ပညာရွှေအိုးခေတ်နဲ့ ကလေးတို့ရဲ့ပညာရေး

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့တဲ့အပတ်တုန်းက ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်းများက ဆရာမများ ရဲ့ “သည် ၏ မလွဲ” ကျက် အဖြေခိုင်းတဲ့ စာသင်ပုံ နည်းစနစ်ကို ကျမဆွေးနွေးတင်ပြခဲ့ပါတယ်။

ဒီအပတ်တော့ ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်းများ မဟုတ်တဲ့ အပြင်ကျောင်းများရဲ့ အကြောင်းကို ကျမ ဆွေးနွေးတင်ပြ ချင်ပါတယ်။ ကျမတို့ ငယ်ငယ်တုံးကတော့ ရွေးချယ်စရာရယ်လို့ သိပ်မရှိကြပါဘူး။ အစိုးရကျောင်းမှာပဲ တက်ကြရတာ ပါပဲ။ ဒါပေမယ့် အခု သားလေးတို့ ခေတ်မှာတော့ ရွေးချယ်စရာ ကျောင်းတွေက များလာပါပြီ။ တလကို လေးငါးသောင်း ပေးရတဲ့ ကျောင်းက စလို့ တလကို ဆယ့်လေးငါးသိန်း ပေးပြီးတော့ တက်ရတဲ့ ကျောင်းတွေ အထိ ကျောင်းတွေ များလာပါတော့တယ်။ နိုင်ငံတကာကျောင်း လို့ ခေါ်တဲ့ ကျောင်းများမှာ စင်ကာပူ သင်ရိုးညွှန်းတန်း၊ အမေရိကန် သင်ရိုးညွှန်းတမ်း စသဖြင့် သင်ရိုးညွှန်းတန်းများက ကွဲပြားမှု ရှိသလို ပေးရတဲ့ ငွေကြေး ပမာဏခြားမှု ရှိတဲ့ အပြင်၊ နိုင်ငံခြားဆရာ သင်တဲ့ကျောင်းနဲ့ ပြည်တွင်းက အဖြူ မဟုတ်တဲ့ မြန်မာ ဆရာ၊ ဆရာမလေးတွေ သင်တဲ့ကျောင်း အလိုက်လည်း ဈေးကွာခြားမှု ရှိပါတယ်။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

နိုင်ငံတကာ ကျောင်းကို ထားတဲ့ မိဘတော်တော်များများရဲ့ ရည်ရွှွယ်ချက်က မိမိတို့ ကလေးကို အင်္ဂလိပ်လို တတ်စေချင်၊ ပြောစေချင် လို့ပို့ကြတာ များပါတယ်။ အင်္ဂလိပ်စာ တတ်ရင် ကလေးတို့ ရဲ့ပညာရေး ကောင်းလာမယ်။ နိုင်ငံခြားမှာ တက္ကသိုလ် ဆက်တက်နိုင် လိမ့်မယ်လို့ တွေးကြ ယူဆကြ ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ကလေးကို အဖြူဆရာတွေ သင်တဲ့ ကျောင်းမျိုးကိုမှ တတ်နိုင်ရင် တတ်နိုင်သလောက် ရွေးချယ် တက်ရောက်စေတတ် ကြပါတယ်။

“အဖြူ” ဆရာ သင်တဲ့ကျောင်းများရဲ့ ကျောင်းစရိတ် တနှစ်စာ ဟာ အမေရိကားမှာ တက္ကသိုလ် တက်ဖို့ အတွက် ပေးရတဲ့ တနှစ်စာ ကျောင်းစရိတ်လောက် ရှိပေမယ့် စိတ်မကောင်း စရာကောင်းလောက်အောင်ပဲ ကျမတို့ ဆီကို ဝင်လာတဲ့ (ကျောင်းတွေမှာ သင်နေကြတဲ့ ) “အဖြူ”ဆရာ တော်တော်များများဟာ တကယ့် ဆရာတွေ မဟုတ်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျမတို့နိုင်ငံထဲကို ဝင်လာတဲ့ လူတွေပါ။ တချို့ဆို ဘာဘွဲ့မှ မရကြသေးတဲ့၊ ပညာ မတတ်တဲ့ လူမျိုးတွေ တောင်မှ ပါကြပါတယ်။ တချို့ ကျောင်းတွေဆိုရင် ဆရာရဲ့ နောက်ခံ အကြောင်းကို ဘာမှ မသိဘဲ၊ မလေ့လာ မစုံစမ်းဘဲ အဖြူဖြစ်ရင် ပြီးရော ဆိုပြီးတော့ ဆွဲခန့်လိုက်ကြတာတွေ လည်း ရှိပါတယ်။

သူတို့ဟာ ကလေးကို စာ ဘယ်လို သင်ရမလဲ ဆိုတာကို မသိကြပါဘူး။ အဲဒီထဲက ဆရာတချို့ဟာ ဆိုရင်ဖြင့် ကလေး တို့ကို စာသင်ဖို့ အတွက် မသင့်တော်တဲ့ ဆရာများ တောင်မှ ပါတတ်ကြပါ သေးတယ်။ ကလေးတို့အတွက် အရေးကြီးတဲ့ သချာၤရဲ့ သဘောတရားတွေကို ဘယ်လို သင်မလဲ၊ သိပ္ပံဘာသာရဲ့ သဘောတရားတွေ ဘယ်လိုသင်မလဲ၊ ပထဝီကို ဘယ်လို သင်မလဲ ဆိုတာကို သူတို့ မသိကြပါဘူး။ ကလေး အတွက် အရေးကြီးလှတဲ့ ထိုးထွင်း သိမြင်တွေးတော စူးစမ်း တတ်တဲ့ဉာဏ် ( critical thinking) ဖြစ်လာအောင်၊ တွေးတတ်အောင် ဘယ်လို သင်ကြမလဲ ဆိုတာလည်း မသိ မတတ်ကြပါဘူး။ အဖြူဖြစ်တဲ့ အတွက်မို့ “ဘို” လိုတော့ ရွှတ်ရှက်ဒွတ်ဒက် နဲ့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ ဆိုတာဟာ ဘာသာစကားပါ။ ပညာရပ် မဟုတ်ပါဘူး။

အင်္ဂလိပ်စာ ဟာ ကမ္ဘာသုံး ဘာသာစကား ပေမို့တတ်ရမယ့်၊ တတ်သင့်တဲ့ ဘာသာစကားပါ။ အင်္ဂလိပ် စကားကို သင်ဖို့၊ အသံထွက် မှန်အောင် ပြောဆိုတတ်ဖို့၊ ဖတ်တတ် ရေးတတ်ဖို့ လိုတယ် ဆိုတာကို ကျမ မငြင်းလိုပါဘူး။ ဘယ်ဘာသာရပ် ကိုပဲ လေ့လာချင်၊ လေ့လာချင် အင်္ဂလိပ်လို တတ်တော့မှ ရေဆုံး ရေဖျားထိ ဖတ်မှတ်လေ့လာ နိုင်မှာမို့ အင်္ဂလိပ်စာဟာ တတ်သင့်တဲ့ ဘာသာစကားပါ။ ဒါပေမယ့် အင်္ဂလိပ်စာ တတ်ရုံ တခုတည်းနဲ့တော့ ထူးချွန်တဲ့ ကလေး ဖြစ်လာမှာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာ တတ်တိုင်းသာ ထူးချွန်ရမယ် ဆိုရင်ဖြင့် အင်္ဂလန်နဲ့ အမေရိကန်မှာ ရှိနေတဲ့ လူအားလုံး ပညာတတ်တွေချည်းပဲ ဖြစ်နေကြတော့ မှာပါပဲ။

ပညာသင်တဲ့ အရွယ်ဟာ ကလေးတို့အတွက် သိပ်ကို မှ အရေးကြီးပါတယ်။ ကလေးတို့ရဲ့ စိတ်ဝင်စားမှုချင်း၊ ထူးချွန်ထက် မြက်မှုချင်းဟာ တယောက်နဲ့ တယောက် မတူကြပါဘူး။ ကျမတို့ ငယ်ငယ်တုန်းကတော့ များများကျက်နိုင်၊ မှတ်နိုင်သူ၊ ပြန်ပြီးတော့ စာရွက်ပေါ်မှာ ချပြီးတော့ ရေးနိုင်တဲ့သူကို ဉာဏ်ကောင်းတယ်လို့ ခေါ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ သင်ကြားရေး သင်ရိုးညွန်းတန်းကို ဆွဲတဲ့ေ နရာမှာ ကလေးတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးများကို အခြေခံပြီးတော့ ဆွဲဖို့ အတွက် ဟားဗက် တက္ကသိုလ်က ထင်ရှားတဲ့ ပါမောက္ခ တစ်ဦးဖြစ်သူ Howard Gardner က theory of multiple intelligences မှာ ဉာဏ်ရေဉာဏ်သွေး ရှစ်မျိုးကို ကို ခွဲခြားပြသပေးခဲ့ပါတယ်။

အဲဒါတွေကတော့ ၁) တချို့ကလေးတွေဟာ ဘာသာစကားမှာ တော်ကြပါတယ်။ စာဖတ်တာ၊ ရေးတာ ၊ စကားပြောရတာ၊ စတဲ့ နေရာတွေမှာ တော်ကြတာပါ။ ၂) တချို့ကတော့ သချာၤတို့၊ ယုတ္တိဗေဒတို့မှာ စိတ်ဝင်စားကြ တော်ကြပါတယ်။ ကတ်ပြားလေးတွေ ဆက်တာမျိုး၊ ပဟေဠိ ကစားရတာမျိုး၊ တွက်ရချက်ရ၊စဉ်းစား ရတာမျိုး ကြိုက်ကြတယ်။ ၃) တချို့ ကတော့ ကတ်ပြားလေးတွေ နဲ့ အိမ်ဆောက်ရတာ၊ ဂျုံရုပ်တွေ နဲ့ ပုံစံထွင်ရတာ စတဲ့ ထုထည်တွေ၊ ပုံတွေ၊ အရာဝတ္ထုတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ ဒီလို ကလေးမျိုးဟာ ဂျီသြမေတြီ ဘာသာရပ်မျိုးမှာ တော်ကြပါတယ် ၄) တချို့ကတော့ ကိုယ်လက် လှုပ်ရှား ကစားရတဲ့ အားကစားတို့၊ ကတာခုန်တာတို့ စတာတွေကို စိတ်ဝင်စားကြတယ်။ ၅) တချို့ကလေး တွေကတော့ တီးရမှုတ်ရတာ၊ သီချင်းဆိုရတာ ၊ တူရိယာ ပစ္စည်းတွေကို တီးခတ်တာ စတဲ့ ဂီတကို စိတ်ဝင်စားတယ်။ ၆) တချို့ ကလေးတွေကတော့ သူငယ်ချင်းတွေနဲ့ အတူတူ ပူးပေါင်းပြီးတော့ အလုပ်လုပ်ရတာ၊ အချင်းချင်းဝေမျှ သုံးစွဲရတာ၊ တခြားလူ အကြောင်းကို စိတ်ဝင်တစားနဲ့ မေးမြန်း နားထောင် ရတာ ကို စိတ်ဝင်စားပါတယ်။ ရ) တချို့ကတော့ ကိုယ့်ရင်ထဲက ဖြစ်လာတဲ့ ခံစားချက်တွေကို ပန်းချီတို့၊ ကဗျာ တို့ ၊ ဝတ္ထုတို့ အက်ဆေးတို့နဲ့ ထုတ်ဖော်ပြသ ရတာ စိတ်ဝင်စားတယ်။ ၈) တချို့ကတော့ သဘာ၀ ပတ်ဝန်းကျင်ကို စိတ်ဝင်စားကြပါတယ်။

ဒီစိတ်ဝင်စားမှုနဲ့ ကလေးတို့ရဲ့ ထူးချွန်မှုများဟာ ပညာရေးမှာ အထောက်ကူဖြစ်စေတဲ့ ဉာဏ်ရည်ဉာဏ်သွေးများပါပဲ။ ကလေးတို့ တက်မယ့်ကျောင်းမှာ ကလေးတို့ရဲ့ ဒီစွမ်းရည်လေးတွေကို အခြေခံပြီး၊ ထုတ်ဖော်ပြီးတော့ သင်ပေးနိုင်တဲ့ သင်ရိုးညွှန်းတန်းနဲ့ ဆရာများ ရှိကို ရှိရပါမယ်။ ဒါမှ ကလေးတွေ နိုင်ငံတကာတက္ကသိုလ်တွေကို တက်ကြတဲ့အခါမှာ အဆင့်မီမီနဲ့ အခြေခံပိုင်ပိုင် သင်ယူ နိုင်ပြီး ထူးချွန်ကြမှာပါ။

“ဘို”ဆရာတွေ သင်ကြတဲ့ နိုင်ငံတကာ ကျောင်းများက မျှော်လင့် ထားသလောက် အားရစရာ မကောင်းလှသလို ၊ အင်္ဂလိပ် ဆရာတွေကို မခန့်တဲ့ မြန်မာဆရာတွေကိုပဲ ခန့်တဲ့ ပြင်ပကျောင်းတွေကို ကြည့်ပြန်တော့လည်း ဆရာ၊ ဆရာမ တော်တော်များများဟာ ဝါသနာပါလို့ ဝင်လုပ်ကြတဲ့ လူ အင်မတန်မှ နည်းပါတယ်။ ရတဲ့ အလုပ်တခုကို ဝင်လုပ်လိုက်တဲ့ သဘော။ ဘဝရဲ့ အဆင့် တခု ၊ခုန်စရာ တုံးခု အနေနဲ့ ဝင်လုပ်လိုက်တဲ့ လူမျိုးတွေ များပါတယ်။ ဒါကြောင့် ကလေးတို့ကို သင်ကြားတဲ့ အခါမှာလည်း ကြိုးစားအားထုတ်မှု နည်းကြပါတယ်။ အလုပ်ခန့်တဲ့ ကျောင်းပိုင်ရှင်များ ကလည်း အင်္ဂလိပ်လို လေး ပြောတတ်ရင်ပဲ ဆွဲခန့်လိုက်ကြတာမို့ သင်ကြားရေးမှာ ကလေးတို့ အတွက် ရင်လေး စရာပါပဲ။ အဲဒီလို ကျောင်းမျိုး မှာ မြန်မာစာတော့ သင်ပေးပါရဲ့ ဆရာမက အသတ်တွေကို ပီပီသသ ရေးသား မပြ၊ ရရစ် ရပင့် ဝဆွဲတွေ မမှန် စသဖြင့် မြင်နေရတာပါပဲ။ စလုံးနဲ့ ဆလိမ်နဲ့ အတူတူပဲ လို့ ကလေးကို ပြောပြီးတော့ သင်တဲ့ မြန်မာစာ ဆရာမတောင် ရှိပါသေး တယ်။ ကလေးတွေဟာ စားနဲ့ ဆားကို အသံအားဖြင့် မခွဲတတ်ကြတော့ ပါဘူး။

လောလောဆယ် ကျမတို့နိုင်ငံရဲ့ပညာရေး လောကကြီးကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် တတန်းကို လူ ၇၀၊ ၈၀ လောက် ရှိပြီး၊ အပြင်မှာ ကျူရှင်မယူရင် ဘာမှ မတတ်တဲ့ အစိုးရကျောင်းတွေ ကလည်း စိတ်ပျက်စရာ ကောင်းလှသလို၊ ပြင်ပကျောင်းတွေကလည်း အားရစရာ မရှိလှ ပြန်ပါဘူး။ မိဘများ တနှစ် တနှစ် ကုန်ကျနေရတဲ့ ကလေးပညာရေး စားရိတ်တွေ ဟာ ကလေးတို့ အတွက် အကျိုး ရှိသင့်သလောက် မရှိဘဲနဲ့ ကုန်ကျခံနေ ရသလို ဖြစ်နေပါတယ်။

ပညာရေးဟာ လူမျိုးတမျိုး အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ကိုယ်တယောက်တည်း၊ ကိုယ့်တနိုင်ငံတည်း နေလို့ မရတော့တဲ့ အချိန်မို့ ကျမတို့ရဲ့ ကလေးတွေ တကယ် ပညာတတ်ဖို့၊ တကယ် ထူးချွန်ဖို့ အတွက် ကောင်းမွန် ပြည့်စုံတဲ့ ပညာရေး သင်ယူခွင့်ရဖို့ လိုပါတယ်။ သဲကန္တာရထဲမှာ ရေကို ရှာနေရသလိုပဲ ကလေးတို့ကို ပညာကောင်းကောင်း ပေးနိုင်မယ့် ကျောင်းကောင်းကို ကျမဖြင့် အခုချိန်ထိ ရှာလို့ မတွေ့နိုင်သေးပါဘူး။ သဲကန္တာရထဲမှာ အိုအေစစ်တော့ ရှိတတ် ပါတယ်။ သဲကန္တာရထဲက အိုအေစစ်လိုမျိုး ကိုယ့် အကျိုးအမြတ်အရ ကျောင်းဖွင့်၊ ကျောင်းထောင်ပေမယ့်လည်း ကလေးတို့ရဲ့ အကျိုး၊ နိုင်ငံရဲ့ အကျိုး၊ ကိုယ့်လူမျိုးရဲ့ အကျိုးကို တကယ်လိုလားပြီးတော့၊ တကယ့် စေတနာနဲ့ ဖွင့်တဲ့ ကျောင်းမျိုးတွေ ကျမတို့နိုင်ငံမှာ လိုနေပါပြီ။

Loading