ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ် ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်အချက်တွေကို အဓိက ပြင်ချင်လဲ။
ဖြေ။ ။ အဓိက ပြင်ဆင်ရမှာက တိုင်းရင်းသားတွေ အပါအဝင် တမျိုးသားလုံးအတွက် မဟာဗျူဟာဖြစ်နိုင်မယ့် အချက် အလက် တွေကို ပြင်ဆင်ဖို့လိုမယ်လို့ ပါတီရဲ့ ကြေညာချက်မှာ ပါတယ်။ ရှင်းအောင်ပြောရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၉၆ က ပြည်ထောင်စုကနေ လုပ်ရမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတွေ။ ပုဒ်မ ၁၈၈ က တိုင်း ဒေသကြီး၊ ပြည်နယ်တွေက လုပ်ရမယ့် အာဏာခွဲဝေရေး ကိစ္စ။ ပုဒ်မ ၂၅၄ တို့မှာလည်း ဒီအတိုင်းပဲ။
ဒီနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတဲ့ ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင် ဒါတွေက လက်တွေ့မကျတဲ့ အခြေ အနေ တွေပါ။ အာဏာ ခွဲဝေရေး လုပ်တဲ့နေရာတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် နည်းနေတယ်။ ဗဟိုကပဲ တော်တော် များများ ချုပ်ကိုင်ထားတယ်။ အဲဒါကို ပြန်ပြင်ဖို့လိုမယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ပေးဖို့လိုမယ်။
ပြည်နယ် နဲ့တိုင်း တွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေ ပိုပေးဖို့လိုမယ်။ ဒါတွေလုပ်မှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တွေကို လုပ်ဖို့ အထောက်အကူပြုမယ်။ အပစ်အခတ် ရပ်စဲရေး၊ လုံးဝငြိမ်းချမ်းရေး အလုပ်တွေ ရှိနေတဲ့အတွက် ဒါတွေက အရေးကြီး တယ်။ ဒါတွေကို ပြင်လိုက်ရင် အပစ်ရပ်တာ၊ ငြိမ်းချမ်းရေး လုပ်တာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ တွေကို အထောက် အကူပြုမှာ။
မေး။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ပြန်ရေးဆွဲမယ်လို့ တိုင်းရင်းသားအင်အားစုတွေက ပြောနေပါပြီ။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်သဘောနဲ့မတွေ့တိုင်း တစ် ကနေပြီး ပြန်စနေရင် လိုရင်းကို ရောက်တော့မှာ မဟုတ်ဘူး။ ဒီထဲမှာ ပြင်လို့မရနိုင်ဘူးလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်း၊ ပြင်ရင်းနဲ့ ဆုတ်ပစ်လိုက်ပြီး အသစ်ပဲ လုပ်ရင် မကောင်းဘူး လားလို့ ပြောတာတွေရှိပါတယ်။ အဲဒီလို လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံချည်စုတ်လောက်ပဲ သဘောထား နေကြတာလား။ ဒါက လက်တွေ့ကျတဲ့ ဥပမာတွေ မဟုတ်ပါဘူး။ အခုမှ ၂ နှစ်ခွဲ လောက် ပဲရှိသေးတယ်။
ဒါကိုအသစ်ပြန် လုပ်ဆိုတာ လက်တွေ့ကျတဲ့ နည်းလမ်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဖို့ ဘယ်လောက် ကြာမလဲ၊ အချိန်ဘယ် လောက်စောင့်ရမလဲ၊ ကြားကာလ တခုစောင့်ရဖို့ မလိုဘူးလား။ ဒီကြားကာလမှာ ဘယ်သူက
တာဝန်ယူမှာလဲ။ ကျနော်တို့ တိုင်းပြည်မှာလည်း အကူးအပြောင်းကာလတွေဆိုတာ များလာပြီ။ အဲဒါကြောင့် ကျနော်တို့က သဘောမတူတာ။
မေး။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတရဲ့ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေလည်းရှိ နေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ရော ဒီအချက်ကို ပြင်ဖို့ သဘောထားရှိပါသလား။
ဖြေ။ ။ သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဖို့ သဘောမတူဘူး။ အမျိုးသားညီလာခံမှာ သေချာညှိနှိုင်းပြီးတော့ ဆွေးနွေးခဲ့တဲ့ ဟာတွေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို တိုက်ရိုက်ရွေးရတာ မဟုတ်ဘူး။ လွှတ်တော်ထဲကနေ တဆင့် ရွေးရတာ။ တိုက်ရိုက် ဆိုလို့ တပ်က ကိုယ်စားလှယ်တွေက သမ္မတလောင်း ၁ ဦးပဲ တပ်ဘက်က ပေးတာ။ တနည်း အားဖြင့် ပြည်သူ တွေက လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရတယ်၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ပေါင်းပြီးတော့မှ သမ္မတကိုရွေးပေး တယ်။ အရည်အချင်းသတ်မှတ်တာမှာ လွှတ်တော်ကိုယ်စားလှယ်ကို အရည် အချင်း တခုသတ်မှတ်ရတယ်။
လွှတ်တော်က နေ တဆင့်ရွေးတဲ့ နိုင်ငံရဲ့ အကြီးအကဲတွေဖြစ်တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေကို အရည်အချင်းတခု သတ်မှတ် ရတယ်။ သူတို့က နိုင်ငံရဲ့ သင်္ကေတတွေ၊ ပြယုဂ်တွေ။ သိပ်အရေးကြီးတယ်။ သူလိုငါလိုမဟုတ်ဘူး။ နိုင်ငံတော် အကြီး အကဲ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်အရည်အချင်းထက် တဆင့်တက်လိုက်ပြီးတော့ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး၊ ခင်ပွန်း၊ မိမိ၏တရားဝင် သားသမီးတဦးဦး သော် လည်းကောင်း၊ ထို တရားဝင် သားသမီးတ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ လက်အောက် ခံ၊ ကျေးဇူး သစ္စာခံ၊ တိုင်းတပါး၏နိုင်ငံသား မဖြစ်စေရလို့ ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ အကြီး အကဲ ဖြစ်တဲ့ အတွက် ကြောင့်ပဲ။ ဒီဥစ္စာက သမိုင်း ကြောင်းရှိတယ်။
လွတ်လပ်ရေး မရခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ လုပ်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ် ရေးရပြီးရင် နိုင်ငံကို နိုင်ငံရေး သြဇာသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း လွှမ်းမိုး ချုပ်ကိုင် သြဇာသက် ရောက်မှာ သိပ်ကြောက်တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာထဲက သတ်မှတ်ထားခဲ့တာ။ ဟိုတုန်းထဲက သတ်မှတ် ထားခဲ့တာ။ ဒါ့ကြောင့်မိုလို့ အခု ရေးဆွဲထားတဲ့အတိုင်းပဲ ဆက်သွားသင့်တယ်လို့ ခံယူထားတယ်။
မေး။ ။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံခွင့် ရသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို ရွေးချယ်ခံခွင့်မရခဲ့ရင် မြန်မာ့ဒီမိုကရေစီက တမျိုး ဖြစ်နိုင်မယ်ဆိုတဲ့ သုံးသပ် ဝေဖန်တာ တွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ဒီဟာမပြောင်းလဲဘူး ဆိုရင်တော့ သမ္မတဖြစ်ဖို့ သတ်မှတ်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းနေတာပဲ။ ဒါက ကျနော်တို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ ဆိုင်တဲ့ဟာပဲ။ နိုင်ငံခြားက လွှမ်းမိုးလို့ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက် လို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောကြရရင် အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ညှိနှိုင်းကြစဉ်က ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုဘဲ၊ အယုံ အကြည် မရှိဘဲ အမျိုးသားညီလာခံကနေ နုတ်ထွက်သွားတယ်။ အဲဒီအချိန်တုန်းက သူ ကိုယ်တိုင် သမ္မတ ဖြစ်ချင်ပါ တယ် ဆိုတဲ့ ဆန္ဒလည်းမရှိသေးဘူး။
အဲဒီ အချိန်ထဲက ဆွဲခဲ့ကြတာ။ အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးထဲ ဝင်လာပြီ ဆိုတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံတယ်ဆိုတဲ့ သဘောပါလာတယ်။ ဒီနှစ်ပိုင်း အတွင်းမှ သမ္မတ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ် ပေါ်လာတာ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံတကာကသာ အသိအမှတ် မပြုဘူးဆိုရင် အခု ဦးသိန်းစိန် အစိုးရကို နိုင်ငံတကာက ဘယ်လက်ခံပါ့မလဲ။ စီးပွားရေးပိတ်ဆို့ထားတာတွေကို ဘယ်လိုလုပ် ဖြေလျှော့မလဲ။
နိုင်ငံတကာနဲ့ ဆက်ဆံနေ တာတွေနဲ့ အနီးစပ်ဆုံးပြောရရင် လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တော့မယ်။ ပင်စည်ကိုသာ လက်ခံလို့ရှိရင် အကိုင်းအခက်တွေ ပြောစရာလိုသေးလား။ ကျနော်တို့က ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတာတွေ အများကြီး အသိအမှတ် ပြုလက်ခံပါတယ်။ ဘာပြဿနာမှ မရှိဘူး။ အဲဒါက ပုဂ္ဂိုလ်ရေးအရပဲ။ တခြားနိုင်ငံတွေမှာလည်း နိုင်ငံရဲ့ အကြီးအကဲနဲ့ ပတ်သက်လို့ သားသမီးတွေ၊ ဇနီးတွေနဲ့ ပတ်သက်လို့ သတ်မှတ်တာတွေ အများကြီးရှိနေတာပဲ။ ဒီလို အရည်အချင်း သတ်မှတ်ထားတာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ကို ရည်ရွယ်သတ်မှတ် ထားတာလို့ တချို့က ပြောကြတာ တွေရှိတယ်။
လောလောဆယ်မှာ တောင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဆိုရင် ဒီဟာ ကြောင့် ထိပြီး သွားပြီ မဟုတ်လား။ နောက် ဥပမာတခု ပြောရရင် ဆရာကြီး ဦးသိန်းဖေမြင့် ပြောခဲ့ဖူးတာပါ။ အဲဒီအချိန် က ဦးသိန်းဖေမြင့်တို့က ဗိုလ်တထောင် သတင်းစာ မှာ အယ်ဒီတာချုပ်လုပ်နေတဲ့အချိန်၊ ဦးလောရုံတို့က နေရှင်းသတင်းစာ လုပ်တယ်။ ဦးလောရုံတို့က စာနယ်ဇင်း ကောင်စီကို ချုပ်ကိုင်ထားတယ်။ ဗိုလ်တထောင်သတင်းစာနဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြဿနာ ဖြစ်ကြတယ်။ တော်လှန်ရေး ကောင်စီကလည်း တက်ခါစအချိန် သတင်းစာက ရေးသားတာနဲ့ ပတ်သက်ပြီး ဥပဒေကို ထိခိုက်လာတဲ့အခါမှာ အရေးယူ တာ ရှိခဲ့တယ်။
အဲဒီဟာကိုအကြောင်းပြုပြီး သပိတ်မှောက်ကြတယ်။ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဘာမှမရေးဘဲ အမည်းကွက်ကြီး လုပ်တယ်။ အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်ပြောတာက “တည်ဆဲဥပဒေက ရှိနေပြီးသား ဖြစ်တော့ ဒါကို လိုက်နာ ရမယ့်တာဝန်က နိုင်ငံသားတွေရဲ့ တာဝန်ပဲ။ ဥပဒေဖောက်ဖျက်လို့၊ ဥပဒေစည်းကျော် လို့ရှိရင် အရေးယူခံရမယ် ဆိုတာ နိုင်ငံသားတိုင်း သိနေတာပဲ။ အဲဒါကြောင့်အရေးယူခံရတာကို ဘာလို့ မျက်နှာဖုံးတွေမှာ အမည်း တွေ လုပ်နေ တာလဲ။ ကိုယ့်မှာ အပဲ့ရှိလို့ ဆားထိတဲ့အခါ စပ်တာဟာ ဆားရဲ့အပြစ်မဟုတ်ဘူး” လို့ ဥပမာပေး ပြောသွားတယ်။ ပြောချင်တာ ကတော့ အဲဒါပါပဲ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ မဖြစ်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲက ဝေဖန်စရာ ဖြစ်မယ်လို့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ သဘောထားလေး တိတိကျကျ သိချင်ပါတယ်။
ဖြေ။ ။ အဲဒီကိစ္စ ကျယ်ကျယ်ပြန့်ပြန့်ပြောချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ဟိုးတုန်းထဲက ပြောခဲ့ကြတာ “တို့လုပ်မှ လွတ်လပ် ရေးစစ်တယ်၊ တို့လုပ်မှ ကွန်မြူနစ် စစ်တယ်၊ တို့လုပ်မှ ဆိုရှယ်လစ်စစ်တယ်၊ တို့လုပ်မှ ဒီမိုကရေစီ စစ်တယ်” လို့ပြောခဲ့ကြ တယ်။ အဲဒီလိုနဲ့ နှစ် ၆၀ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့ကြတာပဲ။ အခုလည်း ဒီမိုကရေစီအင်အားစုတွေက အားလုံး ပါဝင်တဲ့ ဖြစ်စဉ် လို့ ပြောနေကြပေမယ့် “တို့လုပ်မှ ဒီမိုကရေစီ” “တို့လုပ်မှ လွတ်လပ်ရေးစစ်တယ်၊ ပြည်ထောင်စုစစ်တယ်” နဲ့ အကြောင်းအရာထက်ကို “တို့” က ရှေ့ရောက်နေတယ်။ အဲဒါက နိုင်ငံရေးမှာလွဲမှားတဲ့အချက်ပဲ။ အဲဒီစကားနဲ့ပဲ ဒီလိုဝေဖန်နေတဲ့သူတွေကို ပြောချင်ပါတယ်။ ။