“အမျိုးသမီးတွေရဲ့ အခွင့်အရေး အတွက် အမျိုးသမီး အမတ်တွေပဲ လုပ်နိုင်မယ်”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

နေပြည်တော်တွင် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့တို့က ကျင်းပခဲ့သော လွှတ်တော်တွင်း၌ အမျိုးသမီးများ၏ အကျိုး စီးပွားကို ပိုမိုမြှင့်တင်နိုင်ရေးနှင့် ပတ်သတ်သည့် အမျိုးသမီး လွှတ်တော်အမတ်များ ပါဝင်ဆွေးနွေးသည့် စကားဝိုင်းသို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို မြန်မာအမျိုးသမီးငယ်များ လွှတ်တော် နိုင်ငံရေးတွင် ပိုမိုပါဝင်နိုင်ရန် ကြိုးပမ်း အားထုတ်သင့်မသင့်၊ လွှတ်တော် အမတ်စုစုပေါင်း ၆၅၉ နေရာအနက် နေရာ ၂၀ တွင်သာ အမျိုးသမီးများ ပါဝင်နေခြင်းကိစ္စ၊ လက်ရှိ အမျိုးသမီး အမတ်များ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ကျော်ဆုမွန်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     ။ အခုလက်ရှိ လွှတ်တော်ထဲကို ရောက်တာ တနှစ်ကျော်ရှိပြီဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီး လွှတ်တော် အမတ်တွေ ဖိနှိပ်ခံရတာမျိုးတွေ၊ အခက်အခဲ အဆင်မပြေတာမျိုးတွေ ကြုံတွေ့ရပါသလား။

ဖြေ။     ။ အဖိနှိပ်ခံရတဲ့ ပုံစံမျိုးတော့ မရှိပါဘူး။ အမျိုးသမီး အင်အားစုက နည်းပေမယ့် ပူးပေါင်း ဆောင်ရွက်မှုကတော့ အားကောင်းပါတယ်။ အားလုံးက ရင်းရင်းနှီးနှီး လက်တွဲသွားကြပါတယ်။ ခွဲခြားခံရတာမျိုးတော့ မရှိပါဘူး။

မေး။     ။ မဖြူဖြူသင်းတို့လို အသက် ၄၀ ဝန်းကျင် အမျိုးသမီးအမတ်တွေက ရှားတော့၊ ဒီအသက်အရွယ် အပိုင်းအခြား ကြောင့် ကြုံရတဲ့ အခက်အခဲတွေကော ရှိပါသလား။

ဖြေ။     ။ အခုလွှတ်တော်ကတော့ နည်းနည်း အသက်ကြီးတဲ့သူတွေ များတယ်လို့ ပြောလို့ရတယ်။ အမှန်က အသက် အရွယ်က ဘာစကားပြောလဲ ဆိုတော့ အသက်ကြီးတဲ့ သူကလည်း သူ့အတွေ့အကြုံတွေ ရှိတယ်၊ တကယ့်တကယ် အင်နဲ့ အားနဲ့ လုပ်မယ်ဆိုရင် လူငယ်အင်အားက လိုတယ်။ တခြားနိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံလည်း လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ လူငယ်အင်အား ပေါင်းစပ်လုပ်နိုင်မယ်ဆိုရင် အောင်မြင်မယ် ထင်တယ်။

မေး။     ။ တခြားနိုင်ငံတွေမှာဆိုရင် အမျိုးသမီး အမတ်တွေ အပါအဝင် အမတ်အများစုက လူငယ်တွေလည်းများတယ်။ ၃၀ ဝန်းကျင်တွေ များတယ်။ မြန်မာနိုင်ငံမှာကတော့ အငယ်ဆုံးက ၄၀ နီးပါးလောက် ဖြစ်နေတာနဲ့ ပတ်သက်လို့ ထင်မြင်ချက် ပေးပါဦး။

ဖြေ။     ။ ဟုတ်တယ်၊ ဒေါ်နန်းဝါနုဆိုရင် ၃၆ လောက်ရှိတယ်။ ဇေယျာသော်တို့ ဆိုရင်လည်း ၃၀ ကျော်ဝန်းကျင်ပေါ့။ နည်းပါတယ်။ ဒီအရွယ်တွေ ပိုများလာဖို့ ဆိုတာက ကျမတို့ နိုင်ငံအနေနဲ့ လေ့ကျင့်ပေးမှုတွေ အများကြီး လုပ်ပေးဖို့လိုပါတယ်။ တကယ့် နိုင်ငံအတွက် လုပ်နိုင်မယ့် သူတွေကို ဖြည့်စွမ်း လုပ်ပေးနိုင်မယ် ဆိုရင် နောင်တချိန်မှာ လွှတ်တော်ထဲမှာ ဦးဆောင် လုပ်နိုင်သူတွေ ပိုများလာမှာပါ။

မေး။     ။ ဘာကြောင့် မြန်မာနိုင်ငံမှာ အဲဒီလို လူငယ်ပိုင်း ၃၀ ဝန်းကျင်လောက် အမျိုးသမီးတွေက နိုင်ငံရေးပိုင်းကို စိတ်ဝင်တစားနဲ့ လုပ်ကိုင်နိုင်မှု နည်းနေတယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ မြန်မာနိုင်ငံမှာကတော့ အခက်အခဲတွေက အများကြီးပဲ။ တချို့တွေက ပြောတယ်။ မြန်မာနိုင်ငံမှာက ပညာရေးမှာ ဆိုရင်လည်း အမျိုးသမီးတွေက အနောက်ထဲမှာချည်းပဲ ဖြစ်နေတယ်။ နှစ်ပေါင်းများစွာပေါ့။ အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာလည်း နေခဲ့ရတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အရှေ့ရောက်မလာဘဲ အနောက်မှာပဲ ရှိနေတယ်။ အမျိုးသမီးတွေ အဆင်သင့် ရှိနေတဲ့သူတွေကို ဖော်ထုတ်ပေးဖို့ လိုတယ်။ သူတို့ကို နေရာပေးဖို့ လိုတာပေါ့။ လုပ်နိုင်တဲ့ စွမ်းရည်ကို ကြည့်ပြီး လက်တွဲခေါ်ပေးတာမျိုးတွေပေါ့၊ ဒီလိုဆို အမျိုးသမီး အင်အားတက်လာမယ်။ အရင်အချိန်တုန်း ကတော့ တကယ့်ကို စွန့်စားပြီးလုပ်ရတာကိုး။ ထောင်ကျနိုင်တယ်၊ အရိုက်ခံရနိုင်တယ်၊ အသတ်ခံရနိုင်တယ်။ ဒါကြောင့် အမျိုးသမီးတွေ အများစုက နိုင်ငံရေးကိုဆို မပတ်သက်သလိုကို ဖြစ်နေတာ။ တိုင်းပြည် ကောင်းအောင်လုပ်တဲ့ဟာ အကုန်လုံးက နိုင်ငံရေးပဲလေ။ လူကြားထဲကို တကယ်ကို ရောက်သွားမယ်ဆိုရင်၊ တကယ့်ကို တက်တက်ကြွကြွ လုပ်မယ် ဆိုရင် အမျိုးသမီး အင်အားတွေက ရှေ့တန်းကို ရောက်လာမယ်လို့ ယုံကြည်ပါတယ်။

မေး။     ။ လွှတ်တော်ထဲမှာက အမျိုးသမီး လုံးဝမပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရယ်၊ တခြား ရာခိုင်နှုန်းများတဲ့ လွှတ်တော် အမျိုးသား အမတ်တွေရယ်က မဖြူဖြူသင်းတို့ အမျိုးသမီး အမတ်တွေအပေါ် ဆက်ဆံပြုမူချက်ကကော ဘယ်လို ရှိပါသလဲ။

ဖြေ။     ။ ဒီမှာတွေ့ရတာက အားလုံးက တန်းတူပါပဲ။ ညီအစ်ကို မောင်နှမ စိတ်ဓာတ်နဲ့ အလုပ်လုပ်ကြတာပါပဲ။ ဒါပေမယ့် တချို့သော သူတွေရဲ့ စိတ်ထဲမှာတော့ အဲဒီလို ပညာပြချင်တဲ့ စိတ်လေးတွေ ရှိတာတွေ့ရတယ်။ သင်တန်းချိန်တွေ ဆိုရင် ခွဲခြား ဆက်ဆံတယ် ဆိုတာထက်၊ အရည်အချင်း ရှိအောင်လုပ်ရင် နေရာ တနေရာရလာမယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာ တယ်။ တကယ်က အရည်အချင်း ရှိအောင်လုပ် ဆိုတာထက်၊ အရည်အချင်း ရှိအောင် ဘယ်လို လုပ်ပေးမလဲ ဆိုတာက အရေးကြီးပါတယ်။ နောက်တခုက ကျမတို့ တန်းတူ အခွင့်အရေးရပြီလားဆိုတာ တချက်ကြည့်ရမယ်။ အရည်အချင်းမရှိဘဲ တန်းတူ အခွင့်အရေး ရနေတယ် ဆိုရင်တော့ တမျိုးပေါ့။ ဒီမှာက အရည်အချင်းတွေ ထုတ်ဖော် ပြသခွင့်လည်း အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်။ တချို့သော အမျိုးသားတွေရဲ့ စိတ်ထဲမှာ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အထင်သေးချင် စိတ်တွေ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ အဲဒီလို ခံစားရတယ်။

မေး။     ။ ထုတ်ဖော်ပြသခွင့် မရဘူးဆိုတဲ့ အရည်အချင်းတွေက ဘာတွေပါလဲ။

ဖြေ။     ။ အဲဒါတွေက ဒီနိုင်ငံရေး နယ်ပယ်မှာ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့် ရဖို့က အခက်အခဲတွေ ရှိတယ်။ တချို့ဆို စီးပွားရေးလုပ်ငန်းတွေမှာ အမြင်ရှိတယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါပေမယ့် ကျမတို့ ယဉ်ကျေးမှုကိုက အမျိုးသမီး တယောက်ကို ကန့်သတ်ထားမှုတွေ ရှိနေတယ်။ အိမ်ထောင်သည် ဆိုရင်လည်း အိမ်ထောင်မှု တွေပဲ လုပ်ရမယ် ဆိုတာမျိုးတွေ၊ နိုင်ငံရေး လုပ်ချင်တယ် ဆိုရင်လည်း သူ့ရဲ့ မိသားစု အသိုင်းအဝိုင်းနဲ့ ကန့်သတ် ထားတယ်။ ဒီတော့ အမျိုးသမီးတွေရဲ့ အရည်အချင်းက လုပ်နိုင်သလောက် လုပ်ပြခွင့် မရတာမျိုးတွေ ဖြစ်လာတယ်။

မေး။     ။ မဖြူဖြူသင်းလို အမျိုးသမီးတယောက် လွှတ်တော်အမတ်အဖြစ် လွှတ်တော်ထဲ ရောက်လာတဲ့အတွက် တိုင်းပြည် အတွက် ဘာတွေ အကျိုးရှိအောင် ပိုပြီး လုပ်ပေးနိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ မြန်မာနိုင်ငံမှာကတော့ မဖြစ်မနေ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပဲ။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အပြင်၊ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်တယ်။ အမျိုးသမီးတွေ ကြားထဲမှာ လုပ်နိုင်တဲ့၊ ခေါင်းဆောင်နိုင်တဲ့ အင်အားလည်း အများကြီးရှိတယ်။ အခုဆို အမျိုးသမီး အင်အားက နေရာတိုင်းမှာ အရမ်း နည်းပါးနေသေးတယ်။ ပြောနိုင်တာက နိုင်ငံတကာနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် အမျိုးသမီးတွေ ပါလာခြင်းအားဖြင့် ဘာတွေတိုးတက်မှု ရှိတယ်၊ဖွံ့ဖြိုးလာတယ်၊ ဆင်းရဲချမ်းသာ ကွာဟမှု နည်းလာတယ်၊ လာဘ်ပေးလာဘ်ယူမှုတွေ လျော့လာတယ် ဆိုတဲ့ စစ်တမ်း တွေလည်း ထွက်တာ ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ကလည်း နိုင်ငံတကာနဲ့ ချိန်ထိုးကြည့်ဖို့ လိုပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ အများကြီး ထုတ်ပြန်နိုင်ဖို့ လိုနေပါသေးတယ်။ ကျားမ ခွဲခြားမှုတွေကိုလည်း ကြည့်ရပါမယ်။ အမျိုးသမီးတွေ အခွင့်အရေးအတွက် လုပ်ဆောင်ချက်က အမျိုးသမီး အမတ်တွေပဲ လုပ်နိုင်တယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်ပဲ သိနိုင်မယ်လို့ ထင်ပါတယ်။     ။

Loading