၂၀၁၂ ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက တနည်းအားဖြင့် အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေး စည်းဝိုင်းထဲ ဝင်ပြီးကတည်းက စတင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းမှုကာလဟာ အတော်အရှိန်ရနေပြီလို့ အကဲခတ်အတော်များများက ဆိုပါတယ်။ ဒါပေမယ့် အသေအချာ လေ့လာမယ်ဆိုရင်တော့ ၂ နှစ် နီးပါး ကြာလာတဲ့အထိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍတိုင်ကြီး ၃ ခုဟာ အခုချိန်အထိ သိပ်အသွင် မပြောင်းနိုင်သေးတာကို တွေ့ရနိုင်ပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား ထင်တာထက်ပိုပြီး အလျင်အမြန် အသွင်ပြောင်းသွားတာကတော့ စတုတ္တမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာလောကပဲ ဖြစ်ပါတယ်။ အဲဒီ မီဒီယာလောကထဲမှာမှ ပြည်ပအခြေစိုက် မီဒီယာတွေက ထိပ်ဆုံးမှာ နေရာယူထားပြီး အဲဒီထဲက တချို့ဟာ သူတို့ရဲ့ မူလရပ်တည်ချက်နဲ့ မူလနေရာတွေကိုပါ အလျင်စလို အသွင်ပြောင်းပစ် လိုက်ကြပြီလား မေးခွန်းထုတ်ချင်မိပါတယ်။
|
ပြည်ပမီဒီယာ ဆိုတဲ့အထဲမှာ နိုင်ငံခြားအစိုးရတွေက တာဝန်ယူထုတ်လွင့်နေတဲ့ BBC (ဘီဘီစီ-မြန်မာပိုင်း), VOA (ဗီအိုအေ-မြန်မာပိုင်း) နဲ့ RFA (အာအက်ဖ်အေ-မြန်မာပိုင်း) တို့ကို မဆိုလိုပါ။ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းနဲ့ အဲဒီအရေးတော်ပုံအပေါ် အခြေခံကာ သို့မဟုတ် အရေးတော်ပုံနဲ့ ဆက်စပ်ကာ ပေါ်ပေါက်လာတဲ့ မြန်မာ သတင်းဌာနတွေကိုသာ ဆိုလိုပါတယ်။ အဲဒီထဲမှာ နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ထိုင်းအခြေစိုက် ဧရာဝတီ သတင်းဌာန၊ အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနတို့ ပါဝင်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံဖွဲ့စည်းခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ အသံလွှင့်ဌာနအဖြစ် ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင် ပေါ်ပေါက်လာခဲ့တဲ့ DVB ဟာ လာမယ့် ရက်ပိုင်းအတွင်း သူတို့ရဲ့ မူလ အခြေစိုက်ရာ အော်စလိုမြို့က ရုံးချုပ်ကို လုံးဝပိတ်ပစ်ပြီး ရန်ကုန်မှာ ရုံးခန်းဖွင့်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ မီဒီယာတခု နိုင်ငံရေးအသွင် ပြောင်းလဲမှုကြောင့် ပြည်ပကနေ ပြည်တွင်း ပြန်ဝင်ခွင့်ရတာဟာ တကယ်တော့ ကောင်းပါတယ်။ ဒါပေမယ့် DVB အနေနဲ့ လွတ်လပ်ကာလမှာ ဘယ်အခန်း ကဏ္ဍကနေ ဆက်ပါဝင်မလဲ ဆိုတာက ၈၈ အရေးတော်ပုံမှာပါ ဝင်ခဲ့ဖူးသူတွေ၊ DVB နဲ့ တနည်းမဟုတ် တနည်း ဆက်စပ်ခဲ့ဖူးသူတွေကြားမှာ ဆွေးနွေးစရာတော့ ရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ DVB ပြည်တွင်း ပြန်လာခြင်းနဲ့ ပုဂ္ဂလိကပိုင် စီးပွားဖြစ် ရုပ်သံအနေနဲ့ ရပ်တည်ရေး၊ ကြော်ငြာက ရတဲ့ဝင်ငွေအပေါ် အဓိကထား ရပ်တည်ရေးတွေကို ကြေညာခဲ့ပါတယ်။ မဇ္ဈိမ သတင်းဌာနကလည်း မြန်မာတိုင်းမ်မှာ ကိုင်တွယ်ခဲ့ဖူးတဲ့ ဦးဆန်နီဆွေတို့နဲ့ ပူးတွဲလုပ်မယ်လို့ အောက်တိုဘာ ၃၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဧရာဝတီကတော့ အခုအထိ ဒီလို အသွင်ပြောင်း ကြေညာချက် ထုတ်တာ မကြားရသေးပါဘူး။
ဒါတွေဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီဒီယာလောက အပြောင်းအလဲတွေပေါ့။ “ဟိုဘက်က လူတွေက ဘာမှ မပြောင်းသေးဘူး၊ ကိုယ့်ဘက်ကလူတွေက ပြောင်းလိုက်တာ ဟိုဘက်ကမ်းကိုတောင် ကျော်တော့မယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ခေါင်းဆောင်ဟောင်း တဦးက ဆိုပါတယ်။ ဒါကတော့ နိုင်ငံရေးသမား တဦးရဲ့ အမြင်ပါ။ သူ့မှာက ဟိုဘက်ဒီဘက်ဆိုတဲ့ အမြင်တွေ ရှိနေဆဲပါ။
နိုင်ငံရေး အယူဝါဒ ကင်းရှင်းတဲ့ သတင်းသမားတွေ အနေနဲ့ နိုင်ငံရေးသမားတဦးရဲ့ ဝေဖန်ချက်ကို ဂရုစိုက်သင့်သလား၊ သတင်းသမားဆိုတာ ဘက်မရှိရဘူး မဟုတ်လား၊ အနေအထားပြောင်းတာ ဘာများ ဆန်းပါသလဲ၊ နိုင်ငံတကာ သတင်းဌာနတွေ ဖြစ်တဲ့ BBC, CNN, Aljazeera သတင်းဌာနတွေက ဝန်ထမ်းတွေလည်း ဟိုဘက်ဒီဘက် ပြောင်းကြတာပဲ၊ ကြေးစား ဘောလုံးသမားတွေလည်း အသင်းပြောင်းကြတာပဲလို့ ဆိုနိုင်စရာလည်း ရှိပါတယ်။
ဒါက နဂိုကတည်းက လွတ်လပ်တဲ့ တိုင်းပြည်မှာ၊ လွတ်လပ်တဲ့ သတင်းဌာမှာ၊ လွတ်လပ်စွာ တာဝန်ထမ်းခဲ့တဲ့ သတင်းသမားတွေအတွက် မှန်ပါတယ်။ ဒါပေမယ့် ကျနော်ဟာ အဲဒီလို လွတ်လပ်စွာ မွေးဖွားလာတဲ့ သတင်းသမားတွေ မဟုတ်။ ၈ လေးလုံး အရေးတော်ပုံနဲ့အတူ မွေးဖွားလာတဲ့ သတင်းသမားသာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခုလို ရည်လျားထွေပြား ဆွေးနွေးနေရတာပါ။ ဒီလို အလွယ်တကူ အသွင်ပြောင်းတာကို ကျနော်က လက်မခံနိုင် ဖြစ်နေပေမယ့် လက်ခံသူတွေလည်း ရှိနိုင်ပါတယ်။
သာမန် သတင်းသမားတဦး အနေနဲ့ ဒါတွေကို တားဆီးနိုင်စွမ်း မရှိပါ။ ဒါပေမယ့် မူအရ၊ စံချိန်စံညွှန်းတွေအရ ဒီလို အသွင်ပြောင်းဖို့၊ နေရာပြောင်းဖို့အတွက် ကိုယ့်ရဲ့ အယ်ဒီတာ့ဘာဘော်ကို အလျှော့အတင်း လုပ်ခဲ့ရသလား ဆိုတာကတော့ ဝေဖန်ကြည့်ဖို့ လိုမယ် ထင်ပါတယ်။
အဲဒါတွေကို ဆန်းစစ်ဖို့ DVB, ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာန ၃ ခုရဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အလွန် ထုတ်လွှင့်တင်ပြခဲ့တဲ့ သတင်းတွေနဲ့ ၂၀၁၂ မတိုင်မီ (သို့မဟုတ်) ဒီသတင်းဌာနတွေ ပြည်တွင်း ပြန်ဝင်ဖို့ မကြိုးစားမီ ထုတ်လွှင့်တင်ပြခဲ့တဲ့ သတင်းတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အစိုးရကို ဝေဖန်မှု အားနည်းသွားသလား၊ အရင်အတိုင်း ဆက်လက် ဝေဖန်ထောက်ပြနေသလား၊ တင်ပြပုံ နည်းဗျူဟာကိုပဲ အပြောင်းအလဲ လုပ်လိုက်သလား ဆိုတာ သိသာထင်ရှားလာနိုင်ပါတယ်။
နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ အသွင်ပြောင်းသွားတာ မဆန်းပေမယ့် မီဒီယာအသွင်ပြောင်းမှုမှာတော့ ထာဝရတာဝန်က ဆက်ရှိနေရမှာ သေချာပါတယ်။ အဲဒီတာဝန်ကတော့ အာဏာပိုင်တွေကို ဝေဖန်ထောက်ပြရေးပါပဲ။ စတုတ္တမဏ္ဍိုင်ကို ကိုင်ထားတဲ့ မီဒီယာသမားတွေက အစိုးရ၊ လွတ်တော်နဲ့ တရားစီရင်မှုဆိုတဲ့ အခြားမဏ္ဍိုင်ကြီး ၃ ခုရဲ့ အားနည်းချက်တွေကို ဘယ်လောက်အထိ ဝေဖန်ထောက်ပြနိုင်သလဲ၊ ဘယ်လောက်အထိ ထိမ်းကြောင်းပေးနိုင်သလဲ ဆိုတာဟာ မီဒီယာရဲ့ ထာဝရတာဝန်ပဲ မဟုတ်ပါလား။ ထာဝရ တာဝန်ကို အပေးအယူ လုပ်လိုက်သလို ဖြစ်ရင်တော့ မီဒီယာရဲ့ အနှစ်သာရက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
ပြည်တွင်း မီဒီယာတွေဘက်ကို လှည့်မယ်ဆိုရင်တော့ အစိုးရနဲ့ ခရိုနီ ခရိုပြာတွေ ကြီးစိုးထားတဲ့ အသံလွှင့်မီဒီယာ (Broadcast Media) (ရုပ်သံနဲ့ ရေဒီယိုမှ အပ) ပုံနှိပ်မီဒီယာဟာ လုံးဝ လွတ်လပ်ပွင့်လင်းလာတာကို တွေ့ရပါတယ်။နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေ ဒါဇင်နဲ့ချီ ပေါ်လာပြီး အပတ်စဉ် ဂျာနယ်တွေကလည်း အများအပြား ပေါ်လာပါတယ်။ အရင်က အစိုးရနဲ့ အာဏာပိုင်တွေကို ဝေဖန်ခွင့်မရတဲ့၊ ဆင်ဆာကို မကျော်နိုင်ဖြစ်နေတဲ့ ဒီ ပုံနှိပ် မီဒီယာဟာ အခုတော့ အစိုးရကို အဝေဖန်နိုင်ဆုံး၊ လူထုကြားထဲ ထိရောက်မှု အရှိဆုံး၊ လူထု ရင်ခုန်သံနဲ့ အနီးစပ်ဆုံး မီဒီယာတခု ဖြစ်လာနေပါတယ်။
ဒါပေမယ့် တဖက်မှာ ဒီလို လွတ်လပ်ခွင့်ရလာတာနဲ့အတူ၊ ဈေးကွက်အတွင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရလာတာနဲ့အတူ စောင်ရေများဖို့၊ သတင်းဦး၊ သတင်းထူးပါဖို့ ကြိုးစားရင်းနဲ့ အစွန်းရောက်သွား တာမျိုးတွေကိုလည်း မြင်လာနေရပါတယ်။ အတည်ပြုချက် မယူရသေးတဲ့ သတင်းတွေကို ထည့်ဖော်ပြတာမျိုး၊ အဖော်အချွတ်ပုံတွေကို ထည့်သွင်းဖော်ပြတာမျိုး၊ တချို့စာစောင်တွေဆိုရင် သတင်းအရေးအသား၊ သတင်းအသုံးအနှုန်း၊ သဒ္ဒါ အထားအသို၊ သတ်ပုံသတ်ညွှန်း တွေကိုတောင် အလေးမထားတော့ဘဲ အချိန်မီ ထုတ်နိုင်ရေးကိုသာ ဦးစားပေးလာတာမျိုး တွေ့နေရပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင် Facebook လို Social media ပေါ်က အပျော်တမ်း အရေးအသားနဲ့ သင်တန်းဆင်းပြီးသား၊ သတင်းထောက်ကျင့်ဝတ်ကို ကောင်းကောင်းသိပြီးသား၊ တာဝန်ခံမှုအပြည့်နဲ့ ရေးရမယ့် Mainstream media ပေါ်က လခစားသတင်းထောက်တွေရဲ့ ရေးသားမှုတွေဟာ သိပ်ကွာခြားမှု မရှိတော့သလို မြင်လာနေရပါတယ်။ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး အဆိုအမိန့်ကို ကိုးကားရမယ်ဆိုရင် “ကာရာအိုကေဆိုင်ထဲမှာ လူတိုင်း မိုက်ကိုင်ပြီး သီချင်းဆိုနိုင်ပေမယ့် အဲဒီထဲက တယောက်မှ အဆိုတော် မဟုတ်ဘူး” ဆိုတာကို သတိပြုဖို့ လိုပါတယ်။
အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေပါ တယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံမှာ အဲဒီလို အသွင်ပြောင်းမှု တကယ်ရှိ၊ မရှိဆိုတာကို အကဲဖြတ်ပေးရမှာက စတုတ္တမဏ္ဍိုင် မီဒီယာရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္တမဏ္ဍိုင်မှာ တာဝန်ထမ်းမယ့်လူတွေဟာ တခြားမဏ္ဍိုင် ၃ ခုက လူတွေထက် အဆင့်မမြင့်ရင်တောင် မနိမ့်ဖို့တော့ လိုပါတယ်။ ဒါကြောင့် မီဒီယာသမားတိုင်း မီဒီယာကျင့်ဝတ်နဲ့အညီ ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော် တင်ပြလိုက်ရပါတယ်။ ။