ရှားပါးခေတ်ကြီးထဲမှာဗျာ

ဇော်မင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည်မှာ ဘာတွေပေါတုန်း။ ဘာတွေထွက်သတုန်း။ ဟိုတုန်းကတော့ သူ့ရွာသူ့နယ်အလိုက် ပေါတာတွေ ရှိခဲ့ပါတယ်။ ဘယ်နယ်ဆိုရင် ဘာထွက်တယ် ဆိုတာနဲ့ တွဲပြီးမှတ်မိလေ့ ရှိပါတယ်။

အညာဖက်မှာဆိုရင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မလှိုင်၊ ပန်းအိုင်၊ ကျောက်ပန်းတောင်း စတဲ့နယ်တွေ ကတော့ ထန်းရည် ထန်းလျက် ထွက်တာနဲ့ နာမည်ကြီးပါတယ်။ ဒါပေမယ့် အခုတော့ ထန်းတက်ချင်တဲ့ ရွာသားဆိုတာ တဖြည်းဖြည်း ရှားပါးလာတယ်လို့ သိရပါတယ်။ နည်းဆို အိမ်နီးချင်း တိုင်းပြည်တွေမှာ အလုပ်သွား လုပ်နေတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ထန်းတက်တာ တခုထဲနဲ့ ဘဝရပ်တည်ရေးအတွက် မဖူလုံတာကြောင့်ပါ။ ထန်းလျက်ဈေးနဲ့ သကြားဈေးဟာ တန်းတူ ဖြစ်နေတယ်ဆိုရင် ယုံကြပါ့ မလား။ တောင်သာ မြင်းခြံနဲ့ မြစ်သားဖက်က နောက်ထပ်နာမည်ရှိတဲ့ ထွက်ကုန်တခုကတော့ ကြက်သွန်နီ ပါပဲ။ အမွှန်နည်းပြီး ချိုတာကြောင့် နာမည်ကြီးတာပါ။ မကြာသေးခင်က နယ်စပ်တဖက်နိုင်ငံတွေက ဝင်လာတဲ့ ဈေးပေါတဲ့ ကြက်သွန်နီတွေကြောင့် မြန်မာကြက်သွန် တောင်သူတွေ အရင်းတောင်ပြုတ်လု မတတ် ဖြစ်ခဲ့ရတယ်လို့ စိတ်မကောင်းစရာလည်း ကြားနေရပြန်ပါတယ်။

စာရေးသူသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုအပြီး မန္တလေးမြို့မှ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာပြီး ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။

မြန်မာ့ဓလေ့မှာ တချိန်တုန်းက ပြောလေ့ရှိတဲ့ စကားစု တခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတဦးနဲ့ တဦး ပညာပြိုင်တာမျိုး၊ တခုခုအပေါ်မှာ ယှဉ်ပြိုင်တာမျိုးတွေ့ရင် လူကြီးတွေက ရယ်ရယ်မောမော နဲ့ ပြောတာကတော့ မိုင်းကိုင်စက္ကူနဲ့ ကြက်သွန်ခွံ အပါးပြိုင်နေကြတယ်တဲ့။ အခုခေတ်မှာ ရှမ်းပြည်နယ် မိုင်းကိုင်ဒေသကထွက်တဲ့ မိုင်းကိုင်စက္ကူဆိုတာ ရှိကော ရှိသေးရဲ့လားလို့ တွေးမိပါတယ်။ မမြင်ဘူးတာတောင် အတော်ကြာပါပြီ။ မိုင်းကိုင်စက္ကူလုပ်တဲ့ ရှမ်းအမျိုးသားများလည်း တဖက်နိုင်ငံမှာ အလုပ်တွေ သွားလုပ်နေကြလို့ မိုင်းကိုင်စက္ကူ လုပ်တတ်တဲ့သူကော ရှိမှရှိပါဦးမလားလို့ ရင်လေးမိပြန်ပါသေးတယ်။

အခုခေတ်မှာ ပိုလို့ ဆင်းရဲလာတဲ့ ချင်းတောင်တန်းက ချင်းအမျိုးသားတွေ သူတို့ပြည်နယ်နဲ့ ကပ်ရပ်က နိုင်ငံမှာ အလုပ်လုပ်ကြဖို့ အလုံးအရင်းနဲ့ ရောက်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ တချိန်တုန်းကတော့ ချင်းတောင် ပန်းသီး လိမ္မော်သီးဆိုတာ ရာသီချိန်ရောက်လာရင် ဈေးထဲမှာ အပုံလိုက်တွေ့ရပါတယ်။ ဈေးသည်တွေ အော်ရောင်းတာက “လာနော် လာနော် ချင်းသီးတွေ” ဆိုပြီး ရောင်းပါတယ်။ ရှမ်းပြည်မှာလည်း လိမ္မော်သီးထွက်ပါတယ်။

ရှမ်းပြည်က အသီးရောင်းတော့ ရှမ်းသီးလို့ အော်ရောင်းပြန်ရော။ စိုင်းဆိုင်မောဝ်ရဲ့ ဂျီအမ်စီလို ကားကြီးမျိုးနဲ့ မန္တလေးဖက်ကို ကုန်တင်ကာ သွားသည် ဆိုတဲ့ သီချင်းကိုလည်း မှတ်မိပါသေးရဲ့။ အခုခေတ်မှာကော ချင်းတောင်ကော ရှမ်းပြည်ကော လိမ္မော်သီးတွေ ပန်းသီးတွေ ထွက်သေးရဲ့လား။ လိမ္မော်ပင်တွေ လိမ္မော်ကိုင်းတွေများ ခြောက်သယောင်း ကုန်ပြီလားလို့ စိတ်ပူမိပါတယ်။ ဘေးနိုင်ငံတွေက လိမ္မော်သီးတွေ ပန်းသီးတွေ ဝင်လာနေတာကတော့ နည်းတာမဟုတ်ဘူး။ ဒီလို အသီးတွေ အကြောင်းပြောတော့ ကချင်ပြည်နယ်မှာလည်း ထွက်သေးသဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့စားခဲ့ရတဲ့ ကချင်ဖက်ကထွက်တဲ့ အသီးတွေကို ပြန်ပြောပြမယ်။ ဂရိတ်ဖရုတဲ့၊ ဝါရှင်တန်တဲ့၊ ရူဘီတဲ့။ လိမ္မော်နွယ် အသီးတွေပါဘဲ။ တချိန်က နိုင်ငံခြားကနေ မျိုးတင်သွင်းပြီး စိုက်ခဲ့တာ အတော်လေး အောင်မြင်ခဲ့တယ်။ ရူဘီကတော့ ခွဲလိုက်ရင် အထဲမှာ နီရဲနေတာမို့ ရူဘီလို့ခေါ်တာ။ ပြည်တွင်းစစ်ကြောင့် အဲသည့် စိုက်ခင်းတွေ အတော်များများလည်း ပိုင်ရှင်မဲ့ ဖြစ်ခဲ့ရတယ်။

ကျနော်တို့ ခပ်ငယ်ငယ်တုန်းက ရယ်စရာ စကားပုံပြင်လေး တခုရှိခဲ့ဘူးတယ်။ မဆလ ဆိုတဲ့ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီ ခေတ်တုန်းကပါ။ အဲသည်တုန်းက လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်နေဝင်းက တခါသားမှာ အထက်မြန်မာ ပြည်ဖက်ကို ခရီးထွက်လာရင်း သည်လိုပြောသတဲ့။ “လှတောသားတွေ စကားတတ်လှတတ်လှနဲ့ ပြောသံကြားဖူးတယ်။ အဲသည့်နယ်ထဲ ရောက်ရင် ဟုတ်မဟုတ်စမ်းသပ်မယ်” လို့ ဆိုသတဲ့။ ဒါနဲ့ လှတောရွာထိပ် ရောက်တော့ သူ့ရဲ့ကားတန်းကြီးကို ရပ်ပြီး တွေ့တဲ့ အသက် ဆယ်နှစ်အရွယ် ကလေးတယောက်ကို မေးသတဲ့။ “ဟဲ့ သူငယ် မင်းတို့ အရပ်မှာ ဘာတွေထွက်သတုန်း” ဆိုပြီးမေးလိုက်တယ်။ အဲသည်တော့ အမေးခံရတဲ့ကလေးက “ဟာ ဘကြီးရယ် ပြောမနေပါနဲ့တော့ ကျုပ်တို့အရပ်မှာ အထွက်ဆုံးနဲ့ အပေါဆုံးကတော့ ခရမ်းချဉ်သီးနဲ့ လမ်းစဉ်ပါတီ အစည်းအဝေးတွေပါပဲ” လို့ ပြန်ဖြေလိုက်တာ အာဏာရှင်ကြီး ပက်လက်လန်သွားတယ်လို့ ဆိုတယ်။ အခုကော လှတော မှာ ခရမ်းချဉ်သီး အရင်လို အထွက်များတုန်းပဲလား ဆိုတာ စဉ်းစားနေမိတယ်။ နောက်တချက်ကတော့ လှတောမှာ လမ်းစဉ်ပါတီ အစည်းအဝေးတွေ ပေါခဲ့သလို ကျနော်တို့ လွှတ်တော်သစ်ကြီးထဲမှာလည်း ထပ်တူထပ်မျှ အစည်းအဝေး တွေကော ကြိတ်ဝိုင်းတွေပါ သိပ်ပေါတာပဲလို့ လူပြောများ နေတာလည်း ကြားရတော့ လှတောဇတ်လမ်းနဲ့ ဆက်စပ်တွေး မိရင်းက ကိုယ့်ဟာကို တယောက်ထဲ ပြုံးမိတယ်။

ပြောရရင် အင်းလေးကန် ဖက်ကလည်း ခရမ်းချဉ်သီး အတော်ထွက်တယ်။ ဈေးထဲမှာ ဈေးသည်တွေ အော်အော် ရောင်းတာက သည်လို။ “အင်းသီးတွေ အင်းသီးတွေ၊ နီမာတွေနော် နီမာတွေ” ဆိုပြီး အပြိုင်အဆိုင် အော်ရောင်းကြတာကလား။ နီမာဆိုတာက ခရမ်းချဉ်သီးဟာ နီပြီးမှည့်နေပေမယ့် ပျော့ပြဲမနေဘူး မာမာလေးဆိုပြီး တင်စားတာ။ အခုတော့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ အသုံးများလို့ အင်းရေတောင် ဓာတုဆေးရည် ဖြစ်နေပြီ။ မိတ္ထီလာဖက်မှာလည်း သူ့ရာသီဆိုရင် ခရမ်းချဉ်သီးက ဈေးအလွန်ပေါတယ်။ တပိသာမှာ ဆယ်ပြားလောက်ပဲ ပေးရတာ။ အခုခေတ် လူငယ်တွေ ယုံမှာကို မဟုတ်ဘူး။ ဘာကြာသေးလို့လည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်ကပေါ့။ မိတ္ထီလာကနေ အမရပူရကို ပြန်ပလားဆိုရင် အဖွားနဲ့ ကြီးဒေါ်တွေက အိမ်အတွက် လေးငါးပိသာ ထည့်ပေးလေ့ရှိတယ်။ ကိုယ်က လူပျိုလူရွယ် ဆိုတော့ ခရမ်းချဉ်သီးတောင်းကြီး ထမ်းပြီး ပြန်ရမှာကို ရှက်လို့ ဂိုက်ပဲ့လို့ မယူချင်ပေမယ့် သူတို့ဇွတ်အတင်း ပြောတော့ ယူရတာပေါ့ဗျာ။ အဖွားတို့ ကြီးဒေါ်တို့က ပြောတယ် ဈေးပေါတဲ့ အချိန်မို့ အမေ့အတွက် ယူသွားပါတဲ့၊ မင်းလည်း ထမ်းနေရတာ မဟုတ်ဘူး၊ ဘတ်စ်ကားခေါင်မိုးပေါ် တင်သွားရုံပဲ ဟာကိုတဲ့။ နောက်နှစ်ပတ် သုံးပတ်လောက် ဆိုရင် ငါးမူးတကျပ်အထိ ဈေးတက်တော့ မှာတဲ့။ ဒါနဲ့ဘဲ ခရမ်းချဉ်သီးတောင်းကို အိမ်အရောက် သယ်ခဲ့ရတာပေါ့။

တခါ တောင်သာ ရောက်ပြန်တော့လည်း ကြက်သွန်နီပေါ်တဲ့ အချိန်ဖြစ်နေပြန်ရော။ ရာသီချိန်ဆို ကြက်သွန်နီက တပိသာမှ ငါးမူးသုံးမတ် လောက်ပဲရှိတာကိုး။ ရက်အတော်လေး နေပြီး အိမ်ပြန်တော့မယ် ဆိုတော့ ကြီးဒေါ်တယောက်က ထုံးစံအတိုင်း ဂုံနီအိတ်ထဲမှာ ကြက်သွန်နီ အချိန်တဆယ်လောက် ထဲ့ထားပြီး “ဟဲ့ ကောင်လေး အချို့အတွက် ဒီကြက်သွန်တွေ ယူသွား” ဆိုတာနဲ့ သယ်ရပြန်ပါရော။ အချို ဆိုတာကျနော့် မိခင်ကြီးပါ။ အခုအချိန်မှာ တယောက် ယောက်ကများ ကြက်သွန်နီ အချိန်တဆယ်လောက် အိမ်ပြန်ရင်ယူသွားလို့ပြောရင် ဝမ်းသာအားရ ယူမိမှာပဲ။ ဟိုတုန်းကလို ဂိုက်ပဲ့တာ မပဲ့တာတွေက အရေးမကြီးတော့ဘူး။ အရာရာက ဈေးကြီးနေတဲ့ ခေတ်ကြီးမို့လား။

မုံရွာဖက်မှာဆိုရင်လည်း မုံရွာစောင်က နာမည်ကြီးတယ်။ တခါ မုံရွာမြေပဲဆားလှော် မုံရွာဝက်အူချောင်း ဆိုတာတွေက လည်း နာမည်ကြီး ထွက်ကုန်တွေပါ။ မုံရွာကနေတဆင့် ဝင်လာတဲ့ နောက်ထပ်နာမည်ကြီး ပစ္စည်းတခုလည်း ရှိသေးသဗျ။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အတော်လေး သုံးစွဲတဲ့ ပစ္စည်းပေါ့။ ဘာတုန်းဆိုတော့ ကုလားပြည်က ဝင်လာ တဲ့ ချောင်းဆိုး ပျောက်ဆေးရည်ပါဘဲ။ ဖန်စီဒိုင်းလ်လို့ ခေါ်တယ်။ မူးယစ်ဆေးဝါး အပျော့စားတမျိုး ပါဝင်နေတာကြောင့် ကျောင်းသားတွေ လူငယ်တွေ အတော်လေး မှီဝဲလိုက်ကြသေးတယ်။ အဲတာကို ကျောင်းသားတွေကြားမှာ အတိုကောက် အားဖြင့် “ဖန်” လို့အသံထွက်ပြီး ခေါ်တယ်။ ကုလားပြည်ကနေ ဘယ်လိုဝင်လာတုန်းဟုတ်လား။ အာဏာပိုင်များက လာဘ်လာဘရတော့ ဝင်လာတွေကို မျက်စေ့မှိတ်ထားတာပေါ့ဗျာ။ အဲသည့် ဖန်နဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရီစရာတခု သူငယ်ချင်းတွေကြားမှာ ဖြစ်ခဲ့ဖူး သေးတယ်။

မြစ်သားကနေ ကျောင်းလာတက်တဲ့ သူငယ်ချင်းတယောက် ရှိတယ်။ ပြောရရင် ဒီကောင်က တောသူဌေးသားပေါ့။ ပိုက်ဆံတတ်နိုင်တော့ နေ့တိုင်းဆိုသလို သူသည်လည်း အဲသည့် ချောင်းဆိုးပျောက်ဆိုးရည်ကို မှီဝဲလေ့ရှိတယ်။ တညနေ ကြတော့ ကျနော့်တို့ သူငယ်ချင်းတသိုက် ကျောင်းနားက လဖက်ရည်ဆိုင် တခုရဲ့ ချောင်ကြကြဝိုင်းမှာ ထိုင်နေရင်း အကြမ်းအိုးထဲမှာ ဘီအီးအရက်ဖြူထည့်ပြီး ဆက်ရက်မင်း စည်းစိမ်ယူနေကြတယ်။ ဖန်ဖိုးမရှိတဲ့အခါ ဘီအီးပေါ့လေ။ အဲသည့်အချိန်မှာ မြစ်သားက အဲသည့်သူငယ်ချင်းက လဖက်ရည်ဆိုင်ထဲဝင်လာပြီး ကျနော်တို့ဝိုင်းမှာ လာထိုင်တယ်။ ကျနော်က သူ့ကို “ဟေ့ကောင် တခွက်လောက် လုပ်ဦးမလား” လို့ မေးတော့ သူက လက်ကာပြပြီး “ဟင့်အင်း တော်ပြီ။ လိုင်းပူးလိမ့်မယ်။ ခုနင်လေးကပဲ ငါဖင်ချထားတာ” လို့ဖြေလိုက်တာနဲ့ တဝိုင်းလုံး အော်ရယ်လိုက်ကြတာ ဝက်ဝက်ကွဲပဲ။ သူက “ဖန်” ဆိုတဲ့အသံကို မှန်အောင်မထွက်တတ်တော့ “ဖင်” ဆိုပြီးအသံထွက်တာကိုး။ ပြောရမယ်ဆိုရင် ဖန်ဟာ ကုလားပြည်က ထုတ်လုပ်တာမှန်ပေမယ့် မုံရွာကိုဖြတ်လာပြီး မုံရွာကနေဒိုင်ကိုင်တော့ မုံရွာထွက်ကုန်သဖွယ် လူငယ် တွေက သတ်မှတ်ထားကြ တာပေါ့။

ဘာတွေထွက်သတုန်း ဆိုတာကို ပြန်ဆက်ရရင် မန္တလေးမှာ နာမည်ကြီးတာက ထိုးမုန့်၊ လမုန့်၊ ရွှေချည်ထိုး၊ ရွှေဆိုင်းလုပ်ငန်း စတာတွေရှိတယ်။ မြီးရှည်၊ နန်းကြီးမုန့်တီသုပ် ဆိုတာကလည်း ချန်ထားလို့မရတဲ့ အမျိုးအစားထဲမှာ ပါတာပေါ့။ ဒါပေမယ့် နန်းကြီးမုန့်တီသုတ်နဲ့ မုန့်ဟင်းခါးဟာ ဟိုတုန်းကလို လမ်းထောင့်တိုင်းမှာ မရှိတော့ပါ။ တကူးတက လိုက်ရှာစားရတဲ့ အစားအသောက် ဖြစ်နေပါပြီ။ စိန့်တိုင်းကလာတဲ့ ခေါက်ဆွဲနဲ့ အစားအစာတွေကတော့ နေရာတိုင်းမှာ သူ့မျက်နှာ ဖြစ်ကုန် လို့ပါဘဲ။ တခါ စိန်ပန်းဆိုတဲ့ ရပ်ကွက်မှာဆိုရင် မော်တော်ကားပန်းပဲဖိုတွေ ရှိတယ်။

အင်ဂျင်ဘလောက်တုံးတောင် လုပ်တတ် နေကြပြီ။ မန္တလေး ဘီယာနဲ့ရမ် ဆိုတာကတော့ တိုင်းသိပြည်သိ ထွက်ကုန်တွေ။ အခုတော့ သေရည်သေရက်ဆိုတာ ဘယ်မှာဘဲဖြစ်ဖြစ် ချက်လို့လွယ် ဝယ်လို့လွယ် သောက်လို့လွယ်တာကြောင့် လွယ်လွယ်နဲ့ပဲ ငယ်ငယ်ကထဲက ဟိုတဖက်ကမ်းကို ရောက်သူတွေလည်း မနည်းလှတော့ပါ။ အမရပူရ ဆိုရင်လည်း ယက္ကန်းမြို့တော် ချည်ပုဆိုးကြမ်းကနေ ပိုးအချိတ်ထည်တွေအထိ ထွက်တယ်။ အခုတော့ မလေးရဲ့ လက်ခတ်သံတွေလည်း တိုးတိတ်သွားခဲ့ပါပြီ။ ဧရာဝတီမြစ်ရဲ့ အနောက်ဖက်ခြမ်းက စစ်ကိုင်းဆိုရင်လည်း အိုးလုပ်ငန်းကြောင့် နာမည်ကြီးတယ်။ ကိုယ်လုံးကိုယ်ပေါက် ကျော့ရှင်းလှပတဲ့ မိန်းကလေးတွေကို စစ်ကိုင်းအိုးလေးလိုပဲ ဆိုပြီး ကျနော်တို့ဆီမှာ ပြောလေ့တောင် ရှိတယ်။ ရေသန့်ဗူးတွေ ခေတ်စားလာပြီ ဆိုတော့ စစ်ကိုင်းအိုးရဲ့ အနာဂတ်ကံကြမ္မာအတွက် ရတက်မအေး ဖြစ်မိတယ်။ ပျဉ်းမနားကတော့ မျှစ်ချဉ်နဲ့ နာမည်ကြီးတယ်။ ဝါးတောတွေ ရှိသေးတယ်ဆိုရင်တော့ ပျဉ်းမနား မျှစ်ချဉ်လည်း သက်ဆိုး ရှည်နိုင်ပါသေးတယ်။ ပျော်ဘွယ်ကတော့ မုံ့ကြွပ်ထွက်တယ်။ ပုန်းရည်ကြီး ဆိုရင်တော့ ညောင်ဦး။ ယွန်းထည်ဆိုရင် ပုဂံ။ နိုင်ငံခြားသားဧည့်သည် အဝင်များလာတယ် ဆိုတော့ ယွန်းလုပ်ငန်းက အသက်ရှုပေါက် ရှိသေးတာပေါ့။

တနင်္သာရီဒေသထဲမှာဆိုရင် ဘိတ်ကလာတဲ့ ငံပြာရည်နဲ့ ငပိ၊ ထားဝယ်ဖက်ကဆိုရင် ကြိမ်။ မော်လမြိုင်ဖက်ကဆိုရင် ဒူးရင်းသီးနဲ့ မင်းဂွတ်သီး၊ အဲ ဓညင်းသီးအိုးစိမ်လည်း နာမည်ကြီးပဲ။ ဘီလူးကျွန်းဆိုရင် ဆေးတံလုပ်ငန်းနဲ့ တခြားလက်မှု ပစ္စည်းတွေ ထွက်ပြန်တယ်။ နောက်တနင်္သာရီ ဒေသတခုလုံးဟာ ဟိုတုန်းကတော့ ရော်ဘာအထွက်မှာလည်း ထင်ရှားခဲ့ဘူးတယ်။ ကရင်ပြည်နယ်မှာလည်း ဒူးရင်းသီးနဲ့ ဓညင်းသီးတွေ အလျှံအပယ် ထွက်ပါတယ်။ ရှမ်းပြည်ဖက်ကို ပြန်ခုန်တက်ပြီး ကြည့်လိုက်မယ်ဆိုရင် ပလောင်ဒေသနဲ့ လက်ဖက်ဆိုတာ ခွဲခြားလို့မှ မရခဲ့တာ။ အခုတော့ လက်ဖက်ခူးမယ့် သူတောင် ရှားပါးလာတယ်လို့ သိရတယ်။ တရုတ်လုပ်နဲ့ ဗီယက်နမ် လက်ဖက်ခြောက်တွေကို ဈေးကွက်ထဲမှာ မယှဉ်နိုင်တော့ဘူး။ အဲဒါကြောင့် ကြာရင် လက်ဖက်လုပ်ငန်း တိမ်ကောသွားတော့မယ်လို့ ဝေဖန်သံတွေလည်း ကြားနေရတယ်။ မြစ်ဝကျွန်းပေါ် မှာလည်း သီတင်းကျွတ် ကာလဆိုရင် မော်ကျွန်းဖက်မှာ ငါးသလောက်တွေမြူးတာ ပေါများလွန်းလို့ ပိုက်တောင် ပြတ်ကြတယ်လို့ ပြောခဲ့ရတဲ့ နေ့တွေဟာ ကျန်ရစ်ခဲ့ပါပြီ။

ရတနာမြေတွေဖြစ်တဲ့ ဖားကန့်၊ မိုးကုတ် တို့လည်း နေဝင်ချိန်ကို မျက်ရည်စက်လက်နဲ့ စောင့်နေကြရတယ်။ ကြေးနီနဲ့ တခြားသတ္ထုတွေလည်း တောင်အဖြိုခံရတဲ့ ပါကုန်ပြီဆိုတော့ ပါသွားတာကို ပါသွားတယ်လို့သာ မှတ်လိုက်ပါတော့။ ကျွန်းပင်တွေ သစ်မာပင်တွေ မြန်မာပြည်မှာ ပေါလှတယ်ဆိုတာ ဘုရင်တွေခေတ်နဲ့ ဗြိတိသျှကိုလိုနီခေတ် မှာပဲ ဖြစ်ခဲ့တာပါ။ အင်္ဂလိပ်ခေတ် တုန်းက ချပ်သင်းဦးဘသင် ဆိုတာရှိတယ်။ သူဟာသစ်တောတွေကိုတောင် ပိုင်ခဲ့တယ်။ ဘုရင်တွေခေတ်တုန်းက ပေးသနားခဲတာလို့ ဆိုတယ်။ အဲတာကို ဗြိတိသျှအစိုးရလက်ထက်မှာ အစိုးရပိုင်အဖြစ် သိမ်းမပြစ်ဘဲ ဆက်ပြီးအသိအမှတ် ပြုပေးခဲ့တယ်။ အစိုးရပိုင် နိုင်ငံပိုင်ဆိုလို့ ပြောရဦးမယ်။ လယ်သမားတွေ စပါးတသီးစိုက်လို့ အောင်တဲ့နှစ်ဆိုရင် နောက်သုံးသီး ထိုင်စားလို့ရတဲ့အထိ ဝင်ငွေကောင်းခဲ့တယ်ဆိုတာ အိပ်ရာဝင်ပုံပြင်လို့ပြောရင် လွန်လေမလား။ လယ်ဆိုတာ ယာဆိုတာ လယ်လုပ်သူ၊ ယာလုပ်သူတွေ ပိုင်ဆိုင်တာမဟုတ်ဘူးတဲ့။ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေထု အားလုံးဟာ နိုင်ငံတော်က ပိုင်ဆိုင်တယ်လို့ ဆိုထားတာကလည်း ရှိနေပြန်တယ်။ ရခိုင်ကမ်းလွန် တနင်္သာရီကမ်းလွန်က သဘာဝ ဓာတ်ငွေ့တွေဟာ လူတွေအတွက်မဟုတ် နိုင်ငံတော်အတွက်လို့ ဆိုထားတော့ နိုင်ငံတော်ဆိုတာ ဘယ်လိုပုံစံမျိုးလည်း ဒိုင်နိုဆောလို ပုံမျိုးလား ဘာလားညာလား ဆိုတာ မြင်ဖူးစမ်းချင်တယ်။

အရင်ကပေါများခဲ့တာတွေ အခုတော့ ရှားပါးကုန်ပါပြီ။ သို့သော် အခုခေတ်ကြီးမှာ ပေါများလွန်းတာ တခုတော့ ရှိနေသေး သဗျ။ ဒါပေမယ့် စားလို့မရဘူး။ သုံးစွဲလို့မရဘူး။ ဘာများလဲဟုတ်လား။ ဘာတုန်းဆိုတော့ အဲတာကို ကိုးကွယ်ဆည်းကပ် ရင်တော့ စီးပွားရေးဟာ ဒီရေအလား တက်တယ်လို့ ဆိုတယ်။ ကျနော့်ကို ပေစောင်းစောင်းနဲ့ မကြည့်ပါနဲ့ဗျာ။ ဘာလဲဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading