ကျောင်းသားဗဟိုပြုစနစ် ကျင့်သုံးဖို့ အသင့်ဖြစ်ပြီလား

နန္ဒာဘုန်းမြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ပညာရေးစနစ်သည် ကျောင်းသားဗဟိုပြု စနစ်ဆီသို့ အမှန်တကယ် ပြောင်းလဲ ကျင့်သုံးနိုင်ပါပြီလား၊ ကျင့်သုံးရန် အသင့်ဖြစ်ပြီလား စသော မေးခွန်းများသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် အမေးခံရဆုံး မေးခွန်းများဖြစ်သည်။ ကျောင်းသားဗဟိုပြု သင်ကြားနေပါပြီဟု သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြောကြားနေသော်လည်း လက်တွေ့တွင် ကျောင်းသားနှင့် ဆရာများအကြား သင်ကြားမှု ဆက်ဆံရေးမှာ မပီပြင်သေးပေ။

၁၉၆၂ ခုနှစ် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ အာဏာယူပြီးနောက် မြန်မာ့ပညာရေး စနစ်သည် ယခင်က သင်ကြားနေသော စနစ်အစား မြန်မာ့နည်းမြန်မာ့ဟန် ပုံစံအသစ်အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ မြန်မာဘာသာဖြင့် အဓိက ဦးစားပေးသင်ကြားရန် စီစဉ်ခဲ့ပြီး အင်္ဂလိပ်ဘာသာနှင့် ရေးဆွဲခဲ့သော သင်ရိုးညွှန်းတမ်းနေရာတွင် မြန်မာဘာသာဖြင့် အစားထိုး ပြောင်းလဲခဲ့သည်။ ထိုစဉ်က တက္ကသိုလ်များတွင် သင်ကြားနေသော တက္ကသိုလ်ဆရာ၊ ဆရာမများသည် နိုင်ငံခြားသားများအပြင် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သော ဆရာ၊ ဆရာမများမှာ အများစုဖြစ်ကာ မြန်မာဘာသာဖြင့် ရုတ်တရက် ပြောင်းလဲသင်ကြားရသဖြင့် သင်ကြားရေးတွင် အခက်အခဲများစွာ ရှိခဲ့ကြသည်။

မန္တလေးတက္ကသိုလ်တွင် အချိန်ပိုင်း ပါမောက္ခအဖြစ် ပြန်လည် တာဝန် ထမ်းဆောင်နေဆဲဖြစ်သော အငြိမ်းစား ပါမောက္ခတဦးက ထိုစဉ်အချိန်က ပညာရေးပြောင်းလဲမှုနှင့် ပတ်သက်ပြီး “ဆရာမကြီးတို့ ပထမနှစ်က အင်္ဂလိပ်လို စာသင်ရတယ်။ ဒုတိယနှစ် ရောက်တဲ့အခါမှာ မြန်မာဘာသာနဲ့ သင်ရတယ်၊ ၁၉၆၄ ခုနှစ်ပေါ့။ နိုင်ငံခြားသား ဆရာတွေ အတော်တော်များများက ပြန်သွားကြတယ်။ ဆရာအများစုက အင်္ဂလိပ်လိုရေးထားတဲ့ Original text book တွေကို ကိုင်ပြီးသင်တယ်။ ဆရာအများစုဟာ နိုင်ငံခြားပြန်တွေ။ နိုင်ငံခြားပြန် မဟုတ်တဲ့ ဆရာတွေကလည်း သူတို့ ပညာသင်ကာလ တလျှောက်လုံးမှာ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ခဲ့ရတော့ မြန်မာ ဘာသာစကားသုံးပြီး သင်ရတာဟာ သူတို့အတွက် အရမ်းခက်ခဲခဲ့တယ်။ သင်ယူတဲ့ ဆရာမကြီးတို့လည်းမှာလည်း ခက်ခဲတာပဲ။ Text book က အင်္ဂလိပ်လို၊ စာမေးပွဲဖြေရတာက မြန်မာလို။ ဆရာတွေက အင်္ဂလိပ်လိုဖတ်ပြ၊ မြန်မာဝေါဟာရတွေကို ကျောင်းသားတွေနဲ့အတူ ပြန်ဆွေးနွေး၊ တော်တော်လေး ခက်ခဲခဲ့တယ်” ဟု ပြောပြသည်။

၁၉၈၈ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးလောကသည် စစ်အစိုးရ၏ မျက်စိ စပါးမွှေး စူးစရာဖြစ်နေခဲ့သည်။ တက္ကသိုလ်များသည် စစ်အစိုးရအား အာခံမည့် တော်လှန်ရေး ခေါင်းဆောင်များ မွေးဖွားရာ ဘူမိနက်သန်ဖြစ်ခဲ့ကာ စစ်အစိုးရ၏ အမြဲတစေ စောင့်ကြည့်နေရမည့် နေရာဖြစ်ခဲ့သည်။ တက္ကသိုလ်များ၏ အဆင့်အတန်း တိုးတက်ရေးကို လျစ်လျူရှုခဲ့ပြီး ကျောင်းသားများ မြို့တွင်း တက္ကသိုလ်ဝန်းကျင်မှ ဝေးလွင့်ရေးသည် စစ်အစိုးရ၏ အဓိက ရည်ရွယ်ချက် ဖြစ်ခဲ့သည်။ ပညာရေးအတွက် အသုံးစရိတ် လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းများကို စစ်အစိုးရက အဓိက ပြုလုပ်ခဲ့သည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ၌ တက္ကသိုလ်များတွင် စစ်အစိုးရအား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် တက္ကသိုလ်များကို နှစ်ကာလရှည်ကြာစွာ ပိတ်ပစ်ခဲ့သည်။ ထိုစဉ်က တက္ကသိုလ် ပထမနှစ် တက်ရောက်နေသော ကျောင်းသူတဦးဖြစ်ခဲ့ကာ ယခုအခါ တက္ကသိုလ်ဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသူက ထိုစဉ်က ပညာရေးစနစ်နှင့် ပတ်သက်၍ “အဲဒီတုန်းက ကျမက မန္တလေးတက္ကသိုလ်မှာ ပထမနှစ်ကျောင်းသူ၊ မန္တလေးတက္ကသိုလ်မှာ ဆန္ဒပြတာက တရက်သာသာလေးပါပဲ။ ရန်ကုန်မှာတော့ ဆန္ဒပြနေတာ နည်းနည်း အချိန်ကြာတာပေါ့။ အဲဒီလိုဆန္ဒပြပြီးတော့ ကျောင်းပိတ်လိုက်တာဟာ တမေ့တမောပဲ။ ၁၉၉၇ ဇွန်လလောက်မှ စာမေးပွဲဖြေရတယ်။ အဲဒါက ကိုယ့်မြို့တွေမှာပဲ ဖြေရတယ်။ အဲဒီနောက်တော့ ကျောင်းတွေပိတ်လိုက်တာ ၂၀၀၀ ခုနှစ်မှ ပြန်ဖွင့်တော့တယ်။ ပြန်မဖွင့်တော့ဘူးလို့လည်း သတင်းတွေကြားခဲ့တယ်” ဟု ပြောပြသည်။

အဝေးသင် ပညာရေးစနစ် စတင်လာခြင်းနှင့် ပတ်သက်၍ သူက “အဲဒီမှာ အဝေးသင် တက္ကသိုလ်တွေကတော့ ပြန်ဖွင့်တော့ ကျောင်းသား အတော်များများက အဝေးသင် ပြောင်းယူကြတယ်။ နေ့သင်တန်းတွေမှာ ကျောင်းသားက နည်းသွားတယ်။ ပြီးတော့ တက္ကသိုလ်အသစ်တွေကို ဖွင့်လိုက်တယ်။ မန္တလေးမှာ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်မှာဆိုရင် ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ် စသဖြင့်ပေါ့လေ။ ကျောင်းသားတွေရဲ့ အင်အားကို စပြီးခွဲလိုက်တယ်။ ပြီးတော့ သင်ကြားရေးစနစ်ကလည်း Semester စနစ်ပေါ့။ စာသင်နှစ် တနှစ်မှာ စာမေးပွဲ နှစ်ခါဖြေရတယ်။ နောက်ပြီး Supplementary ဆိုတဲ့  စာမေးပွဲကျတဲ့ ဘာသာရပ်တွေကို ပြန်ဖြေလို့ရတဲ့ စနစ်ပေါ်ခဲ့တယ်။ ဒါဟာ တက္ကသိုလ် ပညာရေးကိုသာမက မြန်မာ့ပညာရေးကို ချောက်ထဲကို ဆွဲချလိုက်တဲ့ စနစ်ပဲ။ ဒီစနစ်ကြောင့် မြန်မာနိုင်ငံက တက္ကသိုလ်တွေက ထုတ်ပေးလိုက်တဲ့ ဘွဲ့မှတ်တွေဟာ ဘယ်နိုင်ငံကမှ အသိအမှတ်ပြု မခံရတော့တာ၊ ဘွဲ့ရတဲ့သူတွေအားလုံး ကိုယ့်ရထားတဲ့ ဘွဲ့ကို တန်ဖိုးမထား တတ်တော့တာတွေက အဲဒီစနစ်ရဲ့ ဆိုးကျိုးတွေပါ” ဟု သုံးသပ်သည်။

ယနေ့အချိန်အထိ မြန်မာ့ပညာရေး လောကတွင် အသုံးပြုနေသော သင်ကြားရေးစနစ်သည် မြန်မာ့နည်းမြန်မာ့ဟန်၊ ကိုယ်နည်းကိုယ့်ဟန်ဖြင့် သင်ကြားနေသော သင်ကြားရေးစနစ်ပင် ဖြစ်သည်။ တက္ကသိုလ်များတွင် ပြဌာန်းစာအုပ်များမရှိ၊ လက်တွေ့ခန်းတွင်း လက်တွေ့လုပ်ဆောင်ရသော သင်ခန်းစာများမရှိ။ ဆရာများမှ အင်္ဂလိပ်ဘာသာဖြင့် အဆင်ပြေသလို ရေးဆွဲထားသော Notes များဖြင့်သာ သင်ယူနေရသည်။ စာသင်ခန်းများတွင် ဆရာများကသာ ဦးဆောင်ဆွေးနွေးကာ ကျောင်းသားများသည် ဆရာ၏ ဦးဆောင်မှုဖြင့် သင်ခန်းစာများကို ပြုလုပ်သွားရသော စနစ်သာဖြစ်သည်။ ကမ္ဘာပေါ်ရှိ သင်ကြားရေး စနစ်များထဲတွင် ဤကဲ့သို့သော သင်ကြားရေးစနစ်သည်  မြန်မာ့ပညာရေး စနစ်တွင်သာ ရှိသည်ဟု ဝါရင့်တက္ကသိုလ်ဆရာ၊ ဆရာမများမှ မှတ်ချက်ပေးကြသည်။

ပြုပြင်ပြောင်းလဲရေး ကာလတွင် အလျင်မြန်ဆုံး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု အပြောခံရမှု အများဆုံးမှာ မြန်မာ့ပညာရေးစနစ်ပင် ဖြစ်သည်။ နိုင်ငံတကာတွင် ကျောင်းသားဗဟိုပြုစနစ်ကို ကျင့်သုံးနေပြီ ဖြစ်သောကြောင့် မြန်မာ့ပညာရေး စနစ်တွင်လည်း ယင်းစနစ်အတိုင်း ပြောင်းလဲ ကျင့်သုံးရန် အများစုက ဝေဖန်လာပြီဖြစ်သည်။

တကယ့်လက်တွေ့တွင် ကျောင်းသားဗဟိုပြု စနစ်ကို ကျင့်သုံးရန် အသင့်ဖြစ်နေပါပြီလား။ မန္တလေးတက္ကသိုလ်မှ လက်ထောက်ကထိက တဦးက “လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၁ လောက်က ကျမတို့ တက္ကသိုလ်တွေမှာ ကျောင်းသားဗဟိုပြု သင်ကြားရေးနဲ့ ပတ်သတ်လို့ သင်တန်းတွေ ပေးပါတယ်။ အဲဒီတုန်းက ကျမက ဌာနကိုယ်စား တက်ခဲ့ဖူးတယ်။ မိခင်ဌာနကို ပြန်ရောက်တဲ့အခါမှာ ကိုယ်သင်ခဲ့ရတဲ့ Knowledge ကို ပြန်ပြီး Sharing လုပ်တယ်။ ဒီမှာ ပြဿနာ တက်တော့တာပါပဲ။ ဆရာအများစုက ဒီစနစ်ကို လက်မခံဘူး။ သင်လို့မရဘူး ပြောကြတယ်။ ကျမကတော့ ကိုယ်စာသင်တဲ့ စာသင်ခန်းမှာ သင်တန်းကရတဲ့ Knowledge နဲ့ စာသင်တယ်။ ကလေးတွေက ညံ့တယ် ပြောရမလားပဲ။ သူတို့က ဆရာက အင်္ဂလိပ်လို စာကြောင်းကို မြန်မာလို ဘာသာပြန်ပေးမှ ရတယ်။ သချၤာလို ဘာသာရပ်မှာလည်း ဆရာက ကိုယ်တိုင်က တွက်ပြမှ ရတယ်။ သူတို့က ကိုယ်တိုင် ကြိုးစားအားထုတ်မှု အရမ်း အားနည်းသွားတယ်။ အဲဒီလိုတွေလုပ်တော့ ကျမရဲ့ အတန်းချိန်ကို ကျောင်းပြေးတယ်” ဟု သူ့အတွေ့အကြုံကို ပြောပြသည်။

ကျောင်းသားအများစုသည် အဆင်သင့် ခူးပြီးခပ်ပြီးသားကိုသာ စားသောက်သည့်စနစ်နှင့် အသားကျနေပြီဟု အဆိုပါ ဆရာမက ထပ်လောင်းပြောသည်။

ကျောင်းသားဗဟိုပြုစနစ် ပြောင်းလဲရန် ကျောင်းသားများကလည်း အဆိုပါစနစ်ကို လိုက်ပါနိုင်သည့် အရည်အချင်းအပြင် သင်ထောက်ကူ ပစ္စည်းများလည်း လိုအပ်သည်ဟု တက္ကသိုလ် ဆရာ၊ ဆရာမများက ယူဆသည်။ တက္ကသိုလ်များတွင် စာသင်ခန်း အများစုသည် ကျောင်းသား ၁၀၀ ခန့်ဖြင့် စာသင်နေရပြီး မေဂျာအလိုက် ၁၀၀ မှ ၁၅၀ အထိ ရှိတတ်သည်။ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို စာသင်ခန်းအတွင်း အသုံးပြုရန်မှာ အတော်ပင် ခက်ခဲသော အနေအထားတွင် ရှိနေသည်။ လက်တွေ့ခန်းများတွင်လည်း လက်တွေ့အသုံးပြုရန် သင်ထောက်ကူပစ္စည်း မရှိခြင်း၊ လက်တွေ့ခန်းနှင့် ကျောင်းသားအရေအတွက် မညီမျှလွန်းခြင်းများက ကျောင်းသားဗဟိုပြုစနစ်ကို အဓိက စိန်ခေါ်နေသော အချက်များပင် ဖြစ်သည်။

ရတနာပုံ တက္ကသိုလ်မှ ရူပဗေဒအဓိက ကျောင်းသားတဦးက လက်တွေ့ခန်း သင်ယူမှုနှင့် ပတ်သက်ပြီး “လက်တွေ့ချိန်တွေက အချိန်စာရင်းမှာ အပြည့်ပါပါတယ်။ တကယ်လည်း ဝင်ရတယ်။ ဒါပေမယ့် လက်တွေ့ခန်းဝင်တဲ့ ဆရာမက တယောက်တည်း၊ ကျောင်းသားတွေက လက်တွေ့ခန်းနဲ့ မဆန့်ဘူး။ လက်တွေ့လုပ်ရမယ့် ပုစ္ဆာကို ဆရာမက ကျောက်သင်ပုန်းမှာ တွက်ပြတယ်။ ကျနော်တို့က ကူးတယ်။ လက်တွေ့စာအုပ်ထပ်၊ လက်မှတ်ထိုး။ လက်မှတ်က အရေးကြီးတယ်။ အစားထိုး ပြန်မပေးဘူး။ အဲဒီပုစ္ဆာကို လက်တွေ့လုပ်ရတာကတော့ မရှိပါဘူး။ ဆရာမက ကျောက်သင်ပုန်းမှာ တွက်ပြတာပဲ။ ဒါပါပဲ၊ မထူးခြားပါဘူး” ဟု သူ၏ အတွေ့အကြုံကို ပြောသည်။

ယခုကဲ့သို့ ချို့ယွင်းချက်များစွာ ပြည့်နှက်နေသော မြန်မာ့ပညာရေးစနစ်တွင် ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများမှာ ဒုနှင့်ဒေး ဖြစ်သည်။ ကျောင်းသားများ၏ အရည်အချင်း မပြည့်ဝမှု၊ သင်ထောက်ကူပစ္စည်း မလုံလောက်မှုများ ရှိနေချိန်တွင် ဆရာ၊ ဆရာမများသည် စာမေးပွဲအောင်စာရင်း ပြုစုရာတွင် အရည်အချင်းထက် အရေအတွက် များရေးကို ဖိအားပေးခံနေရသည်။ ကျောင်းခေါ်ချိန် မပြည့်မီပါက စာမေးပွဲဖြေဆိုခွင့် မရှိဟု စည်းမျဉ်း ထုတ်ပြန်ထားသော်လည်း ကျောင်းသားများသည် စီးပွားရေး၊ လူမှုရေး ပြဿနာများကို အကြောင်းပြပြီး စည်းကမ်းလိုက်နာမှု မရှိပေ။ ဆရာ၊ ဆရာမများသည် လစာနှင့် မလောက်ငှသဖြင့် ကျူရှင်သင်ပြီး တဖက်တလမ်းမှ ဝင်ငွေရှာနေရသည်။ ယင်းပြဿနာများသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် အချိန်မီ ပြုပြင်ရမည့် ကိစ္စများထဲမှ တချို့ဖြစ်သည်။ သို့သော်လည်း ပြုပြင်ရမည့် နည်းလမ်း မထွက်ပေါ်သေးပေ။

ပညာရေး ပြုပြင်ပြောင်းလဲမှုသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုထက် ပိုမိုခက်ခဲနိုင်ပြီး အချိန်တိုတိုအတွင်း ပြုပြင်ပြောင်းလဲမှု၏ အကျိုးရလဒ်ကို မြင်တွေ့နိုင်ဦးမည် မဟုတ်ပေ။ ပညာရေး ပြုပြင်ပြောင်းလဲရန် အနည်းဆုံး ၆ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရဖွယ်ရှိသည်ဟု ပညာရှင်တချို့က မှတ်ချက်ပေးထားသည်။ လက်တွေ့ဆန်သော ပြောင်းလဲမှုကို ရုတ်ချည်း ပြောင်းလဲရန် ကျောင်းသားထုအပေါ် သက်ညှာမှု မရှိသော နည်းလမ်းကို သုံးရန်လည်း မဖြစ်နိုင်ဟု ဆိုထားသည်။

လက်တွေ့တွင် အစိုးရသစ်အနေဖြင့် စာမတတ်မြောက်သူ ပပျောက်ရေးဟူသော ဆောင်ပုဒ်ကို ဆွဲကိုင်ထားပြီး စာမေးပွဲ စနစ်တွင်လည်း အတန်းတင်စနစ်ကို အခြေခံပညာအဆင့်တွင် ကျင့်သုံးနေဆဲဖြစ်ရာ ကျောင်းသားအများ၏ ပညာအရည်အသွေးမှာ အရည်အချင်းထက် အရေအတွက်က များနေဆဲပင်ဖြစ်သည်။ အရေအတွက် များနေသော်လည်း အလုပ်မဖြစ်သည့် အရေအတွက်ဖြစ်နေကာ ကျောင်းသားအများစုမှာ ကိုယ်တိုင် ဖန်တီးနိုင်သည့်စွမ်းရည်၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ကင်းမဲ့နေသည်က အမှန်ပင်ဖြစ်သည်။

တက္ကသိုလ် ပညာသင်စနစ်သည် လာမည့် ဒီဇင်ဘာလတွင် ပြန်လည် စတင်တော့မည်ဖြစ်ရာ လာမည့်ပညာသင်နှစ်တွင် စာသင်ခန်းများ၌ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်အတွက် တက္ကသိုလ် ဆရာ၊ ဆရာမများရော၊ တက္ကသိုလ်ကျောင်းသား မောင်မယ်သစ်လွင်များပါ အဆင့်သင့် ဖြစ်၊ မဖြစ်က မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်။ ကျောင်းသားဗဟိုပြု စနစ်အတွက် ဆရာ၊ ဆရာမများက အရည်အချင်းပြည့်ဝဖို့ လိုအပ်သကဲ့သို့ ကျောင်းသားများ ဘက်ကလည်း ရေစီးတွင် အလိုက်သင့် မျှောမည်ဆိုသည့် စိတ်ဓာတ်အစား ကိုယ်တိုင် လှော်ခတ်မည်ဆိုသော စိတ်ဓာတ် ထားရှိရန် လိုသည်။ ထိုသို့ စိတ်ဓာတ်ပြောင်းလဲရန် ဆန္ဒရှိရေးလည်း လိုအပ်သည်။ သင်ကြားသူများရော လေ့လာသူများကပါ ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှသာ ဒီမိုကရေစီ ကူးပြောင်းရေးကာလအတွက် အင်အားစုများအဖြစ် ပါဝင်နိုင်မည် ဖြစ်ပေသည်။

(နန္ဒာဘုန်းမြင့်သည် လက်ထောက်ကထိက တဦးဖြစ်ပြီး သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ကလေးသူငယ်များ အရေးနှင့် ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ ရသစာပေများ ရေးသားလျက်ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading