လွန်ခဲ့သော ၂နှစ်မှ စ၍ အငြင်းပွားဖွယ်ရာနှင့် အချို့က ယခုတိုင် သင်္ကာမကင်း ရှိနေသေးသော ဒီမိုကရေစီကို ဦးတည်သည့် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နေသည့် မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတကာ စင်မြင့်ထက်တွင် အသိအမှတ်ပြု ခံယူရန် အသင့်ဖြစ်နေကြာင်း သက်သေပြနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ယူတော့မည် ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်ခွင့် ရခဲ့သည့်အချိန်မှ စ၍ ဥက္ကဋ္ဌ တာဝန်ကို ပထမဆုံး ထမ်းဆောင် ရခြင်းလည်း ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌ တာဝန်ယူရန် အလှည့်ကျခဲ့သေးသော်လည်း စစ်အစိုးရ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုနေခဲ့ကြသည့် အနောက်နိုင်ငံ အစိုးရများ၏ တုန့်ပြန်မှုကို စိုးရိမ်သည့်အတွက် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
၂၀၁၄ အတွက် မြန်မာနိုင်ငံသည် အသင့်ဖြစ်နေပြီလား။ ပို၍ အရေးကြီးသော အချက်မှာ မြန်မာနိုင်ငံသည် ၄၆ နှစ် သက်တမ်းရှိပြီဖြစ်သော ဒေသဆိုင်ရာ အဖွဲ့အစည်း တခုကို ယုံကြည်လက်ခံနိုင်လောက်စရာ ဦးဆောင်နိုင်စွမ်း ရှိမည်လား။ မေးခွန်းများ ရှိလာသည်။
နိုင်ငံအတွင်း မွတ်ဆလင် လူနည်းစုများအား ဆန့်ကျင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော အချိန်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည့် မြန်မာနိုင်ငံကို ယုံကြည်၍ ရနိုင် မရနိုင် အရပ်ဖက်နှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများက မေးခွန်းထုတ်ကြသည်။
မြန်မာ အစိုးရသည် တနိုင်ငံလုံး အထိ ပျံ့နှံ့ခဲ့သော မွတ်ဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများကို သင့်တော်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့်အတွက် သမိုင်းနှင့် ချီ၍ ပြည်တွင်းရေး ပဋိပက္ခများ ဖြစ်ပွားနေခဲ့ရသည့် နိုင်ငံတွင် အဆိုးရွားဆုံးသော ဒုက္ခသည်ပြဿနာတခု ထပ်ဖြစ်စေခဲ့သည်ဟု ၎င်းတို့က ပြောကြသည်။
ယခုလ အစောပိုင်းတွင်လည်း လွန်ခဲ့သော တနှစ်ကျော်ကထဲက ပဋိပက္ခများ ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ် သံတွဲမြို့၌ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
အာဆီယံအခြေစိုက် အရပ်ဖက်လူ့ အဖွဲ့အစည်းတခု ဖြစ်သည့် Solidarity for Asian Peoples Advocacy (SAPA) က မြန် မာအစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ ခံစားနေရမှုများကို အဆုံးသတ်စေရန်အတွက် ၎င်းတို့၏ ဖြစ်တည်မှု အခွင့်အရေးကို ပထမဆုံး အသိအမှတ်ပြုပေးရန် တောင်းဆိုလိုက်သည်။ SAPA က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည် သုံးသပ်ရန် နှင့် ပြင်ဆင်ရန် တောင်းဆိုနေကြသော လူမှုအဖွဲ့အစည်းများကို ထောက်ခံကြောင်းလည်း ပြောသည်။
မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်သူများသည် တန်းတူအခွင့်အရေး ရှိပြီး နိုင်ငံသားဖြစ်ခွင့် ရှိကြောင်းကို သေချာအောင် လုပ်ဖို့လိုသည်ဟု ၎င်းတို့က ဆိုသည်။
“ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လကစတင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဦးတည်ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေကြောင့် လူ ရာနဲ့ချီကာ သေဆုံးခဲ့ရပြီးတော့ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အစိုးရနဲ့ အောက်ခြေ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ နေအိမ်စွန့်ခွာ ထွက်ပြေးရအောင် အတင်းဖိအားပေးတာတွေကို ရပ်တန့်သွားအောင် ပို ပြီးတော့ အားထုတ်သင့်ပါတယ်” ဟု SAPA က ဆိုသည်။
အာဆီယံအဖွဲ့က ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်ရင်း အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင် မြန်မာနိုင်ငံသည် ၎င်းရင်ဆိုင်နိုင်စွမ်းရှိသည်ထက် ပိုသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရလိမ့်မည်။
ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများနှင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိကောင်းရှိနေနိုင်သည့်တိုင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌ နေရာအတွက် ထိုက်တန်ခြင်းမရှိဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြသည်။ လက်ရှိပြုလုပ်နေသော ပြုပြင်ပြောင်းလဲရေးများသည် ဒီမိုကရေစီရေး နှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းသွားနိုင်ရန် လုံလောက်ခြင်းမရှိသေး ဟုလည်း ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံတွင် Southeast Asia Committee for Advocacy (SEACA) က စီစဉ်ပြုလုပ်ခဲ့သည့် အာဆီယံ အလုပ်ရုံဆွေး နွေးပွဲတခုတွင် တက်ရောက်သူအားလုံးက မြန်မာအစိုးရအား ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေရန်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မြေယာသိမ်းယူမှုများကို ရပ်တန့်ရန် နှင့် သတ္တုတူးဖော်ရေးနှင့် ဆည်တည်ဆောက် ခြင်းတို့ကဲ့သို့သော အကြီးစား စီမံကိန်းများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ကြသည်။
လက်ရှိ အချိန်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ဖြစ်သည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကြားတွင် နယ်မြေပိုင်နက် အငြင်း ပွားမှုကဲ့သို့သော အာဆီယံအဆင့် ဒေသတွင်း ပြဿနာများကိုကိုင်တွယ်ရန်အတွက် မြန်မာအစိုးရ၏ နိုင်ငံရေးကျွမ်းကျင်မှုကိုလည်း နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများက သံသယရှိနေကြသည်။ တောင်တရုတ် ပင်လယ်ပြင်မှ အငြင်းပွားမှုကို အာဆီယံအဖွဲ့၏ စည်းကမ်းမူဝါဒများ အတိုင်း ဆွေးနွေးနိုင်ရေးသည် နောက်နှစ်မြန်မာနိုင်ငံ ဥက္ကဌအဖြစ် တာဝန်ယူသည့် အချိန်တွင် အဓိက လွှမ်းမိုးလာမည့် အကြောင်းအရာဖြစ်သည်။
တရုတ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖနွမ်းပင် အာဆီယံထိပ်သီးအစည်းအဝေး တွင် ၎င်းတို့ ဆောင်ရွက်ခဲ့သည့် နည်းလမ်း အတိုင်း သဘောတူညီချက် မရအောင် လမ်းလွဲစေသောနည်းဖြင့် ဆက်သွားနိုင်ဖို့လည်း မျှော်လင့်နေသည်။ လာမည့်နှစ်တွင် အဆိုပါပြဿနာကို မြန်မာက မည်သို့ ကိုင်တွယ်မည်ဆိုခြင်းမှာ စိတ်ဝင်စားစရာ ဖြစ်သည်။
မြန်မာနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပမှ အရပ်ဖက်လူ့အဖွဲ့ အစည်းများသည် လာမည့်နှစ်အတွင်း ပြုလုပ်မည့် အာဆီယံ အစည်း အဝေးများတွင် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ရှင်းလင်းဆွေးနွေးခွင့် သေချာစေရေးအတွက် လုပ်ဆောင်နေကြသည်။ လာမည့်နှစ် အတွင်းမှ အာဆီယံလုပ်ငန်းစဉ်များတွင် မြန်မာပြည်သူတို့ ပါဝင်နိုင်ရေးသည် အရေးကြီးသည်ဟု SEACA က ယုံကြည်သည်။
SEACA နှင့် ၎င်း၏ မိတ်ဖက် SAPA တို့က အာဆီယံအဖွဲ့ အကြောင်း၊ လူ့အခွင့်အရေး၊ လူ့အဖွဲ့အစည်းများ ချိတ် ဆက်မှုနှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ရာထူးနေရာ ဆောင်ရွက်ရေးနှင့် သက်ဆိုင်သော အကြောင်းအရာ များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကို ဦးဆောင်ကျင်းပပေးနေသည်။
အာဆီယံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှ တဆင့် မြန်မာနိုင်ငံမှ အရပ်ဖက်အဖွဲ့အစည်းများ၏ အသိအမြင်များ ပိုမို ပွင့်လင်းလာပြီး အာဆီယံ၏ သမိုင်းကြောင်းနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ထမ်းဆောင်သည့် အခါ မြန်မာနိုင်ငံဖက်မှ အားထုတ်ရန်နှင့် ဦးစားပေးရမည့် အကြောင်းအရာများကို ပိုမို နားလည်လာစေရန် ကူညီပေးနိုင်ဖို့ SEACA က ရည်ရွယ်သည်။ ထို့ပြင် အရပ်ဖက် အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေး၊ ဒေသတွင်း ကူးသန်းသွားလာရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ စသည်တို့ကို အာဆီယံနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ကြောင်းကို သတိပြုမိစေရန်လည်း SEACA က ဆန္ဒရှိပါသည်။
(South East Asian Committee for Advocacy (SEACA) မှ Joey Dimaandal ၏ Civil Society raises concerns over Myanmar’s chairship of ASEAN in 2014 ကို နိုင်မင်းသွင် ဘာသာပြန်သည်)