မနက်စောစော အိပ်ရာနိုးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး မနက်စာ စားကြတာဟာ မြို့ပြဒေသက ဓလေ့တခုပါ။ မနက်စာအပြင် နေ့လည်ဖက်မှာလည်း ဒီလူတွေဟာ အလုပ်ချိန်နည်းနည်း အားတာနဲ့ လဖက်ရည်ဆိုင် ပြေးထိုင်တတ်ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်ဆိုတာဟာ အစာစားဖို့ နေရာတင်မကဘဲ စကားထိုင်ပြောဖို့၊ ဆွေးနွေးငြင်းခုံဖို့၊ လေကန်ဖို့ နေရာတခုလည်း ဖြစ်လာခဲ့ပါတယ်။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဒီအဆင့်အထိကို ကျနော် ကောင်းကောင်း နားလည်ပေမယ့် “လက်ဖက်ရည်ဖိုး တောင်းတဲ့ယဉ်ကျေးမှု” ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကတော့ သိပ်မရှင်းလှပါ။ ဒီလို လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းကနေ ဒီဝေါဟာရ ပေါ်လာတာလား၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သူတို့ဆီလာတဲ့ ဧည့်သည်တွေကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး ကျွေးမွေးခိုင်းရာကနေ ဒီစကားလုံး ပေါ်လာတာလား၊ ဘယ်ကနေ ဘယ်လို ဒီဝေါဟာရ ပေါ်လာမှန်းမသိပေမယ့် ဒီစကားလုံး အခုချိန်အထိ ခေတ်စားနေဆဲဆိုတာကတော့ သေချာပါတယ်။
ပြီးခဲတဲ့မေလက ရန်ကုန်ကနေ ထားဝယ်အသွား လေယာဉ်ကွင်း ပေါင်ချိန်စက်မှာ ကျနော် လက်ဖက်ရည်ဖိုး အတောင်းခံခဲ့ရပါတယ်။ “ညီလေး လက်ဖက်ရည်ဖိုးလေး” လို့ ဝန်ထမ်းတဦးကပြောတော့ ကျနော် ကောင်းကောင်း နားမလည်။ လက်ဖက်ရည်ဖိုး ဆိုတာကို ကျနော် မကြားဖူးတာ ၂၅ နှစ်တောင် ကြာခဲ့ပြီပဲလေ။ ဒါပေမယ့် ကျနော့်ကို လိုက်ပို့တဲ့ မိတ်ဆွေက ၅၀၀ တန်တရွက်ကို ထုတ်ပြီး ချက်ချင်းပေးလိုက်မှ “သြော် … ခေတ်ပြောင်းကာလမှာလည်း ဒါတွေရှိနေဆဲကိုး” လို့ နားလည် လိုက်ရပါတယ်။
|
ပြန်တော်ပြန် ခရီးစဉ်အတွင်း ဒီအကြောင်းကို ကျနော်က ပြန်ရေးပြတော့ ငွေ ၅၀၀ လောက် ပေးရတာကိုများ စာဖွဲ့နေတယ်၊ အသေးအဖွဲ့လေးကအစ Negative အမြင်တွေ သိပ်များနေတယ်ဆိုပြီး စာဖတ်ပရိသတ်တဦးက ဝေဖန်ပါတယ်။ “ပုံမှန် ခရီးသွားနေကြသူတွေ၊ မြန်မာလူမျိုး တော်တော်များများကတော့ ပုံမှန် မုန့်ဖိုး၊ ပဲဖိုးလေး ပေးသွားကြတာပဲ။ ဒါကို လာဘ်တောင်းတယ်လို့ ခေါ်မလား” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ငြင်းချက်ထုတ်ပါတယ်။
ဟုတ်ပါတယ်။ မြန်မာငွေ ၅၀၀ ဆိုတာဟာ ဒေါ်လာနဲ့တွက်ရင် တဒေါ်လာတောင် မရှိပါဘူး။ လက်ဖက်ရည်တခွက်တောင် ၃၀၀ ကျပ် ဖြစ်နေချိန်မှာ ၅၀၀ ကို ထည့်တွက်စရာ မရှိပါဘူး။ ဒါပေမယ့် “မြန်မာလူမျိုး အတော်များများကတော့ ပုံမှန် မုန့်ဖိုးပဲဖိုးလေး ပေးသွားကြတာပဲ” ဆိုတဲ့ အယူအဆနဲ့ “ဒီလိုတောင်းတာကို လာဘ်တောင်းတယ်လို့ ခေါ်မလား” ဆိုတဲ့ အယူအဆပေါ်မှာတော့ ဆွေးနွေးစရာ ရှိလာပါတယ်။
ဒါကို လာဘ်တောင်းတယ်လို့ မခေါ်ရင် ဘယ်လိုခေါ်မလဲ။ ဒါကို အလှူပေးလိုက်တယ်လို့ပဲ အလွယ် သဘောထားကြမလား။ ဘာကြောင့် ဒီလို တောင်းနေတာလဲ။ သူ့မှာ အဲဒီလို တောင်းပိုင်ခွင့်ရှိသလား။ သူ တောင်းတိုင်း ကျနော်က ပေးရမှာလား။ ဒီလို အလွယ်တကူ ပေးလိုက်ခြင်းအားဖြင့် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ ၅၀၀ ပေးရတာကို စာမဖွဲ့ချင်ပေမယ့် ၅၀၀ ပေးလိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်တာတွေကိုသာ ကျနော်က မေးခွန်းထုတ်ချင်နေတာပါ။
ဒီမေးခွန်းကို မဖြေခင် နောက်ထပ်ကြုံခဲ့ရတဲ့ လဖက်ရည်ဖိုး ယဉ်ကျေးမှုအကြောင်းတွေကို နည်းနည်းဖြည့်ပြော ချင်ပါတယ်။ ကျနော် မော်လမြိုင်တက္ကသိုလ်ဆီဝင်ပြီး လွန်ခဲ့တဲ့ ၁၉၈၈ တုန်းက တက်ခဲ့ဖူးတဲ့ စတုတ္တနှစ် ကျောင်းထွက်လက်မှတ် သွားယူတော့ “ဒီဆရာက နိုင်ငံခြားပြန်ဆိုတော့ လက်ဖက်ရည်ဖိုး အများကြီး ပါမယ်ထင်တယ်” ဆိုတဲ့ စာရေးမလေးတွေရဲ့ တီးတိုးစကားသံကို မသဲမကွဲ ကြားလိုက်ရပါတယ်။
တခါ ရန်ကုန်က ထွက်ခါနီး မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးဆီသွားပြီး ၁၀ တန်းအောင်လက်မှတ် သွားတောင်းပါတယ်။ ဒီရုံးမှာတော့ ကျနော်နဲ့သိသူ တဦးမှမရှိ။ သိသူတွေ၊ ရင်းနှီးသူတွေနဲ့တဆင့် ဝင်ရကောင်းမှန်းလည်း ကျနော်က မသိပါ။ ဒီတိုင်း ရိုးရိုးပဲ သွားတောင်းတော့ မရပါဘူး။ “မင်းကလည်းကွာ ရေတပုံးလောက် လောင်းလိုက်ရင် ရပါတယ်။ ပြင်ပြင်ဆင်ဆင်လုပ်ပြီး သွားမှပေါ့” လို့ ရန်ကုန်နေ မိတ်ဆွေတွေကပြောတော့မှ လက်ဖက်ရည်ဖိုး ယဉ်ကျေးမှုကို နားမလည်ရင် ခေတ်ပြောင်းစ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်ဖို့မလွယ်သေးဘူး ဆိုတာကို နားလည်ခဲ့ရပါတယ်။
“အရပ်ဖက်ဝန်ထမ်းတွေ လစာမလောက်လို့ လာဘ်စားတာ အပြစ်လားကွာ။ ရှေ့တန်းက စစ်သားတွေဆို ကျည်ဆံကိုတောင် ရောင်းစားနေရတာ မင်းသိတာပဲ” လို့ ရန်ကုန်ရောက် သူပုန်ဟောင်းတဦးက ပြောပါတယ်။ သူအပြော ပိုတယ်လို့ မထင်ပါနဲ့။ ၁၉၉၀ ပြည့်လွန် နှစ်တွေက ရှေ့တန်းမှာ တကယ်ကြုံခဲ့ရတာပါ။ မြန်မာ့တပ်မတော်က ထုတ်တဲ့ စစ်ပစ္စည်းတွေကို မင်္ဂလာဒုံဈေးနဲ့ တခြား စစ်စခန်းရှိတဲ့ တပ်မြို့တွေက ဈေးတွေမှာ အလွယ်တကူ ဝယ်နိုင်တာ လူတိုင်းသိပါတယ်။ အဲဒီပစ္စည်း အများစုဟာ စစ်သားတွေ လစာ မလောက်လို့ ပြန်ရောင်းစားထားတယ် ဆိုတာကိုလည်း သူတို့သိကြပါတယ်။
ရှေ့တန်းမှာတော့ ဖိနပ်တွေ၊ အီးကွေးမင်းတွေ၊ ခြင်ထောင်တွေ ရောင်းစရာမရှိတော့လို့ ကာဘိုင်ကျည် (အဲဒီကာလက သူပုန်နဲ့ အစိုးကြား လက်နက်ချင်း၊ ကျည်ချင်း သိပ်မတူဘဲ ကာဘိုင်တမျိုးပဲ တူပါတယ်) ကိုတောင် ရောင်းထုတ်ရတဲ့ အဖြစ်မျိုး တွေ့ရဖူးပါတယ်။ သူပုန်တွေဆီ တိုက်ရိုက်ရောင်းတာ မဟုတ်ပေမယ့် ဒီကျည်တွေ သူပုန်တွေဆီ ရောက်သွားပြီး သူတို့ကို ပြန်လာတိုက်မယ့်အထဲ ပါလာနိုင်တယ်ဆိုတာကို အသက်ပေးတိုက်နေတဲ့ စစ်သားတွေ မသိဘဲ ဘယ်နေပ့ါမလဲ။ ဒါပေမယ့် ဒါတွေဟာ မြန်မာနိုင်ငံမှာ တကယ်ဖြစ် ပျက်ခဲ့တာတွေပါ။
အနှစ်ပြန်ချုပ်ရမယ်ဆိုရင် လေယာဉ်ကွင်းဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ စစ်ဖက်ဝန်ထမ်း အားလုံးဟာ လစာမလောက်လို့ လက်ဖက်ရည်ဖိုး တောင်းတယ်။ လစာမလောက်လို့ ကျည်ဆံနဲ့ စစ်ပစ္စည်းတွေ ရောင်းစားနေရပါတယ်။ ကျောင်းဆရာတွေကတော့ လစာမလောက်လို့ ကျုရှင်သင်နေကြရပါတယ်။ ဒါဖြင့် လစာလောက်တဲ့ သူတွေကရော လက်ဖက်ရည်ဖိုး မတောင်းတော့ဘူးလား။ ဝင်ငွေ ဘယ်လောက်ရှိတဲ့ သူကို လစာလောက်ငှတယ်လို့ ပြောမလဲ။ အနိမ့်ဆုံးလစာ ဘယ်လောက်ရှိရမယ်လို့ အစိုးရက သတ်မှတ်ပေးထားပြီးပြီလား။ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း မျှတအောင် အစိုးရက ဘယ်လို စီမံပေးထားသလဲ။ စသည်ဖြင့် နောက်ဆက်တွဲ မေးခွန်းတွေက ပေါ်လာပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ အစိုးရဝန်ကြီးဌာန ၆ ခုလောက် ကျပ်သိန်းထောင်ချီတဲ့ ငွေအလွဲသုံးစားလုပ်မှု သတင်းတွေ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဘက်ကနေ ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ပြန်ကြားရေး၊ စက်မှု (၁)၊ စက်မှု (၂)၊ လယ်ယာနှင့် ဆည်မြောင်း၊ သတ္တုတွင်း နဲ့ စစ်တပ်အတွက် တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ပါဝင်တယ်လို့ သတင်တွေက ဆိုပါတယ်။
ဒါက အစိုးရဖက်ကလူတွေ လာဘ်စားမှုပါ။ ဒါဖြင့် အတိုက်ခံဘက်က လူတွေကရော လာဘ်ငွေကို မခုံမင်ကြဘူးလား။ အတော် အဖြေရကျပ်တဲ့ မေးခွန်းပါပဲ။ ပြီးခဲ့တဲ့ လပိုင်းအတွင်းကတော့ ခရိုနီ၊ ခရိုပြာတွေ လှူတဲ့ငွေကို လက်ခံသင့်၊ မသင့်နဲ့ပတ်သက်ပြီး အဓိက အတိုက်ခံတွေဖြစ်တဲ့ NLD ပါတီနဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့စည်းတွေကြားမှာ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ဆင်ခြေ အမျိုးမျိုးပေးပြီး ခရိုနီတွေကို စည်းရုံးရမယ်ဆိုတဲ့ မူနဲ့လက်ခံလိုက်တာပါပဲ။
တခါ ၈၈ မျိုးဆက် တောခိုကျောင်းသား အဖွဲ့ဖြစ်တဲ့ ABSDF ကလည်း အစိုးရဖက်ကပေးတဲ့ ကားအစီးရေ ၆၀ ရဲ့ ပါမစ်ကို မကြာသေးခင်က လက်ခံလိုက်တယ်လို့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒါကို အစိုးရက သူပုန်တွေဆီ လာဘ်ထိုးတယ်လို့ ပြောမလား၊ စေတနာအလျောက် လှူတန်းလေ့ရှိတဲ့ မြန်မာ့ယဉ် ကျေးမှုလို့ ဆိုမလား၊ နိုင်ငံရေးအရ အပေးအယူ လုပ်တယ်လို့ အဓိပ္ပာယ်ဖွင့်မလား။
ဒီဖြစ်စဉ်အပေါ် ကြည်ရှုသူက ဘယ်နေရာမှာရပ်နေပြီး ကြည့်နေသလဲဆိုတဲ့ “ကိုယ့်ရဲ့ရပ်တည်ချက်” ပေါ် မူတည်ပြီး အဓိပ္ပာယ် သတ်မှတ်ချက် ကွဲပြားသွားနိုင်တယ်လို့ ထင်ပါတယ်။ အလှူပေးတယ်လို့ မြင်ချင်မြင်နိုင်သလို လာဘ်ပေးလာဘ်ယူ လုပ်တယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။ သင် ဘယ်နေရာမှာ ရပ်နေသလဲဆိုတဲ့အချက်က သင့်အမြင်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
အစိုးရ၊ အတိုက်ခံနဲ့ ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုကို ခဏထားလိုက်ပါဦး။ ဒီအမှုတွေကို ဖော်ထုတ်ဖို့ အဓိက တာဝန်ရှိတဲ့ မီဒီယာသမားတွေ ကိုယ်တိုင်က သမ္မတပေးတဲ့ ငွေ သိန်း ၅၀၀ ကို လက်ဆောင်အဖြစ် ယူလာမိတဲ့အခါ ဘယ်လို ပြောတော့မလဲ။ ယူလာသူတွေနဲ့ သူတို့နဲ့ နီးစပ်သူတွေကတော့ ဒါဟာ စာနယ်ဇင်းအဖွဲ့ ရန်ပုံငွေအတွက် ဖြစ်တယ်။ ကိုယ်ကျိုးအတွက် မသုံးဘဲ အဖွဲ့အတွက်သုံးရင် အကျိုး ရှိပါတယ်။ ဒါကို လာဘ်ယူတယ်လို့ မယူဆသင့်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် စတုတ္တမဏ္ဍိုင်ဟာ လုံးဝလွတ်လပ်ရမယ်ဆိုတဲ့ အမြင်ရှိသူ သတင်းသမား အများစုကတော့ ဒါကို လက်မခံကြပါဘူး။ သမ္မတက စာနယ်ဇင်းကောင်စီကို လာဘ်ထိုးတယ်လို့ အမြင်ရှိကြပါတယ်။ ဒါဆိုရင် သမ္မတကိုယ်တိုင် လာဘ်ပေးသူ ဖြစ်နေပြီလား။ မီဒီယာသမားတွေကိုယ်တိုင် လာဘ်စားသူ ဖြစ်နေပြီလား။
ဒီလို လက်ဖက်ရည်ဖိုး ကျပ် ၅၀၀ ကအစ အလှူငွေ သိန်း ၅၀၀ အထိ ပေးခြင်းဟာ စေတနာအလျောက် လှူတန်းခြင်းလား။ လာဘ်ပေးလာဘ်ယူမှု အထမြောက်သလားဆိုပြီး အငြင်းပွားလို့ကောင်းတုန်းမှာ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး အာဏာတည်စေရမည်လို့ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ကဲ … ဒီဥပဒေ အတည်ဖြစ်ပြီဆိုရင် ဘယ်သူတွေက ဘယ်သူတွေကို ဘယ်လို “မူ” တွေနဲ့ အရေးယူမှာလဲ …။
စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းလဲနေပါတယ် ဆိုတဲ့ စကားလုံးတွေ ထွန်းကားရာ မြန်မာနိုင်ငံ မြို့ပြဒေသက လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ရင်း အနာဂတ်နိုင်ငံတော်သစ်မှာ ခြစားမှု ပပျောက်ရေးအတွက် ကျနော်တို့ ဆက်လက် ငြင်းခုန်ကြရဦးမှာပါ။