"မုန့်တိုက်ပွဲ" ဦးဆောင်သူနှင့်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည့် ဓာတုဆိုးဆေးပါ မုန့်များ မရောင်းချ၊ မစားသုံးမိစေရေးအတွက် လက်ကမ်းစာစောင် ဝေခြင်း၊ ဟောပြောပွဲကျင်းပခြင်းများကို “မုန့်တိုက်ပွဲ”ဟု အမည်ပေးကာ စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်နေသော  ဒေါက်တာ ကျော်ဆွေအား မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာကျော်ဆွေကို ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ်မေးမြန်းထားပါသည်။ ဒေါက်တာကျော်ဆွေသည် ၁၉၉၅ ခုနစ်တွင် ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဘွဲ့ရယူကာ ၁၉၉၆ ခုနစ်မှ ၂၀၀၂ ခုနစ်ထိ မန္တလေးတိုင်း သပိတ်ကျင်းမြို့တွင် သွားဘက်ဆိုင်ရာ ဆရာဝန်အနေဖြင့် တာဝန်ထမ်းခဲ့ပြီး၂၀၀၂ ခုနစ်မှ ယနေ့ထိ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားဘက်ဆိုင်ရာ ဆရာဝန်အဖြစ်လည်းကောင်း၊ ကျောင်းကျန်းမာရေး အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

မေး။    ။ ဆရာတို့ အဖွဲ့အစည်းကို သက်ဆိုင်ရာက ဘာကြောင့်ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပါသလဲ။

ဖြေ။    ။ ကျနော့်ကိုခေါ်တုန်းက တိုင်းဒေသကြီး အဖွဲ့ ညွှန်ကြားချက်အရဆိုပြီးတော့ ခေါ်မေးတာပါ။ ခေါ်တဲ့နေ့က အောက်တိုဘာ ၁၅ ရက် အချိန်က မနက် ၉ နာရီခွဲလောက်မှာ ခေါ်လိုက်တယ်။ စခန်းမှူးနဲ့တွေ့တယ်။ လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး မေးစရာ ရှိတာ မေးတယ်။ ဒါပေမယ့် သူတို့က သိချင်လို့ မေးနေတဲ့ ပုံစံမဟုတ်ဘဲ၊ ကျနော်တို့နဲ့ ပတ်သတ်တဲ့ ရည်ရွယ်ချက်တွေ လှုပ်ရှားမှု ဆောင်ရွက်နေပုံတွေကို မမေးပဲနဲ့၊  လက်ကမ်းစာစောင်ကို ဘယ်သူတွေ ရိုက်ပေးသလဲ၊ ဘယ်နေရာမှာ ရိုက်လဲ၊ ရိုက်ပေးတဲ့သူတွေရဲ့ နာမည်တွေ အဖေနာမည်တွေ အားလုံးမေးတာပေါ့။ ဒီစာတွေက ဘယ်မှာရိုက်တာတွေ ဘယ်သူရေးတာတွေကို နောက် ဘယ်မှာတွေဖြန့်တာလဲ ဆိုပြီး တရားခံစစ်သလို စစ်ဆေးတာပေါ့။

မေး။    ။ မုန့်တိုက်ပွဲနဲ့ ပတ်သက်ပြီး နာမည်မသုံးဖို့ ဖိအားပေးခဲ့တယ် ကြားပါတယ်။

ဖြေ။    ။ ကျနော့်ကို သက်ဆိုင်ရာက ခေါ်တွေ့ပြီးနောက်ပိုင်းမှာပဲ တောင်တွင်းကြီး ဆေးရုံအုပ်ကြီးက ကျနော့်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ထပ်ခေါ်တွေ့တယ်။မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို ဖုန်းဆက်တယ်တဲ့။ မုန့်တိုက်ပွဲဆိုတဲ့ စကားလုံးက အရမ်းပြင်းထန်တဲ့ စကားလုံး တဲ့။ ပြင်ဆင်ဖို့ပြောတာပေါ့။ ကျနော်ကလည်း တိုက်ပွဲဆိုတာ လူလူချင်း တိုက်တဲ့ပွဲ ပြောတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာက လက်ကမ်းစာစောင်ကို သေချာမဖတ်လို့ ဖြစ်ပါမယ်။ ကျနော်က အဆိပ်ရှိတဲ့ မုန့်တွေ၊ အန္တရာယ်ရှိတဲ့ နိုင်ငံခြားမုန့်တွေအစား မြန်မာရိုးရာမုန့်တွေနဲ့ပြန်တိုက်တဲ့ အဓိပ္ပါယ်ပါလို့။ ကျနော်က တင်စားခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။ တိုက်ပွဲဆိုတဲ့ အသုံးအနှုန်းမကြိုက်ဘူးဆိုရင်လည်း ကျနော်ပြင်ပေးပါမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အခု လောလောဆယ်မှာ မုန့်တိုက်ပွဲ အစား မုန့်လှုပ်ရှားမှုလို့ ကျနော် ပြင်ဆင်ထားပါတယ်။

မေး။    ။ ဆရာတို့အဖွဲ့က တရားဝင်ဖွဲ့ထားတာလား။

ဖြေ။    ။ ကျနော်တို့ အနေနဲ့ တရားဝင်ဖွဲ့စည်းထားတာတော့ မဟုတ်ဘူး။ လှုပ်ရှားမှုအဖွဲ့အနေနဲ့ မိဘတိုင်း ပြည်သူတိုင်း ကိုယ့်အိမ်မှာ လုပ်နေရင်လည်း ရတယ်လေ။ အဖွဲ့ဝင်အနေနဲ့ လျှောက်လွှာတင်စရာ မလိုဘူး။ ကျနော်တို့မှာ အဖွဲ့ဝင်အနေနဲ့ သီးခြားလည်း မရှိပါဘူး။ ပါဝင်ဆောင်ရွက်သူတိုင်းက ကျနော်တို့ အဖွဲ့ဝင်ပါပဲ။ အားလုံးက တန်းတူပါပဲ။

မေး။    ။ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးတဲ့အပေါ် မုန့်လှုပ်ရှားမှု အနေနဲ့ ဘယ်လိုတုန့်ပြန် လုပ်ဆောင်သွားမလဲ။

ဖြေ။    ။ ကျနော်တို့က ဘယ်လိုမှ မတုန့်ပြန်ပါဘူး။ သူတို့အနေနဲ့ တာဝန်ရှိလို့ ခေါ်ယူမေးမြန်းတယ်လို့ ယူဆပါတယ်။ ကျနော်တို့ကတော့ လုပ်စရာရှိတာတွေ ရှေ့ဆက် လုပ်သွားမှာပါ။ သူတို့ကို ကျနော်တို့က ဆန့်ကျင်နေတာ မဟုတ်ဘူး။ ကျနော်တို့ ကလည်း ဓာတုဆေးဆိုးတဲ့မုန့်တွေ အားလုံး တိုက်ထုတ်ပြီး မြန်မာရိုးရာမုန့်ကို ပြန်လည်ဖော်ထုတ်နေမှာပါ။ မြန်မာရိုးရာ မုန့်ပညာရှင်တွေ ကျနော်တို့ လိုက်လံ ရှာဖွေမယ်၊ ပံ့ပိုးမယ်။ မြန်မာရိုးရာမုန့်တွေကို သပ်သပ်ရပ်ရပ် ရောင်းချနိုင်အောင် လုပ်သွားမှာပါ။ ပြီးတော့ မြန်မာရိုးရာမုန့်တွေကို
ပါကင်စနစ်ဖြင့် ရောင်းချနိုင်အောင် လုပ်ဆောင်သွားမှာပါ။ မြန်မာရိုးရာမုန့်ကိုပဲ ဈေးဆိုင်တွေမှာ တင်ဆောင်ပြီးတော့ ရောင်းချနိုင်အောင် လုပ်မယ်။ ပြီးတော့ ကလေးတွေကိုလည်း မြန်မာမုန့်နဲ့ ပတ်သက်ပြီး ရှင်းပြမယ်။ ဒီလို ကျနော်တို့ လုပ်ငန်းတွေကို တဖြည်းဖြည်းမြင့်သွားအောင် လုပ်ဆောင်သွားမှာပါ။

မေး။    ။ ဒီလိုလှုပ်ရှားမှုက ဘယ်နှခုနစ်က စတင်လှုပ်ရှားပါသလဲ။

ဖြေ။    ။ ကျနော်တို့က ဒီနှစ်မှ စလှုပ်ရှားတာပါ။ ၂၀၁၃ ခုနစ် ဩဂုတ်လကတည်းကလို့ ပြောလို့ရပါတယ်။

မေး။    ။ အဖွဲ့တိုးခ့ျဲလုပ်ဆောင်မယ်နေရာ ဒေသတွေက ရော။

ဖြေ။    ။ လောလောဆယ် ကျနော်တို့ အဖွဲ့ တောင်တွင်းကြီးမှာပဲ လှုပ်ရှားပါတယ်။ တောင်တွင်းကြီးမှာဆိုရင်တော့ မိဘမဲ့ကျောင်းတွေ အစိုးရစာသင်ကျောင်းတွေ ပညာရေးဌာနက ခွင့်ပြုချက်ရမှ ကျနော်တို့ လုပ်ဆောင်လို့ရမှာလေ။ အဲဒီနေရာတွေကို မြန်မာရိုးရာမုန့်တွေရဲ့ အနှစ်သာရကို ပြချင်တယ်။ ပြီးတော့ နယ်မြို့တွေကနေပြီး ကျနော်တို့ လက်ကမ်းစာစောင်မှာရင်တော့ ကျနော်တို့ ပို့ပေးပါတယ်။ လောလောဆယ်တော့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်ဘက်တွေတော့ ပို့ဆောင်ပြီးသွားပါပြီ။ ရန်ကုန်တိုင်းမှာလည်း အခြားအဖွဲ့အစည်းက လုပ်ဆောင်နေတယ်လို့ ကြားပါတယ်။ သက်ဆိုင်ရာ အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းလှုပ်ရှားမယ်ဆိုရင် ပိုထိရောက်မြန်ဆန်မယ် ထင်ပါတယ်။

မေး။    ။ ကျောင်းတွေမှာ လှုပ်ရှားနေတယ်ဆိုတာ ဘယ်လိုလှုပ်ရှားနေပါသလဲ။

ဖြေ။    ။ ကျောင်းတွေမှာ လှုပ်ရှားနေတယ်ဆိုတာကလည်း ကျောင်းဝင်းထဲ မသွားရဘူး။ ကျောင်းပြင်ပကနေ ပြီးတော့ပဲ ကျနော်တို့ လက်ကမ်းစာစောင်တွေ ဝေရတယ်။ ပြီးတော့ မိဘတွေကို အကျိုးအကြောင်း ရှင်းပြရတာပေါ့။

မေး။    ။ ကလေးတွေ ဆေးဆိုးထားတဲ့ မုန့်တွေ စားသုံးနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့ ငယ်ငယ်တုန်းက မြန်မာမုန့်တွေနဲ့ ကြီးပြင်းလာခဲ့ရတယ်လေ။ အရင်တုန်းက မုန့်တွေက ဓာတုဆိုးဆေးမပါဘူး။ အန္တရာယ်မရှိဘူး။ ဈေးလည်းမကြီးဘူး။ စားလို့လည်း ကောင်းတယ်လေ။ အခုခေတ်ကလေးတွေက မွေးကတည်းက မြန်မာမုန့်နဲ့ ကင်းဝေးနေကြတယ်။ ဓာတုဆေးပါတဲ့မုန့်တွေ၊ အန္တရာယ်ရှိစေတဲ့မုန့်တွေ၊ ပြီးတော့ သက်တမ်းကုန်တဲ့မုန့်တွေကို ငယ်ကတည်းက နေ့စဉ်နဲ့ အမျှ စားသောက်နေရတဲ့အတွက် အသက်အန္တရာယ်ကို စိုးရိမ်ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လူညွန့်တုံးစေပါတယ်။ အရွယ်မတိုင်ခင်မှာပဲ အသည်းကင်ဆာတို့ အစာအိမ်ကင်ဆာတို့နဲ့ ဆုံးပါးသွားနိုင်ပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ကလေးတွေက အနယ်နယ်အရပ်ရပ်ကလေး တွေက ဒီအတိုင်း ဓာတုဆေးပါတဲ့ မုန့်တွေ နေ့တိုင်းစားသုံးနေမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရှိ မျိုးဆက်တွေ ပျက်သွားနိုင်ပါတယ်။ ပြီးတော့ နိုင်ငံကလည်း ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။

မေး။    ။ မုန့်လှုပ်ရှားမှု လက်ကမ်းစာစောင်ထဲမှာ ဘာတွေထည့်သွင်းထားလဲ။

ဖြေ။    ။ မုန့်တွေရဲ့ အန္တရာယ်ကို သိမြင်လာအောင် လူမျိုးတမျိုးလုံး တိုက်ခိုက်ခံနေရပြီလားဆိုတဲ့ ဆောင်းပါး ပါပါတယ်။ မြန်မာမုန့်ထုတ်လုပ်ရောင်းချသူများထံသို့၊ မြို့နယ်အတွင်းရှိ မုန့်ဖြန့်ဖြူးရောင်းချသူများထံသို့၊ မြို့နယ်အတွင်းရှိ မုန့်ထုတ်လုပ်ရောင်းချသူများထံသို့ အကြံပြုစာ ပါပါတယ်။

မေး။    ။ ဈေးသည်တွေကိုရော ဆရာတို့ အဖွဲ့က ဘယ်လိုညှိနှိုင်းဆောင်ရွက်နေပါသလဲ။

ဖြေ။    ။ ဈေးသည်တွေကို ကျနော်အနေနဲ့ မေတ္တာရပ်ခံချက်ထုတ်ထားတာကတော့ ဓာတုဆေးပါတဲ့ မုန့်တွေ ရက်လွန်တဲ့မုန့်တွေကို မရောင်းဖို့၊ ကျောင်းဈေးဆိုင်တွေမှာလည်း အဲဒီလို မုန့်တွေ မရောင်းမိအောင် စိစစ်ဖို့ ပြောထားပါတယ်။ နောက်တခုက အန္တရာယ်ရှိမှန်း သိရက်နဲ့ ရောင်းချနေမယ်ဆိုရင် မုန့်တွေကို ကျနော်တို့က ဝိုင်းဆန့်ကျင်နေတဲ့အတွက် ရောင်းရမှာမဟုတ်ဘူးလို့ ပြောပြပါတယ်။ ရောင်းရင်လည်း အရင်းအနှီး ပြုတ်သွားနိုင်တယ်။ အန္တရာယ်ကင်းတဲ့မုန့်ကို စိစစ်တင်ရောင်းချဖို့ စသည်ဖြင့် ပြောပါတယ်။

မေး။    ။ မိဘတွေနဲ့ ကလေးတွေ တုန့်ပြန်မှု ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ မိဘတွေကလည်း အခု ဆိုရင် ဓါတုဆေးဆိုးတဲ့ မုန့်တွေမစားမိအောင် ရှောင်တယ်။ မိဘတွေအနေနဲ့ကလည်း ဒီလိုမုန့်ကို စားနေတဲ့ သူတို့ သားသမီးအတွက် ရင်လေးနေတာ ကြာပြီ။ သူတို့အနေနဲ့ ဘာလုပ်ရမှန်းမသိလို့ ဒီအတိုင်းနေလိုက်ကြတယ်။ ကျနော်တို့ နောက် အခုဆိုရင် အများကြီး ဝိုင်းပါလာကြတော့ ကျနော်တို့ ဝမ်းသာပါတယ်။ အခုဆိုရင် မြန်မာမုန့်တွေ ကလေးတွေကို ဝယ်ကျွေးလာတာမြင်တော့ အရမ်းဝမ်းသာပါတယ်ဗျာ။

မေး။    ။ ဘာများထပ်ပြီးတော့ ပြောချင်ပါသလဲ။

ဖြေ။    ။ အဓိကတော့ အာဏာပိုင်တွေ ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်တယ်။ ပြီးတော့ ကျနော်တို့က အာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။သူတို့အနေနဲ့ ကျနော်တို့ လှုပ်ရှားမှုကို သိအောင်ဆောင်ရွက်စေချင်ပြီး ပါဝင်စေချင်တာပေါ့။ တကယ်တော့ ပူးပေါင်းကူညီမယ်ဆိုရင်တော့ ထန်းသီးမုန့်လိုပေါ့၊ အထက်မီး အောက်မီးပေးပြီးမှ မုန့်က တက်မှာပါ။ အခုတော့ ပြည်သူတွေကပဲ အောက်ကနေ မီးပူပေးနေရင်တော့ ဒီမုန့်ဟာ တခြမ်းပဲကျက်ပြီး စားလို့မကောင်းတော့ဘူးပေါ့ဗျာ။     ။

Loading