ပြီးတော့ အစီရင်ခံစာ တင်ဖို့ကိစ္စရယ်၊ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားရဲ့ သက်တမ်းကလည်း ပြီးတော့မယ်။ ကင်တားနားရဲ့ နောက်ဆုံး သက်တမ်းဆိုတော့ သူက မြန်မာပြည်သူ လူထုကျေနပ်မှုထက် ဓနနဲ့ သြဇာ ကြွယ်ဝတဲ့ အစ္စလမ် တွေ အကြိုက်ကို လုပ်သွားဖို့ များတယ်။

တချိန်တည်းမှာ ကျနော်တို့ သတိထားရမှာက ပြည်တွင်းပြည်ပ လက်မည်းကြီးတွေ၊ ဒါတွေရဲ့ ပယောဂ ပါနေပြီ ဆိုတာ တော့ သေချာတာပေါ့။ အဲဒါကြောင့် ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာ လုံခြုံရေး အမြင်တင်မဟုတ်ဘူး။ နိုင်ငံရေး အမြင်ပါလိုတယ်။ အထူးသဖြင့် တိုင်းချစ် ပြည်ချစ် စိတ်ဓာတ် ပါလိုတယ်။ ပြန်လှုံဆော် ရတော့မယ်။ မျိုးချစ် စိတ်ဓာတ် ထက် တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ဆိုတာ ပိုလည်း ကျယ်ပြန့်သလို အားလုံးအတွက် လိုအပ်တယ်။ တိုင်းပြည် ချစ်စိတ်နဲ့ ဘာသာရေး ပဋိပက္ခတွေ တားဆီးဖို့ လုပ်သင့်ပြီ ။ တာဝန်ရှိတဲ့သူတွေအားလုံး စတင် သင့်နေပြီလို့ မြင်ပါတယ်။

မေး။     ။ ပဋိပက္ခတွေမှာ ရဲတပ်ဖွဲ့ရဲ့ တားဆီး အရေးယူနိုင်မှု အားနည်းတယ်လို့ ဝေဖန်မှုတွေရှိနေတယ်။ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ။     ။ ကျနော် ပြည်သူ့လွှတ်တော်မှာ ရခိုင်ကိစ္စ၊ မိတ္ထီလာကိစ္စ တွေကို ဆွေးနွေးခဲ့ပြီးပါပြီ။ အဓိကရုဏ်း နှိမ်နင်းရေး လက်စွဲ ဥပဒေ ဆိုတာ ပြဋ္ဌာန်းပြီးသားပါ။ အဲဒီမှာ အသေးစိတ် ဖော်ပြထားတယ်။ ဘယ်အချိန်မှာ ဘယ်လိုကိုင်တွယ်ရမယ်၊ ကိုင်တွယ်ပြီးရင် လည်း ဘယ်လိုလုပ်ရမယ်၊ ပဋိပက္ခ တကယ်ဖြစ်လာပြီ ဆိုရင်တော့ ခေါင်းဆောင်တွေ ရဲ့ခြေထောက်ကို ပစ်ဖို့ အထိ လက်စွဲ ဥပဒေမှာ ခွင့်ပြုထားတယ်။ အဲဒီလို စနစ်တကျဟာတွေကို ဒီဘက်ခေတ် ရဲအရာရှိတွေ၊ လုံခြုံရေး တာဝန်ယူတဲ့ တရားသူကြီး တွေ သိရဲ့လား။

ဟိုတုန်းကတော့ ဒီစာအုပ်ကို သိရှိကြောင်း တရားသူကြီးတို့၊ ဒုရဲအုပ်အဆင့် ရှိတဲ့သူတွေက လက်မှတ်ရေး ထိုးခဲ့ကြရတယ်။ ဖြစ်လာတာနဲ့ တပြိုင်တည်း ပုဒ်မ ၁၄၄ ထုတ်ပြီးရင် ဘယ်လို ကိုင်တွယ်ရမလဲ။ အရေးပေါ် အခြေအနေ ကြေညာရတဲ့အထိ မရောက်ဘဲနဲ့ ပုဒ်မ ၁၄၄ နဲ့ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရေးထားတယ်။ အခု နိုင်ငံခြားကို သင်တန်းတွေ ပို့နေပြီဆိုတော့လည်း ဒီမိုကရေစီ နိုင်ငံတွေရဲ့ အတွေ့ အကြုံ တွေ ရမှာပေါ့။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ လိုမျိုး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အဆင့်အတန်းကို မြှင့်ပေးရမယ်။ ပြီးတော့ ဒီမိုကရေစီ စနစ်မှာ လူစုလူဝေး နဲ့ ရင်ဆိုင်ရတဲ့ ပြဿနာကို ကိုင်တွယ်ပုံနဲ့ အာဏာရှင် စနစ်မှာ ထင်တိုင်း ရိုက်နှက် သတ်ဖြတ်တဲ့ အနေအထား ပုံစံမတူဘူး ဆိုတာကို၊ တရားဥပဒေ အုပ်စိုးတဲ့ နိုင်ငံတခု အနေအထားကို သိအောင်လေ့ကျင့် ပေးရမယ်။

မေး။     ။ လက်ရှိကာလမှာ ရဲတပ်ဖွဲ့အပေါ် လူထုလေးစားမှု အများကြီး ကျဆင်းနေတယ်။ ဒါကို ဘယ်လို ပြုပြင် ပြောင်းလဲနိုင်မလဲ။

ဖြေ။     ။ လောလောဆယ် လွှတ်တော်မှာ ပြည်ထဲရေးရဲ့ဘတ်ဂျက် ငွေကြေးတွေကို တခါမှ မဖြတ်တောက်ဘူး။ ထိုင်းရဲတွေလို သူတို့ ကို အဆင့်မြှင့်ပေးဖို့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အရည်အသွေးမြှင့်ဖို့ ငွေရေးကြေးရေး ၊ နည်းပညာ နဲ့ အတွေးအခေါ် အပိုင်း တွေမှာ အားလုံး ဆောင်ရွက်ပေးဖို့ လိုတာကတော့ အမှန်ပါပဲ။

အဲဒါကို ပြည်ထဲရေးဌာန တခုထဲနဲ့ လုံလောက်သလား၊ မလုံလောက်ဘူး ဆိုရင် နိုင်ငံတော်သမ္မတက အထူးအစီအစဉ် တရပ် အနေနဲ့ လုပ်ဖို့လိုရင်လည်း ဆောင်ရွက်ရမှာပေါ့။

ကျနော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တော့ ပြည်ထဲရေးက သာမန် အဆင့်ပဲဖြစ်ခဲ့တယ်၊ ကာကွယ်ရေးက ပြည်ထဲရေးထက် ပိုပြီး အလေးထားခံခဲ့ရတယ်၊ အဆင့်မြှင့်ခံခဲ့ရတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ကတော့ ဘာအကြောင်း နဲ့ပဲဖြစ်ဖြစ် ပြည်ထဲရေး ဌာနက အဆင့်မြင့်ဖို့လို တယ်။ ဥပဒေအုပ်ချုပ်မှုကို အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်ထဲရေး နဲ့ ရဲတပ်ဖွဲ့က အရမ်း အရေးပါတယ်။

မေး။     ။ ပဋိပက္ခ ဖြစ်စဉ်တွေမှာ အရေးယူ၊ အဖမ်းခံလိုက်ရတဲ့သူ အများဆုံးက ဒေသခံ ပြည်သူတွေပဲဖြစ်နေတာ တွေ့ရတယ်။ နောက်ကွယ်ကြိုးကိုင်သူရှိတယ်လို့ အစိုးရက မကြာခဏ ပြောပေမယ့် တခါမှ အကောင် အထည်ဖော် အရေးယူနိုင် တာမျိုး မရှိတာတွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အမြင်သိချင်ပါတယ်။

ဖြေ။     ။ ဒေသခံတော့ များတာပေါ့။ ဒါတွေကလည်း နှစ်ပေါင်းများစွာ အကျိတ်အခဲတွေ ဖြစ်ခဲ့ကြတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တို့ဗမာတွေက ဆင်းရဲကြတယ်။ အခြားဘာသာဝင် တွေက ဘာအကြောင်းပဲပြောပြော တို့ဗမာတွေထက် ကောင်းကောင်း မွန်မွန် စားနိုင်သောက်နိုင်ကြတယ်။ ဆင်းရဲနေတဲ့လူတွေဟာ နှိမ်ချခံရတဲ့အခါမှာ အခုလို ထိခိုက်လွယ်တဲ့ ကိစ္စမျိုးပေါ် လာတဲ့အခါမှာ မူလ နာကြည်းချက် တွေအပေါ်မှာ ဖြစ်ပေါ်လာတာပဲ။ ဒါကိုလည်း သင်ခန်းစာ ယူရမယ်။

အခုဖြစ်နေတဲ့ ကိစ္စတွေကို တကယ် နက်နက် ရှိုင်းရှိုင်း၊ ကျယ်ကျယ် ပြန့်ပြန့် လေ့လာတဲ့ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့သင့်တယ်။ ရခိုင်တဖွဲ့၊ လားရှိုးတဖွဲ့၊ အဲဒီလို ဖွဲ့ရုံနဲ့ မလုံလောက်ဘူး။ ပဋိက္ခတွေဖြစ်တဲ့ အရင်းခံပြဿနာက ဘာ့ကြောင့်လဲ ဆိုတဲ့ တကယ့်ကို သမိုင်းဆိုင်ရာ ဇစ်မြစ်တွေရှိနေတော့ နောက်ကြောင်းပြဿနာ တွေကို မထောက် မညှာ လေ့လာ စုံစမ်းတဲ့ ကော်မရှင်လိုအပ်တယ်။ ဒါ့အပြင် လူတွေရဲ့ ဆင်းရဲမွဲတေမှုက အန္တရာယ်နဲ့ အခုလို တင်းမာမှုတွေ၊ ပဋိပက္ခ တွေကို ဖိတ်ခေါ်နေတယ်။

မေး။     ။ ပဋိပက္ခတွေကို နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူတွေ တကယ်ရှိလား။ ရှိရင် ဘယ်လိုအရေးယူ ဖော်ထုတ်မလဲ။

ဖြေ။     ။ မြင်ကွင်းထဲက တရားခံကိုတော့ သူတို့ ဖော်ထုတ်နိုင်တာပေါ့။ နောက်ကွယ်က အုပ်စုကြီးနဲ့ပတ်သက်ပြီး ဖော်ထုတ် တဲ့အခါ မှာ ရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိတဲ့အာဏာပိုင်တွေအနေနဲ့ အများကျေနပ်အောင် မလုပ်နိုင် တာကတော့ အမှန်ပဲ။ အခုချိန်ထိ ထဲထဲဝင် ဝင်လေ့လာပြီး မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်တဲ့ ကော်မရှင်မျိုး ဖွဲ့ပြီးတော့မှ ဒီပြဿနာကို အဖြေရှာရမှာ။ ဒီပြဿနာကို စဉ်းစားတိုင်း၊ ပြည်တွင်းအခြေအနေ တခုပေါ်မှာပဲ စဉ်းစားရင် မပြည့်စုံဘူး။

ဘာပဲပြောပြော အစွန်းရောက် ဘာသာရေးဂိုဏ်းတွေက လုံခြုံရေးအရ အားနည်းနေသေးတဲ့ ကျနော်တို့နိုင်ငံ မဆိုထားနဲ့၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့လို့ နိုင်ငံကြီးတွေမှာတောင် တိုက်ခိုက်နေတယ် ဆိုတာ သိနေကြတာပဲ။ တဘက်တည်းက တွက်လို့မရဘူး။ နိုင်ငံတကာ အစွန်းရောက် ဘာသာရေး ဂိုဏ်းတွေရဲ့ အနေအထား အထိ လုပ်နိုင်ဖို့လိုတယ်။

မေး။     ။ ပြည်သူတွေအနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မကြုံတွေ့ရအောင် ဘယ်လို နည်းလမ်း တွေနဲ့ ခုခံကာကွယ် ကြရမလဲ။

ဖြေ။     ။ အခြေခံပြောရင် အိမ်နားနီးချင်း စိတ်ဓာတ်ပေါ့။ ဥပမာ- က ရပ်ကွက်မှာဖြစ်ရင် ခ ရပ်ကွက်က ပြည်သူတွေက ဝိုင်းကူပေါ့။ အခု သင်္ဃန်းကျွန်းမြို့နယ်က အစ္စလမ်တွေများတဲ့နေရာမှာရှိတဲ့ သံဃာတော်တွေက ပဋိပက္ခ အရေးခင်းမျိုး မဖြစ်အောင် ဝိုင်း ကာကွယ်နေကြတာပဲ။ လိုအပ်ရင် ဗလီကို လိုအပ်ရင် လုံခြုံရေးလုပ်ပေးမှာ။ အစ္စလမ်ဘာသာဝင် တွေကလည်း ဘုန်းတော် ကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ သြဇာကို အသိအမှတ်ပြုပြီး ချဉ်းကပ် တတ်ဖို့တော့လိုတယ်။

မေး။     ။ ပဋိပက္ခတွေဖြစ်လာရင် ပြည်သူတွေအနေနဲ့ ဘယ်လို အခွင့်အရေး ဆုံးရှုံးနိုင်မလဲ။

ဖြေ။     ။ အနိမ့်ဆုံး ပုဒ်မ ၁၄၄ ထုတ်ရင် ဘယ်အချိန်ကနေ ဘယ်အချိန်အထိ အပြင်မထွက်ရဘူးဆိုတဲ့ အမိန့်ကြောင့် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်း တွေ ထိခိုက်မယ်။ အရေးပေါ်အခြေအနေ ထုတ်လိုက်ရင်တော့ နိုင်ငံသားအခွင့်အရေးပါ ဆုံးရှုံးမယ်။ အဲဒါဆိုရင် စီးပွားရေးအရရော၊ နိုင်ငံ ရေးအရရော ပွင့်လင်းလာတဲ့ အခွင့်အလမ်းတွေ ထိခိုက်ခံရမယ်။

နောက်တခု ဖျက်တာက လွယ်တယ်၊ ပြန်တည်ဆောက်ဖို့ မလွယ်ဘူး။ အိမ်တလုံး မီးရှို့တာ နာရီဝက်အတွင်း ပြီးပေမယ့် ဒီအိမ်ပြန်ဆောက်ဖို့က တော်တော်များများမှာ အရင်းအနှီးမှ မရှိကြတာ။ အဲဒီတော့ ဒါမျိုးဖြစ်လာရင် လက်တွေ့မှာ ဆင်းရဲတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်။ ကိုယ့်ရဲ့မိသားစုဘဝမှာ အမာရွတ်တွေ၊ စိတ်ဒဏ်ရာတွေ ရသွားမယ်။

အဲဒါတွေ မဖြစ်ဖို့ကို အားလုံးက ရေရှည် အမျှော်အမြင်နဲ့၊ ကိုယ့်ရဲ့ခေါင်းကိုသုံးဖို့လိုတယ်။ ကိုယ့်ရဲ့ခေါင်းကို သူများက အသုံးမချဖို့ လိုတယ်။ သူများခိုင်းတာ မလုပ်ဖို့လိုတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ဘာသာအသီးသီးက မဲတွေနဲ့ အရွေးခံ ထားကြရတာ။ အဲဒါကြောင့် ကိုယ်စားလှယ်များကလည်း ဘာသာအသီးသီးကြားမှာ သဟဇာတ ဖြစ်အောင်၊ ညီညွတ်အောင်၊ ရန်ငြိုး အာဃာတတွေ ပပျောက်အောင် စောင့်ရှောက် ပါဝင်ဖို့လိုတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading