ယခင် စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့သော ရတနာပုံတယ်လီပို့ ဆက်သွယ်ရေးကုမ္ပဏီသည် ယခုအခါ အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲရန် ပြင်ဆင်လျက်ရှိသည်။ သမ္မတဦးသိန်းစိန်၏ ဈေးကွက် စီးပွားရေး ဖော်ဆောင်မှု ရလာဒ် အဖြစ် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အနေဖြင့် ပြည်တွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် အပြိုင်အဆိုင် သတင်းအချက် အလက် နည်းပညာနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု များ ပေးရတော့ မည်ဖြစ်ရာ ရတနာပုံ တယ်လီပို့က အကောင်အထည် ဖော်မည့် အနာဂတ် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ယင်းကုမ္ပဏီ ၏ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းကို ဧရာဝတီ သတင်းထောက် မေခက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရရှိထားတဲ့ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အနေနဲ့ အများပြည်သူကို ဝန်ဆောင်မှု တွေပေးဖို့ ဘယ်လို ပြင်ဆင်မှုတွေ စလုပ်နေပြီလဲ သိချင်ပါတယ်။
ဖြေ။ ။ ပြင်ဆင်နေတဲ့ အပြောင်းအလဲ ကတော့ အများနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီ ကနေ အများနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုအနေနဲ့ စတင် လည်ပတ်မှာပေါ့။ နောက် အပြောင်းအလဲ တခုကတော့ ရတနာပုံက အင်တာနက် Service Provider (ISP) အဖြစ်ကနေ တယ်လီကွန်း အော်ပရေတာ အနေနဲ့ လုပ်ကိုင်မယ်ပေါ့။ ဒီအပြောင်းအလဲ ကလည်း အမျှော် လင့်ကြီး မျှော်လင့်ထားတဲ့ အပြောင်းအလဲပါ။ တင်ဒါအောင်ထား တဲ့ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနဲ့ယှဉ်ပြိုင် ကြရမှာ ပေါ့။ မြန်မာနိုင်ငံသားပိုင်တဲ့ ကုမ္ပဏီဆိုတော့ ကိုယ့်နိုင်ငံသားတွေကို စည်းရုံးရမှာပေါ့။ အားပေးကြဖို့။ အားပေးတာ မှာလည်း အားပေးတာနဲ့ တန်အောင်တော့ နိုင်ငံခြားသားတွေ ထက် မလျော့တဲ့ ဝန်ဆောင်မှု တွေပေးသွားနိုင်အောင် စီစဉ်သွားမှာပါ။ ပြည်သူတွေ ကလည်း နိုင်ငံ သားပိုင်တဲ့ ကုမ္ပဏီကိုအားပေးကြပါလို့ပြောချင်ပါတယ်။ ပြည်သူတွေပေးတဲ့ အားနဲ့ပဲ အောင်မြင်မှာပါ။ နိုင်ငံခြားကုမ္ပဏီတွေက ငွေကြေး၊ ဓန၊ လူအင်အားတွေနဲ့လာတာ ဆိုတော့ ယှဉ်ပြိုင် ဖို့ဆိုတာ အင်မတန် ခက်မှာပါ။ အောင်မြင်အောင်တော့ လုပ်ရမှာပေါ့။ ပြည်သူတွေ အားပေးလာအောင်၊ ယုံကြည် လာ အောင်လည်း လုပ်ပါမယ်။ ဝန်ဆောင်မှု ကောင်းအောင်၊ နိုင်ငံခြားကုမ္ပဏီတွေ ထက် မများတဲ့ဈေးနှုန်း ဖြစ်အောင် ကြိုးစားမှာပါ။
မေး။ ။ အခု တင်ဒါအောင် ထားတဲ့ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတွေက တယ်လီဖုန်း ဆက်သွယ် ပြောဆိုခကို တမိနစ် ၂၅ကျပ် ၊ ၃၅ကျပ် ပဲ ကျသင့်မယ် ဆိုပြီး ပြောဆို စည်းရုံးရေး ဆင်းနေကြပါပြီ။ ရတနာပုံ တယ်လီပို့ အနေနဲ့ရော ဈေးနှုန်း တခု သတ်မှတ် ထားပြီလား။
ဖြေ။ ။ ဒါကတော့ စဉ်းစားထားတာ ထက် တွေးတာပေါ့။ ဖုန်းကတ်ဈေးနှုန်း ဆိုရင်လည်း ၁၅၀၀ထက် လျော့ပြီး ၁၀၀၀ လည်း ဖြစ်ချင် ဖြစ်မယ်။ အလကားပေးရင် ပေးလိုက်မယ်။ အဲလိုတွေဖြစ်နိုင်ဖို့ကြိုးစားမှာပါ။ တယ်လီဖုန်း ခေါ်ဆိုခ ကျတော့ ပြောရခက် ပါတယ်။ ခုချိန်ထိ ပြောလို့မရနိုင်သေးဘူးပေါ့။ သေချာတာကတော့ တခြားသူတွေ သတ်မှတ်တဲ့ ဈေးနှုန်း ထက်တော့ မများစေရပါဘူး။
မေး။ ။ ရတနာပုံတယ်လီပို့ကုမ္ပဏီအနေနဲ့ အော်ပရေတာ လိုင်စင် ရရှိသွားတာက အစိုးရဘက်က မျက်နှာသာပေးလို့ ရခဲ့တာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံသားကို ကာကွယ်ပေးတဲ့ သဘောပေါ့ ။ နိုင်ငံခြားသားတွေပဲ လွှတ်ထား ဖို့ကတော့ အကုန် သူတို့လက်ထဲ ရောက်သွားမှာပေါ့။သူတို့နဲ့ ယှဉ်ပြိုင်ဖို့က MPT နဲ့ ရတနာပုံတယ်လီပို့ပဲ ရှိတယ်။ ရတနာပုံ တယ်လီပို့က မြန်မာ့ ဆက်သွယ်ရေး နဲ့ဖက်စပ် လုပ်ထားတဲ့ ကုမ္ပဏီ ပါ။ အများပိုင် ဖြစ်သွားရင် MPTက ကိုယ်တွေနဲ့ သီးခြား ဖြစ်သွားမှာပေါ့။ အဲဒီအခါကျရင် ပုံစံကွဲ တခုဖြစ်သွားမှာပေါ့။ မပြိုင်ဘဲနဲ့ ရတာတော့ မဟုတ်ပါဘူး။ အများပိုင် ပုဂ္ဂလိက ကုမ္ပဏီ အဖြစ် ပြောင်းမှာပေါ့။ အဲဒါကပြောင်းလဲမှုပါ။ ဒီလိုဖြစ်အောင် ပြောင်းလဲလာတာ မလွယ်ပါဘူး။ ပြောင်းတာ လည်းမပြီးသေးပါဘူး။ လုပ်နေတုန်းပါဘဲ။ လွယ်လွယ်ကူကူနဲ့ရတာတော့ မဟုတ် ဘူး။ ကျနော်တို့ ရွေးချယ် ခံရမှုက ပြိုင်ဆိုင်မှုကြားထဲက ရလာတာပါ။
မေး။ ။ ဆက်သွယ်ရေးအော်ပရေတာအဖြစ် အသွင်ပြောင်းတော့မှာဆိုတော့ လတ်တလော လုပ်နေတဲ့ အင်တာနက် Service Provider လုပ်ငန်းကို ဘယ်လိုဆက်လုပ်မလဲ။
ဖြေ။ ။ လက်ရှိ ပေးနေတဲ့ အင်တာနက် ဝန်ဆောင်မှုလည်း ပေးဦးမှာပါ။ ဆက်တိုးချဲ့မှာပေါ့။ တတိုင်းတပြည်လုံးရအောင် တိုးချဲ့ မှာပေါ့။ မိုဘိုင်းလ်ဖုန်း၊ လိုင်းဖုန်း၊ အင်တာနက်၊ နောက် နည်းပညာ Service တွေလည်း ပေးမယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်မှု ပေးနိုင်မယ့် Gate Way လုပ်ငန်းတွေပါတယ်။ Data Service ပေးတာ တွေပါမယ်။Gate Way စနစ် ဆိုတာက ခုလက်ရှိက ဖိုင်ဘာနဲ့ဆက်ပြီး အချိန်နဲ့ တပြေးညီ ဆက်သွယ်နိုင်တဲ့အရာမျိုးပေါ့။ ဖုန်းကနေ ဝန်ဆောင်မှု အမျိုးမျိုးကို ပေး နိုင်အောင် ဆက်သွယ်နိုင်တဲ့ စနစ်ပေါ့။ ဖုန်းနဲ့ငွေလွှဲတာတွေပေါ့။ ဘာမဆို ဖုန်းကနေ တဆင့်သွား နိုင်အောင် လုပ်နိုင်တဲ့ အင်တာနက်လိုင်း ၊ ဆက်သွယ်ရေး စနစ်ဖြစ်အောင်လုပ်မယ် ။ အဲဒါရှိမှ မြန်မာ နဲ့ ကမ္ဘာကို ချိတ် ဆက်နိုင်မှာပါ။ အဓိကကတော့ 3G အပြည့်ပေးမှာပါ။ မိုဘိုင်းလ်ဖုန်းတိုင်းကို 3G နဲ့ 4G အစစ်အမှန် ပေးနိုင်အောင် လုပ်မယ်။ အခုပြောနိုင်တာတော့ 3Gကိုပြည့်ပြည့်ဝဝပေးမှာပါ။
မေး။ ။ ရတနာပုံ တယ်လီပို့က လုပ်ဆောင်မယ့် ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ဘယ်လောက် ပမာဏ ရင်းနှီးမြှုပ်နှံဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒါကတော့မပြောနိုင်သေးဘူးပေါ့။ များမယ်ထင်ပါတယ်။ အခုချိန်ထိ မသတ်မှတ်ရသေးဘူး။ လိုင်စင်ခ တွေ ဘာတွေရှိ သေးတယ်လေ။ လိုင်စင်ခ ဘယ်လောက် ဆိုတာလည်း အစိုးရဘက်က အခုချိန်ထိ မပြောသေးဘူး။
မေး။ ။ ရတနာပုံ တယ်လီပို့ကုမ္ပဏီအနေနဲ့ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ဖို့ရှိလား။ ဂျပန်ကုမ္ပဏီနဲ့ ပူးပေါင်းမယ် လို့ သတင်းတွေ ကြားနေရလို့ပါ။
ဖြေ။ ။ ဖက်စပ်တော့ လုပ်မယ်။ ရွေးဖို့စဉ်းစားနေတုန်းပါ။ ဖက်စပ်လုပ်ဖို့ ပြောတာကတော့ အများကြီးပဲ။ သေချာ ပြောတာတော့ မရှိသေးဘူး။ ပြောတဲ့နိုင်ငံတွေတော့မပြော တော့ပါဘူး။ အာရှကလည်းပါတယ်။ ဥရောပကလည်း ပါမယ်။
မေး။ ။ လက်ရှိ ရတနာပုံတယ်လီပို့ရဲ့ Internet ဝန်ဆောင်မှု ကို ပြည်သူတွေ သိပ်သဘောမကျဘူးဖြစ်နေတယ်။ ဆိုတော့ တယ်လီဖုန်း အော်ပရေတာဖြစ်လာရင်ကော ဝန်ဆောင်မှုပိုင်းက ကောင်းနိုင်ပါ့မလား။
ဖြေ။ ။ အင်တာနက်က နားလည်အောင် ရှင်းရှင်း ပြောရရင် မြန်မာဆက်သွယ်ရေး ကယူရပါတယ်။ ကိုယ်ပိုင်ဆိုတာ မရှိပါဘူး။ မြန်မာ့ ဆက်သွယ်ရေးက ယူရတာဆိုတော့ မြန်မာ့ဆက်သွယ်ရေးက ပေးသလောက်ပဲရတယ်။ အင်တာနက် နှေးတယ်၊ မြန်တယ်ဆို တာက နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ International Gateway လမ်းကြောင်းက ပေးသလောက်ပဲ ရတာပေါ့။ လိုင်းကောင်း ရင်မြန် တယ်။ လိုင်းမကောင်းရင် နှေးတယ်ပေါ့။ ဒါကိုတော့ပြောလို့မရဘူး။ ကောင်းတယ် ဆိုရင် ကောင်းသလို ပေးမှာပေါ့။ နှေးတယ် မြန်တယ်ဆိုတာက မြန်မာ့ဆက်သွယ်ရေးပေါ်မှာမူတည်တယ်။ သူ့ကိုပုံချတာတော့ မဟုတ်ဘူး။ ကိုယ့်ဘာသာ ဖြစ်ရင် တော့ဒီထက် ကောင်းတဲ့ ဝန်ဆောင်မှု ပေးနိုင်မှာပါ။
မေး။ ။ဘယ်တော့လောက် လုပ်ငန်းစဖြစ်မလဲ။
ဖြေ။ ။ ဆက်သွယ်ရေး ဥပဒေကို သမ္မတကြီး လက်မှတ်ထိုးပြီးရင်အတည်ဖြစ်ပြီပေါ့။ နောက် လုပ်ထုံးလုပ်နည်း အရ ရက်ပေါင်း ၉၀တွင်း နည်းဥပဒေ ထွက်ရပါမယ်။ အဲဒါထွက်မှလိုင်စင်ရပါလိမ့်မယ်။ နောက်အကျဆုံး ဒီဇင်ဘာမှာ ရမယ် ထင်တယ်။ လိုင်စင်ရပြီး ၈လအတွင်း တည်ဆောက်ရေးပိုင်း အပြီး လုပ်ပြီး စတင် လည်ပတ်မှာပါ။