ပြီးခဲ့တဲ့ အပတ်တွေတုန်းက ကလေးတို့ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ကျောင်းတွေရဲ့ အကြောင်းကို ကျမတင်ပြ ဆွေးနွေး ခဲ့ပါတယ်။ ဒီတပတ်တော့ ကလေးများနဲ့ အပြင်သင်တန်းများ၊ ပြိုင်ပွဲများ အကြောင်းကို ကျမ တင်ပြဆွေးနွေး ချင်ပါတယ်။
ကျမတို့ နိုင်ငံမှာ အခုတလော ခေတ်စားလာတဲ့ အကြောင်းရာ ကတော့ ဘက်စုံဖွံ့ဖြိုးရေး ဆိုတဲ့ အကြောင်းရာပါ။ ဟိုးအရင် ကျမတို့ ငယ်ငယ်ကတော့ ကျောင်းစာ ထိခိုက်မှာ စိုးလို့ ဆိုပြီး မိဘတွေက ပန်းချီ မဆွဲရဘူးတို့၊ သီချင်း မဆိုရဘူးတို့ တားမြစ်ကြ ပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ မိဘ တော်တော်များများဟာ ကျမတို့ရဲ့ မိဘတွေလို မဟုတ်တော့ဘဲ အမြင်တွေ ပြောင်းလဲ လာကုန်ကြပါပြီ။ ကလေးတို့ကို ကျောင်းစာအပြင် ပန်းချီ သင်တန်းပို့တာ၊ သီချင်းဆို သင်တန်းပို့တာ စသဖြင့် ပို့လာကြပါတယ်။ အဲဒီလို မိဘတွေက ကလေးတွေကို ဟိုသင်တန်း၊ ဒီသင်တန်း ဆိုတာတွေကို အပြိုင်အဆိုင် ပို့ကြသလိုပဲ၊ ဖျော်ဖြေရေး ရုပ်သံတွေကလည်း ကလေးတွေအတွက် ပြိုင်ပွဲတွေ လုပ်ပေးနေကြတာကို တွေ့ရပါတယ်။
ပထမဆုံး ပြိုင်ပွဲတွေ အကြောင်း မပြောခင်မှာ သင်တန်းတွေရဲ့ ကိစ္စကို ကျမ အရင်ဆုံး ပြောချင်ပါတယ်။ မိဘဆိုတာဟာ တကယ်တော့ ကိုယ့်ရဲ့ ကလေးကို ထူးချွန် စေချင်ကြတယ်၊ အတော်ဆုံး ဖြစ်စေချင် ကြတယ်၊ ဒါဟာ သဘာဝပါ။ ပန်းချီ သင်တန်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း၊ ကာရာတေး သင်တန်း၊ အဆိုသင်တန်း၊ ကွန်ပျူတာ သင်တန်း၊ စန္ဒရားတီး သင်တန်း၊ တယောထိုး သင်တန်း စသဖြင့် တတ်နိုင်ရင် တတ်နိုင်သလောက် အတက်ခိုင်းကြ၊ အသင်ခိုင်း ကြပါတယ်။
ဒီနေရာမှာ ကျမ ဘာကို တွေ့လာရသလဲ ဆိုတော့ ကလေးတို့ တတ်ချင်၊ သင်ချင်လို့ သင်ခိုင်း တက်ခိုင်းတာထက် ကလေးလည်း စိတ်မပါ၊ ဝါသနာလည်း မပါပါဘဲနဲ့ အတင်းအကြပ် အတက်ခိုင်း၊ အသင်ခိုင်းတဲ့ မိဘများ တနေ့ တခြား များလာတာကို တွေ့လာရပါတယ်။ သုံးလေးနှစ် အရွယ် ကလေးလေးတွေကအစ ပန်းချီသင်တန်း တက်ခိုင်းတာ၊ အဆိုသင်တန်း တက်ခိုင်းတာ စတဲ့ မိဘတွေကို ကျမတွေ့လာရပါတယ်။ အစက ပန်းချီဆွဲဖို့ ဝါသနာပါတဲ့ ကလေးတောင်မှ မိဘက ပန်းချီသင်တန်း အတင်း တက်ခိုင်းလို့ ပန်းချီ မဆွဲချင်တော့တာ၊ ပန်းချီပြိုင်ပွဲတွေ အတင်းအကြပ် ဝင်ခိုင်းလို့ စုတ်တံနဲ့ ဆေးကိုပါ မုန်းလာတာ မျိုးတွေလည်း တွေ့လာရပါတယ်။ ဒါဟာ ကလေးတယောက်ရဲ့ အနာဂတ် အတွက် အင်မတန်မှ အန္တရာယ်များတဲ့ အရာပါ။
အမှန်တော့ ကလေးတွေဟာ မွေးကတည်းကိုက တီထွင်ဖန်တီးမှု အစွမ်းလေးတွေ သဘာ၀ အားဖြင့် ပါလာတတ် ကြပါတယ်။ အနားမှာ စုတ်တံ၊ ဆေး၊ ရောင်စုံခဲတံ၊ စာရွက် စသဖြင့် ချပေးထား လိုက်ရုံပါပဲ။ သူတို့ အမြင်၊ အတွေးနဲ့ ဆွဲချင်တဲ့ပုံကို လွတ်လွတ်လပ်လပ် ဆွဲပါလိမ့်မယ်။ မိဘတွေ လိုချင်သလိုမျိုး ဝါရင့် ပန်းချီဆရာကြီး ဆွဲထားတဲ့ ပုံအတိုင်းတော့ မဖြစ်ဘူးပေါ့။
ဒါပေမယ့် ကလေးရဲ့ အတွေး စိတ်ကူးတွေကို ဖြန့်ကျက်ပြီး ဆွဲထားတာမို့ ပန်းချီသင်တဲ့ ဆရာက ဘယ်နေရာမှာ ဘယ်လိုဆွဲ၊ ဟိုနားက ဟိုလို၊ ဒီနားက ဒီလို ဆိုပြီးတော့ သင်ပေးထားလို့ ဆွဲတတ်တာထက် စာရင် ကလေးတို့ အတွက် အများကြီး ပိုကောင်း ပါတယ်။ ဒီလိုမျိုး ကိုယ်ဆွဲချင်ရာကို လွတ်လွတ်လပ်လပ် ဆွဲရာကနေ ကလေးကိုယ်တိုင်က လိုလိုချင်ချင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းချီသင်တန်း တက်ချင်လာပြီ ဆိုမှ ပို့ပေးတာဟာ ကလေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။
ဂီတလည်း ဒီလိုပါပဲ။ ကလေးတို့ဟာ တုတ်ချောင်းလေးနဲ့ အိုးစုတ်၊ ခွက်စုတ်တွေကို ရိုက်ရင်းနဲ့ပဲ ရစ်သမ်ရဲ့ သဘော သဘာဝကို နားလည် သွားပါလိမ့်မယ်။ အသံကို နားလည်ဖို့၊ သိဖို့အတွက် ငယ်ငယ်ကတည်းက ကလေးကို ကလေးကဗျာလေးတွေ ရွတ်ခိုင်းတာ၊ ကလေးသီချင်း လေးတွေ နားထောင်စေတာမျိုးနဲ့ လေ့ကျင့်ပေးလို့ ရတာပါပဲ။ ကလေးသီချင်း ဆိုချင်တဲ့ အရွယ် ရောက်တော့ သူ့ ဘာသာသူ လွတ်လွတ်လပ်လပ် ဆိုလိမ့်မပေါ့။ ဒီအထဲမှာမှ ကလေးက ဂီတကို ဒီလောက်နဲ့ မရောင့်ရဲ နိုင်ဘဲ တခုခုကို တီးခတ်ချင်တာမျိုး၊ ဆိုချင် ပြုချင်တာမျိုး ဖြစ်လာမယ် ဆိုရင်ဖြင့် ဂီတသင်တန်း၊ အဆိုသင်တန်း တို့ကို အတက်ခိုင်းဖို့ သင့်ပါတယ်။ ပန်းချီသင်တန်းပဲ ဖြစ်ဖြစ်၊ အဆို၊ အတီးသင်တန်းပဲ ဖြစ်ဖြစ် ဘယ်သင်တန်းမဆို ကလေးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရင် မကောင်းပါဘူး။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြားချင်လို့ သင်ကြားတာမျိုးပဲ ဖြစ်သင့်ပါတယ်။
နောက်တခု ပြောချင်တာက ပြိုင်ပွဲများ အကြောင်းပါ။ ရုပ်သံ ဖျော်ဖြေရေး အစီစဉ်တွေမှာ ပါတဲ့ ပြိုင်ပွဲတွေက အစ၊ ဟိုက လုပ်တဲ့ ပြိုင်ပွဲ၊ ဒီက လုပ်တဲ့ ပြိုင်ပွဲ စသဖြင့် ဒီဘက်ခေတ်မှာ ပြိုင်ပွဲတွေ တော်တော်များလာတာကို တွေ့ရပါတယ်။ ပြိုင်ပွဲတွေကို ကလေး ကိုယ်တိုင် ဝင်ပြိုင်ချင်လို့ လိုလိုချင်ချင်နဲ့ ပြိုင်တာ ဆိုရင်ဖြင့် ကိစ္စမရှိပါဘူး။ ဒါပေမယ့် မိဘများက အတင်းအကြပ် ဝင်ပြိုင်ခိုင်းတာမျိုး၊ ဆုရဖို့ အတွက် ကလေးကို အတင်း ဖိအားပေး စေခိုင်းတာမျိုး လုပ်မယ်ဆိုရင်ဖြင့် ကလေးတို့ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။
ဥပမာ အနေနဲ့ ပြောရမယ် ဆိုရင်တော့ ချန်ပီယံလေးများ ဆိုတဲ့ ရုပ်သံအစီစဉ် ပါပဲ။ မူကြိုအရွယ် ကလေးငယ် လေးတွေကို မိဘက အတင်းစေခိုင်းပြီး လုပ်ခိုင်းနေတဲ့ ပြိုင်ပွဲပါ။ သူတခါမှ မမြင်ဘူး၊ မရောက်ဘူူးတဲ့ နေရာမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ၊ ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေရှာတဲ့ ကလေးတွေကို တွေ့ရတာဟာ အင်မတန်မှ စိတ်ဆင်းရဲစရာ ကောင်းလှပါတယ်။ မလုပ်တတ်၊ မကိုင်တတ်နဲ့ အလွဲလွဲအချော်ချော် ဖြစ်မှာကို လည်း စိုးရိမ်တဲ့စိတ်၊ အမေ အဆူခံထိမှာလည်း ကြောက်တဲ့ စိတ်ကလေးတွေက ကလေးတို့ မျက်နှာမှာ အတိုင်းသားပေါ်လို့ နေပါတယ်။
ဘာ အစီစဉ်ပဲ လုပ်လုပ်၊ ဘာပြိုင်ပွဲပဲ လုပ်လုပ် အရေးအကြီးဆုံးက ကလေးတွေ ပျော်ဖို့ပါ။ ကလေးကို အခြေခံပြီးတော့ လုပ်တဲ့ အစီစဉ်တခုမှာ ဘယ်လို အစီစဉ်မျိုးပဲ ဖြစ်ဖြစ် ကလေးတို့ ပျော်ရွှင်ဖို့က သိပ်အရေးကြီးပါတယ်။ ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု၊ ရဲရင့်မှု စတာတွေကို အသက်အရွယ်နဲ့ တိုင်းတာလို့ မရပါဘူး။ ဖွံ့ဖြိုးရေး မိုင်တိုင်ဟာ အသက်အတူတူ ကလေးချင်း များမှာတောင် တယောက်နဲ့ တယောက် ကွာခြားချက်တွေ ရှိပါတယ်။ လူကြီးမိဘကို ကြောက်လို့ မတက်ချင်ဘဲ သင်တန်းတွေ လိုက်တက် နေရတဲ့ ကလေးတွေ၊ မပြိုင်ချင်ပါဘဲနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်နေရတဲ့ ကလေးတွေ များလာပြီ ဆိုရင်ဖြင့် ကလေးတို့ရဲ့ အနာဂတ် ဉာဏ်ရည်နဲ့ ဘက်စုံဖွံ့ဖြိုးရေးကိုပါ ထိခိုက်စေလာနိုင်တာမို့ မိဘတွေကို သတိပြုစေချင်ပါတယ်။
ကျမ အနေနဲ့ကတော့ဖြင့် ကလေးတို့ကို လွတ်လပ် ပျော်ရွှင်စွာ ကြီးပြင်းစေတာကို သဘောကျပါတယ်။ ကလေးတို့ လုပ်ချင်တဲ့၊ အန္တရာယ်ကင်းတဲ့ အလုပ်တွေကို သူတို့ဘာသာ သူတို့ စိတ်တိုင်းကျ ရွေးချယ် လုပ်ခွင့် ပေးတာကို ပိုနှစ်သက် ပါတယ်။ ကလေးတွေဟာ ကျမတို့ ကလေးဘဝက မဖြစ်ခဲ့ရတဲ့၊ မလုပ်ခဲ့ရတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပေးဖို့ အတွက် ကျမတို့ ကိုယ်စား မွေးဖွားလာကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့မှာ သူတို့ကိုယ်ပိုင် စိတ်ဝင်စားမှု၊ သူတို့ ကိုယ်ပိုင်အတွေး၊ သူတို့ ကိုယ်ပိုင် စိတ်ကူး စိတ်သန်းများ ကိုယ်စီ ရှိနေကြတဲ့ သီးခြားလူသားလေးများပါ။
သူတို့ရဲ့ ဆန္ဒ၊ သူတို့ရဲ့ ဝါသနာ၊ သူတို့ရဲ့ စိတ်ဝင်စားမှုကို ကျမတို့ လေးစားဖို့ လိုပါတယ်။ ဘယ်လို ပြိုင်ပွဲမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လို သင်တန်းမျိုးပဲ ဖြစ်ဖြစ် ကလေးတို့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ပြိုင်ပွဲမျိုး၊ သင်တန်းမျိုးကို မတက်ခိုင်း၊ မပြိုင်ခိုင်းသင့်ပါဘူး။ ကလေးတို့ ဝါသနာပါရာကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူခွင့် လေ့လာခွင့် လုပ်ကိုင်ခွင့် ရမယ် ဆိုရင်ဖြင့် မိဘတို့ မျှော်လင့်သလိုမျိုး တကယ် ထူးချွန်တဲ့ ကလေးမျိုး ဖြစ်လာမှာပါပဲ။