၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ပါသလား။ ထိုမေးခွန်းအပေါ် ကျနော့်အနေဖြင့် ပြင်ဆင်ရန်လိုအပ်ပါသည်ဟု နိုင်ငံအကျိုးကို ရှေ့ရှု၍ ရိုးသားစွာ တင်ပြလိုပါသည်။
နိုင်ငံတနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုနိုင်ငံ၏ အသက်ဝိညာဉ်နှလုံးသားဟု ဆိုရလောက်အောင် အရေးပါလှသည့် ဥပဒေကြီး တခုဖြစ်ရာ ဥပဒေဆိုင်ရာ စံချိန်စံညွှန်းများ၊ ဒီမိုကရေစီ နိုင်ငံရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ ယုတ္တိဗေဒ သဘောတရားဆိုင်ရာ စံချိန်စံညွန်းများနှင့်လည်း ညီညွှတ်ရန် လိုအပ်လှပေသည်။
သို့ဖြစ်ရာ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော နိုင်ငံတော်ဖွဲ့စည်းပုံရှိရပါသည်။
၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက ဦးဆောင်ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အထက်ပါ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု နည်းပါးသည့်အပြင် ပြည်သူလူထု ဆန္ဒသဘောထား နှင့်လည်း ညီညွတ်မှု မရှိကြောင်း တွေ့ရပါသည်။ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားအများစု၏ ဆန္ဒအပေါ် အခြေခံ၍ ရေးသားပြဋ္ဌာန်း မှသာလျှင် တရားမျှတ သဘာဝကျမည် ဖြစ်ပါသည်။
ယင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ပြင်ဆင်မည်လား၊ အသစ်ရေးဆွဲမည်လား” ဟူသည့် ကိစ္စတရပ်သည် လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှသည် အနာဂတ်ဒီမိုကရေစီ နိုင်ငံ ထူထောင် ဖော်ဆောင်နိုင်ရေး အထိ အရေးအကြီးဆုံး ဖြစ်လာရသည်။
၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် အခြေအနေ အရပ်ရပ်အပေါ် တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက် တပ်မတော် အကြီးအကဲက ရွှေးကောက်ပွဲ အလျင်အမြန်ကျင်းပ၍ နိုင်ငံတော်အာဏာကို ပြန်လည် လွွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသည့် အာဏာပိုင် တို့က သင့်လျော်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၍ တိုင်းပြည်အား ဆက်လက် အုပ်ချုပ်သွားရန် ဖြစ်ကြောင်း ကတိစကားများ ပြောကြားခဲ့ပြီး နောက် ၁ နှစ် အတွင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၁၉၈၉ ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ နောက် ၁ နှစ်အကြာ ၁၉၉၀ ပြည့်နှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့သည်။
ထို့နောက် စစ်အစိုးရက အနိုင်ရ ပါတီအား နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးရမည့်အစား အာဏာကို လွှွဲပြောင်းပေးခြင်း မပြုဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲရန် လိုအပ်သည်ဟု ဆိုကာ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲရန် အမျိုးသားညီလာခံ တရပ်ကို ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံဥပေဒ အသစ် ရေးဆွဲရေး လုပ်ငန်းများ ဆောင်ရွက်စေခဲ့သည်။
ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို ရေးဆွဲရာတွင် နိုင်ငံသားအားလုံး ပါဝင်၍ အကြံပြုခွင့်၊ ငြင်းခုံဆွေးနွေး တင်ပြခွင့် ရှိသင့်သော်လည်း ထိုကဲ့သို့ နိုင်ငံသားများဘက်မှ သဘောထားဆန္ဒကို မတင်ပြနိုင်အောင် ၁၉၉၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် – ၅/၉၆ ကို ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေ ခေါင်းစဉ်ကို “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွွှဲပြောင်း ပေးရေးနှင့် အမျိုးသား ညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေး တို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကွာကွယ်သည့် ဥပဒေ”ဟု သတ်မှတ်ပေးခဲ့ပါသည်။
အဆိုပါ ဥပဒေပုဒ်မ – ၃ တွင် အမျိုးသားညီလာခံက ရေးဆွဲပြုလုပ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များ အပေါ် ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော် ဟောပြော ရေးသားခြင်း စသည့် ကိစ္စရပ်များကို နိုင်ငံသားများ မည်သူမျှ မပြုလုပ်ရန် ကန့်သတ် ပိတ်ပင်ထားပြီး အဆိုပါ ကန့်သတ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒဏ်အနည်းဆုံး ၅ နှစ်မှ အများဆုံး နှစ် ၂၀ အထိ ချမှတ်မည် ဟု ပုဒ်မ ၄ ၌ ပြဋ္ဌာန်းခဲ့သည်။
အထက်ဖော်ပြပါ ဥပဒေပုဒ်မ ၅/၉၆ အရ နိုင်ငံတော်၏ အသက်ဝိညာဉ် ဟုခေါ်ဆိုအပ်သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့် ကိစ္စတွင် မြန်မာနိုင်ငံသားများ ပါဝင်တင်ပြခွင့် မရခဲ့ကြောင်း သုံးသပ်တွေ့ရှိနိုင်ပါသည်။
ယခုအခါ အထက်ဖော်ပြပါ ဥပဒေအမှတ် ၅/၉၆ ကို (၁၅-၁-၂၀၁၃)နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှ ပယ်ဖျက်လိုက်ပြီ ဖြစ်၍ ထိုဥပဒေ တရားမဝင်တော့ပါ။ သို့သော် ပြည်သူ့ သဘောဆန္ဒကို ထင်ဟပ်မှု မရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။
အထက်တွင် တင်ပြခဲ့သည့် ဥပဒေအမှတ် ၅/၉၆ အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ရေးဆွဲစဉ်အခါက ပြည်သူတို့၏ အကြံဉာဏ် အယူအဆများကို တင်ပြခွင့်မရခဲ့ကြဘဲ ယခုအခါ ဆွေးနွေးတင်ပြနိုင်သည့် အခွင့်အရေး ရှိလာပြီ ဖြစ်ပါသည်။ ပြည်သူအများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် လက်ရှိ အာဏာပိုင် အဖွဲ့အစည်းများ အားလုံး စဉ်းစား ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံ၏ အင်အား တောင့်တင်းခိုင်မာမှု၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက် ချမ်းသာကြွယ်ဝမှုနှင့် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာ ကြီးမားထည်ဝါမှု တို့သည် ထိုနိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်နွှယ်မှု ရှိနေပါသည်။
သာဓကအားဖြင့် ယနေ့ကမ္ဘာပေါ်တွင် စစ်လက်နက် အင်အားအရာတွင် အကြီးမားဆုံး၊ ငွေကြေး ဓနကြွယ်၀ ချမ်းသာမှု အရာတွင်လည်း ပထမအဆင့် ရှိပြီး သြဇာတိက္ကမ အရာတွင်လည်း ထိပ်တန်းဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည် တချိန်က မြန်မာနိုင်ငံ ကဲ့သို့ပင် အင်္ဂလိပ် ကိုလိုနီဘဝမှ လွတ်လပ်ရေး ရရှိခဲ့ပြီး၊ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပေဒတရပ် ရေးဆွဲ ပြဋ္ဌာန်းကာ ယင်း အခြေခံဥပဒေနှင့် အညီ စီမံအုပ်ချုပ်ခဲ့သည်မှာ နှစ်ပေါင်း ၂၄၀ နီးပါး ရှိသည့်တိုင် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး အဖြစ် ရပ်တည်နေနိုင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာကြသည့် အတွက်ဟု ယူဆရပါသည်။
အမေရိကန် နိုင်ငံနည်းတူ ဥရောပတိုက်တွင်လည်း ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကျင်သုံးကြသော နိုင်ငံများ၊ ကြွယ်ဝချမ်းသာ၍ ထိပ်တန်းအဆင့်တွင် ရှိသည်ကို လေ့လာသိရှိ နိုင်ပါသည်။
အာရှနိုင်ငံများတွင်လည်း တချိန်က အာဏာရှင်စနစ် ကျင့်သုံးခဲ့ရာမှ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ပြောင်းလဲလိုက်သည့် အခါ နိုင်ငံ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အင်အားကြီးလာရုံမျှ မက ဂုဏ်သိက္ခာပါ တိုးတက်လာသည်ကို အင်ဒိုနီးရှားနိုင်ငံအား ကြည့်ရုံမျှဖြင့် အလွယ်တကူ သိမြင်နိုင်ပါသည်။
မြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ အုပ်ချုပ်ခဲ့ရာ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အံ့မခန်းရှိခဲ့ပြီး၊ အာရှတိုက်တွင် အလွန်ချမ်းသာ၍ ပတ်ဝန်းကျင် နိုင်ငံများက အားကျအထင်ကြီးခြင်း ခံခဲ့ရကြောင်း သမိုင်းမှတ်တမ်းများက သက်သေခံ နေပါသည်။ နောက်ပိုင်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘဲ အာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့ရာ တိုင်းပြည်အခြေအနေမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအဆင့် အထိ ကျသွားခဲ့သည့် အချက်မှာလည်း ငြင်းမရသော သမိုင်းသက်သေဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်တွင် နိုင်ငံတကာမှ အသိအမှတ်ပြု လေးစားခံရလောက်အောင်၊ ကြီးကျယ်ခမ်းနားသည့် နိုင်ငံတနိုင်ငံဖြစ်အောင် ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတရပ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ပြီ ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ကြောင်း လတ်တလောပေါ်ပေါက်နေသည့် ဖြစ်ရပ်သာဓကများ အကြောင်း တင်ပြပါမည်။ သာဓကအများအပြား ရှိသော်လည်း အရေးပါ၍ ထင်ရှားသည့် သာဓက အနည်းငယ်ကိုသာ တင်ပြပါမည်။
ပထမသာဓက တခုအနေနဲ့ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် လွှတ်တော်များအကြား ပြဿနာပေါ်ပေါက်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်မည်လား သို့မဟုတ် လွှတ်တော်များမှ စွပ်စွဲပြစ်တင်၍ ထုတ်ရမည်လား ဆိုသည်အထိ ပြဿနာ ကြီးထွားခဲ့သည်ကို အများသိကြပြီးဖြစ်ပါသည်။ အဆိုပါပြဿနာအပေါ် နိုင်ငံတော်သမ္မတကြီးက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းသင့်ကြောင်း အကြောင်းကြားခဲ့ပါသည်။ အဆိုပါ အချက်အရ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန် အချက်များ ရှိနေသည်ကို လက်ခံ သဘောတူသည် ဟု ဆိုင်နိုင်ပါသည်။
ဒုတိယသာဓကအဖြစ် များအကြာမီက ဖြစ်ပွားခဲ့သော ကိစ္စရပ်များ အများအပြားကို ခြုံ၍ တင်ပြပါမည်။ စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေများ အပါအဝင် အချို့သော ဥပဒေ များကို ပြည်ထောင်စု လွှတ်တော်က ပိုမိုကောင်းမွန်၍ ဒီမိုကရေစီ အနှစ်သာရနှင့် ကိုက်ညီအောင် ပြင်ဆင် ရေးဆွဲပြဋ္ဌာန်း ခဲ့ရာ နိုင်ငံတော်သမ္မက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း အကြောင်းပြ၍ အတည်ပြု လက်မှတ်ရေးထိုးခြင်း မပြုဘဲ လွှတ်တော်သို့ မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သည်ကို တွေ့ရပါသည်။
“ဤ ပြဿနာသည် သမ္မတနှင့် လွှတ်တော်တို့ အကြား အားပြိုင်မှု ပြဿနာ”ဟု ပုံကြီးချဲ့ ပြောဆို ရေးသားမှုများကိုလည်း တွေ့ရသည်။ သမ္မတနှင့် လွှတ်တော်ကြား အားပြိုင်စရာ မရှိပါ။ စည်းကမ်း ဥပဒေနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့ သာ လိုပါသည်။ သို့သော် ပြဋ္ဌာန်းထားသည့် အခြေခံ ဥပဒေက မျှတညီညွတ်မှု မရှိသဖြင့် ယင်းသို့ ပြဿနာ ပေါ်ပေါက်ရခြင်း ဖြစ်သည်။
တနည်းအားဖြင့် ယင်း ပြဿနာမှာ “စစ်အာဏာပိုင်တို့ တဖက်သတ် ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လက်ရှိ ပြည်သူတို့ ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်များ အကြား ဖြစ်ပွားနေသော ပြဿနာသာ ဖြစ်သည်” ဟု တိတိကျကျ ဆိုရမည်။ ယင်းသည် ပြဿနာ၏ နေရာအမှန်ကို ထောက်ပြနေခြင်းသာ ဖြစ်ပြီး နိုင်ငံသားများကို ကိုယ်စားပြုသည့် လွှတ်တော်ကို အားပြိုင်နေခြင်း မဟုတ်ဟု ယူဆရသည်။
လွှတ်တော်များတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြု၍ ဥပဒေများပြင်ဆင်ရေး ကိစ္စ အကြိမ်များစွာ အငြင်းပွားနေရခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မပြည့်စုံမှု၊ အားနည်းမှုများကြောင့်သာ ဖြစ်ပြီး၊ ပြည်သူတို့ကို ကိုယ်စားပြုသည့် လွှတ်တော်များကို လုံးဝအပြစ်တင်ရန် အကြောင်းမရှိဟု ယူဆရပါသည်။ လွှတ်တော်ကို အပြစ်တင်ခြင်းသည် ပြည်သူတရပ်လုံးကို အပြစ်တင်ခြင်းဟု ဆိုနိုင်ပါသည်။
ထို့ကြောင့် နောင်တွင် ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုမျိုး မရှိရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြင်ဆင်သင့်သည် (သို့မဟုတ်) ပြင်ဆင်ရန် ခက်ခဲပါက အသစ်ပြန်လည် ရေးဆွဲသင့်သည်ဟု ယုံကြည်သည်။
တတိယသာဓက (သို့မဟုတ်) အရည်အချင်းဆိုင်ရာပြဿနာကို ဆက်လက်တင်ပြပါမည်။ နိုင်ငံတနိုင်ငံကို စီမံအုပ်ချုပ်ရာ တွင် ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့နှင့် တရားစီရင်ရေး အဖွဲ့ဟူ၍ အဓိကအဖွဲ့ကြီး ၃ ဖွဲ့ရှိရာ ထိုအဖွဲ့အစည်းများတွင် အရည်အချင်း ရှိသော ပုဂ္ဂိုလ်များ ပါဝင်မှသာ နိုင်ငံ့ကောင်းကျိုးနှင့် တိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အား စီမံအုပ်ချုပ်ရာတွင် အရည်အချင်းရှိသူများ၊ စိတ်ရင်း စေတနာ မှန်ကန်သူများ ပါဝင်ခွင့် ရရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် လိုအပ်ပါသည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် အရည်အချင်းရှိသော လူတော်လူကောင်းများ နိုင်ငံတော်အား စီမံအုပ်ချုပ်ရာတွင် ပါဝင်ခွင့်မရနိုင်အောင် ကန့်သတ်ပိတ်ဆို့ ရေးသားထားမှုများကြောင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြဿနာတရပ် ကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာကိုးကွယ်သူ ရှေ့နေဦးစောလှိုင်သည် စစ်အာဏာပိုင်များ ရေးဆွဲခဲ့သော ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ ဥပဒေအရ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်းတော်မြို့နယ်မှ အရွေးခံခွင့်ရခဲ့ပြီး အနိုင်ရခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြုလုပ်သည့်ရွေးကောက်ပွဲတွင် အရွေးခံခွင့် မရှိဟု ဆုံးဖြတ်ခြင်း ခံခဲ့ရသည်။
အလားတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပု ံအခြေခံဥပဒေတွင် သမ္မတအဖြစ် အရွေးခံပိုင်ခွင့်ရှိသူ၊ ဒုသမ္မတအဖြစ် အရွေးခံခွင့်ရှိသူ၊ ဝန်ကြီးများနှင့် အခြားသော အရေးပါသည့် နိုင်ငံ့တာဝန် ထမ်းဆောင်မည့်သူများ၏ အရည်အချင်းများကို သတ်မှတ် ပြဋ္ဌာန်းရာတွင်လည်း အရည်အချင်းရှိသူများ၊ ပြည်သူအများလိုလားသူများ မပါဝင်နိုင်အောင် ကန့်သတ်ချက်များ ရေးဆွဲပြဋ္ဌာန်း ထားသည်ကို တွေ့ရပါသည်။
နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများသာ ဖြစ်ရာ နိုင်ငံသားတို့၏ ဆန္ဒသာ အဓိက ဖြစ်သင့်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲသူ လူတစု၏ ဆန္ဒကိုသာ အလေးထားရမည် ဆိုလျှင် နိုင်ငံသားတို့၏ အခန်းကဏ္ဍမှာ နောက်တန်းသို့ ရောက်သွားမည် ဖြစ်ပြီး မည်သည့်အခါမှ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမည် မဟုတ်ပေ။
(ဤ ဆောင်းပါးမှာ မောင်ကိုနီ(တရားရုံးချုပ် ရှေ့နေ)၏ လတ်တလော ထွက်ရှိလာသော “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ” စာအုပ်ပါ အမှာစာကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် တည်းဖြတ် ဖော်ပြသည်။)