ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆင်းဟတ်စ် ခရီး

အောင်ဇော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဥရောပခရီးစဉ်တုန်းက မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ ဆင်းဟတ်စ် တော်ဝင် စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောတာ တွေ့ရတော့ ပြည်တွင်း ပြည်ပက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အံ့ဩကြတယ်။

အဲဒီလို သွားခဲ့တဲ့အပေါ်  ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်အဖြစ် ထောက်ခံထားကြသူတွေက သူတို့ကို ပစ်ပယ်လိုက်ပြီလို့ ခါးခါးသီးသီး ဝေဖန်ကြတယ်။ စိတ်ပျက်လက်ပျက်လည်း ဖြစ်ရတယ်လို့လည်း ပြောကြတယ်။ သူတို့က စစ်အစိုးရရဲ့ နေအိမ်အကျယ်ချုပ် နှစ် ၂၀ လောက်ချထားရာက အခု လွှတ်တော်အမတ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက် ဥရောပခရီးစဉ်မှာ ဘာကြောင့် စစ်တက္ကသိုလ်တစ်ခုကို အထူးတလည် သွားလည်ရတာလဲလို့ စူးစမ်းကြတယ်။

 

ကိုအောင်ဇော်သည် ဧရာဝတီ မဂ္ဂဇင်း၏ အယ်ဒီတာချုပ်နှင့် တည်ထောင်သူ ဖြစ်သည်။

အဖြေက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့တပ်မတော်တို့ကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးအပေါ် မူတည်နိုင်တယ်။ တချိန်က မြန်မာစစ်အရာရှိ အမြောက်အများကို လက်ခံလေ့ကျင့်ပေးခဲ့တဲ့ ဆင်းဟတ်စ် စစ်တက္ကသိုလ်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ဖို့များ ဖြစ်လေမလားလို့ စဉ်းစားစရာ ဖြစ်လာတယ်။

တနှစ် အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် လန်ဒန်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ ဗြိတိန်က မြန်မာ အဆင့်မြင့် စစ်အရာရှိ ၃၀ ကို တရားဥပဒေစိုးမိုးရေး ဘောင်အတွင်း ဘယ်လို အလုပ်လုပ်ရမယ်ဆိုတဲ့ အထူးသင်တန်းပေးမယ့် စစ်ဘက်ထောက်ပံ့ရေး အစီအစဉ်ကို အချောသတ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်သင်တန်းပေးဖို့ ဗြိတိန်ကို တောင်းဆိုတိုက်တွန်းခဲ့တယ်။

သင်တန်းအစီအစဉ်ဟာ စစ်တပ် မူဝါဒ ချမှတ်သူများအတွက် ရည်ရွယ် ပုံစံချထားပြီး ဒုတိယ ဗိုလ်မှူးကြီး အဆင့်က ဗိုလ်မှူးချုပ် အဆင့် ရှိသူတွေအတွက် ဖွင့်လှစ်တာလို့ ဧရာဝတီကလည်း သတင်းပေးပို့ခဲ့သေးတယ်။ ပညာရှင်တွေနဲ့ ဗြိတိန် တပ်မတော်အရာရှိတွေ ပါဝင်မယ့် အဖွဲ့က မြန်မာအကြီးတန်း စစ်အရာရှိတွေကို ပို့ချမှာ ဖြစ်တယ်။

သင်တန်း တာဝန်ခံ အမျိုးသမီးက သင်တန်းဟာ နိုင်ငံရေး သင်တန်း၊ စစ်ရေး မဟုတ်ဘူးလို့ ဧရာဝတီကို ပြောတယ်။ “ကျမတို့က သူတို့ကို ရိုင်ဖယ်ဘယ်လို ပစ်ရမယ်၊ တင့်ကားကို ဘယ်လိုမောင်းရမယ်ဆိုတာ သင်ပေးမှာ မဟုတ်ပါဘူး။ ဘယ်အခြေအနေဟာ စစ်တပ်နဲ့ သင့်လျှော်တယ်၊ ဘယ်အခြေအနေဟာ လုံး၀ မသင့်လျှော်ဘူး ဆိုတာကို ပို နားလည်လာနိုင်အောင် ကူညီပေးဖို့ပဲ ရည်ရွယ်ပါတယ်” လို့ ပြောတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံမှာ သြဇာအကြီးဆုံး အဖွဲ့အစည်း ဖြစ်တဲ့ စစ်တပ်နဲ့ ပြန်လည်ပတ်သက်သမျှ အားလုံးဟာ ဤမျှသာပါ။ ဒါပေမယ့် ဗြိတိန်-မြန်မာ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှု တိုးမြှင့်လာတဲ့ အနေအထားကို တွက်ချက်ကြည့်ရင် မဝေးတော့တဲ့ကာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ လန်ဒန်ကို လာရောက် လည်ပတ်ကြမယ်ဆိုရင်တောင် အံ့အားသင့်စရာ မဟုတ်ဘူးလို့ ပြောရမယ်။

လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် အနောက်နိုင်ငံတွေက သတိကြီးကြီးနဲ့ ချိန်ခွင်ညှာညှိရမှာကတော့ တရုတ်နိုင်ငံပါ။

မကြာခင်ကမှ  မြန်မာနိုင်ငံအပေါ် အခါအားလျှော်စွာ အသာစီးယူတတ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်လည်ပတ်ခဲ့ရာ ကော်ဇောနီခင်း ကြိုပြီး သမ္မတ ရှီကျင်ပင်းကလည်း လက်ခံတွေ့ဆုံခဲ့တယ်။

တရုတ်နိုင်ငံဟာ ၁၉၈၀ နှစ်များ နှောင်းပိုင်းကတည်းက မြန်မာနိုင်ငံအတွက် အားထားရတဲ့ လက်နက် ထောက်ပံ့သူ ဖြစ်လာခဲ့တယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရကြောင့် အခြား ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံကို ပစ်ပယ်ထားကြချိန်မှာ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခဲ့တယ်။

အနောက်တိုင်း အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်မှုဟာ သတိထားပြီး ဖြေးဖြေး မှန်မှန် အကောင်အထည် ဖော်ရမှာပါ။ ဒါပေမယ့် တချိန်တည်းမှာ မြန်မာစစ်ဗိုလ်ချုပ်တွေ တရုတ် သြဇာလွှမ်းမိုးမှုအောက် ပြန်ရောက်သွားမှာလည်း သူတို့က မမြင်လိုကြပါဘူး။

သမိုင်းမှာလည်း ဆက်စပ် ပတ်သက်ခဲ့တဲ့ အစဉ်အလာ ရှိတယ်။ ၁၉၅၂ ခုနှစ်က စပြီး ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့  မြန်မာနိုင်ငံက စစ်တပ်အရာရှိ အမြောက်အများ ဆင်းဟတ်စ် စစ်တက္ကသိုလ်နဲ့ အခြားနိုင်ငံရပ်ခြား စစ်ကျောင်းများမှာ သင်တန်းတွေ တက်ခဲ့ဖူးတယ်။ ၁၉၅၂ က ၁၉၅၆ ခုနှစ် အတွင်း မြန်မာအရာရှိ ၆၅ ဦး တက်ရောက်ခဲ့တယ်။

အမေရိကန် စစ်တပ်ရဲ့ Fort Leavenworth Command and General Staff Collage ၊ သြစတေးလျရဲ့ Fort Queenscliff တို့မှာလည်း မြန်မာစစ်အရာရှိတွေ သွားရောက် ပညာသင်ယူခဲ့တယ်။

ဒါပေမယ့် မြန်မာစစ်တပ်ကို အနောက်နိုင်ငံတွေက စစ်ရေးသင်တန်းတွေ ပေးလို့ လူသားချင်း စာနာ ထောက်ထား တတ်လာပြီး ပညာရှင်ဆန်လာစေမယ်လို့ ယူဆရင်တော့ မှားမယ်။ ဥပမာအနေနဲ့ ထိုင်းစစ်တပ်ကို ကြည့်၊ အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ်ဖြစ်ပြီး စစ်တပ်ချင်း ဆက်ဆံရေးက အားကောင်းမောင်းသန်ဖြစ်ပေမယ့် စစ်အာဏာ အကြိမ်ကြိမ် သိမ်းခဲ့ပြီး ပြီးခဲ့တဲ့ ၇ နှစ်ကလည်း တကြိမ် အာဏာ ထပ်သိမ်းခဲ့သေးတယ်။

သမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ “ဖြတ်လေးဖြတ်” ဗျူဟာကို ဗြိတိန်မှာ မြန်မာစစ်အရာရှိတွေ စစ်ပညာသင်ကြားနေစဉ်က နည်းပြဆရာတွေနဲ့ ဆွေးနွေးပွဲတခုမှာ ရခဲ့တာပါ။

ဖြတ်လေးဖြတ် ဗျူဟာဆိုတာ ဒေသခံလူထုကို အတင်းအကြပ် ပြောင်းရွှေ့နေရာချပြီး အထူးစခန်းတွေမှာ ကန့်သတ်ပိတ်ဆို့ထားခြင်း၊ လက်နက်ကိုင်သူပုန်တွေကို ငွေကြေး၊ လူသူ စုဆောင်းရေးနဲ့ သတင်းအဆက်အသွယ်တွေ ဖြတ်တောက်ထားခြင်းတို့ ပါဝင်ပါတယ်။ ဒီဗျူဟာကို ဗြိတိသျှက ကိုလိုနီ နယ်ချဲ့တဲ့ ခေတ်ကာလများ အတွင်းက ထိရောက် အောင်မြင်စွာ အသုံးချခဲ့ပြီး နောက်ပိုင်းမှာ မြန်မာစစ်တပ်က အမွေ ဆက်ခံသူ ဖြစ်လာခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထုတ်ဝေခဲ့တဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်တအုပ်မှာ ဗိုလ်မှူးကြီး ထွန်းတင်က သူ လန်ဒန်က ပြန်ရောက်ပြီး များမကြာမီ ၁၉၆၀ အစောပိုင်းနှစ် အတွင်းမှာ သူ့ ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ ၃ ရက်ကြာ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တခု ပြုလုပ်ပြသခဲ့ရာ အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး နေဝင်းလည်း တက်ရောက်ခဲ့တယ်လို့ ရေးခဲ့ပါတယ်။

အဲဒီ သရုပ်ပြ လေ့ကျင့်မှုဟာ “ဖြတ်လေးဖြတ် စစ်ဆင်ရေး” အစီအစဉ်ပါ။ ဗိုလ်မှူးကြီး ထွန်းတင်ဟာ ၁၉၈၈ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ တကယ် လက်တွေ့မှာလည်း ဖြတ်လေးဖြတ်ဟာ အသုံးဝင်ခဲ့တယ်။ နှစ် အနည်းငယ်အတွင်း မြန်မာတပ်မှူး အမြောက်အများ အဲဒီနည်းစံနစ်ကို အောင်မြင်စွာ အသုံးပြုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ကွန်မြူနစ်တွေကို တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ်ကို ပြန်ကြည့်ရင် ဗြိတိန် ကာကွယ်ရေးဝန်ကြီး Philip Hammond က “အနာဂတ်ကာလမှာ ကျနော်တို့နဲ့ မြန်မာနိုင်ငံတို့ရဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ ဒီမိုကရေစီကို တာဝန်ခံနိုင်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ ခေတ်မီ တပ်မတော် တခု ဖန်တီးဖို့ ဖြစ်လာပါလိမ့်မယ်။ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ ခေတ်သစ်ကမ္ဘာမှာ အောင်မြင်နိုင်ဖို့အတွက် ပညာပြည့်ဝတဲ့ စစ်သားတွေကို ဘယ်လို လေ့ကျင့်ပေးနေတယ်ဆိုတာကို လေ့လာဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ဆင်းဟတ်စ်ကို ရွေးချယ်ခဲ့လို့လည်း ကျေနပ်မိပါတယ်” လို့ ဆိုတာ သတိပြုမိတယ်။

မြန်မာစစ်တပ်ကို စတင်တည်ထောင်ခဲ့သူ မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ပြီး နိုင်ငံရေး သမားတယောက်အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လိုတယ်လို့ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုထားတဲ့ ဒေါ် အောင်ဆန်းစုကြည်ဟာ ဆင်းဟတ်စ် သွားလည်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒီသမ္မတဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိမှု ဘောင်အတွင်းမှာပဲ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် တားဆီးထားတာ၊ ဒီဥပဒေကို ပြင်ဖို့ လွှတ်တော်ထဲမှာ တပ်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု လိုတာတွေကို ခဏမေ့ထားလိုက်ရင်တောင်) တိုင်းပြည်ကို ယခုအချိန်အထိ ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဆုံးအဖြတ် စီရင်ချက်ပေးမှု တခုကို ကျနော်တို့ မျက်ဝါးထင်ထင် မြင်တွေ့နေကြရတယ်လို့ ကောက်ချက်ဆွဲနိုင်တယ်။

ယခုနှစ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြ အခန်းအနားကို ပထမဆုံး တက်ရောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ ကြိုးစားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေခဲ့ပြီး အခုအချိန်ထိလည်း တွေ့ဆုံခြင်း မရှိသေးဘူး။ စစ်ဦးစီးချုပ်က အလေးမထားဘဲ ဥပေက္ခာပြုခြင်းလား အမှန်တကယ် အလုပ်များနေလို့လား ဆိုတာကိုတော့ မကွဲပြားပါဘူး။

သတိပြုမိတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့သေးပေမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အရင်က “သောင်းကျန်းသူ” လို့ တံဆိပ်တပ်ခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ခေါင်းဆောင်တွေကို တွေ့ခဲ့ခြင်းပါ။

နိဂုံးချုပ်ရရင် စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အမှတ်ရနေသူတွေ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် စစ်ဗိုလ်ချုပ်များနဲ့ တရင်းတနှီး ရှိဖို့ လုပ်ဆောင်နေခြင်းဟာ မီးနဲ့ကစားသလို ဖြစ်နေမယ်။ ဒါပေမယ့် သမ္မတ နေရာကို မျှော်မှန်းနေတဲ့ သူ့ အတွက်တော့ အခြားရွေးချယ်စရာ မရှိပါ။

( Aung Zaw ၏ On Suu Kyi’s Sandhurst Visit, a General Conclusion ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading