မြန်မာစံတော်ချိန် ဘယ်တော့ပြောင်းမလဲ

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

အောက်တိုဘာလ ၂၇ ရက်နေ့ဟာ ဥရောပတိုက်ရဲ့ ဆောင်းရာသီ စံတော်ချိန်ကို ပြောင်းတဲ့နေ့ဖြစ်ပါတယ်။ အခုရှိနေတဲ့ အချိန်ကို နောက် တနာရီ ပြန်ဆုတ်ပြီး မတ်လ ၃၀ ရက်ကျမှ ရှေ့ကို တနာရီပြန်တိုး (အခု မူလအတိုင်း) မှာ ဖြစ်ပါတယ်။

မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်နဲ့ သြစတေးလျ တိုက်တွေမှာလည်း အလားတူ အချိန်ရှေ့တိုး နောက်ဆုတ် လုပ်လေ့ရှိပြီး တတိုက်နဲ့တတိုက် အချိန်ပြောင်းတဲ့ကာလ မတူပါဘူး။ အမေရိကန်နဲ့ ကနေဒါဘက်မှာ နိုဝင်ဘာ ၃ ရက်နေ့ကျရင် ဆောင်းရာသီ နာရီပြောင်းပြီး သြစတေးလျမှာတော့ ပြီးခဲ့တဲ့ ၆ ရက်နေ့ကတည်းက နွေရာသီနာရီကို ပြောင်းသွားပြီ ဖြစ်ပါတယ်။ ဒီလိုအချိန် ရှေ့တိုး နောက်ဆုတ် လုပ်တာကို DST (Daylight Saving Time) လို့ ခေါ်ကြပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ဆောင်းရာသီ ရောက်ပြီဆိုတာနဲ့ ကားတွေအားလုံး ဆောင်းတွင်းသုံး တာရာ ပြောင်းရပါတယ်။ စက်ဘီးဆိုင်တွေပေါ် စကီး (ရေခဲပြင်လျှောစီးကိရိယာ) တွေ ရောက်လာပါတယ်။ လူတွေအားလုံး အနွေးထည် အထူကြီးဝတ်၊ အဝေးက မြင်နိုင်အောင် ရောင်ပြန်ဟပ်နိုင်တဲ့ အဝါရောင် အမှတ်သားတွေ အကျႌမှာကပ်ပြီး နေရောင်မရတဲ့ လမ်းတွေပေါ် လျှောက်ရပါတယ်။ နေအိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွွေအားလုံးလည်း အနွေးပေးစက်တွေဖွင့်။ ဒီလိုနဲ့ ဥရောပရဲ့ နာရီလက်တံ မိနစ် ၆၀ နောက်ပြန်ဆုတ် သွားခဲ့တာကို အသိအမှတ်ပြုခဲ့ကြပေါ့။

တချိန်တည်းမှာပဲ ဥရောပနဲ့ အမေရိကမှာ အခြေစိုက်တဲ့ BBC, DVB, VOA, RFA ရေဒီယို ၄ ခုစလုံးရဲ့ မီတာလှိုင်းတွေလည်း အောက်တိုဘာ ၂၇ မှာ ဆောင်းရာသီ လှိုင်းသစ်တွေဆီ ပြောင်းရပါတယ်။ ဒါပေမယ့် အီကွေတာနဲ့နီးတဲ့ အာရှတိုက်ထဲက မြန်မာနိုင်ငံမှာတော့ နွေနဲ့ဆောင်း နေဝင် နေထွက်ချိန် သိပ်မကွာတဲ့အတွက် ဥရောပမှာလို အချိန်ပြောင်းစရာ မလိုပါဘူး။

ဒါဖြင့် မြန်မာတွေနဲ့မဆိုင်တဲ့ ဥရောပက နာရီပြောင်းတဲ့ကိစ္စကို ဘာကြောင့် ဒီမှာ လာပြောနေတာလဲ ဆိုပြီး မေးစရာရှိပါတယ်။ ဒီလိုပါ။ အချိန်မမှန်ဘဲ အမြဲတမ်းနောက်ကျပြီးမှ လာလေ့ရှိတဲ့၊ နောက်ကျပြီးမှ အစည်းဝေး စလေ့ရှိတဲ့၊ နောက်ကျပြီးမှ အလုပ် စလေ့ရှိတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာတွေကြားမှာ ခေတ်စားနေတဲ့ “မြန်မာစံတော်ချိန်” အကြောင်း ဆွေးနွေးချင်လို့ အချိန်လေးစားတဲ့၊ အချိန်ခြွေတာတဲ့ ဥရောပသားတွေ နာရီပြောင်းချိန်မှာ “မြန်မာစံတော်ချိန်” ကိစ္စကိုပြောရင် ကောင်းမလားဆိုပြီး စဉ်းစားမိလို့ပါ။

အရင် နော်ဝေ အခြေစိုက် DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) မှာ တာဝန်ထမ်းစဉ်ကဆိုရင် နံရံပေါ်က နာရီကို အမြဲတမ်း ၁၀ မိနစ် စောထားတာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုလုပ်ထားတာလဲဆိုပြီး မေးကြည့်တော့ အသံမလွှင့်ခင် “၁၀ မိနစ် ကြိုပြင်ချိန် ရအောင်” အချိန်ခိုးထားတာလို့ အယ်ဒီတာက ပြောပါတယ်။ ဒါပေမယ့် ဒီလို ၁၀ မိနစ် ခိုးထားတယ် ဆိုတာကို သတင်းသမား အားလုံးက သိနေတဲ့ အခါကျတော့ “၁၀ မိနစ်တောင် လိုသေးတာပဲ” ဆိုပြီး အချိန်ဆွဲနေကြတဲ့အတွက် သိပ်မထူးခဲ့ဘူးလို့ ထင်ပါတယ်။

ဒါက စက္ကန့်ပိုင်းကအစ နောက်ကျလို့မဖြစ်တဲ့ အသံလွှင့်လုပ်ငန်းခွင်က သတင်းသမားတွေရဲ့ နာရီလက်တံနဲ့ နပမ်းလုံးခဲ့ရတဲ့ အခြေနေပါ။ ဒါပေမယ့် အဲဒီလို အသံလွှင့်လုပ်ငန်းမှအပ ကျန်တဲ့နေရာတွေမှာတော့ မြန်မာတွေဟာ မြန်မာစံတော်ချိန်အတိုင်း သွားနေဆဲဖြစ်ပါတယ်။ နော်ဝေးရောက် မြန်မာတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းကိစ္စဖြစ်ဖြစ်၊ မွေးနေ့ပွဲကိစ္စဖြစ်ဖြစ် အမြဲတမ်းနောက်ကျလေ့ရှိတာကို ကျနော် သတိထားမိပါတယ်။ ကိုယ့်အချင်းချင်းကြား ဒီလိုနောက်ကျလို့ “မြန်မာစံတော်ချိန်ပေါ့” ဆိုပြီး နောက်ပြောင်ပြောဆိုနေတာ ရိုးနေပြီဖြစ်ပေမယ့် နိုင်ငံခြားသားတွေကပါ မြန်မာစံတော်ချိန်ဆိုတာ ဒီလိုလားဆိုပြီး သဘောပေါက်သွားရင်တော့ ပြဿနာရှိတယ်လို့ ထင်ပါတယ်။

တလောက နော်ဝေ ရွေးကောက်ပွဲကို လေ့လာဖို့ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ မြန်မာ့ အရေးစိတ်ဝင်စားတဲ့ နော်ဝေနိုင်ငံသားတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ နော်ဝေး-မြန်မာ ကော်မီတီက အခမ်းအနားတခု လုပ်ပေးခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ အစည်းဝေးစမယ်လို့ ကြေညာထားတဲ့ အချိန်မှာ လူမစုံသေးတဲ့အတွက် မိနစ် ၃၀ ခန့် နောက်ကျပြီးမှ စဖြစ်ပါတယ်။ ဒါကို နော်ဝေး-မြန်မာ ကော်မတီ ဝန်ထမ်းတဦးက နောက်နောက်ပြောင်ပြောင်နဲ့ “မြန်မာစံတော်ချိန်ပေါ့” လို့ ပြောလိုက်ပါတယ်။

တခြားလူတွေစိတ်ထဲ ဘယ်လိုရှိမှန်း ကျနော် မခန့်မှန်းတတ်ပေမယ့် ကျနော့် စိတ်ထဲမှာတော့ ဒီလို အပြောခံရတာကို သိပ်ဘဝင်မကျလှ။ နည်းနည်း ရှက်မိသလိုလည်း ဖြစ်သွားါပတယ်။ ငါတို့ မြန်မာတွေ အချိန်မလေးစားတာကို နိုင်ငံခြားသားတွေပါ သိသွားပြီလားဆိုပြီး တွေးနေမိပါတယ်။

ပြည်တွင်းက လူအတော်များများကလည်း အချိန်ကို အလေးအနက် သိပ်မထားကြသေးပါဘူး။ ပြီးခဲ့တဲ့ မေလ ရန်ကုန် ခရီးစဉ်အတွင်း ကျနော် တွေ့ဖူးတဲ့လူတွေထဲမှာ သတင်းသမားနဲ့ NGO ဝန်ထမ်းကလွဲရင် ကျန်လူအတော်များများ ချိန်းတဲ့အချိန် ကွက်တိ ရောက်မလာကြပါဘူး။ သတ်မှတ်ချိန်အမီ မရောက်နိုင်တဲ့အတွက် ဖုန်းဆက် အကြောင်းကြားတာမျိုးလည်း လုပ်လေ့ မရှိသေးပါဘူး။

ပိုဆိုးတာက အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ လေယဉ်ချိန်၊ ရထားချိန်၊ ဘတ်စကားချိန်၊ သင်္ဘောချိန်တွေလည်း မမှန်သေးပါဘူး။ ရန်ကုန်-ထားဝယ် လေယာဉ်ဆိုရင် သတ်မှတ်ချိန်ထက် မိနစ် ၃၀ နောက်ကျပါတယ်။ ဒါတောင် အထူးလေယာဉ်လို့ ဆိုပါတယ်။ သာမန်လေယာဉ်ဆိုရင် ဘယ်အချိန်ကို ထွက်မယ်မှန်း ခရီးသည်က ကြိုသိခွင့်မရ။ မနက် ၇ နာရီမှာ ကွင်းချိန်းချိန်ဆိုပြီး အစောကြီးကတည်းက လေယာဉ်ကွင်းဆီ သွားစောင့်နေ၊ နာရီပေါင်းများစွာ စောင့်ပြီး လေယာဉ်ထွက်တဲ့ အချိန်မှာသာ တက်လိုက်သွားပေတော့။

ရထားအချိန်တွေလည်း ဒီလို နောက်ကျနေဆဲလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ်အတွင်း ရန်ကုန် မြို့ပတ်ရထားလောက်ပဲ စီးဖူးပြီး အဝေးပြေးရထား မစီးဖြစ်ခဲ့ပါ။ ဘတ်စကားကတော့ အချိန်လေးစားမှု အနည်းဆုံး ယာဉ်တွေဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခက်တာက လူအများဆုံး နေ့စဉ်အသုံးပြုနေတဲ့ယာဉ်ဟာ ဘတ်စ်ကားဖြစ်နေပါတယ်။ မြန်မာနိုင်ငံက မြို့တွင်းပြေး ဘတ်စကားတွေမှာ အချိန်ဇယား မရှိသေးပါ။ ဘယ်အချိန် ဘာကားစီးရင် ဘယ်နေရာကို ဘယ်အချိန်ရောက်မယ်ဆိုပြီး တွက်ထားလို့ မဖြစ်နိုင်သေးတဲ့ နေရာတွေထဲမှာ မြန်မာနိုင်ငံ ပါနေဆဲ ဖြစ်ပါတယ်။

အဝေးပြေးကားတွေ ထဲမှာတော့ နာမည်ကြီး အကောင်းစားလိုင်းတွေက အချိန် အတော်မှန်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ်အတွင်းမှာတော့ ရန်ကုန်-နေပြည်တော်ပြေးတဲ့ အထူးဘတ်စ်ကားနဲ့ ပုဂံ-ရန်ကုန် ပြေးတဲ့ အထူးဘတ်စ်တွေဟာ အချိန်အတော်မှန်ပြီး ဝန်ဆောင်မှုလည်း အတော်ကောင်းပါတယ်။ ဒါပေမယ့် နေပြည်တော်ကနေ ပုဂံအသွား လမ်းတလျှောက် ကျနော်စီးဖူးတဲ့ ရိုးရိုးဘတ်စ်ကားတွေကတော့ အချိန်မေးတာကိုတောင် မကြိုက်ပါဘူး။

မိတ္ထီလာကနေ ပုဂံကိုဖြတ်ပြီး ရေစကြိုဘက်သွားမယ့်ကားဟာ သတ်မှတ်ချိန်ထက် မိနစ် ၅၀ လောက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် နောက်ကျသလဲဆိုပြီး ဂိတ်တာဝန်ခံ ကိုမေးကြည့်တော့ “မြန်မာစံတော်ချိန်လေ ဆရာ” ဆိုပြီး ပြောပါတယ်။ သူနောက်နေတယ်ထင်ပြီး သူ့ မျက်နှာကို အသေချာကြည့်ပေမယ့် သူကတော့ အပြုံးအရယ်မရှိ၊ ပုံမှန်အတိုင်းပါပဲ။ ဒါဆိုရင် “ပုဂံကို ဘယ်အချိန်ရောက်မလဲ” ဆိုပြီး ကျနော်က ထပ်မေးမိပါတယ်။ သူက ကျနော်ကို “ဘယ်ကမ္ဘာက ဂြိုလ်သားလဲ” ဆိုတဲ့ အကြည့်မျိုးနဲ့ တချက်ကြည့်ပြီး ဘာမှပြန်မပြောပါ။

“အဲလို မမေးရဘူးလေ ဆရာ။ ဒီဘက်ကလူတွေက အချိန်မေးတာကို မကြိုက်ကြဘူး။ နိမိတ်မကောင်းဘူးလို့ ထင်ကြတယ်” ဆိုပြီး ကျနော့်ကို ကားဂိတ်လိုက်ပို့တဲ့ မိတ်ဆွေက ဝင်ပြောပါတယ်။ အချိန်မေးတာနဲ့ နိမိတ်မကောင်းတာ ဘာဆိုင်လို့လဲ။ ကားထွက်ချိန်နဲ့ ကားဆိုက်ချိန်ကိုသိမှ ကိုယ်သွားမယ့် ခရီးစဉ်ကို တွက်လို့ရမှာပေါ့။ ဒါက အညာဘက်မှာ ကြုံခဲ့ရတဲ့ မေးခွင့်မရတဲ့ “မြန်မာစံတော်ချိန်” ဆိုပါတော့။

ထားဝယ်ဒေသက ကျနော်တို့ရွာဘက်မှာတော့ “မြန်မာစံတော်ချိန်” က ပုံစံတမျိုး၊ လူငယ်တွေ အတော်များများ အင်တာနက်ပါတဲ့ လက်ကိုင်ဖုန်း သုံးနေကြပြီဖြစ်ပေမယ့် အချိန်နာရီအတွက်တော့ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံကို နားစွင့်နေရဆဲပါ။ မနက် ၄ နာရီဝန်းကျင် အုန်းမောင်းခေါက်သံ ကြားရင် အိပ်ရာကထ၊ အရုဏ်တက်ချိန်အမီကြွလာမယ့် “ဆွမ်းတော်ဗျို့” အဖွဲ့အတွက် ဆွမ်းထချက်၊ အရှေ့ကောင်းကင်က နေရောင်ပျိုးစအချိန်မှာ လယ်ထဲဆင်း၊ နေထန်းတဖျား ရောက်ချိန်မှာ မနက်စာစား၊ ကွမ်းတယာညက်ခန့်၊ တအောင့်လောက် အနားယူပြီးရင် အလုပ်ခွင်ပြန်ဝင် စသဖြင့် ရှေးရိုးနည်းတွေနဲ့ ခရီးနှင်နေကြဆဲ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ ကမ္ဘာကြီးက အချိန်နဲ့တပြေးညီ ရှေ့သို့ချီတက်နေစဉ်မှာ မြန်မာအများစုကတော့ မြန်မာ့နည်းမြန်မာ့ဟန် “မြန်မာစံတော်ချိန်” နဲ့ ခရီးဆက်နေဆဲ ဖြစ်ပါတယ်။ လေယာဉ်တွေ၊ ရထားတွေ၊ သဘောၤတွေ၊ ဘတ်စ်ကားတွေ နောက်ကျနေဆဲ ဖြစ်ပါတယ်။ အစည်းဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ အချင်းချင်း ချိန်းဆိုတာတွေ နောက်ကျနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အခုလို ခေတ်နောက်ကျ ကျန်နေခဲ့တာလို့ ကောက်ချက်ဆွဲရတော့မလား။

ဒီလို အတိအကျပြောဖို့တော့ ခက်ပါလိမ့်မယ်။ ပြင်ပကမ္ဘာနဲ့ နှစ်ပေါင်း ၅၀ ကျော် အဆက်သွယ် ဖြတ်ခံခဲ့ရလို့ ဒီလိုဖြစ်သွားတယ်လို့ ထင်ပါတယ်။ အခု ခေတ်ပြောင်းကာလမှာတော့ ပြင်ပကမ္ဘာကလူတွေ မြန်မာနိုင်ငံအတွင်း ဝင်လာနေကြပြီ ဖြစ်သလို မြန်မာနိုင်ငံက လူတွေလည်း ပြင်ပကမ္ဘာဆီ ထွက်ခွာလေ့လာခွင့် ရနေကြပြီဖြစ်ပါတယ်။ ဒါဟာ တိုးတက်တဲ့ ကမ္ဘာကြီးကို အမီလိုက်နိုင်ဖို့ အခွင့်အခါကောင်း တခုပေါ့။

ဒီလို ပွင့်လင်းလွတ်လပ်လာတဲ့ အခွင့်အခါကောင်းကို အမိအရ ဖမ်းဆုပ်ရမယ့်အချိန်မှာ မြန်မာ့နည်း မြန်မာ့ဟန် “မြန်မာစံတော်ချိန်” ဆိုတာကို ရာဇဝင်ထဲမှာ ချန်ထားခဲ့ပြီး တိကျတဲ့အချိန်ဇယားတွေနဲ့ ရှေ့ကို ချီတက်နိုင်ဖို့ ကျနော်တို့ မြန်မာတွေအားလုံး အစွမ်းကုန် ကြိုးစားဖို့ လိုနေပြီဖြစ်ပါတယ်။    ။

Loading