သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးသည် ယခုနှစ်တွင် ၆ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်သည်။ ထိုတော်လှန်ရေးသည် အိမ်နီးချင်းနိုင်ငံ များသာမက ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုကိုပါ ရရှိခဲ့သည်။ သတင်းမီဒီယာနှင့် နည်းပညာများ အားကောင်းမှုတို့ကြောင့် ၈ လေးလုံး အရေးတော်ပုံထက် ကမ္ဘာကျော်ခဲ့သည်၊ ကမ္ဘာကသိခဲ့သည်။
ယင်းကာလတွင် သတင်းမီဒီယာများ အားကောင်းနေသည် ဆိုသော်လည်း သတင်းသမား ဦးရေများပြီး ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန၏ စာပေစိစစ်ရေး လောင်းရိပ်အောင်တွင် အပင်မသန်ခဲ့ရသည့် ကာလဖြစ်သည်။ ပြည်တွင်းပြည်ပ သတင်းထောက် များသည် သာမန်အချိန် ကာလမျိုး၌ပင် ကင်မရာကို ပြောင်ပြောင်တင်းတင်း လွယ်လျှက် သွားလာ၍ အဆင်မပြေနိုင်သော အချိန်ဖြစ်သည်။
ပြည်တွင်း သတင်းသမားများသည် ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး ကာလအတွင်း သတင်းများကို မျက်စိဖြင့်မြင်သည်၊ နားဖြင့်ကြားသည်၊ ကိုယ်တွေ့ကြုံသည်။ သို့သော် စာမျက်နှာပေါ်သို့ တင်ခွင့်မရှိခဲ့။ ပြည်တွင်း သတင်းဋ္ဌာနများ၊ ဂျာနယ်များတွင် စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်၍ သတင်းတိုသတင်းစ တပုဒ်မျှပင် ဖော်ပြခွင့်မရခဲ့ပေ။
ထိုကာလတွင် အမှန်တရားကို ကမ္ဘာက မြင်တွေ့နိုင်အောင် တာဝန်ကျေခဲ့သော သတင်းသမားများ ရှိခဲ့ကြသည်။ မိမိတို့ လခယူ အလုပ်လုပ် နေသည့် သတင်းဋ္ဌာနများတွင် ရေးသားခွင့် မရနိုင်သည့် သတင်းများကို လွတ်လပ်စွာ ရေးသား တင်ဆက်ခွင့်ရသည့် ပြည်ပ သတင်းဋ္ဌာနများသို့ ပေးပို့ကြသည်။
ထိုကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား သတင်းဋ္ဌာနများမှ သတင်းထောက် အများအပြားလည်း ဝင်ရောက်လာသည်၊ သတင်း ယူကြသည်။ ထိုသတင်းထောက်များအနက် ဂျပန်သတင်းထောက် တဦးဖြစ်သည့် Kenji Nagai ကို စစ်သားတဦးက အနီးကပ် ပစ်သတ်နေသည့် ဓာတ်ပုံကို အမိအရ ရိုက်ကူးခဲ့သူ ရိုက်တာ သတင်းဌာနမှ သတင်းထောက်သည် ၂၀၀၈ ခုနှစ်အတွက် ပူလစ်ဇာ ဓာတ်ပုံဆု ရရှိသည်။ http://www.pulitzer.org/citation/2008-Breaking-News-Photography
ထို့အတူ Burma VJ အဖွဲ့၏ Suffrom အမည်ရှိ သတင်းမှတ်တမ်း ရုပ်ရှင်ကားသည်လည်း အော်စကာဆု ဆန်ခါတင် စာရင်း ၂ ခုအနက် တခုအပါအဝင် ဖြစ်ခဲ့သည်။ ထိုမှတ်တမ်း ဗီဒီယိုတွင်လည်း Kenji Nagai ကို စစ်သားတဦးက အနီးကပ် ပစ်သတ် နေသည့် မှတ်တမ်းရုပ်သံ ဖိုင်တချို့လည်း ပါဝင်ခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေးသည် နိုင်ငံခြား သတင်းထောက်တဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် ကမ္ဘာ့ သတင်းဋ္ဌာနများနှင့် ပရိသတ်များအကြား ပို၍ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
အထက်ပါ အော်စကာဆု ဆန်ခါတင် စာရင်း ဝင်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူများအနက် တဦးဖြစ်သည့် DVB မီဒီယာမှ ဗီဒီယိုသတင်းထောက် ကိုရန်နိုင်ကို ဧရာဝတီသတင်းထောက် မြတ်စုမွန်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးမှာ သတင်းထောက်တွေ သတင်းယူခဲ့ရတဲ့ အခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီကာလတုန်းက သတင်းထောက်တွေ သတင်းယူရတဲ့ အခြေအနေက ကျနော်တို့တွေက ရုပ်သံဋ္ဌာနက ဖြစ်တဲ့ အတွက် ကျန်တဲ့ လူတွေထက် အခက်အခဲပို တွေ့ခဲ့တယ်။ အဲဒီကာလ အနေအထားအရ ကင်မရာ တွေ့ရင်ကို အနည်းဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ ၁၀ နှစ်အကြားမှာ ရှိနေတဲ့ အချိန်ဆိုတော့။
မေး။ ။ အဲဒီအချိန်မှာ သတင်းထောက် လုပ်သက် ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ ဒီနေရာမှာ ကျနော်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံကို နည်းနည်း ပြောချင်ပါတယ်။ ကျနော်က အဲဒီအချိန်မှာ သတင်းထောက် လုပ်သက် ဘယ်လောက်မှ မရှိသေးပါဘူး။ ကျနော် ၁၉၈၉ ကနေ ၁၉၉၉ အထိ ထောင်ထဲမှာ နေရတယ်။ ကျနော် ပြန်ထွက်လာတော့ ဓာတ်ပုံတွေရိုက်တယ်၊ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ရိုက်တဲ့ ရိုးရိုး ဓာတ်ပုံဆရာ။ ၂၀၀၆ လောက်မှာ Burma VJ မှာ လုပ်နေတဲ့ ကိုမျိုးမင်းနိုင်က လာဆက်သွယ်တယ်။ အဲဒီမှာ ရုပ်သံ ကင်မရာလေး ပေးတယ်။ စိတ်ထဲမှာ တင်ပြချင်တာလေးတွေ ရိုက်ပေးပါဆိုပြီး ကျနော့်ကို ပြောတယ်။ ၂၀၀၆ မှာ ကျနော့်ဆီကို ဗီဒီယိုကင်မရာလေး ရောက်လာ တယ်။ အဲဒီကနေ စပြီး သတင်းထောက် လောကထဲကို ရောက်လာတာပေါ့။ ကျနော်က ဘာကြောင့် ဒီအလုပ်ကို လုပ်ဖြစ်လဲ ဆိုတော့ ၈၈ တုန်းက ကျနော်တို့ပါဝင်လှုပ်ရှားခဲ့ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ဖြစ်စဉ်တွေ အကုန်လုံးက အတိုက်အခံ တွေဆီမှာ ဓာတ်ပုံတွေလည်း မရှိဘူး၊ ဗီဒီယိုတွေလည်း မရှိဘူး။ မရှိတော့ ကျနော်တို့ ပြန်ပြီး လေ့လာချင်တဲ့အခါ၊ သုံးသပ်ချင်တဲ့အခါ၊ ပြန်ကြည့်ချင်တဲ့အခါ ကြည့်စရာမရှိဘူး။ ကိုယ့်စိတ်ထဲမှာ ဗီဒီယို ကင်မရာရောက်လာတော့ ဘာပဲဖြစ်ဖြစ် ငါမှတ်တမ်း ယူရမယ် ဆိုတဲ့ အသိနဲ့ပဲ တောက်လျှောက် လုပ်ဖြစ်တယ်။ အဲဒီမှာ နေရာ တော်တော်များများကို ရိုက်ဖြစ် တာပေါ့။
အဲဒီ အချိန်မှာ ကျနော် မြန်မာပြည်က လူနေမှုဘဝတွေ၊ တွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရုပ်သံရိုက်တယ်။ ပြီးတော့ ယိုးဒယားဘက်က ရုံးကို ပို့ပေးရတယ်။ အဲဒီကာလက မြေအောက် လှုပ်ရှားတဲ့ ကာလဆိုတော့ ကျနော်နဲ့ ဆက်သွယ်တဲ့ လူကို တယောက်ချင်းစီပဲ သိခွင့်ရှိတယ်။ ၂၀၀၇ အထိ လစာမရှိဘူး၊ ကားခမရှိဘူး၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ် ဒီအလုပ်ကို လုပ်နေကြတယ်။ တခါတလေမှာ လိုအပ်ရင် ဟိုဘက် (ထိုင်းဘက်) ကနေပြီးတော့ လမ်းစရိတ်အနေနဲ့ ၁ သောင်းပို့ပေးရင် ပို့တယ်၊ ၁ သောင်းခွဲ၊ နှစ်သောင်းပေါ့။ အဲဒီလိုမျိုး ပေးတာတော့ ရှိတာပေါ့။
အဲဒီလို လုပ်လာတာကနေ စက်တင်ဘာ ၁၈ ရက်နေ့ လမ်းလျှောက်တဲ့ အချိန်မှာ ကျနော် ရန်ကုန်မှာမရှိဘူး၊ တောကို ရောက်နေတယ်။ အဲဒီမှာ ကျနော်နဲ့ ဆက်သွယ်ထားတဲ့ သူက ကျနော့်ကို မြို့ပေါ် တက်လာဖို့ လိုနေပြီဆိုပြီး လှမ်းခေါ်တယ်။ ၂၆ ရက်နေ့က ကြေးသွန်းဘုရား ကြီးရှေ့မှာ သံဃာတော်တွေ ဝတ်ပြုဆုတောင်းတဲ့ သူတွေကို စဖြိုခွဲတဲ့နေရာမှာ ရိုက်ဖြစ်တယ်။ အဲဒီအချိန်က ကျနော် ဘုရားရင်ပြင်ပေါ်မှာ ပိတ်မိနေတယ်။ အဲဒီ ကာလကလည်း ကင်မရာမြင်လို့မရတဲ့ ကာလဆိုတော့ ကင်မရာကို ကြွပ်ကြွပ်အိတ်လေးတွေနဲ့ ထည့်ကိုင်ရတယ်။ ကြွပ်ကြွပ်အိတ်ကို အပေါက်ဖောက်၊ Lans လေး အပြင်ထုတ်ပြီး ကိုယ်ရိုက်ချင်တဲ့ နေရာကို နည်းမျိုးစုံနဲ့ ရိုက်ရတယ်။ မှန်းပြီးရိုက်ရတယ်။ အားသာချက်က ကင်မရာနဲ့ ၁ နှစ်ခွဲလောက် လေ့ကျင့်ထားတဲ့အတွက် ကင်မရာရဲ့ Lans နဲ့ ကိုယ်လိုချင်တဲ့ အနေအထားနဲ့ မှန်းမိတယ်။
ကျနော် ဘုရားရင်ပြင်ပေါ်မှာ ပိတ်မိနေတဲ့အချိန်မှာ ဘုရားပေါ်က လူတွေအားလုံးကို ရှင်းထားပြီ။ သူတို့ ဖြိုခွဲမှု စတင်တော့မယ့် အချိန်မှာ ရှင်းလိုက်တယ်။ အဲဒီအချိန်မှာ ဂေါပကတွေ ထဲမှာလည်း စစ်အစိုးရကနေ ထည့်ထားတဲ့ လူတွေရှိတယ်။ အဲဒါကို ဘုရားပေါ်မှာ ဓာတ်ပုံရိုက် နေတဲ့ မိတ်ဆွေတယောက်က ပြောပြတယ် “ခင်ဗျား ဒီမှာနေလို့မရဘူး၊ အောက်ဆင်းချင်ဆင်း၊ မဆင်းရင် အပေါ်တက်နေမှ ရမယ်” ဆိုပြီး တန်ဆောင်းတွေ အပေါ်ဘက်က ဘုံဆင့်တွေကို တက်လို့ရတဲ့နေရာကို ခေါ်သွားပြီး လိုက်တက်တယ်။ ၂ ဆင့်လောက် တက်လိုက်ရတော့ ကျနော်က အပေါ်စီး မြင်ကွင်း ရသွားတာပေါ့။
မေး။ ။ ဘုရားပေါ်ကနေ အရှေ့ဘက်မုခ်ကို လှမ်းမြင်နေရတာလား။
ဖြေ။ ။ တော်တော်ကြီး ဝေးပေမယ့် လှမ်းမြင်နေရတယ်။ ဒါပေမယ့် အောက်လည်း ဆင်းလို့မရ၊ ဘယ်မှလည်း သွားလို့ မရဘူး ဆိုပြီးတော့ အဲဒီအပေါ်ကပဲ ထိုင်ပြီးတော့ ရိုက်ခဲ့ရတယ်။ မီးခိုးဗုံး ပစ်တဲ့ဟာတွေ၊ သံဃာတွေကို ဆွဲတင်သွားတာ၊ လူတွေကို ကားပေါ်အတင်း ဆွဲတင်သွားတဲ့ဟာတွေ တောက်လျှောက် မြင်နေရတယ်။ ဒေါ်မာမာအေးဆိုတဲ့ သံဃာနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ အရုပ်ပြခဲ့တဲ့ ဟာတွေကို ကျနော် ရိုက်နိုင်ခဲ့တယ်။ မီးလောင်ဗုံး ပစ်လိုက်တော့ ပြန့်သွားတာတွေ၊ ကိုရင်တွေက ခဲနဲ့ ပြန်ပစ်တာတွေ ရခဲ့တယ်။ အဲဒါကို အပေါ်ကနေ ရိုက်ရင်းနဲ့ ဒီအတိုင်းတော့ နေလို့မရတော့ဘူး၊ ဆင်းမှရမယ် ဆိုတော့ ကျနော် တယောက်တည်းလည်း ဆင်းလို့မရဘူး။ အပေါ်မှာ ၄၊ ၅ ယောက်လောက် ရှိတယ်။ ကင်မရာ သမား နှစ်ယောက်နဲ့ ကျနော့်ကို လိုက်ပို့တဲ့ ဓာတ်ပုံဆရာ တယောက်။ ဂေါပဂ လူကြီးတယောက်က တွေ့သွားပြီး မောင်းချတယ်။
မေး။ ။ အဲဒီနေ့မှာ တခြား သတင်းထောက်တွေကိုရော တွေ့လား။ သူတို့ရော ဘယ်လို လှုပ်ရှားနေတာ တွေ့ရသလဲ။
ဖြေ။ ။ တခြား သတင်းထောက်တွေလည်း အဲဒီလိုပဲ။ ဗီဒီယို သတင်းထောက်က ကျနော် တယောက်တည်း မဟုတ်ဘူး။ ဘုန်းကြီးကျောင်းထဲမှာ နေနေတဲ့သူတွေ ရှိတယ်၊ လမ်းထဲမှာ သာမန်လူတွေလိုပဲ လမ်းလျှောက်နေတဲ့ သူတွေ ရှိတယ်။ ကျနော်တို့ တယောက်နဲ့တယောက် မသိကြဘူး။ ဒါပေမယ့် ကင်မရာ ကိုင်ထားတာနဲ့ ဒီလူက ကိုယ့်လူပဲ ဆိုတာသိတယ်။ အဲဒီကာလက ဘယ်သတင်းထောက်မှ ဗီဒီယိုကင်မရာ မကိုင်ကြဘူး။ ကိုင်ရင် အန္တရာယ် ရှိတာကိုး။
အဲဒီကနေ မြို့ထဲရောက်တော့ ဖရေဇာ မီးပွိုင့်မှာ ရော်ဘာ ကျည်ဆံနဲ့ပစ်တယ် ဆိုပြီးတော့ ကျည်ဆံ အစစ်နဲ့ ပစ်သွားတယ်။ လူကူး ခုံးကျော် တံတားဘေးက သံကြော်ငြာတိုင်ကြီးမှာ ကျည်ဆံရာ ရှိတယ်၊ အဲဒီကျည်ဆံရာကို ကျနော်ရိုက်ခဲ့တယ်။ ညဘက် သတင်းမှာ ကြေညာတော့ ရော်ဘာ ကျည်ဆံနဲ့ပစ်တယ်လို့ ကြေညာတယ်။ ကျနော်တို့က ရော်ဘာ ကျည်ဆံ မဟုတ်ဘူး ဆိုတာကို ပြန်သက်သေ ပြနိုင်ခဲ့တယ်။ အဲဒီမှာ အမျိုးသမီး တယောက်ထိတယ်၊ ကျနော် မမီလိုက်ဘူး။
အဲဒီကနေ ကျနော်မိုးမိသွားပြီး သူငယ်ချင်းအိမ်ကိုဝင်ပြီး ကင်မရာဖွင့်လိုက်တော့ ကင်မရာရေစိုနေပြီ။ အဲဒီတုန်းက တိပ်ကင်မရာတွေ ဆိုတော့ ရေငွေ့ ရိုက်လိုက်တာနဲ့ တိပ်ကင်မရာတွေက မလည်တော့ဘူး။ ဘာလုပ်ရမယ်မှန်း မသိဘူး။ ဘယ်လို လုပ်ရမယ်မှန်း မသိတော့ အိုးထဲကို အုတ်နီခဲထည့်၊ အုတ်ခဲပေါ် ကင်မရာတင်ပြီး အိုးကိုအပူပေးပြီးတော့ ကင်မရာ မီးကင်ရတယ် (ရယ်လျှက်) အဲဒီလိုနဲ့ အဲဒီနေ့ညက ရသွားရော။
နောက်တနေ့ မနက်ကျတော့ မဂ္ဂင်ကျောင်းမှာ ဝင်စီးပြီးပြီလေ။ အဲဒီကို သွားရရင် ကောင်းမလား ဆိုပြီး ဖုန်းနဲ့ လှမ်းမေး ကြည့်လိုက်တော့ အဲဒီမှာ ကင်မရာသမား ၄၊ ၅ ယောက်လောက် ရှိတယ်။ မြို့ထဲသွား ဆိုလို့ ကျနော် မြို့ထဲဘက်ကို ဆက် တက်လာတယ်။ မြို့ထဲကို ကျနော် အစောကြီး ရောက်နေတယ်။ အဲဒီမှာ ဖရေဇာ ပွိုင့်ရဲ့ မြင်ကွင်းထဲကို ဘုန်းကြီးတပါး စရောက် လာတယ်။ လမ်းက လူတွေ ရှင်းနေတယ်။ ဘာကားမှ မရှိဘူး။ တခါတလေတော့ ကားတစီးစ၊ နှစ်စီးစ ဖြတ်သွားတယ်။ မနက် ၁၀ နာရီ ဝန်းကျင်လောက်ရှိမယ်၊ ဘုန်းကြီးတပါး ရောက်လာတယ်၊ ဘုရားပုံတော်ပါတယ်၊ ရေသန့်ဘူး ပါတယ်၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင် ထွန်းတယ်။ နောက်တခါ မဇ္ဈိမလှိုင်းက ကိုရဲလွင် ရောက်လာတယ်။ ပြီးတော့ ရှေ့ဆင့်နောက်ဆင့်ပဲ လူတွေ တစုပြီးတစု ထပ်ရောက်လာတယ်။ အဲဒီအချိန်မှာ စစ်တပ်ဘက်က နေရာယူပြီး နေပြီ။ သူတို့က မြို့တော်ခန်းမ ဘေးမှာ ကားတွေနဲ့ အဆင်သင့် ရှိနေပြီးသား။ လူနည်းနည်း များလာရော ဆူးလေလမ်းမကို ကန့်လန့်ဖြတ်ပြီး ကြိုးတန်းလိုက်တယ်။ လူတွေကလည်း တဖြည်းဖြည်းနဲ့ စုလာတယ်။
မနေ့တုန်းက ရွှေတိဂုံ ဘက်မှာလည်း ဖြိုတယ်၊ ညတုန်း ကလည်း မဂ္ဂင် ကျောင်းကို ဝင်စီးပြီးသွားပြီ ဆိုတော့ လူတွေက မြို့ထဲကိုလာတယ်။ လူတော်တော် များလာတော့ စစ်တပ်က နှစ်တန်း တန်းလိုက်တယ်၊ အစုလိုက် အတန်းလိုက်ပေါ့။ စစ်ရေးပုံစံ ပြင်ပြီး နေရာယူထားတယ်။ တဘက်ကလည်း ကုန်သည်ကြီးများ ဟိုတယ်ဘက်က ချီတက်လာတဲ့ လူငယ်တွေ တော်တော် များလာတယ်။ ဒေါင်းအလံ ထောင်တယ်။ ကျနော်က အဲဒီအချိန်မှာ တချိန်လုံး ရှိနေတယ်။ လူများလာပြီးတဲ့ အချိန်မှာ နိုင်ငံခြားသားတွေ ရောက်လာတယ်။ ကျနော် မှတ်မိတာဆိုရင် ကိုရီးယားက ရုပ်သံဋ္ဌာန တခု ရောက်လာတယ်။ သတင်း တင်ပြတာကို ကင်မရာသမားက တခါတည်း ရိုက်ယူသွားတယ်။
သူတို့နဲ့ ရှေ့ဆင့် နောက်ဆင့် ရောက်လာတာက Kenji Nagai ပဲ။ အဲဒီတုန်းက ဂျပန်လို့ သူ့ကို သိပ်မထင်လိုက်ဘူး။ တိုးရစ် တယောက် ကြုံလို့ဝင်ကြည့်တယ် လို့ပဲ သိတာ။ ၃၃ လမ်း ဘက်မှာရော၊ ပန်းခြံဘက်မှာရော လူတွေက တော်တော် များနေပြီ။ ကုန်သည်ကြီးများ ဟိုတယ် ဘက်မှာလည်း တော်တော်များနေပြီ။ ကျောင်းသား အရွယ်တွေက တော်တော်များတယ်။ ကျနော် မေးကြည့်တော့ တက္ကသိုလ် ကျောင်းသားတွေ များတယ်။
မေး။ ။ ဂျပန်သတင်းထောက် Kenji Nagai အပစ်ခံခဲ့ရတဲ့ ပုံစံကို ပြောပြပါဦး။
ဖြေ။ ။ Kenji Nagai ကျသွားတဲ့ ပုံစံကတော့ သူ့ကို ကျနော်စပြီး တွေ့တဲ့အချိန်မှာ သူက စောစောက သံဃာတော်တွေနဲ့ လူတွေထိုင်ပြီး မေတ္တာသုတ် ရွတ်နေကြတဲ့အချိန်မှာ သူက တယောက်ချင်းစီကို လိုက်ရိုက်နေတယ်၊ ပြီးတော့မှ လုံခြုံရေး ကျနေတဲ့ စစ်သားတွေဆီကို သူသွားတယ်။ သွားပြီးတော့မှ တယောက်ချင်းစီကို မှတ်တမ်းယူတယ်။ အဲဒီလို ယူနေတဲ့အချိန်မှာ ကျနော့စိတ်ထဲမှာ ဒီလူတော့ သေတော့မှာပဲဆိုပြီး တွေးမိတယ်။ ပါးစပ်က အသံထွက်ပြောမိလို့ ကျနော့် ဗီဒီယို တိပ်ထဲ မှာလည်း အဲဒီအသံ ပါသွားတယ်။ ပါသွားလို့ Kenji Nagai ရဲ့ ဂျပန်သတင်းဋ္ဌာနက ကျနော့်ကို မေးတယ်။ ခင်ဗျားဘာလို့ အဲဒီလို ပြောနိုင်သလဲဆိုပြီး မေးတယ်။ သူတို့မေးတဲ့ သဘောက ကျနော့်ကို တပ်နဲ့ ပတ်သက်နေသလား ဆိုပြီး မေးတာ။ ကျနော်က ပြန်ဖြေတယ်။ ကျနော်က ၈၈ ကို ဖြတ်သန်းလာခဲ့တော့ စိတ်ထဲမှာက ဒီလို အခြေအနေမျိုးမှာ ဒီလိုဖြစ်လာရင် ဒီလို လူမျိုးတွေက ပထမဆုံး အဖြိုခွဲ ခံရတာပဲလို့။
မေး။ ။ သူလှုပ်ရှားနေတာကို ဘယ်ကနေ လှမ်းမြင်နေရတာလဲ။ အဲဒီချိန်မှာ ဘယ်နေရာမှာ ရှိနေတာလဲ။
ဖြေ။ ။ အဲဒီအချိန်မှာ တနေရာတည်းမှာ မဟုတ်ဘူး။ တံတားပေါ် တက်လိုက်၊ အောက်ဆင်းလိုက် လုပ်နေတယ်။ အဲဒီတုန်းက ဆူးလေ လူကူး ခုံးကျော်သစ် သားတံတားကြီးက ကျောက်တံတား ရဲစခန်းဘက်ကနေ တက်လို့ရတယ်။ ဟိုဘက်က ဆင်းတဲ့လမ်းမှာက လှေကားတွေ ပျက်နေတယ်။ သူ အပစ် ခံရတဲ့ နေရာနားမှာက လူထုက အများဆုံးပဲ။ အနော်ရထာနဲ့ ဆူးလေဘုရားလမ်း ထောင့်တည့်တည့်ပေါ့။ အဲဒီထောင့် ကနေ သူရိုက်နေတဲ့ စစ်သားကိုရော၊ သူ့ကိုရော တောက်လျှောက် ရိုက်ဖြစ်နေတယ်။ သူက ဒီဘက်လာလိုက်၊ ဟိုဘက်သွားလိုက် သူရိုက် ချင်တာတွေ ရိုက်လိုက် လုပ်နေတာ။ အဲဒီတော့ ကိုယ့်စိတ်ထဲမှာ ထင်လိုက်တာက ဒီလူတော့ သေတော့မှာပဲလို့။
အဲဒီ အခြေအနေမှာ အရင်ရက်တွေက လိုက်နေတဲ့ ပရိသတ်တွေက တခြားနေရာလည်း သွားစရာမရှိတော့ ဒီမှာ လာပြီး စုနေတဲ့ အချိန်မှာ ဖြိုခွဲဖို့ လာတာက ကုန်သည်ကြီးများ ဟိုတယ်ဘက်က စစ်ကားတွေ၊ အရှိန်နဲ့ မောင်းဝင်လာတယ်။ အဲဒီအချိန်မှာ လူတွေလည်း ဘေးကို အတင်းလဲပြိုပြီး မတိုက်မိအောင် ရှောင်ကြတယ်။ လဲကုန်ကြတယ်။ အဲဒီမှာ ကျနော်က တံတားပေါ်ကို ရောက်နေပြီ။
အဲဒီမှာ ပရိသတ်ထဲက နေပြီးတော့ တယောက်က ထဆဲလိုက်တဲ့ အသံကြားလိုက်တယ်။ ရေသန့်ဘူးနဲ့ စစ်ကားကို စပစ်တယ်။ အဲဒီအချိန်မှာ စစ်သား တယောက်ကနေ သူ့စိတ်ကိုသူ မထိန်းနိုင်ဘဲ သေနတ်ကို ဆွဲပြီး ပစ်မလို့ လုပ်တော့ နောက်က တယောက်က သူ့ကို မလုပ်နဲ့ဆိုပြီး လှမ်းအော်တယ်။ အဲဒီ ရုပ်တွေလည်း ကျနော် ရလိုက်တယ်။ ကျနော် သိလိုက်တယ်။ ဒီအခြေအနေက သူတို့ သေချာပေါက် ဖြိုခွင်းတော့မယ်၊ ဘယ်လိုဖြိုခွင်းမယ်သာ မသိတာ။ အဲဒီ ကာလကတော့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုပြီး ကြွေးကြော်နေတဲ့ ကာလ။ ဖြိုခွင်းတော့မယ်ဆိုတာ ကျနော့် စိတ်ထဲမှာ ထင်နေတော့ လူတွေ အများကြီး ရှိတဲ့ နေရာကို ကင်မရာ တည်ထားလိုက်တယ်။ စစ်သားတွေရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး ကင်မရာကို ဖွင့်ထားလိုက်တယ်။
ကျနော့်ဘေးမှာ ဓာတ်ပုံသတင်းထောက် တယောက် ရှိနေတယ်။ တံတားပေါ်မှာ ပရိသတ်တွေ ပြည့်နေတယ်။ အဲဒီအချိန်မှာ ညာသံပေးပြီး လိုက်တဲ့ အခါ လူတွေထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ Kenji Nagai ဘေးက စစ်သားက သူ့ကို တေ့ပစ်လိုက် တာပဲ။ တေ့ပစ် လိုက်တာကို ကျနော့်နေရာက ကြည့်နေတော့ ဇာတ်ဝင်ခန်း ရိုက်သလို ဖြစ်သွားတယ်။ သူတို့နှစ်ယောက် အလယ်မှာ ကင်မရာက ရှိနေတော့ ပစ်တဲ့ဟာကို ရိုက်မိလိုက်တယ်။ ဒိုင်းကနဲဆို ပစ်လိုက်တဲ့အချိန်မှာ Kenji Nagai က တန်းလဲကျသွားတာ၊ လုံးဝမလှုပ် တော့ဘူး။ ကင်မရာက လက်ထဲမှာပဲ။ မြေကြီးပေါ်ကို ကင်မရာ ကျမသွားဘူး။ သူ့ကို တကယ် လေးစားလောက်တဲ့ အနေအထားတခု တွေ့လိုက်ရတယ်။ လူကသာ လဲသွားတယ်၊ ကင်မရာက မကျဘူး။ မြေနဲ့လည်း မရိုက်မိဘူး၊ ကင်မရာလည်း မကွဲဘူး။ သူ့ကိုပစ်တဲ့ အချိန်မှာ တံတားပေါ်က လူတွေက အလုအယက် ပြေးဆင်းကြတယ်။ ကျနော့်ကို နောက်က ဝင်တိုက်တော့ ပစ်လဲသွားတယ်။ လူတွေက ကျနော့်ကို ဝိုင်းနင်းကြတယ်။ ကင်မရာကို ပေါင်ကြားထဲကို ညှပ်လိုက်တယ်။ အဲဒီအချိန်မှာ ပုဆိုးကိုပဲ ကင်မရာက တောက်လျှောက် ရိုက်နေတယ်။ အဲဒီအရုပ်ကို သုံးတဲ့သူတွေက အဲဒီကတ်လေးပါ ထည့်သုံးထား သေးတယ်။
ဘယ်သူမှမနင်းတော့မှ ထကြည့်လိုက်တော့ ဘယ်သူမှ မရှိတော့ဘူး။ ညာဘက်မှာ ဓာတ်ပုံ သတင်းထောက် တယောက် ကျန်ခဲ့တယ်။ သူ့ကို အခြေအနေ မေးတော့ ရသေးတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက် ဆက်ရိုက်နေတယ်။ ရိုက်ပြီးလို့ နောက်လည်း လှည့် ကြည့်လိုက်တော့ သူမရှိတော့ဘူး။ တယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ မီးသတ်ဘက် အခြမ်းကနေ စွမ်းအားရှင် ကားတစီး ခေါ်ထားတာရှိတယ်။ သူတို့က လေးခွနဲ့ ပစ်တယ်။ ရဲတွေကလည်း တံတား အတက်အဆင်း လမ်းတွေမှာ ပြည့်နေပြီ။ အဲဒီကနေ ဆင်းရင်လည်း ရဲစခန်းထဲ တန်းရောက်မှာ။ ဖြိုခွဲခံရတဲ့ သူတွေ အကုန်လုံးက ကုန်သည်ကြီးများ ဟိုတယ်ဘက်ကို ရောက်နေပြီ။
လက်ခုပ်တဖောင်ကျော်လောက် ခြေနင်းတံတားပြားတွေ မရှိတဲ့ လှေကား ဘက်ခြမ်းကနေ ခုန်ချပြီး ကုန်သည်ကြီးများ ဟိုတယ်ဘက်ကို ကျနော် ထွက်ပြေးခဲ့တယ်။
ဒီပုံကို ရလိုက်တာ ကျနော်သိတယ်။ ကျနော် ဆက်သွယ်ရမယ့်သူဆီ ဆက်ဖို့ကလည်း ကျနော့်မှာ ဖုန်းမရှိဘူး။ အင်တာနက် ဆိုင်တွေကလည်း အားလုံးပိတ်ထားပြီ။ ဖုန်းပါတဲ့ ကျောင်းသားလေးတွေ အကူအညီတောင်းပြီး သူ့ကို ပြောပြဖြစ်တယ်၊ နိုင်ငံခြားသား တယောက် အပစ်ခံရတယ်ဆိုတာ။
မေး။ ။ အဲဒီတုန်းက Kenji Nagai ကို သတင်းထောက် တယောက်လို့ သိလား။
ဖြေ။ ။ သတင်းထောက်လို့တော့ သေချာမသိဘူး။ နိုင်ငံခြားသားတွေ အားလုံးက ကင်မရာတွေ ပါနေတော့ သာမန် တိုးရစ်တယောက် လို့ပဲ ထင်တယ်။ ကျောင်းသားလေးတွေကို ပြန်ပြောခဲ့တယ်။ သူတို့က ပြန်ကြည့်ချင်တယ် ဆိုလို့ သူတို့ကိုပြတယ်။ အဲဒီမှာ ဇိုမီး ပါတီက ချင်းအမျိုး သားတယောက်နဲ့ တွေ့တယ်။ သူက ဒီနေ့ တင်မှရမယ် ဆိုပြီး ပြောတယ်။ သူ့အကူအညီနဲ့ ဇိုမီးပါတီ ရုံးရောက်တော့ ရုံးကလည်း ပိတ်ထားပြီ။ အဲဒီနားမှာ အင်တာနက်ဆိုင် မပိတ်သေးဘူး။ မနက် ၁၁ နာရီ ကျော်လောက်ရှိမယ်။ လူစုတယ်၊ ပစ်တယ်၊ လိုက်ရိုက်တယ် ဆိုတာတွေက အဲဒီ ၁ နာရီလောက် အတောအတွင်းမှာ ဖြစ်သွားတာ။ အင်တာနက်ဆိုင်မှာ သူက BBC ကို စာပို့လိုက်တယ်။ နိုင်ငံခြားသား တယောက် အပစ်ခံရတယ် ဆိုပြီး။ အဲဒီအချိန်မှာ အင်တာနက် လိုင်းတွေ ပြတ်သွားတယ်။ အဲဒီမှာ သူက ဗြိတသျှကောင်စီ စာကြည့်တိုက် ဝင်ဆိုတော့ သူနဲ့အတူ BC ကိုသွားတယ်။ အဲဒီမှာ တော်တော် ကြာသွားတယ်။ သူတို့မှာ လိုအပ်တာတွေ မရှိဘူး။ ဒီပုံကို ကေဘယ်ကြိုးနဲ့ ယူလို့ရတယ် ဆိုပြီး ထိုးကြည့်တော့ စနစ်ချင်း မတူတော့ အဖြူအမည်း ထွက်လာတယ်။ အဲဒီမှာ တွေ့တဲ့ အမျိုးသမီးက သူ့သူငယ်ချင်းပဲ ဆိုပြီး မှတ်မိပြီး ငိုတယ်။ အဲဒီမှာ တာဝန်ခံ သံအမတ်လည်း ရှိနေတော့ မှတ်တမ်းယူတော့ အဖြူနဲ့အမည်းပဲ ရတယ်။ သူက အခွေကို တောင်းတယ်။ ကျနော်က ပေးလို့မဖြစ်ဘူး၊ လိုချင်ရင် ကူးယူဆိုပြီး ပြောတယ်။ အဲဒီကာလ အနေအထားအရ မိရင် တခါတည်း အဖမ်းခံရမယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မယုံရဘူး၊ ဒီအထောက်အထား တွေလည်း ပျောက်ကုန်မယ်ဆိုပြီး အဲဒီ စိတ်ကူးနဲ့ ပေးခဲ့တယ်။ အဲဒီကနေ ပြန်လာတော့ အနော်ရထားလမ်းနဲ့ ဗန္ဓုလ လမ်းပေါ်မှာ တပ်နဲ့ လူတွေနဲ့ ရှေ့တိုး နောက်ဆုတ် ပြေးတမ်းလိုက်တမ်း ကစားသလို ဖြစ်နေကြပြီ။ လူတွေက ဆဲလိုက်၊ အော်လိုက် တပ်က ရှေ့တိုးလာလိုက် ပြေးလိုက်ပေါ့။
အဲဒီမှာ တော်တော်ဆိုးဆိုး မြင်ကွင်းတွေ မြင်ရတယ်။ အဖမ်းခံထားရတဲ့ လူငယ်တွေကို စစ်ဖိနပ်နဲ့ တက်နင်းနေတယ်။ ပေတရာ လမ်းပေါ်မှာ ပက်လက်လည်း နင်းတယ်၊ မှောက်ရက်လည်း နင်းတယ်။ အဲဒီတုန်းက ရိုက်ဖြစ်ခဲ့တာတွေကတော့ အခု Burma VJ မှာ။ ပြန်မရဘူး။ DVB ရုံးကိုလည်း ပြန်မပေးဘူး။ ပျောက်သွားတယ်လို့ ပြောတယ်။ အဲဒီနေ့က အဲဒီပုံကို မတင်ဖြစ်ဘူး။ ဆက်သွယ်ရမယ့် လူတွေနဲ့လည်း အချိတ်အဆက်မရတော့ အဲဒီအထုပ်ကို ပိုက်ပြီး ဗြဟ္မာ့ခေါင်း ကိုင်ရသလိုပဲ။ ကင်မရာ ပါသွားမှာကို မနှမြောတော့ဘူး၊ ဒီအရုပ်ပါသွားမှာကို နှမြောတယ်။ ဘယ်သူ့မှလည်း ပေးမထားရဲဘူး။ ၈၈ တုန်းက ဂျာနယ်တွေ ထုတ်ခဲ့တယ်၊ ဒါပေမယ့် ၂ လလောက်နေတော့ ဘယ်သူ့မှာမှ မရှိကြတော့ဘူး။ ဒါကို ဘယ်သူ့မှလည်း ပေးလို့မရဘူး၊ ဘယ်သူမှလည်း လက်ခံမှာမဟုတ်ဘူး။ လူတွေမှာရှိတဲ့ နိုင်ငံရေးရေချိန်ပေါ့။ တောက်လျှောက် အဖိနှိပ် ခံခဲ့ရတော့ …။ အဲဒီနေ့က အပြန်မှာ ရန်ကုန်အဝင်အထွက် လမ်းတွေကို အကုန်စစ်တယ်။ မိုးချုပ်လေ ပိုဆိုးလေပဲ။
ကင်မရာကို ကြွပ်ကြွပ်အိတ်လေးနဲ့ ထုတ်ပြီး မတ်တပ်ရပ် စီးနေရာကနေ ကင်မရာကို အောက်ချထားလိုက်တယ်။ လွတ်သွားတော့မှ သက်ပြင်းချနိုင်တယ်။ သူတို့ကလည်း ဒဏ်ရာရလာတဲ့သူတွေ ပါသလား ရှာတဲ့သဘော။ အဲဒီတုန်းက DVB က တပတ်ကို နာရီဝက်ပဲ စမ်းပြီး လွှတ်နေရတဲ့အချိန်။ ထစ်ထနေတဲ့ CD ကြည့်နေရသလိုပဲ။ ၂၅၊ ၂၆ ရက်တွေမှာ သွားခဲ့တဲ့ အရုပ်တွေ အဲဒီနေ့ညက ပြတယ်။ ၂၇ ရက်နေ့ ညပေါ့။ အဲဒီမှာ ကင်မရာရိုက်နေတဲ့ ကျနော့်ပုံ ပါလာတာကို သူငယ်ချင်း တယောက်က မြင်သွားတယ်။ အဲဒီကာလမှာက ဆင်ခြေဖုံးက လက်ဖက်ရည်ဆိုင်တွေ ဆိုရင် တောက်လျှောက် DVB ဖွင့်ထားတယ်။ လူတွေက လာကြည့်ကြတယ်။ အဲဒီမှာ ကျနော့်ပုံ ပါလာတယ်။ သူက ဓာတ်ပုံရိုက်ထားပြီး ကျနော့်ကိုပြတယ်။ အဲဒီအချိန်မှာ ကျနော် သိပ်မကြောက်သေးဘူး။
တည်းမယ့်အိမ် သွားတော့မှ မင်းဒီမှာ အိပ်လို့မရဘူး၊ မင်းသတင်းတွေက ပွစာကျဲနေပြီလို့ပြောတယ် (အော်ရယ်လျှက်) အမျိုးအိမ်တွေ သွားတော့လည်း လက်မခံတော့ဘူး။ အဲဒီညက ထောက်ကြန့်ဟိုဘက်က ရွာမှာ သွားအိပ်ဖြစ်တယ်။ အဲဒီကနေစပြီး ဝရမ်းပြေး ပြန်ဖြစ်တယ်။
မေး။ ။ အဲဒါဆို အဲဒီပုံကို ဘယ်အချိန်ကျတော့မှ လွှင့်ဖြစ်တာလဲ။
ဖြေ။ ။ အဲဒီမှာ စောစောက အဆက်အသွယ် တခုပြန်ရတယ်။ အခု အင်္ဂလန် ရောက်နေတဲ့ ကိုအောင်ကြီးဆိုတဲ့ သူနဲ့တွေ့ပြီး အဲဒီဖိုင်ထဲမှာ နိုင်ငံခြားသား တယောက် ပစ်ခံရတဲ့ပုံ ပါတယ်ဆိုပြီး ပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ၂၈၊ ၂၉ ရက်တွေမှာ ကင်မရာနဲ့ အပြင်ထွက်လို့ မရတော့ဘူး။ ၂၇ ရက်နေ့ ညနေပိုင်းမှာ လမ်းမကြီးတွေက လာသမျှသူတွေ အကုန်စစ်တယ်။ အိတ်တွေ ဖွင့်ကြည့်တယ်။ ကင်မရာ ပါလာရင်တော့ သေမယ်သာကြံ။
မေး။ ။ လူကူး ခုံးကျော်တံတားပေါ်က ပြေးမဆင်းလာခင်မှာ သေနတ်နဲ့ အပစ်ခံရလို့ လဲကျသွားတဲ့ အဲဒီ ဂျပန် သတင်းထောက်ကို ပြန်လှည့် ကြည့်ဖြစ်ခဲ့သေးလား။
ဖြေ။ ။ မကြည့်ဖြစ်ဘူး။ သူ့ကို မ သွားတဲ့ အချိန်အထိ ကျနော် အပေါ်မှာ ရှိသေးတယ်။ စစ်သား ၄ ယောက် မသွားတဲ့ အချိန်အထိ ရှိတယ်။ အဲဒီပုံတွေကိုလည်း ရလိုက်တယ်။ အဲဒါကို အောက်ဘက်က တယောက်က ရိုက်ထားတယ်။ ခြေထောက်က နှစ်ယောက်၊ လက်ကနှစ်ယောက်မ သွားတယ်။ အဲဒီတော့ မီးခိုးဗုံး ပစ်ထားတော့ မီးခိုးတွေက အများကြီးပဲ။ ဝေဝါးနေတယ်။ နှင်းတောထဲမှာ သယ်သလိုပဲ ခွေးသေကောင်ပုပ် မ သလို မ သွားတာပဲ။ မြို့တော်ခန်းမဘက်ကို မ သွားတယ်။
မေး။ ။ အဲဒီအချိန်မှာ သူ့ ကင်မရာကရော။
ဖြေ။ ။ မ လာတဲ့ပုံပဲ မြင်ရတယ်။ ကင်မရာတွေ သိမ်းလာတဲ့အချိန်ကို မမြင်လိုက်ရဘူး။ အဲဒီချိန်က မီးခိုးဗုံး စပစ်ထားတဲ့ အချိန်ဆိုတော့ အမှောင်ဖြစ်နေတယ်။ သူတို့ သယ်လာတော့မှ ရေးရေးလေး မြင်လိုက်ရတာ။ အဲဒါမြင်ပြီးတာနဲ့ ကျနော် ပြေးတာပဲ။
မေး။ ။ သူ့ကို မြင်နေတဲ့ အချိန်မှာ သူ့မှာ ကင်မရာ ဘယ်နှစ်လုံး ရှိနေတာတွေ့လဲ။
ဖြေ။ ။ သူကိုင်ထားတာက လက်ထဲမှာ ဗီဒီယိုကင်မရာ တလုံးရှိတယ်။ လည်ပင်းမှာ ဆွဲထားတာက ဓာတ်ပုံ ကင်မရာ တလုံးရှိတယ်။
မေး။ ။ တံတားပေါ်မှာ ရှိနေတုန်းအချိန်မှာ စိတ်ခံစားမှု အခြေအနေလည်း ပြောပြပါဦး။
ဖြေ။ ။ စိတ်ခံစားမှုအရတော့ စိတ်လှုပ်ရှားနေတယ်။ ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှုတွေအရ ကျောင်းသားတွေ သေခဲ့ပြီ၊ ရဟန်းတွေ သေခဲ့ပြီ၊ ကိုယ်တိုင်လည်း ထောင်နှစ်ရှည် ကျခဲ့ပြီးပြီ။ စိတ်လှုပ်ရှား နေပေမယ့် ကျနော် စိတ်အေးအေး ထားတယ်။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ဒီဗီဒီယို ကလစ်တခုရဖို့က သမိုင်းအတွက် အရေးကြီးတယ်ဆိုတာ နားလည် ထားတယ်။
ဘာလို့လဲ ဆိုတော့ ဗီယက်နမ် စစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းလေးတခု ထွက်လာတယ်။ အဲဒီမှာ အဆင့်ဆင့် ပေါက်ကွဲတဲ့ ဗုံးနဲ့ ရွာထဲကိုပစ် လိုက်တဲ့ အချိန်မှာ ၇ နှစ် သမီးအရွယ်လေးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလာတာကို ကင်မရာမန်း တယောက်က အမိအရ ရိုက်နိုင်ခဲ့တယ်။ အဲဒီဓာတ်ပုံကြောင့် ပူလစ်ဇာဆုလည်း ရခဲ့တယ်။ အဲဒီဓာတ်ပုံ တပုံကြောင့် အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က ဆန့်ကျင်တဲ့ အနေအထား ဖြစ်ခဲ့တယ်။ အဲဒီအသိနဲ့ ၈၈ ကို ဖြတ်သန်းခဲ့တဲ့ အလေ့အကျင့်ကြောင့် ဘာပဲဖြစ်ဖြစ် မှတ်တမ်းတော့ ရအောင်ယူမယ်ဆိုတဲ့ အသိက စိတ်အေးအေးနဲ့ လုပ်နိုင်ခဲ့တယ်။ စိတ်ကတော့ ခံစားရတယ်။ တသက်လုံး စစ်ဖိနပ်အောက်က ထွက်ခဲ့ရတာမှ မဟုတ်တာကိုး။
မေး။ ။ အဲဒီဟာက ဘယ်နေ့လောက်မှာ ပါသွားပြီး ဦးရန်နိုင် အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ခံစားခဲ့ရသလဲ။
ဖြေ။ ။ အဲဒါက တနှစ်ကျော်ပြီးလောက်မှ ဂျပန်ဘက်က အင်တာဗျူးလုပ်ချင်တယ် ဆိုတော့ ကျနော်က အင်တာဗျူး မပေးဘူး။ Burma VJ ကလည်း ကျနော့်ကို လာဖို့ ခေါ်တယ်။ နဂိုကတည်းကမှ အပြင်ကို မသွားချင်လို့ အထဲမှာ နေတာဆိုတော့ ကျနော်မသွားဘူး။ အပြင်ထွက်လိုက်တာနဲ့ ပြန်ဝင်လို့ရဖို့ မသေချာတော့ဘူး။ အဲဒါကြောင့် မသွားဘူး။ ဖုန်းနဲ့ အင်တာဗျူး ဖြေတယ်။ များများတော့ မပြောဖြစ်ဘူး။ ကျနော်တို့ဆီမှာက ဖုန်းခိုး နားထောင်တာက တောက်လျှောက် ဖြစ်လာခဲ့တာ။ နောက်ကြောင်း မရှင်းတဲ့အတွက် နောက်က လိုက်လာမှာစိုးရိမ်တယ်။ သူတို့က မေးတယ်။ ဘာဖြစ်လို့ သူတစ်ယောက်တည်းကိုလိုက်ရိုက်နေတာလဲတဲ့။ သူတို့က ဒီအခွေကို စဆုံးကြည့်ပြီးမှ မေးတာလေ။ Burma VJ က သူတို့ကို အရုပ်တွေ ရောင်းလိုက်တာလေ။ အဲဒါက ကျနော်နောက်မှ သိတာပါ။
၂၀၀၉ မှာ Burma VJ ကနေ ရွှေဝါရောင်တော်လှန်ရေး CD ခွေ ထွက်တယ်။ အဲဒါက အမေရိကားက ဒါရိုက်တာ နှစ်ယောက်က ပြည်တွင်း သတင်းထောက်တွေ ရိုက်လာတာကို ထိုင်ကြည့်ပြီး သူတို့ လိုချင်တာကို ဆွဲထုတ်လိုက်ပြီး မှတ်တမ်းရုပ်ရှင် တကား လုပ်တယ်။ အဲဒီဇာတ်ကားက အော်စကာဆု ဆန်ခါတင် စာရင်း ၂ ခုထဲမှာ ပါခဲ့တယ်။
အော်စကာဆု ပေးဖို့ ရက်ပိုင်းအလိုမှာ တည်းဖြတ် သင်တန်းဆိုပြီး ကျနော့်ကိုလှမ်းခေါ်လို့ ၂၀၁၀ မှာ ယိုဒယားဘက်ကို သွားတယ်။ မဲဆောက်ဘက်ကမ်း ရောက်တော့ ကျနော်မမြင်ဖူးတဲ့ ကင်မရာတွေနဲ့ နော်ဝေ သတင်းဌာနက ရိုက်တယ်။ သူတို့ ခန့်မှန်းထားတာက ဒီကားကို သေချာပေါက် အော်စကာရမယ် ဆိုပြီး မှန်းထားကြတယ်။ အဲဒီနေ့က တီဗီရှေ့မှာ ထိုင်ပြီး ရင်ခုန်နေကြတာပေါ့။ ဂျူရီ လူကြီးတွေကလည်း ဘယ်ကားကို ပေးရမယ်မှန်း မသိဘူး ဖြစ်နေတယ်။ နောက်ဆုံးမှာ ဂျပန်က လင်းပိုင်အကြောင်း ရိုက်ထားတဲ့ ဇာတ်ကား ရသွားတယ်။ အဲဒီမှာ အကုန် စိတ်ဓာတ်တွေ ကျကုန်တာပေါ့။ အမှန်က Channel 4က မညှာဘူးနော်။ သူတို့က အော်စကာရရင် မျက်နှာတွေ မဖော်ဖို့ပြောထားပေမယ့် လွှင့်ဖို့အတွက် ပြင်ဆင်ထားပြီးသား။
မေး။ ။ အဲဒီတုန်းက ရိုက်ခဲ့တာတွေက ဘယ်လောက် အကျိုးသက်ရောက်မှု ရှိခဲ့လဲ။
ဖြေ။ ။ ရွှေဝါရောင်လှုပ်ရှားမှုက သံဃာတော်တွေရဲ့ လှုပ်ရှားမှုပေါ့။ ဒါပေမယ့် ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိသွားတာက မြန်မာပြည်မှာ ဂျပန် သတင်းထောက်တယောက် ပစ်သတ်ခံရတယ် ဆိုတာကြောင့် ပိုသိသွားတယ်။ သံဃာတွေရဲ့ လှုပ်ရှားမှုကို စလောင်းကနေ မြင်နေပေမယ့် ဒီဗီဒီယိုဖိုင်က သံဃာ့လှုပ်ရှားမှု ကမ္ဘာကျော်စေဖို့ အထောက်အပံ့ တခု ဖြစ်သွားတယ်။ အဲဒီတုန်းက အော်စကာ ဆန်ခါတင် ပါတော့လည်း ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။ အဲဒီတုန်းက ထုတ်ဝေသူတွေ ကတော့ ပိုက်ဆံတွေ အများကြီး ရသွားတယ်။ တို့တတွေကတော့ အခုအချိန်အထိ ဖွတ်တွေပါပဲကွာ (ရယ်လျှက်)။
မေး။ ။ အခုဆိုရင် မြန်မာပြည်ကို နိုင်ငံခြား သတင်းထောက် တော်တော်များများလည်း ဝင်လာကြတာတွေ ရှိနေပြီ။ သူတို့တွေကို ဦးရန်နိုင်ရဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံအရ ဘယ်လို ပြောချင်သလဲ။ သတင်းလာယူဖို့အတွက် စိတ်ချရပြီလို့ ပြောချင်လား။
ဖြေ။ ။ စိတ်မချရသေးပါဘူး။ တဘက်ကပြောရင် မီဒီယာ လွတ်လပ်ခွင့်ပေါ့။ ကျနော်တို့ အမြင်ကတော့ ၅၀ စီပဲ ရှိနေတယ်။ မီဒီယာ လွတ်လပ်ခွင့်ဘက်ကို ၁ ဂဏန်း တလုံးတောင် ပိုမလာသေးပါဘူး။ မီဒီယာဘက်ကို ရာခိုင်နှုန်း မစွန်းသေးဘူး. အရင်ထက် စာရင် အများကြီး ပွင့်လင်းလာတယ်။ ဒါပေမယ့် မီဒီယာ လွတ်လပ်ခွင့် အနေအထားအရတော့ ပွင့်လင်းလာပြီလို့ မပြောနိုင်သေးဘူး။ အမှောင်ထဲက လာခဲ့လို့သာ ရောင်နီလေး တခု မြင်လို့ အလင်းရောင်တွေ့ပြီလို့ အော်ကြတာ။ အမှန်တော့ မိုးမလင်း သေးပါဘူး။
မေး။ ။ ဒါဆိုရင် သတင်းလာယူမယ့် သတင်းထောက်တွေ အတွက် အသက်အန္တရာယ် ထိခိုက်လောက်တဲ့အထိ မဖြစ်တော့ဘူးလို့ ပြောလို့ရပြီလား။
ဖြေ။ ။ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ စကားကို ပြောလာတာက ၂ နှစ်လောက်ပဲ ရှိသေးတယ်။ မီဒီယာ လွတ်လပ်ခွင့် တံခါးကို တွန်းရင်းတွန်းရင်းကနေ နည်းနည်းလေး ကျယ်လာတာပဲ ရှိသေးတယ်။ ဘယ်အချိန် ပြန်ပိတ်ပိတ် ပိတ်လို့ရတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ဒီတနှစ်ခွဲ ကာလဆိုတာ ဘာမှမဟုတ်ဘူး။ ပြီးတော့ အစိုးရ အနေအထားက ကျနော်တို့ ဖြတ်သန်းလာခဲ့တာဟာ သာမန် အစိုးရ မဟုတ်ဘူး။ နှစ်ပေါင်း ၅၀ ကျော်လုံး စစ်အစိုးရအောက်မှာ ဖြတ်သန်းလာတာ။ သူတို့ အချိန်မရွေး ပိတ်လို့ရတယ်။
မေး။ ။ အဲဒီတုန်းက ဦးရန်နိုင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ကနေ သတင်းသမား ဖြစ်လာတဲ့ စပ်ကူးမတ်ကူး ကာလ ဖြစ်နေတော့ အခုရော ကိုယ်ဟာ သတင်းသမား ဘက်ကိုရောက်နေပြီလား၊ တက်ကြွလှုပ်ရှားသူ အနေနဲ့ စိတ်ရော နေသေးလား။
ဖြေ။ ။ အဲဒီအချိန်ကတော့ မြန်မာပြည်ရဲ့ လွတ်လပ်ခွင့်ရဖို့အတွက် သတင်းနဲ့ ထိုးဖောက်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တယ်။ ဒီနေ့အချိန်အထိ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရောထွေးပြီး အလုပ်မလုပ်ဘူး။ သတင်းသမား တယောက်အနေနဲ့ နေတယ်။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ နိုင်ငံရေး သတင်းတွေပဲ လိုက်ဖြစ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူတွေနဲ့ပဲ တွေ့ဖြစ်တယ်။ မြန်မာ့ နိုင်ငံရေးလောကမှာ နောက်ပေါက် လူငယ်တွေ၊ ပြောရရင်တော့ အခု အသက် ၅၀ တန်းတွေ ဖြစ်နေတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမြအေးတို့နဲ့ တန်းတူ တဖွဲ့တည်း လှုပ်ရှားခဲ့ကြတာ ဆိုတော့ သူတို့နဲ့ နိုင်ငံရေး တကယ် လုပ်မယ်ဆိုရင် တဖွဲ့တည်း လုပ်ဖြစ်သွားမယ် ပေါ့နော်။ ဒါပေမယ့် နိုင်ငံရေး လုပ်ဖို့ကိုတော့ တော်တော် စဉ်းစားနေတယ်။ မီဒီယာနဲ့ လွတ်လပ်ခွင့် ရမယ့် လမ်းကြောင်းထဲကို ပါနေတာပေါ့။ ဒါပေမယ့် နိုင်ငံရေး မလုပ်ဘူးလား ဆိုတော့ နိုင်ငံရေး လုပ်ရမယ့် အချိန်တော့ ရောက်လာဦးမှာပေါ့။ အဲဒီအချိန်ကျရင် မငြင်းနိုင်ရင်တော့ ပါသွားဦးမှာပေါ့။ ။