စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ရဲ့ ဆောင်ပုဒ်က “ငြိမ်းချမ်းရေး အတွက် ပညာရေး” ဆိုတဲ့ အတိုင်းပဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မိန့်ခွန်းမှာ ကလေးတိုင်း အဆင့်အတန်းမီတဲ့ ပညာ သင်ကြားခွင့်ရရေးနဲ့ ခန္တီစ တရား ကိန်းအောင်းတဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးကို အားပေးတဲ့ ပညာရေးကို မြှင့်တင်ဖို့ တိုက်တွန်း သွားပါတယ်။ ပညာရေးကို ဦးစားပေး မြှင့်တင်တာဟာ ဆင်းရဲမှုကို လျှော့ချရေးနဲ့ ကြံ့ခိုင်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက် နိုင်မယ်လို့ ပြောသွားပါတယ်။
မှန်ပါတယ်။ ဖွံ့ဖြိုးရေး ပညာရှင်တွေရဲ့ သုတေသန တွေ့ရှိချက်တွေအရလည်း ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ ကျန်းမာရေး စတာတွေက အသွားအပြန် ဆက်စပ်နေတဲ့ အရာတွေပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ပဋိပက္ခ ထောင်ချောက်ထဲမှာ ပိတ်မိပြီး ငြိမ်းချမ်းရေးမရတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။ တိုင်းပြည်ရဲ့ လူသား အရင်းအမြစ်တွေ၊ သယံဇာတွေ ဆုံးရှုံးပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်မှာ နောက်ကျကျန်နေတာ ဘဝပေး အသိပါပဲ။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ပဋိပက္ခအတွင်း အသက်ဆုံးခဲ့တဲ့လူတွေ၊ အသက်မသေပေမယ့် နေ့စဉ် လူမှုဒုက္ခ မျိုးစုံကို ခံစားနေရတဲ့လူတွေကို သတိယရင်း ပဋိပက္ခတွေအပေါ် ပြန်သုံးသပ်ဖို့ မစ္စတာဘန်ကီမွန်းက တိုက်တွန်းတဲ့ အတိုင်းပဲ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် နည်းလမ်းတွေကို တွေးမိပါတယ်။
မစ္စတာဘန်ကီမွန်း အလေးပေး ပြောသွားတဲ့ မတူကွဲပြားမှုတွေကို လေးစားတဲ့ ပညာရေးစနစ် အပြင် မေ့လျော့နေတဲ့ “လူမှုတန်ဖိုး” တချို့ကိုပါ ဆက်စပ်တွေးမိတာကို ဆွေးနွေးလိုပါတယ်။
တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးဟာ တဦးတယောက်ချင်း ငြိမ်းချမ်းရေး၊ မိသားစု တခုချင်း ငြိမ်းချမ်းရေးနဲ့ ခွဲခြားလို့ မရပါဘူး။ ဒီလိုပဲ ငြိမ်းချမ်းရေးဟာ စီးပွားရေး၊ ပညာရေးအပြင် ညီညွတ်ရေး၊ သဟဇာတ ဖြစ်ရေး စိတ်နေ စိတ်ထားတွေနဲ့ ခွဲခြားလို့ မရပါဘူး။ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ နံပါတ်တစ် အရေးအကြီးဆုံး ကတော့ တဦးချင်းနဲ့ မိသားစုချင်း အလိုက် ပျော်ရွှင်ချမ်းမြေ့ဖို့ပါပဲ။ ဆိုခဲ့တဲ့အတိုင်း အပြန်အလှန် နားလည်မှု၊ မေတ္တာတရားတွေ သာမက အခြေခံ လိုအပ်ချက်တွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ဒီလို မိသားစုအလိုက် ငြိမ်းချမ်းမှုရပြီးရင် ငြိမ်းချမ်းရေး စက်ဝန်းကို ချဲ့ထွင် ပုံဖော်နိုင်ပါလိမ့်မယ်။ အရေးအကြီးဆုံး တခုကတော့ ပညာရေးကိစ္စပါ။ မိဘနဲ့ ဆရာတွေ ပူးပေါင်းပြီး ကလေးတွေကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုပါတယ်။ ကျောင်းဟာ မိသားစုသဖွယ်၊ ကျောင်းဆရာ ဆရာမတွေဟာ မိဘသဖွယ်၊ အစ်ကိုကြီး အစ်မကြီးသဖွယ် ဖြစ်ဖို့ လိုပါတယ်။ ကျောင်းသားနဲ့ ဆရာ၊ ကျောင်းသား အချင်းချင်းအကြားမှာ မေတ္တာ၊ စေတနာနဲ့ ယှဉ်တဲ့ ဆက်ဆံရေး ပေါ်ပေါက်မယ့် ဝန်းကျင်ကို ဖန်တီးပေးဖို့ လိုပါတယ်။ ကျောင်းဟာ စာသင်တဲ့နေရာသာမက၊ စိတ်ကိုပါ သင်ပေးတဲ့ နေရာ၊ ဘဝနေနည်းကို သင်ပေးတဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ကျောင်းတွေဟာ အချက်အလက်တွေကို သင်ပေး လိုက်တဲ့ နေရာသာဖြစ်ပြီး ကျောင်းသားအချင်းချင်း ဆက်ဆံရေး ကောင်းမွန်ဖို့၊ မောင်ရင်းနှမလို ဆက်ဆံရေးမျိုး ရှိဖို့ စိတ်ကို သင်မပေးနိုင်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မမျှော်မှန်းနိုင်ပါဘူး။
ဒါကြောင့် ပညာရေးစနစ် နောက်ကျကျန်နေတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ခေတ်မီ ပညာရေးစနစ်ကို ကြိုဆိုသင့်တဲ့ တချိန်တည်းမှာ မြန်မာ့ ပညာရေးစနစ်မှာ နှစ်ပေါင်းများစွာက ကိန်းအောင်းလာတဲ့ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ နာသုံးနာ ဆိုတဲ့ မူလတန်ဖိုးတွေကို အထင်မသေးဖို့ လိုပါတယ်။ ဒါက နံပါတ်နှစ် ကိစ္စပါ။
နံပါတ်သုံးကတော့ လူ့အဖွဲ့အစည်းမှာ ညီညွတ်ရေးနဲ့ သဟဇာတ ဖြစ်ရေးမှာ အရေးကြီးတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍပါ။ ဘာသာရေးရဲ့ မူလတန်ဖိုးတွေ ဆီကို ပြန်သွားဖို့ ပါပဲ။ ဗုဒ္ဓရဲ့ အလိုအရ အမုန်းတရားကို အမုန်းတရားနဲ့ တုံ့ပြန်ရင် အမုန်းတရားက နောက်ထပ် အဆတထောင် ပွားစေလိမ့်မယ်လို့ ဟောပါတယ်။ ယေရှုကတော့ “သင်ရဲ့ ရန်သူကို မေတ္တာထားပါ၊ ကိုယ့်ကို အနှောင့်အယှက် ပေးသူကို ဆုမွန်ကောင်း တောင်းပေးပါ” လို့ ဟောပါတယ်။
ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ဝတ္တရားတခုက ပဋိပက္ခ အခြေအနေ၊ စစ်ဖြစ်နေတဲ့ အခြေအနေမှာ ပြန်လည် သင့်မြတ်ရေးနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်ကို ညီညွတ်ရေး ဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ပါပဲ။ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်သူတွေဟာ တဘက်ဘက်မှာ ရပ်တည်လိုက်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်ပါဘူး။ ဒီလိုပဲ ဘာသားရေး ခေါင်းဆောင်တွေ အနေနဲ့ ရုပ်ဝတ္ထုချမ်းသာမှုနဲ့ ဂုဏ်သတင်း ကျော်ဇောမှု၊ ဘက်လိုက်တဲ့ နိုင်ငံရေး ကိစ္စတွေမှာ အာရုံမစိုက်မှသာ ငြိမ်းချမ်းရေး၊ သဟဇာတ ဖြစ်စေမယ့် ကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။
နံပါတ်လေး ကတော့ နိုင်ငံရေးကိစ္စပါ၊ တဦးချင်း ပြဿနာ၊ လူ့အုပ်စု တစုနဲ့ တစုကြားက ပြဿနာ၊ နိုင်ငံနဲ့ ချီတဲ့ ပြဿနာ၊ နိုင်ငံတကာ ပြဿနာတွေကို ဖြေရှင်းပြီး ငြိမ်းချမ်းရေးရဖို့ ကိစ္စမှာ လေးလေးနက်နက် နားထောင်ပေးဖို့ဟာ အရေးပါတဲ့ ကိစ္စပါပဲ။ ဒါကြောင့် လွှတ်တော် အမတ်တွေရဲ့ အရည်အချင်းဟာ ဝေဖန်တိုက်ခိုက်တတ်ရုံနဲ့ မလုံလောက် ပါဘူး။ တခြားတဘက်က အမြင်တွေကို နားထောင်တတ်ဖို့၊ ကိုယ်ပိုင် အသိဉာဏ်ပညာတွေ၊ အတွေ့အကြုံတွေကို တခြား လွှတ်တော် အမတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တတ်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ လူတွေဟာ လေးလေးနက်နက် နားထောင်တဲ့ အပိုင်းမှာ အားနည်းတတ်ပါတယ်။ လူထုအသံကို လေးလေးနက်နက် နားမထောင်တဲ့ နိုင်ငံရေးသမားတွေ၊ အင်အားသုံး ဖြေရှင်းဖို့ကို အားသန်တဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ မရောက်အောင် လူထုမှာ တာဝန်ရှိပါတယ်။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာဟာ နိုင်ငံရေး သမားတွေချည်း ထင်တိုင်းကြဲခွင့် ပြုထားသင့်တဲ့ သေးသေးဖွဲဖွဲ ကိစ္စဟုတ်ပါဘူး၊ ပြည်သူတွေဟာ နိုင်ငံရေး သမားတွေကို မျက်ခြေပြတ်မခံဘဲ ထိန်းကြောင်းနေဖို့ လိုပါတယ်။
နံပါတ်ငါး ကတော့ မီဒီယာတွေနဲ့ ဆိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ မူလတန်း အရွယ် ကလေး တယောက်ဟာ အကြမ်းဖက်တဲ့ အပြုအမူ တသိန်းနဲ့ လူသတ်မှုပေါင်း ၈၀၀၀ လောက်ကို ရုပ်သံမှာ ကြည့်နေပြီလို့ သုတေသန စစ်တမ်းတခုက ဆိုတယ်။ ကလေးတွေရဲ့ စိတ်တွေဟာ နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုတွေ၊ အမုန်းတရား တွေနဲ့ ဒေါသသင့်နေတဲ့ အဓိပ္ပာယ်ပါပဲ၊ မြန်မာပြည်မှာဆိုရင်လည်း ပြည်တွင်းစစ်ထဲမှာ ကြီးပြင်းလာတဲ့ မျိုးဆက် တွေဟာ အတုမြင် အတတ်သင် ဆိုသလို ငယ်ငယ်က စစ်တိုက်တမ်း ကစားရင်း၊ ကြီးလာတဲ့အခါမှာလည်း တကယ် စစ်တိုက်ဖို့ ဝန်မလေးတာလည်း ဒီသဘောပါပဲ။ ဒါကြောင့် လူ့အဖွဲ့အစည်း အတွင်းက ငြိမ်းချမ်းရေးအတွက် စံပြ ပုဂ္ဂိုလ်တွေရဲ့ ကောင်းတဲ့ ဂုဏ်တွေကို အခါအခွင့်သင့်တိုင်း ဖော်ထုတ်ပြီး မျိုးဆက်သစ်တွေကို အတုယူလာစေဖို့ လမ်းပြပေးတာက ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်း တမျိုးပါပဲ။
နံပါတ် ခြောက်ကတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ပါပဲ။ ပဋိပက္ခတွေ ရှည်ကြာနေတဲ့ အကြောင်းတွေကို ပြန်ကြည့်တဲ့အခါမှာ မာန ထောင်လွှားတာနဲ့ ပတ်သက်နေတာ တွေ့တတ်ပါတယ်။ ပဋိပက္ခကနေ ငြိမ်းချမ်းတဲ့ လူ့အသိုက်အဝန်း အဖြစ်ကို ပြောင်းလဲဖို့ ဆိုရင် အခြေခံ အားဖြင့် အဆင့်သုံးဆင့် ရှိပါတယ်။ တဘက်ရဲ့ ကောင်းတာတွေကို ချီးကျူးအသိအမှတ်ပြုဖို့၊ ကိုယ်မှားတာတွေကို ဝမ်းနည်းကြောင်း ဝန်ခံပြောကြားဖို့နဲ့၊ ကိုယ်ရဲ့ နာကျင်မှုနဲ့ မကျေနပ်ချက် တွေကိုလည်း အပြစ်တင်တာမျိုး၊ ဝေဖန်တာမျိုး မဟုတ်ဘဲ သတိရှိရှိ ရင်ဖွင့်ဖို့ လိုပါတယ်။ ပဋိပက္ခ ဘက်နှစ်ဘက် အကြားမှာ နားလည်မှု တည်ဆောက်တဲ့ အခါ နှလုံးသားတွေ ပွင့်နေဖို့ လိုပါတယ်။ အပြစ် တင်တာမျိုး၊ ဝေဖန်တာမျိုးတွေ ပါလာရင် တဘက်က နှလုံးသားတွေ ပိတ်သွားပြီး လေးနက်တဲ့ နားထောင်တဲ့ အဆင့်ကို မရောက်နိုင်ပါဘူး။ နားထောင် ပေးတယ် ဆိုတာက ဆက်ဆံရေးကို ပုံမှန်အခြေအနေကို ပြန်ရောက်အောင် လုပ်တာပါ။ ဆက်ဆံရေးက ပုံမှန်အခြေအနေကို ပြန်ရောက်သွားရင် မဖြစ်နိုင်ဘူးလို့ ထင်တဲ့ ကိစ္စတွေတောင် အကောင်းဘက်ကို ဦးတည်သွားနိုင်ပါတယ်။
နောက်ဆုံးပေမယ့် အရေးကြီးတဲ့ အချက်က အကြောက်တရားနဲ့ ဖိနှိပ်ရုံနဲ့ ငြိမ်းချမ်းရေး မရတဲ့အပြင် အကြမ်းဖက်မှု တွေကို ပိုဆိုးစေတတ်တယ် ဆိုတာပါ။ မာတင်လူသားကင်းက “ကိုယ်မုန်းတဲ့ သူကို အကြမ်းဖက် သတ်ပစ်လို့ပဲ ရမယ်၊ အမုန်းတရားကိုတော့ သတ်ပစ်လို့ မရနိုင်ဘူး” လို့ ပြောခဲ့သလိုပါပဲ။ တကယ်တော့ လုံခြုံမှုဆိုတာ ခွဲခြားလို့ မရပါဘူး။ လူ့အဖွဲ့အစည်းထဲက တခြားလူတွေ မလုံခြုံရင် ကိုယ်လည်း မလုံခြုံပါဘူး။ တနေရာမှာ အကြောက်တရားတွေ ရှိနေရင် အကြမ်းဖက်မှု ဆိုတာလည်း ရှိနေမှာပါပဲ။ ဒီလိုပဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ တဘက်သက် မညီမျှမှုတွေ၊ ခွဲခြား ဆက်ဆံတဲ့ အယူအစွဲတွေနဲ့ ရှိနေတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။