လုံခြုံရေး စည်းတွေ ကျိုးပေါက်လို့ ဗုံးခွဲခံရတာ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စတင်ပြီး ယနေ့အထိ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ၌ ယခင်က မဖြစ်ပေါ်ခဲ့ဘူးသည့် နေရာများစွာ ဆက်တိုက်ဆိုသကဲ့သို့ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့မှု၊ ဗုံးလန့်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ အနေဖြင့် ထိတ်လန့် စိုးရိမ်လျက် ရှိပါသည်။

ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို တာဝန်ယူထားသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ)၊ ပြည်ထဲရေး ဝန်ကြီး ဌာန ရဲသတင်း အထူးတပ်ဖွဲ့(SB) စသည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုများလည်း ရှိလာသည်။

ထို့ကြောင့် ယခု ဗုံးပေါက်ကွဲမှုများ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေး တာဝန် ယူခဲ့ဖူးသည့် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်နေသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင် က ဆက်သွယ် မေးမြန်းထားသည်။

ဦးအောင်လင်းထွဋ်သည် ၁၉၈၃ ခုနှစ်မှ စတင်ကာ ၂၀၀၄ ခုနှစ်အထိ စစ်ထောက်လှမ်းရေး အဖွဲ့တွင် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။

မေး။    ။ ထောက်လှမ်းရေးဟောင်းတဦး အနေနဲ့  ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ရှုထောင့်ကနေ ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ အပြင်စည်း၊ အတွင်းစည်း၊ အနီးကပ် ဆိုတဲ့ လုံခြုံရေးစည်း သုံးစည်း အကုန်ကျိုးပေါက် သွားတာကြောင့် အထဲဝင်လာပြီး ဗုံးထောင်တယ်၊ ဗုံးခွဲခံရတယ်လို့ ဆိုရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်ရရင် လက်ရှိ လုံခြုံရေး တာဝန်ယူနေတဲ့ အဖွဲ့တွေ ညံ့လို့ပဲလို့ ပြောရမှာပေါ့။

ဂိတ်တွေဖွင့်ပြီး အပြင်စည်းအနေနဲ့ စစ်တာကတော့ တမျိုးပေါ့၊ အတွင်းစည်းကတော့ သတင်းပဲ၊ သတင်းမရဘဲနဲ့တော့ ဘယ်နေရာ သွားရှာမလဲ၊ အရေးကြီးတာ သတင်းပဲ။

အခုခေတ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) တို့၊ ရဲသတင်း အထူးတပ်ဖွဲ့(SB)တို့ ကိုင်တွယ်နေတာက ဖြစ်ပြီးခါမှ လိုက်စစ်နေ တယ်။ လုံခြုံရေး လုပ်တယ်ဆိုတာ သေနတ်ကိုင်ပြီး လုပ်လို့မရဘူး၊ ဧည့်စာရင်းစစ်ရုံနဲ့မရဘူး။

မေး။    ။ အခုလက်ရှိ လုံခြုံရေးကို တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေရဲ့ အရည်အသွေး နိမ့်ကျနေတယ်လို့ ဆိုချင်တာလား။

ဖြေ။    ။ ရှင်းရှင်းပြောတာ ထောက်လှမ်းရေးသမားဆိုတာ တော်ဖို့၊ ပါးနပ်ဖို့၊ ပြောရဲဆိုရဲ၊ တင်ပြရဲ ဖို့တော့ လိုတယ်၊ အမိန့်နာခံ တတ်ရုံနဲ့ မရဘူး၊ အစီအစဉ် ဆွဲတတ်ရတယ်၊ လူညံ့တွေထားရင် ဘယ်လိုမှ အလုပ်လုပ်လို့မဖြစ်ဘူး၊ စစ်သား သေနတ်ကိုင် ဂိတ် စောင့်တာမျိုး လုပ်တတ်ရုံနဲ့တော့ တိုင်းပြည်လုံခြုံရေး ဘယ်လိုတာဝန်ယူနိုင်မလဲ။

အခု စရဖချုပ်က ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက လူတော်တယောက်ပါ၊ သူ့ကို ကျနော် ထောက်လှမ်းရေးသင် တန်းပေးဖူးတယ်၊ ဒါပေမယ့် စရဖ အဖွဲ့ကိုလည်း လူရာမသွင်း နှိမ်ထားတော့ ဘာမှလုပ်မရ၊ မလုပ်တတ်တော့ဘူး။

အခုနေရာပေးနေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့ ၊ SB တပ်ဖွဲ့မှူး ရဲမှူး တင်စိုးတို့ဆိုတာ ဟိုတုန်းကတည်း ထောက်လှမ်း ရေးဉာဉ် ဗီဇမရှိဘူး၊ သုံးမရဘူးပေါ့ဗျာ။ အပြုသဘောပြောတာပါ၊ သူတို့တွေနဲ့ DSA 20(ဗိုလ်သင်တန်း အပတ်စဉ် ၂၀)မှာ အတူ နေခဲ့ကတည်းက သိတယ်။

စသုံးလုံး ညွန်ချုပ် ကိုအောင်စောဝင်းကတော့ စစ်မြေပြင် ထောက်လှမ်းရေး စာမေးပွဲ မအောင်လို့ တန်ပြန်ထောက်လှမ်းရေးတောင်  မတက်ခဲ့ရတဲ့လူ။

ဒီလိုလူမျိုးတွေ လုံခြုံရေး တာဝန်ယူနေတာဆိုတော့ ဘယ်လိုပြောရမလဲ၊ လိုအပ်ချက်ရှိတယ်ပဲဆိုရမှာပေါ့။

မေး။    ။ ဟိုအရင်လို ထောက်လှမ်းရေး အဖွဲ့သာ ရှိမယ်ဆိုရင် ဒီလိုပြဿနာတွေကို ဘယ်လိုကိုင်တွယ်မလဲ။

ဖြေ။     ။ အခုလို နေရာအနှံ့ ဗုံးတွေ ဆက်တိုက်ပေါက်မှာ မဟုတ်ဘူးဆိုတာ ပြောရဲတယ်၊ ဘာကြောင့်လဲဆိုတော့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို တော်တော်ဂရုစိုက် ကိုင်တွယ်လို့ပဲ၊။

ဖောက်ခွဲရေးနဲ့ ပတ်သက်လာရင် ဌာနတခု သပ်သပ်ထားပြီး သီးသန့် ခွဲခြမ်းစိတ်ဖြာ၊ သတင်းပို့၊ ဒလျှိူ၊ ဒလံ၊ ဆဲလ်တွေမွေး သတင်း ယူ၊ အချိန်မီ ကာကွယ်တားဆီးရေး လုပ်တယ်၊ ဘယ်လောက်တောင် လုပ်သလဲဆို ထိုင်း နယ်စပ်မှာရှိတဲ့ အစိုးရ ဆန့်ကျင်ဘက် အဖွဲ့ အစည်းတွေ၊ တရုတ်နယ်စပ်က ဗကပ တွေအထိ ဆဲလ်တွေမွေးပြီး သတင်းယူခဲ့တယ်။

သတင်း အရင်းအမြစ်ဆိုတာ လူတွေဆီကပဲ လာတာလေ၊ အဲဒီသတင်းကို ကိုယ့်ဆီရောက်ရင် မှန်သလားမှားသလား ကွင်းဆက်နဲ့  ရေဆုံးမြေဆုံးလိုက်ရတယ်၊ သတင်းပေးကတော့ အတိအကျကြီးမပေးနိုင်ဘူး၊ ဒါပေမယ့် ပေးတဲ့သတင်း အပေါ်မှာ မူတည်ပြီး တည်ဆောက်ယူရတယ်၊ စောင့်ကြည့်ပြီး ဖမ်းတယ်။

ကြိုတင်တားဆီးတဲ့အတွက် လက်ပူးလက်ကြပ် မိချင်မှမိမယ်၊ ဒီလိုနေရာမှာ ကိုင်တွယ်စစ်ဆေးတယ်ဆိုတာကလည်း ရိုက်စစ် နေလို့မရဘူး၊ ရိုက်တိုင်းလည်း ပေါ်တာမဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာပညာနဲ့လည်း စစ်ဆေးရတယ်။

ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တာ မဟုတ်ဘူး၊ ဟိုတုန်းကတော့ ဒီလို အဖျက်အမှောင့် လုပ်တဲ့လူတွေနဲ့ ဘတပြန်ကျားတပြန် အစွမ်းပြ နိုင်ခဲ့တယ်။

မေး။    ။ အခုဖောက်ခွဲမှုတွေကို လေ့လာကြည့်ရင် လူအသေအပျောက်လည်း အရမ်းမများဘူး၊ ခြောက်လှန်တဲ့သဘော ဖြစ်နေ တယ်၊ အဲဒါကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။    ။ ထောက်လှမ်းရေး အတွေ့အကြုံအရဆိုရင် တချို့ အဖွဲ့တွေက အီရတ်တို့ အရှေ့အလယ်ပိုင်းမှာလို ပြည်သူ လူထုကို အများအပြား သေကြေအောင် ဖြစ်သလိုမျိုးတော့ ရည်ရွယ်ချက်မရှိဘူး။ သူတို့ ဆော်ချင်တာက အကောင်ကြီးကြီးတွေ ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြေးတို့ ဘာတို့ ဆိုရင်တော့ တမျိုးပေါ့။ အခုလည်း ဖောက်ခွဲနေတဲ့ပုံစံက လူထုကို အထိအခိုက် နည်းအောင် ခြောက် လှန့်တဲ့ သဘောမျိုးပဲ။

ဒါပေမယ့် ၂၀၀၅ ခုနှစ်ကဖြစ်တဲ့ ဒဂုံစင်တာ၊ ရှစ်မိုင် Junction 8 စင်တာတို့ ကုန်သွယ်ရေး ပြပွဲတို့မှာ ပေါက်တာတွေ၊ သင်္ကြန်ဗုံး ကိစ္စတွေမှာတော့  ထောက်လှမ်းရေးဖျက်သိမ်းလို့ အားနည်းသွားချိန်နဲ့ နိုင်ငံရေး တင်းမာမှု ဒီရေကလည်း မြင့်နေချိန်မှာ  ဖောက်ခွဲ တဲ့သူတွေအနေနဲ့ ပေါ်လစီပြောင်းသွားပြီး အမှောင့်လုပ်ငန်းကနေ အဖျက်လုပ်ငန်းကို ကူးသွားတယ်လို့ ထင်တယ်၊ ဒါကြောင့် လူတွေ အရမ်းသေတာ။

မေး။    ။ အရင် ထောက်လှမ်းရေး ခေတ်ကတော့ ဗုံးပေါက်ရင် ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်က အဖွဲ့တွေကို စွပ်စွဲကြတယ်၊ အခုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။    ။ ဗုံးခွဲတယ်ဆိုတာကတော့ နောက်ကွယ်က ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတော့ ရှိတာပေါ့၊ ဒါပေမယ့် အစိုးရနဲ့ စစ် တိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေမှာ ဟိုတုန်းကတည်းက ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ပေါ်လစီတော့ မရှိပါဘူး၊ KNU မှာ လည်း မရှိဘူး၊ ဒါပေမယ့် တချို့ ပြည်ပမှာ ရောက်နေတဲ့ လူတွေထဲက ကြိုးကိုင်ပြီး လုပ်ဆောင်နေသူတွေရှိတယ်၊ အခုတော့ သူတို့ လည်း အခုတော့ မြို့ပေါ်ရောက်နေပါပြီ။

မေး။    ။ ဗုံးပေါက်ကွဲတာတွေနဲ့ ပတ်သက်ပြီး လူတွေကြားမှာ ဆိုရှယ်မီဒီယာပေါ်မှာ အစိုးရက နိုင်ငံရေးလှည့်ကွက်ကြောင့် နောက်ကွယ်က ကြိုးကိုင်လုပ်နေတယ် ဆိုတဲ့ ထင်မြင်ချက်တွေ ပြောကြတယ်၊ ဒါကရော ဘယ်လောက်မှန်နိုင်လဲ။

ဖြေ။    ။ အဲဒီအမြင်ကိုတော့ လက်မခံပါဘူး၊ အစိုးရတခုအနေနဲ့ အဲဒီလို လုပ်လို့မရပါဘူး၊ အစိုးရအနေနဲံ့ တိုက်ချင်တိုက်မယ်၊ ပစ်ချင်ပစ်မယ်၊ ဗုံးဖောက်တယ်ဆိုတာမျိုးကတော့ မဟုတ်ပါဘူး၊ ကျနော်တို့ ထောက်လှမ်းရေးတွေ ကိုယ်တိုင်လည်း အစွပ်အစွဲခံရဖူးပါတယ်၊ မဟုတ်ပါဘူး။

မေး။    ။ အခုဗုံးပေါက်ကွဲမှုတွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် ထောက်လှမ်းရေးအဖွဲ့အစည်း ကောင်းတရပ် လိုနေပြီ လို့ ပြောလို့ရမလား။

ဖြေ။    ။ သေချာတာပေါ့၊  နိုင်ငံတကာမှာကြည့်လေ၊ အမေရိကန်မှာ CIA ၊ ရုရှားမှာ KGB ၊ အစ္စရေးမှာ မော့ဆက်တို့၊ ထိုင်းမှာ တောင် ထိုင်းထောက်လှမ်းရေး အဖွဲ့ဆိုတာ ရှိတယ်၊ အခုအဖြစ်တွေက ကျနော်တို့ နိုင်ငံမှာ ထောက်လှမ်းရေး အဖွဲ့ ကောင်းကောင်း မရှိတာ အထင်အရှားပြနေပြီပဲ။ အခုရှိတဲ့ ထောက်လှမ်းရေးကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်ဖို့လိုတယ်။

မေး။    ။ ထောက်လှမ်းရေးက တိုင်းပြည်အတွက် လိုအပ်တယ်ဆိုပေမယ့် မြန်မာပြည်မှာတော့ နာမည်ပျက်ခဲ့တယ် မဟုတ်လား။

ဖြေ။    ။ ဒါကတော့ ရှင်းပါတယ်၊ တိုင်းပြည်အတွက် အလုပ်လုပ်ရမယ့် ထောက်လှမ်းရေးအဖွဲ့ကို အာဏာရှင်က နိုင်ငံရေးမှာ အသုံးချတော့ ထောက်လှမ်းရေးတွေက ထောင်တက်လာတယ်၊ လူတွင်ကျယ် လုပ်လာတယ်၊ လက်ကိုင်တုတ်အနေနဲ့ အသုံးချခံရတော့ ပြည်သူကြားမှာ နာမည်ပျက်ခဲ့ရတယ်။ မတရားမှုတွေမှာ ပါခဲ့ရတယ်။

နိုင်ငံရေး အားပြိုင်မှုကြောင့် ထောက်လှမ်းရေးတဖွဲ့လုံး ဖြုတ်ပစ်တာ ဘယ်နိုင်ငံမှ မရှိဘူး၊ မြန်မာပြည်မှာပဲ ရှိတယ်၊ အကျိုးဆက် ကတော့ သတင်း ကွင်းဆက်တွေပြတ်၊ ထောက်လှမ်း ရေးလုပ်ငန်း နာလန် မထူနိုင်ဖြစ်ပြီး တိုင်းပြည်မှာ ဒီလိုမျိုးတွေ ဖြစ်လာတာပဲ။

ဗိုလ်ချုပ်ခင်ညွန်ကို မကျေနပ်ရင် ဖြုတ်ပါ၊ ဗိုလ်မှူးချုပ်တွေအထိ ဖြုတ်ပစ်လို့ရပါတယ်၊ ပေါ်လစီအရ လုပ်တယ်လို့ နားလည်ပေးလို့ရတယ်၊ သူတို့နေရာမှာ ပြန်အစားထိုးပါ၊ ဒါပေမယ့် တပ်ကြပ်အဆင့်အထိ(Working Level)တွေပါ ဖြုတ်ပစ်တော့၊ အနှစ် ၂၀ ကျော်တည်ဆောက်ထားတဲ့ ထောက်လှမ်းရေး အဖွဲ့ကြီး ပျက်သွားတော့ အခုလိုမျိုး ဗုံးကွဲတာတွေ ဖြစ်လာတာပဲ။

အရင် ထောက်လှမ်းရေးမှူးချုပ် မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး ပြုတ်တော့တောင်မှ နိုင်ငံခြားရေး ဝန်ကြီး ဦးလေးမောင်က ဆက် တာဝန်ယူတယ်။ ထောက်လှမ်းရေး လူဟောင်းတွေက လူသစ်တွေကို သင်တန်းတွေ ကျကျနနပေးပြီး သတင်း ကွင်းဆက်တွေ၊ သတင်းပေးတွေ အားလုံးကို လက်ပြောင်းလက်လွှဲ အသေးစိတ် လုပ်ပြီး ပေးသွားတယ်။

မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက် မွေးထားတဲ့ သတင်းပေးတွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ က ကျဆုံးသွားတဲ့ ပေါလစ် ဗျူရို ခေါင်းဆောင်ကြီး တဦးရဲ့ သမီးတောင် ပါပါသေးတယ်။ ဗကပ သတင်းမှန်သမျှ သူ့ဆီက လာတာပဲ။

မေး။     ။ တိုင်းပြည်အတွက် လိုအပ်တဲ့ လူထုက လက်သင့်ခံနိုင်မယ့် ထောက်လှမ်းရေး အဖွဲ့မျိုးဖြစ်လာအောင် ဘာတွေလုပ်သင့်သလဲ။

ဖြေ။    ။ ကျနော်တို့ တိုင်းပြည်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး အတွက် သမ္မတက တိုက်ရိုက်ကိုင်တွယ်တဲ့ အားကောင်း ထောက်လှမ်းရေး လိုတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ မပတ်သက်စေဘဲ တိုင်းပြည် ကာကွယ်ရေး၊ လုံခြုံရေး နဲ့ နိုင်ငံခြား ထောက်လှမ်းရေး ကို ရည်ရွယ်ပြီး ပီပီပြင်ပြင် ပြန်ဖွဲ့ရမယ်၊ ဒါကို လက်ခံရမယ်။

အစိုးရ ပေါ်လစီကို အကောင်အထည် ဖော်တာမဟုတ်ဘဲ တိုင်းပြည်ပေါ်လစီကိုပဲ ဆောင်ရွက်တဲ့ ထောက်လှမ်းရေးအဖွဲ့ လိုတယ်။

တချိန်က စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့၊ စသုံးလုံး၊ အကောက်ခွန်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပေါင်းဖွဲ့ထားတဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့(NIB) ဆိုတာ ရှိတာပဲ။

ဒါကြောင့်လည်း ရှိတဲ့ထောက်လှမ်းရေး အဖွဲ့တွေကို အရည်အချင်းမြှင့်ဖို့ မွမ်းမံသင်တန်းတွေ ပေးရမယ်၊ ငွေကြေး၊ ပစ္စည်း၊ ပညာ ထောက်ပံ့ ပေးရမယ်။ ဟိုတုန်းက မြန်မာထောက်လှမ်းရေးဆိုတာ CIA သင်တန်းဆင်းတွေပါ။ ခေတ်နဲ့ညီတဲ့ ထောက်လှမ်းရေး ပညာတွေပေးဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။

ဒါပေမယ့် ဗိုလ်မှူးချုပ် မျက်မှန်ကြီး တင်ဦးလို၊ ဗိုလ်ချုပ် ခင်ညွန့် တို့လို နိုင်ငံရေးမှာ လက်ကိုင်တုတ် အနေနဲ့ အသုံးချ မခံဖို့တော့ လိုပါတယ်။     ။

Loading