ဦးဝင်းအောင်သည် ဒဂုံ အင်တာနေရှင်နယ်(Dagon International Ltd) စီးပွားရေး အုပ်စု၏ ဥက္ကဋ္ဌ တဦး ဖြစ်သည်၊ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီသည် သစ်ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး ထွက်ကုန်များ သွင်းကုန် ထုတ်ကုန် လုပ်ကိုင်ခြင်း၊ ကုန်တိုက်များ၊ ဟိုတယ် လုပ်ငန်းများ စသည့် တို့ကို လုပ်ကိုင်နေသည်။
လက်ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဥက္ကဋ္ဌ အဖြစ် ဒုတိယ အကြိမ် သက်တမ်းကို တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါသည်။
ဦးဝင်းအောင် ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်မှ တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ မြန်မာနိုင်ငံရေး အပြောင်းအလဲနဲ့ အတူ စီးပွားရေးအရ အရေးပါတဲ့ UMFCCI အဖွဲ့ကြီးလည်း ပြောင်းလဲနေပြီလို့ သိရ တယ်၊ အဲဒီတော့ ဘာတွေ ပြောင်းလဲနေပြီလဲ။
ဖြေ။ ။ အသင်းဝင် ၂သောင်းကျော်ရှိပေမယ့်၊ တက်တက် ကြွကြွလုပ်ကိုင်တဲ့ အသင်းဝင် ၇ ထောင်ကျော်ရှိပါတယ်။ အရင်တပ်မတော်အစိုးရလက်ထက်မှာ ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့တွေကို အမိန့်ကြော်ငြာ စာနဲ့ တိုက်ရိုက်ခန့်ပေ မယ့်၊ ဒီမိုကရေစီ လမ်းကြောင်းကို စတင်ဖော်ဆောင်မယ့် အစိုးရ လက်ထက်မှာတော့ မဲပေးရွေး ချယ်တဲ့ စနစ်ကို ပြောင်းခဲ့တယ်၊ ညီနောင်အသင်းတွေက အလိုလျောက်ကိုယ်စားလှယ်တွေ အပြင် စီးပွားရေးလုပ်ငန်းရှင်တွေထဲက အတွေ့အကြုံဗဟုသုတ ပြည်စုံသူ တွေကို ပါဝင်ခွင့်ရအောင်၊ လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်ခံရအောင် စည်းမျဉ်းစည်းကမ်းတချို့ကို ပြောင်းလဲနိုင်ခဲ့တယ်။
ပထမအကြိမ်မှာ ကျနော်ဥက္ကဋ္ဌ အဖြစ် အရွေးခံရတယ်၊ ဒါပေမယ့် အဆိုပြုသူ အချင်းချင်းရွေးချယ်တဲ့စနစ်ဆိုတော့ ခင်မင်ရာ ခင် မင်ကြောင်း မဲပေးကြတာပေါ့၊ အဲဒီတော့ ဝေဖန်စရာဖြစ်ခဲ့ကြတယ်၊ ဒါကြောင့် နောင်လာမယ့် သက်တမ်းတွေအတွက် အသင်း သားမှန်သမျှ မဲပေးလိုသူတိုင်း မဲပေးနိုင်ဖို့ အသင်းအဖွဲ့စည်းမျဉ်းကို ပြင်တယ်၊ ဒါကြောင့် ဒုတိယနှစ်သက်တမ်းမှာ တကယ်ကို သိက္ခာသမာဓိနဲ့ ပြည်စုံသူတွေကို ကော်မရှင်ခန့်ပြီး မဲရေတာကအစ မြန်ဆန်အောင် ကွန်ပျူတာ စနစ်နဲ့ စနစ်တကျ ဖြစ်အောင်စီ စဉ်ခဲ့တယ်။ လွတ်လွတ်လပ်လပ် လက်ကမ်းစာစောင်တွေ ဝေပြီးတော့ မဲဆွယ်တာမျိုးတွေတောင် လုပ်ခွင့်ရှိပါတယ်။
မေး။ ။ ဒါပေမယ့် ဒုတိယ အကြိမ် သက်တမ်း ရွေးချယ်ပွဲမှာတော့ နည်းနည်း ဝေဖန်သံတွေ ကြားရပါတယ်။
ဖြေ။ ။ ဟုတ်ပါတယ်၊ ကျနော့်သား ကိုသူရိန်အောင်က ရိုးရိုး အီးစီ တယောက်အနေနဲ့ UMFCCI မှာပါလာတဲ့အတွက် ဝေဖန်ကြတာပါ။ ဒါပေမယ့် သူက စီအီးစီမဟုတ်တဲ့အတွက် မဲပေးပိုင်ခွင့်မရှိပါဘူး၊ ကျနော့် သဘောကတော့ သားသမီးတွေကို နိုင်ငံကို အကျိုးပြုနိုင်တဲ့ဘက်က ပါစေချင်တယ်၊ ဒါပေမယ့် သူတို့ကိုယ်တိုင် တိုင်းပြည်စီးပွားရေး တည် ဆောက်မှုမှာ ဘယ် လောက်ပါဝင်ချင်သလဲဆိုတဲ့ အချက်ကလည်း ပဓာနကျပါတယ်၊ ကျနော်မဲရဖို့ အသင်းကြီးမှာ ကျနော့် သားက ပါတယ်ဆိုတဲ့ အတွေးမျိုး တွေး မယ် ဆိုရင်တော့ အင်မတန်သေးသိမ်တဲ့ အတွေးပဲဖြစ်မှာပါ။
ကျနော့်ကို လူတွေက တရုတ်လူမျိုး၊ သွေးနှောသူ စတာမျိုးတိုက်ခိုက်ကြတယ်၊ မြန်မာစကားတောင် သေချာ မပြောတတ်တဲ့ တရုတ်လက်ထဲ UMFCCI အသင်းကြီးကို ဝကွက် အပ်တယ်လို့ ဆိုကြတယ်၊ တကယ်တော့ တရုတ်သွေးပါတယ်ဆိုပေမယ့် နယ်ခြား က တရုတ်တွေလိုမဟုတ်ပါဘူး၊ ကျနော့် ဘိုးအေကြီး ဦးချိန်တီ ဆိုတာက ပြည်မြို့နားက ပုတီးကုန်းသား စစ်စစ် မြန်မာ့ ပရဆေး ဖော်ရောင်းတဲ့သူပါ။ ဘာများ အမှားအယွင်းရှိလို့လဲ။
မြန်မာနိုင်ငံတိုးတက်ဖို့ ကျနော့် ကိုယ်ပိုင်လုပ်ငန်းတွေကို သားသမီးတွေကို တာဝန် ယူနိုင်အောင် ပျိုးထောင်ပေးတယ်၊ တိုင်းပြည် အတွက် အလုပ်လုပ်တယ်။ ကျနော့်ကို တချို့က စစ်အစိုးရလိုလားသူလို့တောင် အမည်တတ်ကြတယ်။ တကယ်တော့ ကျနော့် ဘဝရဲ့ အကောင်းဆုံးနဲ့ အနှစ်သာရအရှိဆုံး အချိန်တွေမှာ UMFCCI အသင်းကြီးအတွက် ပေးဆပ်ခဲ့တာပါ။
မေး။ ။ UMFCCI အသင်းရဲ့ ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒုတိယ သက်တမ်းမှာ ဘာတွေများ တိုင်းပြည်စီးပွားရေး အတွက် လုပ်ပေးဖို့ စီစဉ်နေပါလဲ။
ဖြေ။ ။ အလွှာအသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံသားတွေဟာ လက်ရှိအခြေအနေထက် ပိုကောင်းချင်တဲ့ ဆန္ဒလေးတွေ ပြင်းပြနေကြတာ အမှန်ပဲလေ၊ နိုင်ငံရေး ဒီမိုကရေစီ ပြောင်းလဲမှုနဲ့အတူ သူတို့ရဲ့ လူမှုဘဝလေးတွေလည်း ပြောင်းလဲဖို့ မျှော်လင့်ချက် ကြီးကြီး နဲ့ ထားတဲ့သူတွေအတွက် ချက်ချင်း လက်ငင်း အကျိုးအမြတ် ရမယ့်ကိစ္စတွေ၊ နှစ်တိုနှစ်ရှည် အကျိုးအမြတ်ရမယ့် ကိစ္စတွေ ဖော်ဆောင်ပေးဖို့ တာဝန်ရှိသလို လုပ်လည်း လုပ်ပေးရမှာပါ။
နောင် အနှစ် ၂၀ ဆိုတာထက် ယနေ့ မနက်ဖြန် ဆိုတဲ့ အနီးဆုံးအချိန်မှာ အကျိုးတရားလေးတွေ ရဖို့ ဆောင်ရွက်ပေးရမှာမလို့ ဒါကိုလည်း အာရုံစူးစိုက်ဆောင်ရွက်ပါတယ်။ UMFCCI အဖွဲ့ကြီးဟာ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်တွေ ရနိုင်ခြေရှိမယ့် ကဏ္ဍတွေမှာ လက်ရှိအခြေအနေထက်ပိုမို ဆောင်ကျဉ်းပေးနိုင်ဖို့ ဒီသက်တမ်းမှာ ကြိုးစားနေပါတယ်။
မေး။ ။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးလုပ်ငန်းတချို့ကို တင်ဒါစနစ်နဲ့ခေါ်ယူပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခွင့်ရှိနေကြပြီ၊ အရင်စစ်အစိုးရတုန်းကလို လက်သိပ်ထိုး ပေးတာမျိုးမဟုတ်တာ့ဘူးလို့ ဆိုကြတယ်၊ အဲဒါကရော ဘယ်လောက်အထိ မှန်ပါသလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပိုပိုပြီးတော့ တိုးတက်လာပြီလို့ ဆိုရမှာပါ၊ ဟိုတုန်းက တင်ဒါတခုခေါ်တယ်ဆိုရင် သတ်မှတ်တဲ့ အရည်အချင်းပြည့်တယ်ဆိုတောင်မှ ထပ်ပြီးတော့ ပိုပေးနိုင်သေးလား၊ ထပ်တိုးပါဦး တို့ ညှိပါဦးတို့ ဆိုတာတွေ ရှိခဲ့တယ်၊ အခုတော့ တဖြည်ဖြည်း တိုးတက်လာပြီလို့ ဆိုချင်တယ်။
မေး။ ။ UMFCCI က ဦးစီး လုပ်ကိုင်နေတဲ့ သီလဝါ အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အခြေအနေကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ၂၀၁၂ ဇူလိုင်ကတည်းက UMFCCI က တာဝန်ခံလုပ်ခဲ့တာပါ၊ ဒီပရောဂျက်ကို ပုဂ္ဂလိက ကဏ္ဍကရော အများစု ကပါ သိပ်စိတ်ဝင်စားတယ်၊ နိုင်ငံသားတွေ လူမှုဘဝတိုးတက်မှုအတွက် အရေးပါတဲ့ လက်ငင်း အကျိုးကျေးဇူးရနိုင်မယ့်၊ အလုပ် အကိုင် အခွင့်အလမ်းတွေရနိုင်မယ့် ပရောဂျက်ပါ၊ ဒါလို အထူးစီးပွားရေးဇုန်ကြီးတည်နိုင်မှသာ စက်ရုံအလုပ်ရုံေတွေ ပေါ်လာမယ်၊ဒါကို အကောင်အထည်ဖော်တဲ့အခါမှာလည်း ကျနော်တို့တွေ အထူးဂရုစိုက်ပြီး လုပ်ရပါမယ်၊ ဒီနေ့အစိုးရရဲ့ အမွေအနှစ်လည်း ဖြစ် လိမ့်မယ်။
အဲဒီအတွက် စီးပွားရေးအရ ငွေကြေးအရန်ရှိတဲ့ လူတွေ ရှယ်ယာပါနိုင်ခွင့်ရှိအောင် အများပိုင်ကုမ္ပဏီတခုဖွဲ့ရတယ်၊ ဒီနေရာမှာလည်း တည်ထောင်သူ အများပိုင်ကုမ္ပဏီ ၉ခုနဲ့ဖွဲ့ထားတယ်၊ ဒါပေမယ့် ဒီတည်ထောင်သူတွေ လက်ဝါးကြီးမအုပ်နိုင်အောင်၊ အထူး အခွင့် အရေး မရနိုင်အောင်လည်း စီစဉ်ထားတယ်။ အဲဒီ ကုမ္ပဏီ ၉ခုက ကုမ္ပဏီတခုကို ၅ရာခိုင်နှုန်းစီနဲ့ စုစုပေါင်း ၄၅ရာခိုင်နှုန်း မြန်မာ တွေ ထည့်ဝင်ရမယ့် ဘက်ခြမ်းမှာ ထည့်ဝင်ခွင်ရှိရမယ်။ တကယ်လို့ ကျန်တဲ့ ရာခိုင်နှုန်းကို ကိုယ်နဲ့ ဖက်စပ်လုပ်မယ့်လူက မထည့် ရင် ဒီကုမ္ပဏီ ၉ ခုက ထည့်ဝင်မည်ဖြစ်ကြောင်း အာမခံချက်ရအောင် ဆောင်ရွက်ထားတယ်။
ပရောဂျက် တခု လုပ်ပြီဆိုရင် အစုရှယ်ယာရှင်တွေ လိုသလောက်ထည့်ဝင်လာဖို့လိုသလို မထည့်လာဘူးဆိုရင် ဘယ်လို လုပ်မလဲ၊ ရုပ်သိမ်းမှာလား၊ ဘယ်လိုလုပ်မှာလဲ စဉ်းစားထားရတယ်၊ နောက်တခုက ရှယ်ယာခေါ်ပြီး ပြိုလဲမသွားအောင်လည်း စနစ်တကျ လုပ်ထားပါတယ်။ အခုလည်း ဆက်လက် လုပ်ကိုင်နေဆဲပါ။ ။