အမျိုးသား မြို့ပြအမွေအနှစ် ဥပဒေတရပ် ပေါ်ပေါက်လာမယ်လို့ ထင်ပါတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန် ပြည်ထောင်စုတွင် မွေးဖွားပြီး ကင်းဘရစ်ချ် တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သော သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ် နှစ်အုပ်ရေးသားခဲ့ရာ အများက နှစ်ခြိုက် ချီးကျူးခဲ့ကြသည်။ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) ၏ ဥက္ကဌ အနေဖြင့် ဒေါက်တာ သန့်မြင့်ဦးသည် မြို့တော်၏ သမိုင်းရှည်ကြာခဲ့ပြီ ဖြစ်သော ကိုလိုနီခေတ် အဆောက်အဦးများနှင့် ခမ်းနားထည်ဝါသော ဘုရားစေတီများ စသည့် ဗိသုကာလက်ရာ အမွေအနှစ်များကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်နေသည်။ သာမန်ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများအတွက် နေရာထိုင်ခင်း လိုအပ်မှု မြင့်မားနေသည့်အချိန်တွင် အတိတ်၏ အမွေအနှစ်များနှင့် သဘာဝကို ထိန်းသိမ်းရင်း ခေတ်မီသော မြို့တော်အဖြစ် အသွင်ပြောင်းနိုင်ရေး ကဲ့သို့သော ကျယ်ပြန့်သည့် လုပ်ငန်းစဉ်ကြီးထဲတွင် သူ့တာဝန်သည် တစိတ်တပိုင်းမျှသာ ဖြစ်နေသည်။

ယခု တွေ့ဆုံမေးမြန်းမှုတွင် ဒေါက်တာ သန့်မြင့်ဦးက အာရှမြို့ကြီးများတွင် တွေ့ကြုံခဲ့ရသည့် ဖွံ့ဖြိုးတိုးတက်မှု ဘေးအန္တရယ်များမှ ရန်ကုန်မြို့တော် ရှောင်လွှဲနိုင်အောင် ကြိုးစားနေချိန်တွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု အခက်အခဲများ အကြောင်းကို ဧရာဝတီမဂ္ဂဇင်း (အင်္ဂလိပ်ပိုင်း) မှ အယ်ဒီတာ ကျော်စွာမိုးအား ပြောပြခဲ့ပါသည်။ သူ၏ စိတ်ကူးနှင့် ရည်ရွယ်ချက်များကို ရန်ကုန်မြို့တော် အာဏာပိုင်များ နှင့် သမ္မတ ဦးသိန်းစိန်ကပါ ကောင်းစွာလက်ခံပြီး ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အရေးပါသည့် ထောက်ခံပံ့ပိုးမှုကိုသာ ရရှိခဲ့လျှင် သူစိတ်ကူးမျှော်လင့်ထားသည့် မြို့တော်မျိုး အမှန်တကယ် ပေါ်ပေါက်လာနိုင်သည်ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောပါသည်။

မေး။    ။ အနာဂတ်ကို မှန်းကြည့်မယ်ဆိုရင် နောက် ဆယ်စုနှစ်တခုအတွင်းမှာ ရန်ကုန်မြို့က ဘယ်လိုဖြစ်လာမယ်လို့ မြင်ပါသလဲ။

ဖြေ။    ။ ရန်ကုန်မြို့ကို ခေတ်မီပြီးတော့ အရမ်းအရေးပါတဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားနိုင်တဲ့ မြို့တမြို့ အဖြစ် ကျနော် မြင်ချင်ပါတယ်။ သူရဲ့ သဘာ၀ အနေအထား အားသာချက်ကိုလည်း ရယူနိုင်ပြီးတော့ပေါ့။ အခု ကျနော်တို့ဆီမှာ နောက်ကို နှစ်တွေ ရာနဲ့ချီပြီး ပြန်သွားလို့ရတဲ့ မြို့တော်ကြီးရှိတယ်။ ရွှေတိဂုံစေတီတော်လိုမျိုး ရှေးကျတဲ့ အထင်ကရတွေ ရှိတယ်။ ကျနော်တို့မှာ ကိုလိုနီခေတ်ရဲ့ လက်ရွေးစင် ဗိသုကာလက်ရာတွေ ရှိနေသေးတယ်။ အလွန်ကို စိမ်းလန်းတဲ့ မြို့ကြီး တမြို့ ရှိတယ်။ ကျနော်တို့မှာ ရေကန်ကြီး နှစ်ကန်ရှိတယ်။ ပန်းခြံတွေနဲ့ အံ့အားသင့်စရာ ကောင်းတဲ့ မြစ်ကမ်းလည်း ရှိနေပါတယ်။

တချိန်ထဲမှာပဲ လမ်းတွေ၊ တံတားတွေ၊ လေဆိပ်တွေ အခြေခံ အဆောက်အဦးတွေနဲ့ လျှပ်စစ်စွမ်းအင် စတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုတွေကို ပိုပြီး လိုအပ်နေပါတယ်။ ကျနော်တို့ အထပ်မြင့် အဆောက်အဦးကြီးတွေ၊ ဈေးဝယ် စင်တာကြီးတွေ၊ အစစအရာရာ အားလုံး လိုအပ်နေပါတယ်။ ကျနော်မြင်တွေ့ချင်တာက ဘာလဲဆိုတော့ ဒီလိုအပ်ချက်တွေကို မှန်ကန်စွာ ပေါင်းစပ်ထားတဲ့ ဒေသတွင်း အခြားမြို့ကြီးတွေမှာ တွေ့ကြုံခဲ့တာတွေကနေ သင်ခန်းစာယူပြီးတော့ အဲဒီမှာ ဖြစ်ခဲ့တဲ့ အမှားအယွင်းတွေကို ရှောင်ရှားနိုင်မယ့် သဘောတရားနဲ့ အစီအစဉ်တခုပါပဲ။

မေး။    ။ ဒီအတိုင်း တကယ်ဖြစ်လာဖို့အတွက် ဘယ်လောက်အထိ ခက်ခဲမယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ဒါက ကြီးကျယ်တဲ့ စိန်ခေါ်မှုတခုလို့ ကျနော်ထင်ပါတယ်။ ကောင်းတယ်လို့ ကျနော် ထင်တာတခုက ရန်ကုန် တိုင်းဒေသကြီး အစိုးရကလည်း ရှေ့ဆက်သွားနိုင်ဖို့အတွက် မှန်ကန်တဲ့ နည်လမ်းကို ရှာဖွေနိုင်ဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။ သူတို့က ဂျပန် အကူအညီပေးရေး အေဂျင်စီ JICA နဲ့ အနီးကပ်ပူးပေါင်းပြီးတော့ မြို့တော်ဖွံ့ဖြိုးရေး မဟာစီမံကိန်းတခု ရေးဆွဲနေပါတယ်။ ဒါပေမယ့် အားလုံးထဲမှာ အမှိုက်စွန့်တဲ့စနစ်၊ ရေဆိုးထုတ်စနစ်နဲ့ သယ်ယူပို့ဆောင်ရေးကိုပဲ အဓိက ထားတယ်။ ကိုလိုနီခေတ် အဆောက်အဦးတွေကို ထိန်းသိမ်းဖို့ နဲ့ ရွှေတိဂုံစေတီတော်ရဲ့ မြင်ကွင်းကို ကာကွယ်ဖို့ လိုအပ်နေပြီ ဆိုတာကိုလည်း သူတို့ အသေအချာ သတိထားမိကြမယ်လို့ ကျနော်ထင်ပါတယ်။

အခက်အခဲတွေလည်း ရာနဲ့ ချီပြီးတော့ ရှိပါတယ်။ အခုချိန်မှာ ဈေးကွက်ရဲ့  မက်လုံးတွေကြောင့်လည်း ရှေးဟောင်း အဆောက်အဦးတွေကို ကာကွယ်ထိန်းသိမ်းရမယ့်အစား မှားယွင်းမှုတွေ ဖြစ်စေပါတယ်။ မြေကိစ္စနဲ့ ပတ်သက်လို့ ဖိအားတွေ အလွန်ကိုများတဲ့ ကာလတခုထဲကို ကျနော်တို့ ရောက်နေပါတယ်။ မြေပိုင်ဆိုင်မှုတွေက ရှင်းရှင်းလင်းလင်း မရှိသလို အစိုးရဌာန အမျိုးမျိုးက ပိုင်ဆိုင်တဲ့ မြေကွက်အမျိုးမျိုးကလည်း ရှိနေပြန်တယ်။

နောက်ဆုံးနဲ့ အကြီးမားဆုံး အခက်အခဲကတော့ ရန်ကုန်မှာရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေ အတွက်ပါပဲ။ ကျနော် ထင်ပါတယ်။ တချက်က ရှေးဟောင်း ဗိသုကာလက်ရာတွေကို ကာကွယ်ရမယ်။ နောက်တချက်က မြို့တော်ဟာ စီးပွားရေးအတွက်လည်း အလုပ်ဖြစ်ရမယ်။ ဒါပေမယ့် သာမန်ပြည်သူတွေ အတွက်လည်း အဆင်ပြေစေရပါမယ်။ အရေးကြီးတာက ဒီအချက်တွေကို ဘယ်လို ပေါင်းစပ်ရမလဲ ဆိုတာပဲ။ မြို့တော်ဟာ သာမန်ပြည်သူတွေ အတွက်လည်း အဆင်ပြေရမယ်။ စီးပွားရေး လုပ်ငန်းတွေလည်း အလုပ်ဖြစ်ရမယ်။ လှပပြီးတော့ ဆွဲဆောင်မှုရှိရမယ်။ ရှေ့ကို တိုးတက်နေတဲ့ ကြီးကျယ်တဲ့ မြို့တော်လည်းပဲ ဖြစ်နေရပါမယ်။

မေး။    ။ အခုနှစ် အစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်ကို သရုပ်ပြမှုတခု လုပ်ပြခဲ့တယ်။ သူ့ရဲ့ တုန့်ပြန်မှုက အားရစရာ ကောင်းတယ်လို့လည်း သိရပါတယ်။ အခု အချိန်အထိ ဦးသန့်မြင့်ဦး ဘာတွေ လုပ်ခဲ့ပြီးပါပြီလဲ။ စီမံကိန်းရဲ့ လက်ရှိ အနေအထားကရော ဘယ်လို ရှိပါသလဲ။

ဖြေ။    ။ ကျနော်တို့ရယ်၊ ရန်ကုန်မြို့တော် အာဏာပိုင်တွေရယ်၊ တခြားလုပ်ငန်းတွေက ပြည်သူတွေ ပါဝင်တဲ့ နယ်မြေစီမံကိန်း ရေးဆွဲရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါက နှစ်ပေါင်းများစွာ အတွင်းမှာ ရန်ကုန်အတွက် ပထမဆုံး နယ်မြေ စီမံကိန်း ဖြစ်ပါတယ်။ အခုဆိုရင် ရေးဆွဲပြီးသွားပါပြီ။ တရားဝင် အတည်ပြုပေးမယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကာကွယ် ထိန်းသိမ်းရေး ဥပဒေတရပ် ပေါ်ပေါက်လာဖို့လည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။

သီးခြား အနေနဲ့ သမ္မတရုံးရဲ့ အားပေးမှုနဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ကမ္ဗည်းမှတ်တမ်းတွေ ထားပေးနိုင်ဖို့ စတင်လုပ်ဆောင် နေပါတယ်။ ဒါတွေက နိုင်ငံခြားသား ခရီးသည်တွေအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေ၊ ရန်ကုန်မှာ နေသူတွေကိုလည်း ဒီအဆောက်အဦးကြီးထဲမှာ ဘာတွေဖြစ်ခဲ့တာကို သိရှိ ကျေနပ်စေချင်ပါတယ်။ ဒီနေရာတွေမှာ ဖြစ်ခဲ့တဲ့ မြန်မာ့သမိုင်းကို သူတို့တွေက မေ့နေကြပြီ။ ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်သွယ် ပြီးတော့လည်း မြို့ထဲမှာ နေထိုင်သူတွေ အကျိုးရှိစေမယ့် စီမံကိန်းတခု အကောင်အထည် ဖော်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

မေး။    ။ ရှေးဟောင်း အမွေအနှစ် အဆောက်အဦးတွေကို ထိန်းသိမ်းဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ ပြည်သူတွေကို ဘယ်လို ပညာပေးသွားမှာပါလဲ။

ဖြေ။    ။ ပြည်သူတွေကို စည်းရုံးဆွဲဆောင်နိုင်ဖို့ အရေး အကြီးဆုံးအချက်က မျက်မြင်လက်တွေ့ သိနိုင်ဖို့ပါပဲ။ ကျနော်တို့ ပြောနေတာတွေကို ပြည်သူတွေ သိရပါမယ်။ ကျနော်တို့ ဒီအကြောင်းတွေ ပြောခဲ့တယ်။ ဒီအကြောင်းတွေ ရေးနိုင်တယ်။ ဒါပေမယ့် နောက်လာမယ့် လအနည်းငယ် အတွင်းမှာ ကျနော်တို့ လုပ်ချင်တာက အနာဂတ်ကာလမှာ ရန်ကုန်ဟာ ဘယ်လို ရှိလာမယ်ဆိုတာကို အဆင့်မြင့် နည်းပညာတွေ သုံးပြီး ခင်းကျင်းပြသချင်ပါတယ်။

မေး။    ။ ရန်ကုန်က ဘာတွေကြောင့် ထင်ရှားနေတာလဲ။

ဖြေ။    ။ အာရှနိုင်ငံ အများအပြားမှာ အလွန် လက်ရာကောင်းတဲ့ ရှေးဟောင်း အဆောက်အဦးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရပြီးပြီ။ ဂျပန်ကိုကြည့်ပါ။ ဂျကာတာနဲ့ စင်ကာပူကိုကြည့်ပါ။ မြို့တော်မှာရှိတဲ့ ကိုလိုနီခေတ် ဗိသုကာလက်ရာ အဆောက်အဦးတွေကို ဖျက်ဆီးခဲ့မိတာဟာ သူ့ရဲ့ အကြီးဆုံး အမှားတွေထဲက တခုလို့ လီကွမ်ယူက ပြောခဲ့ပါတယ်။

ကိုလိုနီခေတ် အဆောက်အဦးတွေ အပြင် ရန်ကုန်မှာ ရွှေတိဂုံဘုရား၊ ဆူးလေဘုရားနဲ့ တခြား ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ သမိုင်းဝင် အထင်ကရ နေရာတွေ ရှိနေပါတယ်။ ကျနော်တို့မှာ စိမ်းလန်းတဲ့မြို့တော် ရှိနေပါသေးတယ်။ နောက်ပြီး မျက်နှာစာ သုံးဖက်မှာ မြစ်တွေရှိနေတဲ့ မြို့ပါ။ မြစ်ကမ်းတွေကို စက်မှုလုပ်ငန်း အတွက်သာ မဟုတ်ဘဲ ပြည်သူတွေ အပန်းဖြေ လမ်းလျှောက်ရင်း ပျော်ရွှင်နိုင်အောင် လုပ်ပေးနိုင်ရပါမယ်။

မေး။    ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ရှေးဟောင်းအမွေအနှစ် စာရင်းမှာ အဆောက်အဦး ၁၈၉ ခု ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီစာရင်းကို ပြင်ဆင်ရေးဆွဲဖို့ရော ရှိပါသလား။

ဖြေ။    ။ တကယ်ရှိတာက ၁၈၈ ခုလို့ထင်တယ်။ တခုကို လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်က ဖြိုဖျက်ခဲ့ပြီးပါပြီ။ မြို့တော်စည်ပင်မှာ ဒီစာရင်းဝင် အဆောက်အဦးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ဥပဒေ မရှိသေးဘူး။ စာရင်းကိုလည်း ပြင်ဆင်ရေးသားပြီးတော့ ဥပဒေ ထုတ်ပြန်ကာကွယ်ပေးဖို့လိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျနော်တို့ စစ်တမ်းကောက်ယူချက်အရ မြို့ထဲမှာ အဆောက်အဦး ၅၀၀ လောက်ရှိပါတယ်။ စာရင်းထဲမှာ ဘယ်လို အဆောက်အဦးမျိုး ပါဝင်သင့်တယ်ဆိုတဲ့ စံသတ်မှတ်ချက်တွေ ထားရှိနိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ နိုင်ငံပိုင် အဆောက်အဦးတွေ စာရင်းထဲမှာ ပါဝင်နေတာက ပြဿနာ သိပ်မရှိပေမယ့် ပုဂ္ဂလိကပိုင် အဆောက်အဦးတွေကို ဘယ်လို စာရင်းသွင်းရမယ်၊ သက်တမ်း နှစ် ၅၀ အထက်ရှိတဲ့ ပုဂ္ဂလိကပိုင် အဆောက်အဦးတွေကို ဘယ်စည်းမျဉ်း ဥပဒေအရ ဆုံးဖြတ်ပေးရမလဲ ဆိုတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။

အမျိုးသား အမွေအနှစ် ဥပဒေကလည်း သက်တမ်း နှစ် ၁၀၀ အထက်ကိုပဲ အကျုံးဝင်ပါတယ်။ ဒါကလည်း ဥပဒေ သက်သက်ပါပဲ။ ဒီနည်းအတိုင်းဆိုရင် အတွင်းဝန်ရုံးကြီးဟာလည်း ဒီဥပဒေနဲ့ ကာကွယ်ပေးဖို့ စဉ်းစားရမယ့် နေရာဖြစ်ပါတယ်။ ဒီလိုနေရာတွေကို ထိခိုက်ပျက်စီးအောင် လုပ်သူတွေကို ဒဏ်ငွေတပ်ပြီး အရေးယူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော် နားလည်မိတာကတော့ ဒီဥပဒေဟာ ပုဂံလိုမျိုး ရှေးဟောင်းသုတေသနနဲ့ ဆိုင်တဲ့ နေရာတွေကိုပဲ ကာကွယ်ပေးထားတယ်။ မြို့ပြ အဆောက်အဦးတွေ မပါဘူး။ ဒါကြောင့် နောက်ပိုင်းကျရင်တော့ အမျိုးသား မြို့ပြအမွေအနှစ် ဥပဒေတရပ် ပေါ်ပေါက်လာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ ကြာပါလိမ့်ဦးမယ်။

ဒါကြောင့် ကျနော်တို့ မျှော်လင့်နေတာကတော့ စာရင်းဝင် အဆောက်အဦးတွေရော၊ ကာကွယ်ထိန်းသိမ်းရေး နယ်မြေအတွင်းမှာ ပါဝင်တဲ့ အတွက်ရော ဒေသဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတခုပါပဲ။ ကျနော်တို့ရဲ့ နယ်မြေစီမံကိန်းထဲမှာ ရန်ကုန်မြို့လယ် နေရာတွေပါဝင်ပါတယ်။

မေး။    ။ အောင်မြင်နိုင်လိမ့်မယ်လို့ ဘယ်လို ယုံကြည်မှုမျိုးထားပါသလဲ။

ဖြေ။    ။ အနည်းဆုံးတော့ ကျနော်တို့ လုပ်မယ်လို့ ရည်မှန်းထားသလောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အဓိက အဆောက်အဦး ၃၀ သို့မဟုတ် ၄၀ လောက်ကို အကာအကွယ်ပေးနိုင်ဖို့ပါ။ ဒီအဆောက်အဦးတွေကို ဘယ်သူကမှ ဖျက်ဆီးမှာ မဟုတ်ဘူးလို့လည်း တကယ်ယုံကြည်ထားပါတယ်။ ရွှေတိဂုံ စေတီတော်ရဲ့  မြင်ကွင်းကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် အဆောက်အဦးတွေ အပါအဝင် အခြား ရာနဲ့ချီတဲ့ အဆောက်အဦးတွေကို ကျနော်တို့ ကာကွယ်ပေးနိုင်မှာလား ဆိုတာကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပါ။ ရှေးမူလက်ရာတွေကို မပျက်စီးအောင် ထိန်းသိမ်းထားရင်းနဲ့ မြို့ထဲမှာနေထိုင်တဲ့ ဝင်ငွေ အလယ်အလတ်ရှိသူတွေ၊ ဝင်ငွေနည်းပါးပြီး နွမ်းပါးတဲ့သူတွေလည်း အကျိုးအမြတ် ရရှိစေနိုင်မယ့် အစီအမံတခု ကျနော်တို့ ချမှတ် ပေးနိုင်မှာလား ဆိုတာကလည်း မေးခွန်းတခုပါပဲ။ ဒီအလုပ်တွေကို ကျယ်ပြန့်တဲ့ မြို့ပြဆိုင်ရာအမြင်နဲ့ ပူးပေါင်းနိုင်မှာလား ဆိုတာကတော့ တိုးတက်လာနေဆဲပါ။ ဒါကြောင့် ကျနော်တို့ အရေးပါတဲ့ အောင်မြင်မှုတခု ရှိတယ်လို့ ထင်ပါတယ်။ ဒါ ပေမယ့် ကျနော်တို့ အလုပ်ကို ကြိုးစားလုပ်ဖို့ လိုနေဆဲပါပဲ။ နောက်ပြီး ကျနော်တို့ အနေနဲ့ ပြည်သူတွေရဲ့ အင်တိုက်အား တိုက် အားပေးကူညီမှု လိုအပ်နေဆဲ ဖြစ်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading