လွှတ်တော် နိုင်ငံရေး မှာ ဒီမိုကရေစီ အင်အားစုတွေ ပိုမို ညီညွတ်ဖို့လိုတာ၊ တိုင်းပြည်ရဲ့ မျက်မှောက် မှာ ဖြစ်ပျက်နေဆဲ မတရားမှုတွေ အပေါ် လွှတ်တော် အတွင်း အပြင် ပိုမို ကျယ်လောင်တဲ့ အသံထွက်ဖို့ လိုနေပါတယ်။
လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်ဖို့ လိုကြောင်း ပြောရင် မတူကွဲပြားတဲ့ အတွေးအမြင်၊ အသံတွေ ရှိခြင်းဟာ ဒီမိုကရေစီ နိုင်ငံရေး စနစ်ပဲလို့ လူအများ ဆိုချင်ကြတယ်။ ဒီနေရာမျိုးမှာကျ ဒီမိုကရေစီ သိပ်ဆန်ချင်ကြတယ်။
ဗမာ့ နိုင်ငံရေး မှာ အကွဲအပြဲ ဇာတ်လမ်းက ဓလေ့လို ဖြစ်နေတယ်။ နိုင်ငံရေးသမားတွေ အချင်းချင်း ပြဿနာ တက်ခဲ့လို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ခေါင်းထဖို့ ဖြစ်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာ ရှိခဲ့တယ်။ မတူညီတဲ့ ဘက်ပေါင်းစုံ အမြင်၊ အသံနဲ့ ဒီမိုကရေစီစနစ် ဗဟုဝါဒ သဘောကို ခြွင်းချက် မရှိ လက်ခံ ကျေနပ် သဘောကျ ပါတယ်။ ဒါပေမယ့် အင်အားကြီးမားတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီနဲ့ တပ်မတော်သည်သာ အမိအဖလို့ ယုံထားသူတွေကို ယှဉ်ပြိုင်ဖို့ရာမှာတော့ ဒီမိုကရေစီ အင်အားစုလို့ ခံယူသူချင်း၊ ရှေးယခင် ကတည်းကလည်း စစ်အာဏာရှင်စနစ်ကို လက်တွဲ တိုက်ခဲ့ဖူးသူတွေ အချင်းချင်း ပိုမို ပူးပေါင်းဆောင်ရွက် နားလည် မှု ရှိဖို့ လိုပါတယ်။
ဒီနေရာမှာ လူထုထောက်ခံမှု အပြည့်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ကိုပဲ ဦးတည်ဆိုရပါမယ်။ ဒီချုပ် ခေါင်းဆောင်တွေဟာ စည်းရုံးရေး ခရီးတွေ ဆင်းကြတယ်၊ လူထု နဲ့ ထိတွေ့တယ်။ ကောင်းပါတယ်။ လူထု အများလည်း သည်းသည်းလှုပ် စိတ်ဝင်စားမှုရှိကြတယ်။ ဒါပေမယ့် စည်းရုံးရေးခရီးဟာ တကယ် အောင်မြင်ရဲ့လားဆိုတာ သုံးသပ်ရပါမယ်။ တကယ် စည်းရုံးရမယ့် သူ၊ ဆွေးနွေးရမယ့် သူတွေနဲ့ တကယ် ဆွေးနွေး စည်းရုံး နိုင်ပါရဲ့လား။ တခြား ပါတီအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ကိစ္စ ခဏ ထားလိုက်ပါဦး။ မိမိပါတီအဖွဲ့အစည်းရဲ့ အောက်ခြေက အသံတွေ၊ မတူညီတဲ့ အမြင်တွေကိုတောင် အမှန်တကယ် နားထောင်ခြင်း၊ ထည့်သွင်းစဉ်းစားခြင်း၊ အမြင်မတူသူများကို အပြုသဘော ညှိနှိုင်းဆွေးနွေးခြင်းမျိုး လုပ်နိုင်ပါရဲ့လား။
ဒီချုပ်နဲ့ ပတ်သက်လို့ လေ့လာသူများ ထောက်ပြလေ့ရှိတာက အစဉ်အဆက် ဗဟိုချုပ်ကိုင်မှု များတာကိုပါပဲ။ ဒါကို အခုအချိန်မှာ ဘယ်လောက် လျှော့ချနိုင်ပြီလဲ။ ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင် အသီးသီးကို အလုပ်တာဝန်တွေ ခွဲထားပေးတယ်၊ လုပ်ပိုင်ခွင့်တွေ ပေးထားတယ် လို့ ဆိုရင်တောင်မှ ဒီ ပုဂ္ဂိုလ်အများက ဒေါ်အောင်ဆန်းစုကြည် ယိမ်းမကဘဲ ကိုယ်ပိုင် အသံ ဘယ်လောက် စူးရှနေပါသလဲ။ အိုကြီးအိုမ ဝါရင့် ဆရာဦးဝင်းတင် တယောက်သာ ကိုယ်ပိုင် အာဘော် နဲ့ ဒီချုပ်ရဲ့ လွှတ်တော် နိုင်ငံရေး ကို (မိမိ ပါတီ ကို) မကြာခဏ ထောက်ပြ ပြောဆိုတာမျိုးတွေ့ရတယ်။ ကျန်တာ အများစု က တဆင်တည်း၊ တရောင်တည်း ယိမ်းတိုက်နေသလိုပါပဲ။
အခြား တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ဒီချုပ်က ဦးဆောင်ပြီး ဘယ်လောက် အထိ နိုင်ငံရေး ဆွေးနွေးမှု လုပ်နိုင်ပါပြီလဲ။ ဒီချုပ်ဟာ အတိုက်အခံဘက်မှာ၊ ဒီမိုကရေစီ အင်အားစုဘက်မှာ အင်အားရှိသူအဖြစ် အခြား ပါတီငယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ မဟာမိတ်ပြုမှု ကို ဦးဆောင် လုပ်ရ၊ ဆော်သြနိုင်ရပါမယ်။ ဒါပေမယ့် အခု လွှတ်တော် အနေအထား ကိုကြည့်ရင် ပြည်ခိုင်ဖြိုး နဲ့ အခြား စစ်တပ် ကိုယ်စားပြု Proxy က တအုပ်စု၊ ဒီချုပ်က တအုပ်စု နဲ့ အခြား ဒီမိုကရေစီ အင်အားစု ပါတီငယ်တွေက တအုပ်စု လို သီးသန့်စီ ဖြစ်နေကြတယ်။ ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးက တဘက် နဲ့၊ စစ်တပ်နဲ့ မလုပ်ခင် ဒီမိုကရေစီ အင်အားစု ခေါင်းစဉ်အောက်က အစုအဖွဲ့ အချင်းချင်း လုပ်ဖို့ လိုနေတယ်။ ဒါမှသာ ဒီမိုကရေစီ အင်အားစု အင်အားရှိပြီး ယခုထက်ပိုမို အလုပ်ဖြစ်မယ်လို့ ထင်တယ်။
တိုင်းရင်းသားအရေး လွှတ်တော်နိုင်ငံရေး မစခင်က ဒီချုပ်ရဲ့ ကတိကဝတ်ဖြစ်တဲ့ ဒုတိယ ပင်လုံလို တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲကြီးမျိုး လုပ်ဖို့ အခု အချိန်ထိ ဘာကြောင့် နှောင့်နှေးနေရသလဲ။ တဘက်နဲ့ အမျိုးသားရင်ကြားစေ့ရေး တည်ဆောင်နေချိန်မလို့ ဆိုတဲ့ အကြောင်းပြချက်မျိုးက အခုအချိန်မှာ လက်သင့်ခံလို့ မရတော့ပါဘူး။ နားလည်မှု တည်ဆောက်ပြီးလို့ ရသင့်သလောက် ရကာ အခု လွှတ်တော်နိုင်ငံရေးတောင် စလျှောက်နေတဲ့ အချိန်မှာ အခြားတဘက် အနေနဲ့ မိမိ ဒီမိုကရေစီ အင်အားစုချင်း၊ အာဏာရှင် ဆန့်ကျင်ရေး ခေတ်တလျှောက် တသက်လုံး ဝိုင်းဝန်းလက်တွဲလာခဲ့တဲ့ အစုအဖွဲ့ချင်း၊ အထူးသဖြင့် တိုင်းပြည်ရဲ့ အဓိက ပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နားလည်မှု တည်ဆောင်နိုင်ရေး၊ တိုင်းရင်းသား ပြဿနာ အလုံးစုံ ဖြေရှင်းနိုင်ရေးအတွက် လွှတ်တော် ပြင်ပ ခြေလှမ်း ဒုတိယ ပင်လုံ ကိစ္စ အကောင်အထည် မဖော်နိုင်သေးတာ လက်ခံနားလည်ပေးဖို့ မလွယ်လှပါ။
ဒီလိုမျိုး နိုင်ငံရေးအရ အရေးပါတဲ့ ဆွေးနွေးမှုမျိုး၊ ညှိနှိုင်းမှုမျိုး မလုပ်ဘဲနဲ့ တိုင်းရင်းသား အားလုံးပါ ဒီမိုကရေစီ အင်အားစုတွေ ဘယ်လို ညီညွတ်နိုင်မလဲ။ တဘက်ကို ဘယ်လိုကို ယှဉ်နိုင်မလဲ။
အခု လူအများက စစ်ဗိုလ်ချုပ်ဟောင်းကြီးများ သူတို့ အချင်းချင်း အာဏာလုပွဲ၊ လာမယ့် ရွေးကောက်ပွဲ သမ္မတ နေရာချိန်ပွဲ၊ လွှတ်တော်နဲ့ သမ္မတ အုပ်စု အာဏာလွန်ဆွဲပွဲကို အာရုံ စိုက်ကြတယ်။ သူတို့ အကွဲအပြားကို စိတ်ဝင်တစား ရှိကြတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီးများဟာ အာဏာနဲ့ လုပ်ပိုင်ခွင့် အတွက် သူတို့အချင်းချင်း စောင့်ကြည့်မှုတွေ၊ “ပွတ်တိုက်မှုတွေ” ရှိပါတယ်။ ဒါပေမယ့် ဘုံအကျိုးစီးပွားအတွက်တော့ ညီညွတ်နေဆဲပါ။ ဦးပိုင်လိုမျိုး စစ်တပ်ရဲ့ အကျိုးစီးပွား နဲ့ တိုက်ရိုက်ဆက်စပ်မှုတွေမျိုးမှာ သူတို့ဟာ ယခု အချိန်ထိ တသဘောတည်းပါပဲ။ ဦးပိုင်နဲ့ ပတ်သက်လို့၊ စစ်တပ်က လယ်မြေသိမ်းမှုတွေနဲ့ ပတ်သက်လို့ အခု လွှတ်တော်က အသံထွက်တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒါဟာလည်း မိမိ ပုဂ္ဂလိက အကျိုးအတွက် နိုင်ငံရေးကစားမှုမျိုးထက် မပိုဘူးလို့ ယူဆတယ်။
ဒီမိုကရေစီ အင်အားစုလို့ ဆိုကြတဲ့ ဘက်မှာတော့ ပြောင်းပြန်ပါ။ သူတလူ ငါတမင်း သဘောလို့ မဆိုရုံ တမယ်ပါပဲ။ အင်အားရှိသူ သပ်သပ်၊ နောက်က အင်အားနည်း အုပ်စုအသီးသီးက သပ်သပ် ဘယ်လို နိုင်ငံရေးဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ သဘောတူမှု၊ ပူးပေါင်းမှု မျိုးမှ မတွေ့ရသလောက်ပါပဲ။
စစ်အာဏာရှင်စနစ် နှစ်ပေါင်းများစွာ သက်ဆိုးရှည်ခဲ့ခြင်း၊ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ပြီးခါစ မှာ ဒီမိုကရေစီ အောင်ပန်း အလျဉ်မီ လက်ဦးမှုရ မဆွတ်ခူးခဲ့နိုင်ခြင်းဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစု မညီညွတ်ခြင်းက အဓိကပါပဲ။ အခုလို စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခြင်း ၂၅ နှစ်ပြည့်ခဲ့ချိန် စက်တင်ဘာ ၁၈ တိုင်အောင်လည်း စစ်ခေါင်းဆောင်တွေရဲ့ စိတ်တိုင်းကျ စီမံမှု ခြေလှမ်း အရပ်သားတပိုင်း အစိုးရ ပြောင်းခဲ့ခြင်းသာ မြင်ခဲ့ရပြီး အတိုက်အခံ ဒီမိုကရေစီ အင်အားစု ညီညွတ်ရေးကတော့ ထူးမခြားနားပါပဲ။ အခု လွှတ်တော်နိုင်ငံရေး ဝင်လာပြီးမှာကို အတိုက်အခံ ဟာ အကွဲကွဲအပြဲပြဲ နဲ့ ဝါးအစည်းပြေသလိုတောင် ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တဘက် ကောင်းစားဖို့ ချည်းပါပဲ။
မတရားမှုတွေအပေါ် လွှတ်တော် အတွင်း အပြင် ပိုမို အသံထွက်ဖို့ အတွက်ကတော့ အထူးကို ပြောစရာ မလိုပါ။ လက်ပံတောင်းတောင်နဲ့ လက်ရှိ မြင်တွေ့နေရဆဲ လယ်ယာမြေ ပြဿနာတွေက သက်သေပါပဲ။ ဒါတွေ အတွက် လွှတ်တော် နဲ့ အစိုးရ အဖွဲ့ အတွင်း အရေးယူမှုတွေ ရှိသင့်သလောက် ရှိတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မတရားမှုတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပေဒတွေ အခြေမတည်သေးသလို၊ တရားမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးပါဘူး။ တရားမှုကို မဖော်ဆောင်နိုင်ဆုံး ဥပဒေ၊ တနည်းအားဖြင့် တရားမဲ့မှု အခြေအနေ အဖြစ်စေဆုံးကတော့ ဒီ့ပြင် ရှည်ရှည်ဝေးဝေး သက်သေသာဓကတွေ ပြနေစရာမလိုပါဘူး။ ၂၀၀၈ အခြေခံဥပဒေ ကိုယ်နှိုက်ပါပဲ။
ဟိုးတလောက ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး စကားအတိုင်း ဆိုရရင် အခြေခံဥပဒေ ဘာပြင်မလဲ ဆို အဖုံးက အစ ပြင်ရမှာပါပဲ။ ဆိုလိုတာက အလုံးစုံသဘော၊ အသစ်ရေးဆွဲဖို့ လိုအပ်မှု သဘောကို ဆိုလိုတာပါ။ ဒါကိုလည်း ပြင်ဖို့ လုပ်နေတယ်လေ လို့ ဆင်ခြေပေးနိုင်ပါတယ်။ အားမနာတမ်းပြောရရင် လူပုဂ္ဂိုလ် တဦး၊ တယောက် သမ္မတ ဖြစ်စေရုံကလေး ပြောင်းရုံလောက်နဲ့ မရပါ။ တဘက်က နိုင်ငံရေး ကစားမှု အနေနဲ့ ဒီအချက်တချက်ကိုတော့ လိုက်လျောဖို့ အဆင်သင့်ဖြစ်နေတာ ရှင်းနေပါတယ်။ ဒါပေမယ့် တကယ့် သဘောကတော့ အခြေခံတွေ ပြောင်းမှ ပြောင်းတယ် မည်မှာပါ။ တိုင်းရင်းသား အရေး၊ ဖယ်ဒရယ် ပြည်ထောင်စု အပြည့်အဝ ဖော်ဆောင်နိုင်ရေး၊ ပြည်နယ်များရဲ့ အာဏာ၊ လုပ်ပိုင်ခွင့်၊ အရင်းအမြစ် ခွဲဝေမှု ညီမျှရေး၊ တပ်မတော် ရဲ့ အနာဂတ် ဗမာ့ နိုင်ငံရေးကို လွှမ်းမိုးနိုင်မှုကို လျှော့ချရေး စတဲ့ အခြေခံတွေကို ပြင်ဖို့ပါ။
ဒါတွေကို အခု အချိန်မှာ မပြင်နိုင်သေးရင်တောင် ဘယ်အချက် တွေကိုတော့ အဓိက ထားပြင်ရမယ်၊ ပြင်ဖို့လိုတယ်မျိုး ပြည်သူလူထု ကို ရှင်းရှင်းလင်းချပြမှု၊ ဆွေးနွေးမှုတွေကို ဒီချုပ်လို ပြည်သူထောက်ခံမှု ရှိတဲ့ အင်အားကြီး ဒီမိုကရေစီ အင်အားစု အတိုက်အခံပါတီက ဦးဆောင် လုပ်ဖို့လည်း လိုနေပါတယ်။ ဒီချုပ် တရားဝင် လွှတ်တော်နိုင်ငံရေးလမ်းကြောင်း လျှောက်ခဲ့သည့် အကြောင်း ၃ ချက်ပါ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ရေးတို့မှာ အခြေခံဥပဒေပြင်ရေးကို မစဘဲ အခြား နှစ်ချက်က ဆက်သွားလို့ကို မရပါ။
တရားဥပဒေစိုးမိုးရေး လေသံတော့ မပြတ် ကျယ်ကျယ်လောင်လောင် ကြားရပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ကိုယ်နှိုက်က မတရားဥပဒေ ဖြစ်နေတော့ လက်ရှိ အနေအထား အတိုင်းမှာ တရားဥပဒေစိုးမိုးရေး ဘယ်လောက်လုပ်လုပ် လက်တွေ့ အကျိုးမများလာဘဲ မတရားဥပဒေတွေနဲ့ ဖိနှိပ်မှုသာ ပိုများလာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တနည်းအားဖြင့် တိုင်းရင်းသားအရေးဟာလည်း လက်ရှိ အခြေခံဥပဒေပါ တိုင်းရင်းသားပြဿနာရဲ့ အရင်းခံအချက်တွေ မပြင်ဘဲ ငြိမ်းချမ်းရေး အပြည့်အဝ မတည်ဆောက်နိုင်ပါ။
ဆိုတော့ အခြေခံဥပဒေကို ပြင်ရေး ဆိုတဲ့ အကြောင်းကိုပဲ အစပြု ပြန်ရောက်သွားပါတယ်။ ဒီလို ပြင်ဖို့ရာ အတွက် လက်ရှိ လွှတ်တော်တွင်း နိုင်ငံရေးက ဘယ်လိုမှ အခြေအနေမပေးပါ။ အခု ပြုပြင်ပြောင်းလဲရေးသမားကြီးများလို့ နာမည်ကောင်းရနေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ကိုယ်တိုင် အခြေခံကျကျ ပြင်ပေးဖို့ကိုတော့ မီးစိမ်းပြ ခေါင်းညိတ်မှာ မဟုတ်ပါ။ တိုင်းပြည်မှာ လက်ရှိ အခြေခံဥပဒေ အရ အမြင့်ဆုံး အာဏာယူထားတယ် လို့ ဆိုနိုင်တဲ့ ကာလုံအဖွဲ့ ကလည်း ကျေနပ်မှာ မဟုတ်ပါ။ လက်ရှိ လွှတ်တော်နိုင်ငံရေးက သဘောအရတော့ ချောင်ပိတ်မိနေတဲ့ နိုင်ငံရေး deadlock တခုပါပဲ။
ဒီလိုအနေအထားကို ဖြေရှင်းဖို့ရာမှာ တချို့ပုဂ္ဂိုလ်များ (Radical များ) ယူဆသလို လွှတ်တော်နိုင်ငံရေး အပြီးအပိုင် စွန့်ဖို့ ဆိုတာထက် ပိုလက်တွေ့ကျ အလုပ်ဖြစ်၊ ရှေ့ရောက်နိုင်တာကတော့ အထက်မှာ ဆွေးနွေးခဲ့သလို ဒီမိုကရေစီ အင်အားစုချင်း၊ အထူးသဖြင့် လွှတ်တော် အတွင်း အပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးနဲ့ အဓိက ဒီမိုကရေစီ အင်အားစု ဒီချုပ်တို့ နားလည်မှု တည်ဆောက်၊ နိုင်ငံရေးအရ အပြည့်အဝ စည်းလုံးပြီး မတရားမှုတွေ၊ နိုင်ငံရေး တောင်းဆိုမှုတွေ အသံ ကျယ်ကျယ်လောင်လောင် စုစည်းထွက်နိုင်မယ်၊ မလှုပ်သာတဲ့ လွှတ်တော်အတွင်းထက် လှုပ်သာ လှည့်သာ ပိုမိုကျယ်ပြန့် အားကောင်း ဖော်ဆောင်နိုင်တဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး ဒုတိယ ပင်လုံလိုမျိုး လှုပ်ရှားမှုတွေကို ဘက်ပေါင်းစုံ လူအများ လေးစား လက်ခံတဲ့ ဒီချုပ်လို ပါတီကြီးမျိုးက ဦးဆောင် ဦးရွက်ပြု လှုပ်ရှားမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးဗဟိုပြု လက်ရှိ ဗမာ့ ဒီမိုကရေစီ အရေးဟာ ပိုမို လမ်းပွင့်လာပြီး တိုင်းရင်းသား ပြည်သူအများစုလည်း ဒီမိုကရေစီ အသီးအပွင့် လက်တွေ့ စံစားရလာနိုင်ကာ ဗမာပြည်လည်း အနာဂတ်လည်း ရေရှည် ငြိမ်းချမ်းသာယာ တိုးတက်မှုလမ်းကြောင်းပေါ် ရောက်နိုင်လာမှာ ဖြစ်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။
(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆက်သွယ်လိုသူများ [email protected] ထံ စာရေးဆက်သွယ်နိုင်သည်။)