ကလေးတို့ရဲ့ အနာဂတ်မှာ စိတ်ဒဏ်ရာ အနာတရ ကင်းပစေဖို့

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကလေးတယောက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ မထိခိုက် မနာကျင်ရဘဲနဲ့ လုံလုံခြုံခြုံ ကြီးပြင်းဖို့ ဆိုတာ သိပ်ကိုမှ အရေးကြီးလှ ပါတယ်။ ကလေး ဆိုတာမျိုးဟာ ခြောက်လိုက်ရင် ကြောက်တတ်၊ ချော့လိုက်ရင် ပျော့တတ်သူများ ဖြစ်တာမို့ ကမ္ဘာ့နေရာများ၊ နိုင်ငံများမှာ ကလေးတို့ကို စိတ်ပိုင်း၊ ရုပ်ပိုင်း အနိုင်ကျင့်မှုတွေ သိပ်ကိုမှ များပြားလှပါတယ်။

တခြား တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အနိုင်ကျင့်လာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာကို ကျောင်းတွေက သင်ပေးကြတာမျိုး၊ မိဘတွေက ပြောဆိုဆုံးမ ထားတာမျိုး ရှိပါတယ်။ ကျမတို့ ဆီမှာတော့ ဒီလို ကိစ္စမျိုးကို ကျောင်းတွေက သင်ပေးတာမျိုး အင်မတန်နည်းလှသေး သလို၊ မိဘများကလည်း အရေးတကြီး ကိစ္စတခု အနေနဲ့ ကလေးများကို သတိပေး သင်ကြားပေး ထားတာမျိုး မရှိပါဘူး။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။
ခေတ်ဘုန်းသစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများ
ရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

အထူးသဖြင့် ကလေးတို့ရဲ့ လိင်ပိုင်း ဆိုင်ရာကို ထိခိုက်စော်ကား ခံရမှုကိစ္စများကို ကလေးများဟာ သူတို့ကိုယ် သူတို့ ဘယ်လို ကာကွယ်ကြရမှန်း မသိရှာသေးပါဘူး။ မသိနားမလည်တဲ့ ကလေးတို့ခမြာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ခံကြရ ရှာပါ တယ်။ အဲဒီလို ခံစားကြရမှုဟာ အဓမ္မမှု အဆင့်ထိ မတတ်လာသေးတာ တောင်မှ ကလေးတို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းမှာ ထိခိုက်ခံစားမှု ဖြစ်စေ နိုင်တာမို့ အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စပါ။

ဒီလိုကိစ္စတွေ ဘာကြောင့် ဖြစ်ရသလဲ လို့ ဆန်းစစ်ကြည့်တော့ ပထမဆုံး ကျမတို့ လူမျိုးတွေမှာ တွေ့ရတဲ့ အဓိက ပြဿနာက “အယုံလွန်ခြင်း၊ သို့မဟုတ် အယုံလွယ်ခြင်း” ကြောင့်ပါပဲ။ ကလေးကို အိမ်ဘေးနားမှာ အပ်ခဲ့တာမျိုး၊ တွေ့တဲ့ လူနဲ့ ကျောင်းကြို ကျောင်းပို့ လုပ်ခိုင်းတာမျိုး၊ ကလေးတယောက်တည်း ဟိုနား ဒီနား ဈေးဝယ်ခိုင်းတာမျိုးတွေ လုပ်ခိုင်း တတ်ကြ ပါတယ်။ ပြီးတော့ မိဘ တော်တော်များများဟာ ကလေးတို့ကို အကြောက်နဲ့ အုပ်ချုပ်ကြတာ များတာမို့ ကလေးတို့ဟာ သူတို့ကို ထိပါး ခံလာရတဲ့ ကိစ္စတွေကို လူကြီးတွေထံ ပြန်မပြောရဲကြပါဘူး။ ပြန်ပြောလိုက်ရင် အဆူခံရမှာ၊ အရိုက်ခံရမှာ ကြောက်ကြပါတယ်။

မိဘများ အနေနဲ့ကလည်း ကလေးတို့ကို ဘယ်လိုနေရမယ်၊ ဘယ်လိုရှောင်ရမယ်၊ တကယ်လို့ ကိုယ့်ကို ထိပါးကိုင်တွယ် လာရင် ဘယ်လို ကာကွယ် ရမယ် ဆိုတာကို သင်ကြားပေး ထားတာ မဟုတ်တော့ ကလေးတို့ဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ် တတ်ကြပါဘူး။ တချို့တလေများဆို မိဘရှေ့မှာတောင်မှ ကလေးများကို ချစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စသလို၊ နောက်သလို ကိုင်တွယ်တတ်ကြတာ ရှိပါသေးတယ်။ အမှန်တော့ ဒါဟာ လက်ခံရမယ့် ကိစ္စ မဟုတ်ပါဘူး။ အားနာလို့ ဆိုပြီးတော့ ထိုင်ကြည့်နေရမယ့် အရာမဟုတ်ပါဘူး။ ကလေး ဘယ်လောက်ငယ်ငယ်၊ မွေးစပဲ ဖြစ်ပါစေ လက်မခံရမယ့် အပြုအမူမျိုးပါ။

အဲဒီလိုပဲ ကလေးနည်းနည်း ကြီးလာ၊ နားလည်လာပြီ ဆိုရင်ဖြင့် ကလေးတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ တကိုယ်ရေ အရေးကြီးတဲ့ အင်္ဂါများ ဖြစ်တဲ့အကြောင်း၊ ဘယ်သူ့ကိုမှ အကိုင်အတွယ် မခံဖို့ အကြောင်း၊ တကယ်လို့ ထိပါး ကိုင်တွယ် လာပြီဆိုရင်လည်း အော်ပြီးတော့ အဝေးကို ထွက်ပြေးဖို့ လိုတဲ့ အကြောင်း ကလေးကို နားလည်အောင် သင်ကြားပေးထား ရပါမယ်။

ကလေးဆိုတဲ့ နေရာမှာ မိန်းကလေးမှ အရေးကြီးတာ မဟုတ်ပါဘူး။ ယောက်ျားလေးလည်း အရေးကြီး ပါတယ်။ ယောက်ျားလေးပဲ၊ အရေး မကြီးဘူး၊ တွေ့ရာလူနဲ့ ထည့်လိုက်တာပဲ ဆိုပြီးတော့ ကျမတို့ရဲ့ မြန်မာ မိဘတော်တော်များများ လုပ်လေ့ ရှိပါတယ်။ အဲလို လုပ်ခြင်းဟာ အင်မတန်မှ မှားယွင်းတဲ့ အပြုအမူပါ။ ကလေးသူငယ် ယောက်ျားလေးကို ယောက်ျားကြီးက အဓမ္မပြုကျင့်တာ၊ ထိပါးကိုင်တွယ်တာ မျိုးတွေလည်း ကျမတို့ ဆီမှာ တော်တော်များများ ရှိလာကြပါပြီ။

ကျမတို့ဆီမှာ ကလေးတို့ကို ဖျားယောင်း သွေးဆောင်ကြတဲ့ အခါမှာ လုပ်တတ်တဲ့ အလုပ်တွေ ထဲက တခုကတော့ လမ်းပြခိုင်းခြင်း ပါပဲ။ ဘယ်နားကို မသွားတတ်လို့ လိုက်ပို့ပါ၊ ဟိုနား ပို့ပေးပါ၊ ဒီနား ပို့ပေးပါ ဆိုတာမျိုးပါ။ သူစိမ်းတွေ ခေါ်ရာကို တယောက်တည်း မလိုက်ဖို့ ကလေးများကို ကြိုတင် သတိပေး ထားဖို့ လိုပါတယ်။ နောက်တခုကတော့ စူပါမားကတ်များပါ။ လူရှုပ်တဲ့ စူပါမားကက်များမှာ မိဘများက ရှေ့က ပစ္စည်းကို သဲကြီးမဲကြီးရွေးနေ၊ ကလေးက နောက်မှာ ရှိနေတယ်၊ မရှိနေဘူး ဆိုတာ သတိမထားမိ ဖြစ်တတ်ကြပါတယ်။ အဲဒီ အချိန်မှာ ကိုယ့်ကလေးရဲ့ အနားမှာ ကလေးကို အရုပ် (သို့) သကြားလုံးလေးပြ ချော့ပြီးတော့ ဖမ်းခေါ်သွားနိုင်တဲ့ လူတယောက်ယောက် ရှိမနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လူရှုပ်တဲ့ နေရာတွေကို သွားတဲ့ အခါမျိုးမှာ ကလေးတို့ကို မျက်စိအောက်က အပျောက် မခံသင့်ပါဘူး။

ကလေးတို့ ကျောင်းကို သွားတဲ့အခါမှာ ကျောင်းနဲ့ အိမ်အကြား လမ်းမှာ ကိုယ်မသိတဲ့ သူစိမ်းတရံဆံများနဲ့ စကားရပ် မပြောဖို့၊ သူများ ကျွေးတာ မစားဖို့၊ ရပ်ထားတဲ့ ကားတွေ အနားကနေ အရမ်းကပ်ပြီးတော့ မသွားဖို့ သင်ကြားပေးထားဖို့လည်း လိုပါတယ်။

ကလေးကို ဆွေမျိုးသားချင်းများနဲ့ ထားခဲ့တာက လွဲရင် ဘယ်လို တစိမ်းတရံဆံနဲ့မှ ထားမပစ်ခဲ့သင့် ပါဘူး။ ဘာပဲ ကြုံလာလာ၊ တွေ့လာလာ လူကြီးမိဘကို အကုန်လုံး ပြန်ပြောရဲ စေဖို့ အတွက် ကလေးတို့ကို ရဲရဲရင့်ရင့်နဲ့ ပြောတတ် ဆိုတတ်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

လူ့ရဲ့ စိတ်ဆိုတာဟာ အင်မတန်မှ မြင်ရခက်ပါတယ်။ မိဘများ အနေနဲ့ ကိုယ့်ရဲ့ကလေးကို ကိုယ် ကာကွယ်ဖို့ အတွက် ဘယ် သူစိမ်းတရံဆံရဲ့ လက်ထဲကိုမှ ကိုယ့်ရဲ့ကလေးကို ယုံယုံကြည်ကြည်နဲ့ ထည့်မပေးလိုက်ဖို့ လိုပါတယ်။ ကလေးတို့ ကျန်းမာဖို့၊ ဖွံ့ဖြိုးဖို့၊ ပညာတတ်ဖို့ အရေးကြီးသလိုပဲ ကလေးတို့ အနေနဲ့ ကလေးဘဝကို စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု ရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ ဆိုတဲ့ ကိစ္စဟာ အင်မတန်မှ အရေးကြီးတဲ့ အရာပါပဲ။ ကလေးတို့ အနိုင်ကျင့် စော်ကားမခံရဖို့ လည်း အရေးကြီး ပါတယ်။

ကျမရဲ့ မိတ်ဆွေ အမျိုးသမီးကြီး တယောက်ဆိုရင် သူငယ်ငယ် အသက် ၈ နှစ်၊ ၉ နှစ် လောက် ကတည်းကိုက လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်ချရတဲ့ ဆိုက်ကားဆရာနဲ့ ကျောင်းကို လွှတ်တာပါလို့ သူ့ရဲ့ အမေက ထင်ပေမယ့်လည်း အဲဒီ သမီးလေးငယ်လေးကို ဆိုက်ကားသမားက အပေါ်ယံ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် နေတာကို သူ့ရဲ့ အမေခမြာ မသိရှာပါဘူး။ စိတ်ထဲမှာ ငယ်စဉ်ကတည်းက ယောက်ျားလေးတွေကို မုန်းတီးတဲ့စိတ်၊ အိမ်ထောင်ပြုရမှာကို ကြောက်ရွံ့တဲ့စိတ် ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေကလည်း အကြောက်နဲ့ အုပ်ချုပ်တဲ့ အမေမျိုးမို့ အမေကို ပြန်တိုင်ပြောဖို့ လည်း မရဲခဲ့ရှာပါဘူး။ အဓမ္မမှု အထိ ကျူးလွန် မခံခဲ့ရတာကိုပဲ ကျေးဇူးတင်ရကြောင်း ကျမကို ပြောပြရှာပါတယ်။

ကျမတို့ဆီက ဥပဒေတွေမှာ ကလေးသူငယ်ဆိုင်ရာ လိင်ပိုင်းစော်ကားမှုကို ကျူးလွန်ရင် တရားစွဲလို့ရ၊ အပြစ်ပေးလို့ ရပေမယ့် ဒီလို အပေါ်ယံ စော်ကားတာမျိုးကိုတော့ တိုင်တာ၊ တောတာ၊ အပြစ်ပေးတာမျိုး မကြားရ၊ မကြုံရသေးပါဘူး။ ဥပဒေမှာ ကလေးသူငယ်များကို အပေါ်ယံ ကျူးလွန်စော်ကားခဲ့ရင် ဘယ်လိုမျိုး အပြစ်ပေးရမယ်လို့ သတ်မှတ်ထားတာ မရှိသေးဘူးလို့ ထင်တာပါပဲ။ တကယ်လို့ မရှိသေးခဲ့ရင်ဖြင့် ဥပဒေ တရပ်အနေနဲ့ ပြဋ္ဌာန်းပေးဖို့ လိုပါပြီ။ ဒီလို ကျူးလွန် စော်ကားမှုမျိုး ဟာလည်း အဓမ္မမှု အထိ မရောက်ပေမယ့် ကလေးတို့ရဲ့ ရင်ထဲမှာ ချွန်မြတဲ့ အန္တရာယ် ဆူးတချောင်းလို စိုက်ဝင်သွားနိုင်တဲ့ စော်ကားမှုမျိုး ဖြစ်တာကြောင့် ကလေးရဲ့ အနာဂတ်မှာ အရိပ်မည်းကြီး ဖြစ်သွားစေပါတယ်။ နောက်တခုက စော်ကားသူများ အနေနဲ့လည်း အဓမ္မမှု မဟုတ်တာမို့ ငြင်းလို့ရနေတာပဲ ဆိုပြီးတော့ လွယ်လင့်တကူ ကျူးလွန်တတ်ကြ ပါတယ်။ ဒါကြောင့်မို့ ပြင်းထန် ထိရောက်တဲ့ ဥပဒေ တရပ်နဲ့ တားမြစ်ဖို့ လိုပါတယ်။

မကြာသေးခင်က ဂျာနယ်တခုမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး သတင်းတခု ဖတ်ခဲ့ရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူများကို သေဒဏ်ချမှတ်သည် အထိ အပြစ်ပေးအရေးယူရေး အဆိုတင်သွင်းမယ် ဆိုတဲ့ သတင်းပါ။ ဒီသတင်းဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တို့ အတွက် ထိရောက်တဲ့ အကာအကွယ် တခုဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

မိဘတို့ အနေနဲ့လည်း ကိုယ့်ရဲ့ ကလေးကို ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေး ဖြစ်စေ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု ရှိစေဖို့ အတွက် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် သင်ကြားပေးဖို့ လိုပါတယ်။ ကလေးတို့ရဲ့ အနာဂတ် ဘဝခရီးမှာ စိတ်ဒဏ်ရာကင်းပပြီး ရှင်သန်ဖြတ်သန်းသွားစေဖို့ အတွက် ကလေးများကို ဝိုင်းဝန်းပြီး အကူအညီ ပေးကြပါဦး။

Did you find apk for android? You can find new Free Android Games and apps.
Loading