ကလေးတွေကို ပြုစုပျိုးထောင်တယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပြုစုပျိုးထောင် တာပါပဲ။ အနာဂတ် လူ့အဖွဲ့ အစည်းမှာ လူတွေကို အန္တရာယ်ပေးတဲ့၊ စိတ်အနှောင့်အယှက် ပေးနိုင်တဲ့ အပြုအမူတွေ၊ အကျင့်ဆိုးတွေ ပါလာတဲ့ လူကြီးတွေ မဖြစ်ရစေဖို့အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့် ပြုစုပေး ဖို့လိုပါတယ်။ ဒီတပတ်မှာတော့ ကျမတို့ ကလေးများရဲ့ တိုင်ပြောတတ်တဲ့ အကျင့်နဲ့ တိုင်ပြောတတ်တဲ့ စရိုက်လက္ခဏာများ အကြောင်းကို ကျမ တင်ပြ ဆွေးနွေးချင်ပါတယ်။
ဆရာ၊ ဆရာမ တော်တော်များများနဲ့ မိဘ တော်တော်များများတို့ အနေနဲ့ ကျောင်းမှာ၊ အိမ်မှာ ဆိုသလို တိုင်ပြောတတ်တဲ့၊ တိုင်ပြောလေ့ ရှိတဲ့ ကလေးများနဲ့ ဆုံတွေ့၊ ကြုံတွေ့ကြရမှာပါ။ ကျမတို့ရဲ့ လူမှု ဝန်းကျင်မှာတော့ ကလေးတို့ တိုင်ပြောတဲ့ ကိစ္စကို သိပ်ပြီးတော့ လေးလေးနက်နက် ထားပြီး သွန်သင်ဆုံးမတာမျိုး မရှိကြပါဘူး။ ဒါပေမယ့် တကယ်တော့ ကလေးတို့ တိုင်ပြောတတ်တဲ့ အလေ့၊ တိုင်ပြောတတ်တဲ့ အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်တခု မဟုတ်တာကြောင့် ဆရာ၊ မိဘများ အနေနဲ့ သွန်သင်ဆုံးမပေးကြဖို့ လိုပါတယ်။
တိုင်ပြောတယ် ဆိုတဲ့နေရာမှာ မူကြိုအရွယ် (ငါးနှစ်အောက်) ကလေးများနဲ့ ငါးနှစ်အထက် ကလေးကြီးများရဲ့ တိုင်ပြောတဲ့ ရည်ရွယ်ချက်၊ တိုင်ပြောတဲ့ သဘောထားတို့ ကလည်း ကွာခြား ကြပါသေးတယ်။
မူကြို အရွယ်ကလေးများဟာ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားဖြင့် ပြဿနာဖြေရှင်းမှု အတတ် (Problem Solving) ကို ကောင်းကောင်း မလုပ်နိုင်ကြသေးပါဘူး။ ဒါကြောင့်မို့လို့ သူတို့ ဆီက အရုပ်ကလေးများကို သူငယ်ချင်း တယောက်ယောက်က လုယူ သွားလို့ပဲ ဖြစ်ဖြစ်၊ တယောက်ယောက်က သူတို့ကို နာကျင်အောင် လုပ်လိုက်လို့ပဲ ဖြစ်ဖြစ် အနားမှာ ရှိနေတဲ့ လူကြီး တယောက်ယောက်ကို တိုင်တတ်၊ တောတတ်ကြပါတယ်။
ဒီအရွယ် ကလေးများဟာ လူကြီးများရဲ့ အာရုံစိုက်တာကို ခံချင်လို့လည်း တိုင်တတ်၊ တောတတ် ကြပါသေးတယ်။ မူကြို အရွယ်ကလေးများဟာ ငယ်လွန်းသေးတဲ့ အရွယ် ဖြစ်တာမို့ ဘယ်အရာကဖြင့် လူကြီးကို ပြောပြရမယ့်အရာ၊ ဘယ်အရာ ကတော့ဖြင့် မပြောလည်း ရတဲ့ အရာ ဆိုတာကို နားလည် နိုင်စွမ်း မရှိကြသေးပါဘူး။
ဥပမာ – သူငယ်ချင်းက အရုပ်ကို စင်ပေါ်က ယူဆော့ပြီးတော့ သူ့နေရာသူ ပြန်မထားတာဟာ တိုင်စရာ မဟုတ်ဘူး ဆိုတာကို သူတို့ မသိကြပါဘူး။ ဒါပေမယ့် သူငယ်ချင်းက မီးခြစ်ယူပြီးတော့ ကစားနေတာမျိုး၊ လမ်းမပေါ်ကို ပြေးထွက်ဖို့ လုပ်နေတာမျိုးတွေဟာ လူကြီးကို ပြောပြရမယ့်အရာ ဆိုတာကိုလည်း သူတို့ မသိကြသေးပါဘူး။ ဒါကြောင့်မို့လို့ သူတို့ မျက်စိနဲ့ မတွေ့တဲ့ အရာမှန်သမျှကို တိုင်တတ်၊ တောတတ်ကြပါတယ်။
နောက်တခုက ဒီအရွယ် ကလေးများဟာ မူကြိုမှာ၊ ကျောင်းမှာ သူတို့ကို ထုတ်ထားတဲ့ စည်းကမ်းလေးများကို ဘယ်လောက် အထိ အကဲစမ်း ချိုးဖောက်လို့ ရသလဲ ဆိုတာကို သိချင်တတ်ကြပါတယ်။ တချို့ကလေးတွေဟာ သူတို့ကိုယ်တိုင် ချိုးဖောက် ကြည့်ဖို့ မဝံ့ရဲ ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ သူငယ်ချင်း၊ မောင်နှမ တဦးဦးက ချိုးဖောက်တာကို တွေ့တဲ့ အခါမျိုးမှာ လူကြီးကို ပြေးတိုင်တတ် ကြပါတယ်။ အဲဒီလို လူကြီးကို ပြေးတိုင်ကြပြီးတော့ လူကြီးက ဘယ်လို တုန့်ပြန်မှုပေးသလဲ ဆိုတာကို စောင့်ကြည့်တတ် ကြပါတယ်။ ဥပမာ – လူကြီးက ဆူသလား၊ မဆူဘူးလားပေါ့။ မဆူဘူး ဆိုရင်ဖြင့် ဒီစည်းကမ်းဟာ ချိုးဖောက်လို့ ရတဲ့ စည်းကမ်းပဲ လို့ သူတို့ မှတ်ယူသွားတတ် ကြပါတယ်။
ဒါပေမယ့် ကလေးကြီးများ (ငါးနှစ်အထက်) ရဲ့ တိုင်ပြောတတ်တဲ့ အကျင့် ကတော့ မူကြိုအရွယ် ကလေးငယ်များနဲ့ ကွာခြား ပါတယ်။ ငါးနှစ်အထက် အရွယ်ဟာ ဦးနှောက်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုအရ ပြဿနာကို ဖြေရှင်းတတ်တဲ့ အရွယ်ပါ။ သူတို့လက်ထဲက အရုပ်ကို တခြားကလေး (သူငယ်ချင်း၊ မောင်နှမ) က လုယူသွားတဲ့ ကိစ္စမျိုးကို သူတို့ ဘာသာသူတို့ ဖြေရှင်းတတ်၊ ဖြေရှင်းနိုင်ကြပါပြီ။ လူကြီးကို အော်တိုင်ကြရမယ့် အရွယ် မဟုတ်တော့ပါဘူး။ ကျောင်းမှာ တယောက်ယောက်က အနိုင်ကျင့်တာမျိုး ကြုံလာရတဲ့ အခါမျိုးမှာတော့ ကလေးများဟာ အိမ်က လူကြီးကို ပြောပြတတ် ပါတယ်။ အဲဒီ အခါမျိုးမှာ ကလေးနဲ့ အတူတူ ဒီလို အနိုင်ကျင့်တဲ့ ကိစ္စမျိုးကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုတာကို လူကြီးကပါ ဝိုင်းပြီး စဉ်းစားပေးရပါမယ်။ အနိုင်ကျင့်မှုက သိပ်ပြီး ဆိုးဝါးနေမယ် ဆိုရင်တော့ ဆရာမကို အကူအညီ တောင်းပြီး တော့ စောင့်ကြည့် ခိုင်းတာမျိုး လုပ်ခိုင်းရပါမယ်။ ကျမ ဆိုလိုချင်တာက ကလေး ရှေ့ကနေ နေရာတကာ ကာကွယ် ကာဆီး ပေးပြီးတော့ လိုက်လုပ် မပေးရဘူးလို့ ဆိုလိုတာပါ။
ကလေးတို့ဟာ သူတို့ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ ပြဿနာများကို သူတို့ကိုယ်တိုင် ဖြေရှင်းကြရပါမယ်။ ဖြေရှင်းတတ်အောင် လည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒါမှသာ တကယ့် လူ့ဘဝထဲကို သူတို့ ဝင်ရောက်ကြတဲ့ အခါမျိုးမှာ သူတို့ ရင်ဆိုင် ကြုံတွေ့လာရတဲ့ ပြဿနာတွေ၊ အခက်ခဲတွေကို သူတို့ဘာသာ သူတို့ ရင်ဆိုင်ဖြေရှင်း လာကြမှာဖြစ်ပါတယ်။
ကလေးကြီးများ တိုင်ပြောတတ်တာရဲ့ အကြောင်းတခု ရှိပါသေးတယ်။ အဲဒါကတော့ သူများကို ဒုက္ခ ရောက်စေလိုတဲ့ အတွက်ကြောင့် တိုင်ပြောခြင်းပါပဲ။ အဆူခံ၊ အရိုက်ခံ ထိစေချင်လို့ တိုင်ပြောတဲ့ တိုင်ပြောခြင်းပါပဲ။ ကျမတို့ ငယ်ငယ်က ဆရာ၊ ဆရာမတို့ရဲ့ အချစ်တော် ကလေးများဟာ အင်မတန်မှ အတိုင်အတော ထူတတ်ကြတာကို ကြုံဖူးကြမှာပါ။ သူတို့ကိုလည်း မထိခိုက်တဲ့၊ အရေးလည်း သိပ်မကြီးလှတဲ့ အကြောင်းရာလေးများကို ဆရာမရဲ့ မျက်နှာလို၊ မျက်နှာရ လိုချင်တာနဲ့ပဲ တိုင်တတ်၊ တောတတ်ကြတဲ့ ကလေးမျိုးပါပဲ။ ဒီအပြုအမူက အင်မတန် ဆိုးဝါးတဲ့ အပြုအမူပါပဲ။ ဒီလို ရည်ရွယ်ချက်မျိုးနဲ့ တိုင်တတ် တောတတ်တဲ့ ကလေးများကို မိဘ၊ ဆရာများက အမှုမဲ့၊ အမှတ်မဲ့ မနေရပါဘူး။ ကလေးတို့ကို နားလည်အောင် ပြောဆို ဆုံးမရပါမယ်။
လူကြီး၊ မိဘများကို ပြောပြခြင်းနဲ့ တိုင်တောခြင်းတို့ မတူတဲ့ အကြောင်း ကလေးကို နားလည်အောင် ရှင်းပြရပါမယ်။ ကိုယ့်အိမ်က ညီမလေးက ထမင်းပန်းကန်ကို ပန်းကန်ဆေးတဲ့ နေရာမှာ မထားဘဲနဲ့ စားပွဲပေါ်မှာ ဒီအတိုင်း ထားပစ်ခဲ့တာဟာ လူကြီးကို အော်တိုင်ရမယ့်အရာ မဟုတ်ပါဘူး။
“ညီမလေးရေ …၊ ပန်းကန်ကို ပန်းကန်ဆေးတဲ့ နေရာမှာ သွားထား” လို့ ကိုယ့်ဘာသာကိုယ် ပြောလိုက်လို့ ရတဲ့ အရာပါ။ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေလည်း ရတဲ့ အရာပါပဲ။ ကိုယ့်အတွက်ရော၊ သူ့အတွက်ပါ အန္တရာယ်ရှိတဲ့ အရာမဟုတ်လို့ အော်တိုင်နေစရာ မလိုဘူး ဆိုတဲ့အကြောင်းကို ကလေး နားလည်အောင် ရှင်းပြရပါ မယ်။ အန္တရာယ် ရှိတဲ့အရာ တခုခုကို လုပ်နေတယ် ဆိုရင်တော့ဖြင့် လူကြီးကို အသိပေး ပြောပြရပါမယ်။ ဥပမာ – မီးနဲ့ ကစားနေတာမျိုးပါ။
နေရာတကာ အတို့အထောင်လုပ်၊ တိုင်ပြောတတ်တဲ့ လူမျိုးကို လူတိုင်း မုန်းတီး တတ်ကြပါတယ်။ တချို့မိဘ၊ ဆရာများဟာ ကလေးတယောက်က ကလေးတယောက် အကြောင်းကို တိုင်ပြောရင် အဆင်အခြင်မဲ့စွာနဲ့ အတိုင်ခံရတဲ့ ကလေးကို ဆူတတ် ကြပါတယ်။ ဒါဟာ အင်မတန်မှ မှားယွင်းတဲ့ ဆုံးမမှုပါပဲ။ ဒီလို လွယ်လွယ် ဆူလိုက်၊ ပြောလိုက်တာမျိုးကြောင့် တိုင်ပြော တတ်တဲ့ ကလေးဟာ သူကိုယ်သူ အာဏာ ရှိတဲ့ လူတယောက် အဖြစ် ထင်မြင် သွားတတ်ကြ ပါတယ်။ တိုင်ပြောရခြင်းရဲ့ အကျိုးဆက် အရသာကို ကောင်းကောင်း သိရှိသွားတာမို့ သူနဲ့ မတည့်တဲ့ လူတွေ၊ သူကြည့်မရတဲ့ သူတွေရဲ့ အရေးမကြီးလှတဲ့ အကြောင်းရာများကို လူကြီးတွေ သိသွားအောင်လို့ တိုင်တတ်၊ တောတတ် တော့တာပါပဲ။
ကျမတို့ နိုင်ငံက တချို့ကျောင်းတွေက ဆရာမတချို့ လုပ်တတ်တဲ့ အကျင့်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အတန်းငြိမ်အောင်လို့ ဆိုပြီးတော့ စကားပြောတဲ့လူ၊ ဆော့တဲ့လူတွေရဲ့ နာမည် စာရင်းကို ကလေးတယောက်ကို တာဝန် ပေးပြီး မှတ်ခိုင်းတာပါပဲ။ အဲဒီ အခါမှာတော့ နာမည် မှတ်သူ ကလေးက သူနဲ့ မတည့်သူ၊ သူ ကြည့်မရသူတွေကို နာမည် မှတ်ထားပြီး သူနဲ့ အဆင်ပြေသူများ ကိုတော့ နေချင်သလိုနေခွင့် ပေးတော့တာပါပဲ။ ဒါဟာ တကယ်တော့ ကလေးတယောက်ရဲ့ အကျင့်စာရိတ္တကို လုပ်ပိုင်ခွင့်တခု ပေးထားပြီး ဖျက်ဆီးလိုက်ခြင်းပါပဲ။
ကျမတို့ လူမှု အသိုင်းအဝိုင်းထဲမှာ တိုင်ပြောတတ်တဲ့ ကလေးတွေ များကြသလို၊ အတိုင်ခံရမှာ၊ အပြောခံရမှာ ကြောက်တဲ့ ကလေးတွေလည်း များကြပါတယ်။ အမှန်တော့ ဒီနှစ်မျိုးစလုံးဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် မကောင်းတဲ့ အရာတွေပါပဲ။ ကျမတို့ရဲ့ ဝန်းကျင်မှာ၊ ကျမတို့ရဲ့ အနီးအနားမှာ အထက်အရာရှိရဲ့ မျက်နှာသာပေးမှုကို ရဖို့ အတွက် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက် အချင်းချင်းရဲ့ ပျော့ကွက် သေးသေးလေးတွေကို လိုက်ကြည့်၊ လိုက်ထောက်တတ်တဲ့ လူတွေ၊ သေးငယ်တဲ့ အမှုကို မကြီးကြီးအောင်လို့ လုပ်နေကြတဲ့လူတွေကို တွေ့နေကြရတာပါပဲ။ ကိုယ်ကိုယ်တိုင်က ချို့ယွင်းမှု အပြည့်နဲ့ ရှိနေပါလျက် သူများရဲ့ ချို့ယွင်းချက် သေးသေးလေးတွေကိုပဲ အကြောင်းရှာ အတို့အထောင် လုပ်နေကြတဲ့ လူတွေလည်း အများကြီးပါ။
ဒီလိုမျိုး လူတွေ အနာဂတ်မှာ နည်းပါးသွားစေဖို့ အတွက် ကလေးတို့ရဲ့ တိုင်တတ်၊ တောတတ်တဲ့ အကျင့်ဆိုးလေး များကို လူကြီးများ အနေနဲ့ အမှုမဲ့၊ အမှတ်မဲ့နဲ့ လက်သင့်ခံ မနေဘဲနဲ့ ပြင်သွားကြမယ် ဆိုရင်ဖြင့် လူလောက အတွက် အမှိုက်လိုမျိုး အကျိုးမရှိတဲ့ လူတွေ နည်းသွားမှာပါ။ ဒါကြောင့်မို့လို့ အနာဂတ် လူ့အဖွဲ့အစည်း အတွက် လူ့အမှိုက်လေးများ မပေါ်ပေါက် လာစေဖို့ အတွက် ဆရာ၊ မိဘများ အနေနဲ့ ကလေးများကို သွန်သင် ပဲ့ပြင် ပေးကြပါဦး။