အမှန်တကယ် ဗုံးခွဲသူများကို ရှာဖွေဖော်ထုတ် အရေးယူဖို့ လိုပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး လက်ခံပြီးခါစ နှင့် ဆီးဂိမ်းအကြို ကာလတွင် မြန်မာ ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်လိုက်သော ဗုံးခွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည် အနှံ့အပြားတွင် ၇ ရက်အတွင်း ဗုံး ၆ လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုပေါက်ကွဲမှုများ အနက် အောက်တိုဘာ ၁၄ ရက်နေ့ညက ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှုသည် မြန်မာပြည် စီးပွားရေးကို တဘက်တလမ်းမှ အထောက်အကူ ပြုနေသည့် ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းများကို ခြိမ်းခြောက် နိုင်သကဲ့သို့ နှစ်များစွာအတွင်း ပထမဆုံး ပြန်လည်လက်ခံ ကျင်းပမည့် မကြာမီ အစပြုရတော့မည် ဖြစ်သော အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ၊ လာမည့် ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဆွေးနွေးပွဲများအတွက် မြန်မာပြည်ဘက်မှ ပေးမည့် လုံခြုံရေးကို မေးခွန်းထုတ်စရာ ဖြစ်နေပေမည်။

ဗုံးပေါက်ကွဲမှု များသည် သမ္မတ ဦးသိန်းစိန်က အာဆီယံ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရယူလိုက်သည့် ကာလ အပိုင်းအခြားတွင် ဖြစ်ပွားနေခြင်းကလည်း တိုက်ဆိုက်မှုတခုပေလားဟု စဉ်းစားစရာ ရှိနေသည်။

သို့သော် ရက်ပေါင်း ၅၀ ကျော်သာ ကျန်တော့သည့် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီး မတိုင်မီနှင့် သမ္မတ၏ အာဆီယံ ဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူချိန်တို့တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက် ဆိုသလို ဖြစ်လာခြင်းက တိုက်ဆိုင်မှု မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတခုဟု ဧရာဝတီက ယူဆပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံအဖြစ် ကမ္ဘာနှင့် ဒေသတွင်းရှေ့မှောက်၌ လျှောက်လှမ်းပြသရမည့် အချိန်တွင် ယခု ဗုံးပေါက်ကွဲမှု များကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ရမည့် အခြေစိုက်ပေတော့မည်။ ပွင့်လင်းရာသီ၌ လာရောက်ရန် ရည်ရွယ်ထားသော နိုင်ငံခြား ဧည့်သည်များ တုံ့ဆိုင်းသွားနိုင်သကဲ့သို့၊ စီးပွားရေးအတွက် လာရောက်ရန် စီစဉ်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်လည်း နောက်တွန့်သွားနိုင်သည့် အနေအထားဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အနေနှင့်မူ ဒေသတွင်း နိုင်ငံများအရေးကို လက်ခံဖြေရှင်းပေးရန် ဥက္ကဋ္ဌ တာဝန်ကို လွှဲယူလိုက်စဉ် ပြည်တွင်းရေး မငြိမ်သက်မှုများ၏ ထပ်ဆင့် ခြိမ်းခြောက်မှုကို ခံလိုက်ရကာ မနိုင်ဝန်ထမ်းထားမိ သကဲ့သို့ ဖြစ်ပေတော့မည်။

မြန်မာပြည်တွင် အစိုးရသစ်သက်တမ်း နှစ်နှစ်ခန့်အတွင်း ပဋိပက္ခများ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ များစွာ ဖြစ်ပွားခဲ့သော်လည်း ဥပဒေ ဘောင်အတွင်းမှ တိကျခိုင်မာစွာ မဖြေရှင်းနိုင်ခြင်း၊ တရားခံများကို ဖမ်းဆီး အရေးယူမှု မပြုလုပ် နိုင်ခဲ့ခြင်း တို့ကြောင့် မြန်မာပြည်သူလူထုက အစိုးရ အပေါ် အယုံအကြည်ကင်းမဲ့မှုများ ဖြစ်ခဲ့ရသည်။ ယခု ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ် ချိန်တွင် ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာကပါ ထပ်ဆင့် အယုံအကြည် ကင်းမဲ့မှုများ ဖြစ်ပေါ်လာပါက မြန်မာပြည် လျှောက်လှမ်းနေသည့် ဒီမိုကရေစီ ခရီးလမ်းတွင် ကြီးမားသော အထစ်အငေ့ါကို ရင်ဆိုင်ရမည်။

ထိုအထစ်အငေါ့ ပြေလျော့စေရန် တခုတည်းသော နည်းလမ်းမှာ ဥပဒေမဲ့ ပြုမူခဲ့သည့် ဗုံးဖောက်ခွဲမှု အပါအဝင် အကြမ်းဖက်မှုများ၏ တရားခံများကို တိကျ ခိုင်မာစွာ အရေးယူရန်ပင်ဖြစ်သည်။

သို့ရာတွင် ယခင် စစ်အစိုးရ လက်ထက် အဆက်ဆက်က ဗုံးဖောက်ခွဲမှု၊ ဗုံးထောင်မှုများနှင့် ကြုံတွေ့ရတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကျောင်းသား တပ်မတော် အစရှိသည်တို့ကို လက်ညှိုးထိုး စွပ်စွဲလေ့ရှိပြီး တရားခံအဖြစ် အစစ်အမှန် ဟုတ်မဟုတ်ကို အဓိက မထားဘဲ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့လေ့ ရှိသည်။ ထိုသို့ ဖမ်းဆီး အရေးယူရာတွင် ကြီးမားသော မှားယွင်းမှု သာဓကများလည်း ရှိခဲ့ဖူးသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာ မျက်နှာစာ အလယ်တွင် စောင့်ကြည့် စိတ်ဝင်စားခြင်း ခံနေရချိန်တွင် ထိုသို့ တရားခံရရုံ လက်ညှိုးထိုး အပြစ်ပုံချမှုများက အလုပ်ဖြစ်တော့မည် မဟုတ်ဟု ယူဆသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်ကာ နိုင်ငံရေး မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ပြီး အကြမ်းဖက်သည့် မည်သူကိုမဆို ဧရာဝတီက ရှုတ်ချပါသည်။ ထိုသို့ ပြုမူသည့် တရားခံ အစစ်အမှန် များကိုလည်း တာဝန်ရှိသူများ အနေဖြင့် တိကျ ခိုင်မာစွာ ရှာဖွေ ဖော်ထုတ် ဖမ်းဆီး အရေးယူရန် တိုက်တွန်းပါသည်။

သို့မှသာ အစိုးရကို ပြည်သူလူထုက အပြည့်အဝ ယုံကြည်နိုင်မည် ဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံ အနေဖြင့် လျှောက်လှမ်းမည့် ခရီးလမ်းတွင် အထစ်အငေါ့ ကင်းမဲ့မည် ဖြစ်ကာ လာမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၄ အာဆီယံ ဆွေးနွေးပွဲများတွင် နိုင်ငံတကာ အလယ်၌ မြန်မာပြည် မျက်နှာကောင်း ရနိုင်ပေလိမ့်မည်။

Loading