၁၉၈၈ မှ ပြန်တွက်လျှင် စစ်တပ်က အာဏာသိမ်းမှု ၂၅ နှစ်ပြည့်သော အချိန်တွင် အရပ်သားအစိုးရတပိုင်း လက်ထက် ဒီမိုကရေစီ အကူးအပြောင်းကာလ ၂ နှစ် ရှိပေပြီ။ တကယ်တမ်း တွက်စစ်လျှင် ၁၉၆၂ ခုနှစ်မှစ၍ စစ်အစိုးရ လက်အောက်သို့ ရာစုနှစ် ထက်ဝက်ခန့် ကျရောက်ခဲ့ရသော မြန်မာနိုင်ငံတွင် ၂ နှစ်တာ ဒီမိုကရေစီ ကူးပြောင်းဆဲ ကာလအတွင်း ခြောက်အိပ်မက်သဖွယ် ထုတ်နေရဆဲ မေးခွန်းမှာ “နောက်ကြောင်း ပြန်လှည့်နိုင်သလား” ဟူ၍ ဖြစ်သည်။
“နောက်ကြောင်းပြန်လှည့်” ဆိုသော စကားလုံးသည် စစ်ဖိနပ်သံကို ပြန်ကြောက်ရသည့် အခြေအနေသို့ ပြန်ရောက်ရဦးမည်လားဆိုသည့် စိုးရိမ်မှုဖြစ်ကြောင်း မြန်မာပြည်သူများ နားလည်ထားကြပါသည်။ အကြောက်တရားလွှမ်းမိုးခဲ့သည့် အတိတ်မှ အမှန်တကယ်ပင် လွတ်မြောက်ပြီ ဖြစ်ကြောင်း အာမခံချက်ခိုင်မာသည့် အခြေအနေတရပ်ကို မြန်မာပြည်သူများ လိုလားလျက်ရှိသည်။
“နောက်ကြောင်းပြန်လှည့်” ဟူသော စကားလုံးက မကြာခဏ ခြောက်လှန့်သည့် အခြေအနေများကို အသွင်ပြောင်းစ မြန်မာပြည်တွင် မကြာခဏ တွေ့နေရသည်။ ထိုအထဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ လျှော့ချရေး သို့မဟုတ် တပ်မတော်က စစ်တန်းလျားသို့ လုံးလုံးလျားလျား ပြန်သွားရေး ကဲ့သို့သော Institution အလိုက် ပြောင်းလဲသွားရန် လိုအပ်နေသော ကိစ္စရပ်များလည်း ပါသည်။
ထို့အပြင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဦးဆောင် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူနည်းစုပါတီများ အကြား အားပြိုင်မှုမှသည် နိုင်ငံရေး ထိပ်သီးများအတွင်း အားပြိုင်မှုများ၊ အစိုးရနှင့် လွှတ်တော် အားပြိုင်မှုများနှင့် ပြုပြင်ပြောင်းလဲရေးသို့ စိတ်ညွတ်သူများနှင့် ခေါင်းမာဂိုဏ်းသားများ၏ အန္တရာယ်ကဲ့သို့သော နိုင်ငံရေး အကျိုးစီးပွား အာဏာခွဲဝေရေး ပြဿနာများလည်း ရှိနေသည်။
ဆယ်စုနှစ်ချီ ပြဿနာ အမြစ်တွယ်နေပြီး ကိုင်တွယ်ရန် ခက်ခဲဆဲဖြစ်သော မြေယာသိမ်းဆည်းမှု ကိစ္စများ၊ နိုင်ငံတော် သယံဇာတ အလွဲသုံးစားမှုများနှင့် ဥပဒေကို ထိန်းကြောင်းရန် တာဝန်ရှိသည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် နည်းမှုမှသည် သေနတ်သံ မစဲသေးသည့် တိုင်းရင်းသား ဒေသများ၊ ထိန်းသိမ်း ဖြေရှင်းနိုင်စွမ်း မရှိသေးသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကဲ့သို့သော အခြေခံကျပြီး အချိန်မီ ရှင်းလင်းရန် လိုသည့် ပြဿနာရပ်များလည်း ရှိနေသေးသည်။
ပြဿနာတိုင်း၏ အဆက်အစပ်တွင် စစ်တပ်မှ အရပ်သား တဖြစ်လဲ အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်၊ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် အာဏာပိုင်များနှင့် နီးစပ်မှုကြောင့် မတရားချမ်းသာနေသူများ ပါနေသည်။ တဖက်တွင် ဖိနှိပ်ခံခဲ့ရသည့် လယ်သမား၊ အလုပ်သမား၊ ရဟန်းရှင်လူ ပြည်သူများ ရှိနေသည်။ ယင်း မျက်နှာစာ နှစ်ခုကို ထိန်းညှိမည့် တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးသမားများမှာ အားနည်းချိနဲ့နေဆဲ ဖြစ်သည်။ ယင်းသို့ မညီမျှသည့် အနေအထားတွင် ပုံမှန်အတိုင်း ရှေ့ဆက်တိုးနိုင်ပါမည်လော ဟူသော မေးခွန်းသည် မြန်မာပြည်သူများအဖို့ ခြောက်အိပ်မက် ဖြစ်နေပေဦးမည်။
၁၉၆၂ တွင် ဗိုလ်ချုပ် နေဝင်းက နိုင်ငံတော်၏ အထူး ယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းရန် ဟူ၍လည်းကောင်း၊ ၁၉၈၈ တွင် ဗိုလ်ချုပ် စောမောင်က အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီ ထိန်းသိမ်းရန် ဟူ၍လည်းကောင်း အကြောင်းပြချက် အသီးသီးဖြင့် အာဏာသိမ်းခဲ့ကြသည်။ ဤသို့သော ပြည်တွင်း အခြေအနေများကို ခုတုံးလုပ်ကာ စစ်တပ်က အကြောင်းပြခဲ့ဖူးသည်ကို မြန်မာပြည်သူများ မမေ့ကြပါ။
၂ နှစ်သား ဒီမိုကရေစီ အကူး မြန်မာ့နိုင်ငံရေးသည် မြန်လွန်းသည်ဟုလည်း ဆိုကြသည်။ ယခုထက်ပို၍ ဒီမိုကရေစီဆန် လက်တွေ့ကျသင့်သည်ဟုလည်း ဝေဖန်ကြသည်။ အာဏာရ ခေါင်းဆောင်များရော အတိုက်အခံများ ဘက်ကပါ ရှေ့သို့ မတိုးနိုင်ဘဲ ရေလိုက်လွဲနေသည်ဟုလည်း သုံးသပ်ကြသည်။
မြန်မာပြည်သူများ လိုချင်သည့် အာမခံချက်မှာ “နောက်ကြောင်း ပြန်မလှည့်ရေး” နှင့် စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲရေးပင် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ စစ်တပ်နှင့် အာဏာခွဲဝေနေကြသည့် နိုင်ငံရေးပါတီများ တကယ်ပေးရမည့် အာမခံချက်မှာ စစ်ဖိနပ်သံကို တဖန် ပြန်ကြောက်စရာ မလိုသည့် အနေအထား တရပ်ဖြစ်သည်။ ယင်းအနေအထားသို့ ရောက်ရှိကြောင်း ယုံကြည်အောင် ပြုလုပ်ရန် အလွန်လက်တွေ့ကျသည့် အထက်ဖော်ပြပါ လိပ်ခဲတည်းလည်း ပြဿနာများကို တဦးချင်းစီအရရော၊ အဖွဲ့အစည်းအလိုက် အရပါ အခြေခံကျကျ ပြောင်းလဲရန် လိုသည်ဟု ဧရာဝတီက တိုက်တွန်းလိုသည်။
ယခင်စစ်အာဏာသိမ်း လက်ထက်က တာဝန်ရှိသူများ၊ တပည့်အဆက်ဆက်များသည် ယနေ့ခေတ် အစိုးရအဖွဲ့နှင့် လွှတ်တော်များတွင် ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့ အနေဖြင့် အတိတ်မှ မှားယွင်းမှုများအပေါ် အတိုင်းအတာ တခုအထိ တာဝန်ခံရန် လိုအပ်သည်။ ယင်းကဲ့သို့ အခြေခံကျသော လုပ်ဆောင်ချက်များသည်သာ ရှေ့သို့ မှန်ကန်စွာ တိုးသွားနိုင်မည့် ခြေလှမ်းများဟု ဧရာဝတီက ယုံကြည်သည်။
အာဏာသိမ်းမှု ၂၅ နှစ်ပြည့် ယခုနေ့မှ စ၍ လာမည့် နှစ်များတွင် နှစ်ပတ်လည်နေ့ ရောက်ချိန်တိုင်း၌ ပြည်သူများ၏ ခံစားချက်တွင် “နောက်ကြောင်း ပြန်လှည့်မည်လား” ဟူသည့် စိုးရိမ်မှု အနှေးနှင့်အမြန် ပပျောက်သွားဖို့လိုသည်။ ပြည်သူများအနေဖြင့် နောက်ကြောင်းအေးနိုင်ဖို့ အချိန်တန်ပြီဟု ဆိုချင်ပါသည်။