သမ္မတ ဦးသိန်းစိန်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) မှ နန့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးကျော်အုန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ် ကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် အမိန့်တရပ် ထုတ်ပြန်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်က အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာတင်ရွှေကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဒုတိယဝန်ကြီး အဖြစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ခန့်အပ်ခဲ့ရာ ယခုခန့်အပ်မှုသည် အမတ်တဦးကို ဒုဝန်ကြီးအဖြစ် ဒုတိယအကြိမ်မြောက် ခန့်အပ်မှုဖြစ်သည်။ ဟိုတယ်ခရီး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ကျားဖြူပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်းကို ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ သမ္မတဦးသိန်းစိန်က ဒေါက်တာ စိုးကျော်အုန်းကို ဟိုတယ်ခရီး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ကြိုတင် အကြောင်းကြား ကမ်းလှမ်းတာမျိုး ရှိပါသလား။
ဖြေ။ ။ ဒု ဝန်ကြီး ခန့်ဖို့က ပါတီကို အရင် တောင်းတယ်ထင်တယ်။ ရွေးပေးပါပေါ့။ အဲဒီနောက် ခန့်ခါနီးကျတော့ ကျနော့် သဘောထား မေးတယ်။ ကျနော့်သဘောထား မေးပြီးတော့ နာရီပိုင်းအတွင်းမှာပဲ ကြေညာချက် ထွက်လာတယ်။
မေး။ ။ နိုင်ငံရေးပါတီဘက်က လွှတ်တော်အမတ်တွေကို အစိုးရအဖွဲ့မှာ ဒုဝန်ကြီးတွေ ပေးနေတာနဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ပါတီစုံပါနိုင်ရင် ကောင်းတာပေါ့။ ပါတီတိုင်းမှာ အရည်အချင်းရှိတဲ့ သူတွေရှိတယ်။ ဒါတွေကို ရွေးပြီးခန့်ရင်တော့ ကောင်းတာပေါ့။ ပန်းပေါင်းစုံလင်တဲ့ ဥယျာဉ်ဖြစ်သွားတာပေါ့။ ပုံရိပ်ကောင်းတာပေါ့။ ကျနော်က နိုင်ငံရေးပါတီက လွှတ်တော် အမတ်ကို ဒုဝန်ကြီးအဖြစ် ဒုတိယအကြိမ်မြောက် ခန့်အပ်ခံရတဲ့သူပါ။ ပထမက အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက အမျိုးသား လွှတ်တော်အမတ် ဒေါက်တာတင်ရွှေကို ဟိုတယ်၊ ခရီး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခဲ့တယ်။ ဒုတိယက ကျနော် ပေါ့။
မေး။ ။ ဒေါက်တာက အခု ဟိုတယ်၊ ခရီး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ် ဆိုတော့ ဟိုတယ်၊ ခရီးနဲ့ပတ်သက်လို့ လေ့လာထားတာမျိုး၊ ခရီးသွား လုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိလား၊ ထမ်းဆောင်ရမယ့် ရာထူးအတွက် ဘာတွေ လေ့လာထားလဲ။
ဖြေ။ ။ ကျနော်က အခုလက်ရှိလည်း TIME Travel & Tour ကုမ္ပဏီမှာ မန်နေဂျင်း ဒါရိုက်တာ လုပ်နေတာ။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ လကတည်းက အဲဒီမှာ ဒါရိုက်တာအနေနဲ့ လုပ်ခဲ့တာ။
မေး။ ။ အခုအချိန်အထိ ပါတီ ၂ ခု လွှတ်တော်အမတ်ကိုပဲ ဒုဝန်ကြီး ခန့်သေးတာဆိုတော့ ပါတီပေါင်းစုံအစိုးရ ဆိုနိုင်ပါ့မလား။ အစိုးရ သက်တမ်းကလည်း ၂ နှစ်လောက်ပဲ ကျန်တာဆိုတော့ သမ္မတအနေနဲ့ ပါတီပေါင်းစုံ အစိုးရ ဖြစ်စေချင်ရင် မြန်မြန် မလုပ်သင့်ဘူးလား။
ဖြေ။ ။ ဟုတ်တာပေါ့။ လုပ်သင့်တာပေါ့။ ပါတီပေါင်းစုံ အစိုးရ ဖြစ်စေချင်ရင် မြန်မြန်လုပ်သင့်တာပေါ့။
မေး။ ။ ဒုဝန်ကြီးဖြစ်ပြီဆိုတော့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်က နုတ်ထွက်ပြီးပြီလား။
ဖြေ။ ။ ဒီနေ့ နုတ်ထွက်စာ သွားတင်မလို့၊ နေပြည်တော်မှာ။ နိုင်ငံရေးပါတီ အလုပ်လည်း မလုပ်ရတော့ဘူး။ ကင်းကင်း နေရမှာပေါ့။ ကျနော်တို့ ဟိုတယ်၊ ခရီး ဝန်ကြီး ဦးဌေးအောင်ကလည်း တကယ့်ကို ဟိုတယ်ခရီးလုပ်ငန်းကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ ကျနော့် အနေနဲ့တော့ ကြိုးစားပြီးတော့ လက်တွဲလုပ်သွားမှာပေါ့။
မေး။ ။ ဟိုတယ်ခရီး ဒုဝန်ကြီးသစ် တဦးအနေနဲ့ မြန်မာနိုင်ငံမှာ ဟိုတယ်ဈေးတွေ အဆမတန် ထိုးတက်နေတာကို ဘယ်လို ဖြေရှင်းမလဲ။ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံက ဟိုတယ်ခ ဈေးနှုန်းက မိုးအထိ မြင့်တက်နေတယ်ဆိုပြီး ရေးသားမှုတွေက တောက်လျှောက် ရှိနေပါတယ်။
ဖြေ။ ။ လက်ရှိ ဟိုတယ်ခနှုန်းတွေက ကမ္ဘာပေါ်မှာ တော်တော်ကို ဈေးကြီးနေတယ်။ ဒါကို ချရမယ်။ ကမ္ဘာလှည့် ခရီးသည် တွေလာရင် တန်အောင် လုပ်ပေးရမှာပေါ့။ ချဖို့ရှိတယ်။ Scenery တွေတိုးချဲ့ရမယ်။ နိုင်ငံတကာ စံချိန်မီအောင် လုပ်ရမယ်။ Eco-Tourism တွေလည်း တိုးပြီးလုပ်ရမယ်။ ဒါတွေက ကျနော် ပထမဆုံး လုပ်မယ့်ဟာတွေပေါ့။ အများကြီး ပြောရင်လည်း မကောင်းဘူး။