အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Missouri School of Journalism က ၂၀၁၃ ခုနှစ် အတွက် သတင်းသမားတွေကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ Missouri Honor Medal for Distinguished Service လို့ခေါ်တဲ့ အဲဒီဆုကို ကမ္ဘာတဝှမ်းက သတင်းသမား ၇ ဦးက ရရှိခဲ့ပြီး အဲဒီ သတင်းသမားတွေထဲမှာ မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက် တယောက်လည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က မစ်ဆူရီတက္ကသိုလ်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ လုပ်ခဲ့ရာမှာ မြန်မာက ဒေါ်အေးအေးဝင်းက ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါ်အေးအေးဝင်းဟာ ကမ္ဘာ့သတင်းဌာန တစ်ခုဖြစ်တဲ့ အေပီသတင်းဌာနက မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်ပါ။
သတင်းထောက် လုပ်သက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အေးအေးဝင်းဟာ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက ပေးအပ်ခဲ့တဲ့ ရဲရင့်သော သတင်းသမား ဆုကိုလည်း ၂၀၀၈ခု နှစ်က ရရှိခဲ့ပါသေးတယ်။ မစ်ဆူရီဆုယူအပြီး မြန်မာပြည် ပြန်ရောက်လာပြီဖြစ်တဲ့ ဒေါ်အေးအေးဝင်းကို ဧရာဝတီ သတင်း ထောက် မြတ်စုမွန်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂါးဒီးယန်းဦးစိန်ဝင်းဟာ သူ့ဘဝရဲ့ စံပြပုဂ္ဂိုလ်ပါလို့ ဆိုခဲ့ပါတယ်။
မေး– မကြာသေးခင်ကပဲ မစ်ဆူရီကျောင်းကပေးတဲ့ ဆုတစ်ခုကို သွားယူပြီး ပြန်လာတာဆိုတော့ အရင်ဆုံး အဲဒီဆုနဲ့ ပတ်သက်တဲ့ အကြောင်းလေး သိပါရစေ။
ဖြေ– ဆုအကြောင်းကို ပြောရမယ် ဆိုရင်တော့ အမေရိကားမှာ Missouri School of Journalism ဆိုတာရှိတယ်။ သတင်းစာပညာထဲမှာ အမြင့်ဆုံးပေါ့။ အဲဒီကျောင်းကနေ တနှစ်တခါ သတင်းလောက၊ တီဗီလောကထဲက ထူးထူး ချွန်ချွန် လုပ်ခဲ့တဲ့လူတွေကို ပေးလေ့ရှိတယ်။ ဒီနှစ်မှာ အန်တီ့ကိုရွေးလိုက်တာက လုပ်သက်ကလည်း ၂၄ နှစ်ရှိပြီ။ တသက်တာမှာ သတင်းထောက်လုပ်ငန်းကို ထူးချွန်စွာ လုပ်တယ်ဆိုပြီးတော့ ပေးတာပေါ့နော်။ အန်တီ့အနေနဲ့တော့ နည်းနည်းတော့ အံ့သြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘယ်တုန်းက စောင့်ကြည့်မှန်းလဲ ကိုယ်က မသိဘူးလေ။ ဆုပေးတာမှာ နောက်ထပ် ၇ ယောက်အတူတူပါတယ်။ ဆုရတယ်ဆိုတာ အကြောင်းကြားတာ တော်တော်စောတယ်။ ကြေညာတာလည်း ဇူလိုင်ကတည်းကဆိုတော့ တော်တော်ကြာပြီ။ တကယ့်ဆုပေးပွဲမှာ လာရမယ့် ၇ ယောက်က တနေရာစီကိုး။ အလုပ်တွေ ကလည်း အများကြီး။ အမျိုးသမီးဆိုရင် အန်တီနဲ့ နောက်တယောက်ပေါ့။ ပူလစ်ဇာဆု ချည်းပဲ ၃ ကြိမ်ရဖူးတဲ့ ဓာတ်ပုံ ဆရာမ။ သူ့ကိုလည်းပေးတယ်။ ဆိုတော့ အဲဒီ ၇ ယောက်ထဲမှာ အမျိုးသမီး ၂ ယောက် နဲ့ ကျန်တာကတော့ အမျိုးသားတွေ။
အဲတော့ မစ်ဆူရီကျောင်းက တနှစ်တခါပေးတဲ့ ဆုကို ကိုယ်ကရတာပေါ့။ ဗမာအမျိုးသမီး အတွက်ဆိုရင် ကိုယ်က ပထမဆုံး ဆုရတာ ဖြစ်တာပေါ့။ ဒါပေမယ့် အန်တီက ဆုဆိုတာကို တော်တော်မပြောချင်တဲ့လူ။ သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး။ သတင်းထောက်က ဝါသနာပါလို့ လုပ်တာလေ။ မစ်ဆူရီကျောင်းကို ဆုသွားယူ တော့ အန်တီ့ကို မေးကြတယ်။ ဆုရပြီးပြီဆိုတော့ ဘာဆက်လုပ်မလဲဆိုပြီး။ အန်တီက ရုပ်ရှင်မင်းသမီးမဟုတ်ဘူး။ ရုပ်ရှင်မင်းသမီးက အော်စကာဆုတွေ ရတာ။ သတင်းထောက် ဆုမရလည်း ဘာမှမဖြစ်ဘူး။ သူက တနေ့တနေ့ အလုပ်လုပ်နေရရင် ဗိုက်ပြည့်နေတဲ့လူ။ အလုပ်တွေလုပ်ပြီး ပျော်နေတာ။ ဆုပေးလိုက်လို့လည်း သူက လျှော့မလုပ်ဘူး။ ပိုမလုပ်ဘူး။ အဲဒါကြောင့် ဆုဆိုရင် တိုးတိုးတိတ်တိတ်ပဲ နေလေ့ရှိတယ်။ သတင်းထောက်ကတော့ ဆက်လုပ်နေမှာပဲလို့။
ဆုနာမည်က Missouri Honor Medal for Distinguished Service in Journalism တဲ့။ ဂုဏ်ပြုဆုတံဆိပ် ပေးတဲ့ပွဲ ပေါ့။ ဟိုးတုန်းက အင်္ဂလိပ်ဝန်ကြီးချုပ် ဝင်စတန်ချာချီတောင် ရဖူးတယ်တဲ့။ သူတို့က အလွှာအသီးသီးကို ပေးတယ်လို့ ပြောချင်တာ။ ဒီတခေါက်က သတင်းနဲ့ဆက်စပ်တဲ့ လူတွေချည်းပဲပေးတာ။ ဓာတ်ပုံဆရာမ ပါတယ်။ တီဗီတို့၊ နယူးယောက်တိုင်းမ်တို့က ပါတယ်။ ဒါတွေယူဖို့ အစီအစဉ်လုပ်နေတာက ကြာပြီ။ ဒါပေမယ့် ဖေဖေက ကျန်းမာရေး မကောင်းတော့ သူတို့ကို ဘယ်မှ မသွားတော့ဘူး၊ အဖေနားမှာပဲ နေတော့မယ်လို့ အကြောင်းကြား လိုက်တာ။ တကယ်တော့ အစီအစဉ်က ကိုယ့်အတွက်တော့ ပျက်သွားပြီ။ နောက် ဖေဖေက ဆုံးသွားတော့ ၂၃ ရက်နေ့ ရက်လည်တယ်။ ပွဲက ၂၉ ရက်နေ့ဆိုတော့ သွားရင် ၂၆ ရက်နေ့သွားရမယ်။ ဒီတော့ စဉ်းစားလိုက်တယ်။ ဖေဖေ့ကို ကျေးဇူးဆပ် ဂုဏ်ပြုချင်တာနဲ့ သွားတာကောင်းမယ် ထင်တယ်ဆိုပြီး ရက်လည်လို့ ပစ္စည်းတွေအိမ်မှာ သိမ်းတုန်း ရှိသေးတယ်။ သူတို့ဆီကို လှမ်းစာရေးလိုက်တယ်။ ထွက်လာမယ်ဆိုရင် စီစဉ်နိုင်သေးလားဆိုပြီး။ လေယာဉ်က အဆင့်ဆင့်စီးရတာကိုး။ သူတို့ဘက်က လာပါဆိုတော့ သွားလိုက်တယ်ပေါ့။
အဓိက သွားဖြစ်တာကလည်း အဖေ့ကို ကျေးဇူးတင်တဲ့စကားတွေ ပြောချင်တယ်။ ဒီလိုရပ်ပြီးတော့ နေရတယ်ဆိုတာ အဖေသာ မသင်ခဲ့ရင် ဘယ်လိုမှ ဒီရှေ့ ရောက်မလာနိုင်ဘူးဆိုတာ ကျေးဇူးတင်စကားပြောချင်လို့ သွားတော့ Missouri School of Journalism မှာ မဟာတန်း တက်နေတဲ့ ကျောင်းသားတွေကို ၁ နာရီလောက် Lecture ပေးရတယ်။ ဆုရတဲ့လူတိုင်း ကိုယ်ကျွမ်းကျင်ရာကို ပြောကြရတယ်။ တယောက် တခန်းစီပေါ့။
အစကတော့ မြန်မာပြည်ရဲ့ ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြောမလို့။ ဒါပေမယ့် သူတို့ကို ပထဆုံး မြန်မာ့မီဒီယာ အပြောင်းအလဲ အကြောင်းကို ပြောပြပြီး မေးခွန်းအဖြေ ကဏ္ဍလုပ်တယ်။ မေးချင်တာမေး ဖြေမယ်ဆိုတော့ သူတို့လည်း သဘောကျကြတယ်။
မေး– အဲဒီမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘာအကြောင်းတွေ စိတ်ဝင်တစား မေးကြလဲ။
ဖြေ– သူတို့က အရင်တုန်းက သတင်းလိုက်ရတာ ဘာလို့ အခက်အခဲတွေ ရှိခဲ့တာလဲ။ အခုရော ဘယ်လိုနေလဲ။ ဟိုးအရင် လုပ်ခါစ ခေတ်နဲ့ ဘယ်လောက်ကွာသွားလဲ။ ဘယ်လောက် လွတ်လပ်လဲ။ ဘယ်လိုထူးခြားလဲ။ သူတို့ တော်တော် သိချင်ကြ တယ်။ ဘယ်လိုလုပ်ခဲ့ရလဲ။ ဘာဖြစ်လို့ ဒီလိုဒုက္ခတွေကြားထဲက သတင်းထောက် လုပ်ချင်တာလဲ။ ဒီလောက် ဖမ်းတာ ဆီးတာ အရိုက်ခံရတာကို လုပ်ချင်တာလဲ ဆိုတာတွေ မေးတယ်။ အရင်ဆုံးပြောတယ်။ ပြီးတော့ နိုင်ငံခြားက သတင်းထောက်တွေ ဗမာပြည်လာရင် အကုန်လုံးက Burma Expert ဆိုပြီး ဖြစ်ကုန်ကြတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲပေါ့။ ဒါကတော့ ကိုယ်ဖြေနိုင်တဲ့၊ ဖြေချင်တဲ့ မေးခွန်းတွေဆိုတော့ ဗမာပြည် အကြောင်းကို ဝီကီပီးဒီးယား မှာ ဗမာပြည်အကြောင်း ဖတ်ထားရုံနဲ့ Expert မဖြစ်နိုင်ဘူး။ ဗမာပြည်အကြောင်း ထဲထဲဝင်ဝင် သိဖို့တော့လိုတယ် ဆိုတာမျိုးတွေ ပြန်ဖြေခဲ့တယ်။
မေး– ဒီဆုက သတင်းလောကထဲမှာ အထင်ကရ စွမ်းဆောင်နိုင်ခဲ့တဲ့ သူတွေကို ချီးမြှင့်တာဖြစ်တယ်ဆိုတော့ အန်တီရဲ့ သတင်းထောက်တစ်ယောက်ဘဝမှာ မှတ်မှတ်ရရ အထင်ကရဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ– အဲဒါက တော်တော်ပြောရခက်တယ်။ အလုပ်မလုပ်ခင်မှာ ဖေဖေက ၁၀နှစ်လောက် သင်ပေးခဲ့တယ်။ ဖေဖေနဲ့ တွဲလုပ်နေတုန်းက အမှတ်တရတွေ ဖြစ်ခဲ့ဖူးတယ်။ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာမှာ အာဇာနည်ကုန်းမှာ ဗုံးပေါက် တော့ ဖေဖေက အေပီမှာ လုပ်နေတာ။ အန်တီက ဘာမှ မဟုတ်သေးဘူး။ အလုပ်သင်ပေါ့။ ဗုံးစပေါက်ပြီး မနက် ၁၀ နာရီလောက်ဆိုတော့ တပတ်လောက်က ဒီသတင်းတွေပဲ တောက်လျှောက်တက်နေတဲ့အခါ အရမ်းကို ပျော်စရာ ကောင်းနေတာပေါ့။
သူ့ရဲ့ သတင်းရင်းမြစ်တွေကလည်း အများကြီးရှိနေတော့ ညကြီးမိုးချုပ်လည်း ဖုန်းဆက်တယ်။ အန်ကယ်ရေ ဒီမှာ လူနာ တယောက်ရောက်လာတယ်၊ ဂျပန်လည်း မဟုတ်ဘူး၊ တရုတ်လိုလည်း မပြောဘူး၊ မြောက်ကိုရီးယား ဖြစ်ဖို့များတယ် ဆိုတာမျိုးပေါ့။ ဖေဖေ့အနားမှာ ကပ်နေတော့ ပြည်ထဲရေးကနေ ဖုန်းလှမ်းဆက်ပြီး “ဦးစိန်ဝင်း ချက်ချင်းကြွခဲ့ပါ” ဆိုတော့ သူ ဒုက္ခရောက်ပြီ ဆိုတာ သိတယ်။ ဒါပေမယ့် လူတွေက ပျော်နေတာပေါ့။ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါတောင် ကိုယ် သတင်းထောက် မဖြစ်သေးဘူး။ တွဲသင် လုပ်နေတုန်းက အဲဒီအဖြစ်အပျက်တခုက အရမ်းကို မှတ်မှတ်ရရရှိတယ်။ သူ အလုပ်လုပ်တာလည်း ကြည့်ရတယ်။ သူ ပင်ပင်ပန်းပန်းနဲ့ ပျော်နေတာ၊ စိတ်လှုပ်ရှားနေတာ၊ သတင်းတွေ ဟိုကရတာ၊ ဒီကရလာပြန်တာတွေက ပျော်ဖို့ ကောင်းတယ်။
ကိုယ်ကိုယ်တိုင်လုပ်တဲ့ အချိန်ကျတော့ အများကြီးပေါ့လေ။ ကလေးတွေကလည်း ဆန္ဒတွေ တအားပြကြတယ်။ ကျောင်းသားတွေ ဆန္ဒပြတယ်ဆိုတော့ အဲဒီသတင်းတွေ ယူရတာပေါ့။ ပျော်လားဆိုတော့ အန္တရာယ်တော်တော် များတယ်။ တကယ် အလုပ်လုပ်ရတာကို ပျော်တာလေ။ ဖြစ်နေတဲ့ အဖြစ်အပျက်အပေါ်မှာတော့ မပျော်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားလေးတွေ အဖမ်းခံရတော့မယ်။ အရိုက်ခံရတော့မယ်။ အဲဒါကို တွေးပူနေတာပေါ့။ အလုပ်လုပ်ရတဲ့ ဈာန်သာ ဝင်နေတာ။ မှတ်မှတ်ရရတော့ ရှိတယ်။ ပျော်တော့ မပျော်ဘူး။ သူတို့ကို အမြဲစိတ်ပူနေတာ။ သူတို့တော့ ဒုက္ခရောက်ပြီလို့ ထင့်ထင့်နေတယ်။ အဲဒီချိန်မှာ ကိုယ်ဒုက္ခရောက်မှာကို မသိဘူး။ ငါ့များ ရိုက်မလား၊ ဖမ်းမလားကို သိပ်မသိဘူး။ ဒီကလေး တွေတော့ ဒုက္ခရောက်မှာကို တွေးပူနေတာ။
မှတ်မှတ်ရရ သတင်းလိုက်ရတာတခုက ဒေါ်အောင်ဆန်းစုကြည် မန္တလေးထွက်မယ်ဆိုလို့ ပိတ်ထားတုန်းက ရထားဘူတာရုံမှာ ခက်ခက်ခဲခဲ စောင့်နေရတဲ့အချိန် ရဲမေကြီးက ကိုယ့်ကိုဖမ်းဖို့ အဆင်သင့် ကြည့်နေတာတွေ။ နောက် ၁၉၉၇ ဒေါ်စု လွတ်လာတော့ ကမ္ဘာအေးရုံးကို သူသွားတယ်။ အစိုးရကလည်း အမြဲညံ့တာက ကမ္ဘာအေးဘုရားကို သူသွားတယ်၊ ပေးသွားလိုက်၊ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူး။ သတင်းလည်းမဖြစ်ဘူး။ သူတို့က အဲလိုသွားပြီဆိုရင် ဟိုကပိတ်၊ သည်ကပိတ် ဆိုတော့ သတင်းထောက်က ဒါကို ရေးရတော့မယ်လေ။
အဲလို အချိန်မျိုးတုန်းကတော့ ကိုယ့်ကို ရဲတွေက ကားပေါ်ဖမ်းတင်သွားတာ။ အဲလို အချိန်တွေက အများကြီး မှတ်မှတ်ရရနဲ့ ပျော်စရာလည်း ကောင်းတယ်။ စိတ်လည်း ဆိုးစရာတွေ ခဏခဏ တွေ့ရတယ်။ ဒါပေမယ့် ခက်ခက်ခဲခဲနဲ့ လုပ်နေရတဲ့ အခါကျတော့ ပျော်စရာကောင်းပါတယ်။ အပြင်လောကက လူတွေကလည်း တကယ်ဖြစ်တာကို သိဖို့ဆိုတာက အပြင် မီဒီယာတွေဖြစ်တဲ့ ဧရာဝတီတို့၊ မဇ္ဈိမတို့လို အဝေးရောက်မီဒီယာတွေနဲ့ ပြည်တွင်းက လှမ်းပို့တဲ့သတင်းတွေကို အားကိုးခဲ့ကြရတာလေ။ ပြည်တွင်းသတင်းဂျာနယ်ဆိုတာက ဆင်ဆာဖြတ်နေရတယ်။ သိလည်း ဘာမှလုပ်လို့ မရတဲ့ ခေတ်။ ကိုယ်က သိသလောက်ရေး လို့ရတယ်။ အဲဒီချိန်တုန်းက မသိတဲ့လူတွေကို ကိုယ်က သိအောင်လုပ်နေရတယ်။
အစိုးရကလည်း သတင်းဆိုရင် ဖုံးနေတယ်။ အဲလို ဖုံးလေ ကိုယ်က လူတွေသိအောင် ချပြနေရတာကို စိတ်ထဲမှာ ကျေနပ်နေတာ။ သူတို့မသိတာကို သိအောင်လုပ်ရတယ်။ အစိုးရမသိစေချင်ပေမယ့် ပြည်သူက သိချင်တဲ့ဟာတွေကို ကိုယ်က ပြောပေးနိုင်ရတယ်။ စိတ်ထဲမှာ တကယ်လည်း အများအကျိုး ထမ်းဆောင်နေရသလိုပဲလေ။ အဲဒါ တော်တော်ကို ကျေနပ် စရာကောင်းတဲ့ အလုပ်လို့ ထင်တယ်။ ဒီတော့ မှတ်မှတ်ရရ ဆိုရင်ကတော့ အများကြီးပေါ့လေ။ ရုတ်ရုတ်သဲသဲတွေကို Cover လုပ်ခဲ့ရတာတွေ၊ ဒေါ်စု ခရီးစဉ်တွေ Cover လုပ်ခဲ့တာတွေ။
နောက်ပြီးတော့ မစ်ဇူရီမှာ Lecture ပေးခဲ့တာတစ်ခုက ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်သန်းရွှေကို အာဏာသိမ်းပြီဆိုတဲ့ သတင်း အကြီးကြီးကို ကိုယ်က ဆင်ခြင်ပြီးရေးခဲ့တဲ့အတွက်ကြောင့် ကိုယ်လည်းမျက်နှာမပျက်ဘူး။ ကိုယ့်သတင်းဌာနလည်း မျက်နှာမပျက်ရဘူး။ ဒါလေးတွေက မှတ်မှတ်ရရရှိတယ်။ သူများမှားသွားပေမယ့် ကိုယ်မမှားခဲ့ဘူး။ သတိအကြီးကြီး နဲ့ ဆင်ခြင်ပြီး ရေးနိုင်ခဲ့တဲ့အကျိုးတွေကို အများကြီး ခံစားရတာပေါ့။
မေး– အန်တီပြောပြဖူးတာရှိတယ်၊ သတင်းထောက်လုပ်ခဲ့တဲ့ ကာလတလျှောက်မှာ ကိုယ့်အိမ်ကို ဘယ်ချိန် တံခါးလာ ခေါက်မလဲ ဆိုပြီး သေသေချာချာ အိပ်မပျော်ခဲ့တဲ့ ကာလတွေ တောင်ရှိခဲ့ဖူးတယ်လို့လေ။ အဲဒီအတွေ့အကြုံလေးတွေ လည်း ပြန်ပြောပြပေးပါဦး။
ဖြေ– သတင်းထောက်လုပ်ရင် အဲဒီခေတ် တောက်လျှောက်က အဲလိုပဲ။ ဖေဖေ့ကိုဖမ်းတော့လည်း ညဘက်ပဲ ဖမ်းတယ်။ ကိုယ့်ကိုခေါ်ပြီးတော့ စစ်တယ်၊ မေးတယ်ဆိုရင်လည်း ညဘက်တွေပဲ။ သူတို့က နေ့ခင်းလုပ်တဲ့ လူတွေမဟုတ်ဘူး။ သတင်းတခုခုကို ရေးပြီးပြီဆိုရင် ညဆိုစိုးရိမ်ရပြီ။ အိမ်က ဦးမင်းဇော်(ခင်ပွန်း)ဆိုရင်လည်း သတင်းထောက်ပဲဆိုတော့ အန်တီနဲ့ သူနဲ့က ဘယ်လိုပြောကြသလဲဆိုရင်၊ သတင်းရေးပြီးပြီဆိုရင် ဝက်သားခြောက်ကြိုက်လား၊ အမဲခြောက်ကြိုက် လားဆိုပြီးမေးတယ်။ အမဲခြောက်မပို့နဲ့၊ ဝက်သားခြောက်ပဲပို့ဆိုပြီးပြောရတယ်။ (ရယ်လျက်ပြောသည်) သူရေးတဲ့အခါကျ တော့လည်း ကိုယ်က အမြဲပြောရတယ်။ ကြိုက်တာ ရွေးထား ဆိုပြီးတော့။ အဲလိုပြောရတယ်။ ရေးပြီးရင်လည်း မကျေနပ်ရင် ညဘက်မှာ လာများခေါ်မလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ အမြဲရှိတယ်။
ကိုယ်ကတော့ ကိုယ့်အတွက် သိပ်မပူဘူး။ ဖေဖေ့အတွက် ပူတယ်။ သူတို့ကဖမ်းရင် ညပဲဖမ်းတယ်။ မေမေက ဆရာဝန်ဆိုတော့ ညဆိုရင် သူ့လူနာတွေကလည်း တခါတခါ တံခါးလာခေါက်တတ်တယ်။ အဲဒီကတည်းက လူနာက လာခေါက်ပေမယ့် ကိုယ်စိတ်ပူတာက ငါတို့အထဲက ဘယ်သူ့ကို လာဖမ်းမလဲဆိုပြီး အမြဲပူပူနေရတယ်။ အဲဒီအချိန်တွေတုန်းက အမြဲ အဲဒီလို စိတ်ပူခဲ့ရတယ်။ ဖေဖေ့ကို ၁၉၈၈ တုန်းကဖမ်းခဲ့တာလည်း အဲဒီလိုပဲ ညကြီးလေ။ လူဆိုးဝိုင်းသလို လမ်းမှာ ကားတွေ ပိတ်၊ ဖြတ်လမ်းတွေ ပိတ်ပြီး သူပုန်စီးသလိုစီးပြီး ဖမ်းလေ့ရှိတယ်။ အဲဒီမြင်ကွင်းတွေက စိတ်ထဲမှာ သိပ်အနှောက် အယှက်ဖြစ်ခဲ့ရတယ်။ ကြောက်သွားတာမဟုတ်ဘူး။ စိတ်ကိုခြောက်ခြားစေတယ်။
၂၀၀၇ တုန်းက ဦးမင်းဇော်ကို လာဖမ်းတုန်းကလည်း ညမထွက်ရ အမိန့်ရှိတဲ့အချိန်။ ည ၁၂ နာရီမှာ ကားသံတွေ ကြားလိုက်တာနဲ့ တခါတည်းနိုးတာ။ စိတ်ထဲမှာ ဘယ်လိုတွေးလိုက်သလဲဆိုရင် ကာဖျူးချိန်ကြီး လမ်းပေါ်မှာ ဘယ်သူသွားနေလဲ။ အဲဒီကားက ငါ့အိမ်ရှေ့များ ရပ်မလားဆိုပြီး ချက်ချင်းထဖြစ်တယ်။ မဟုတ်တာ လုပ်ထားလို့ မဟုတ်ဘူး။ မသိစိတ်က ဖြစ်တာဖြစ်မယ်။ ဟိုဘက်လမ်း ကနေလာတဲ့ကားက တကယ်ပဲ ကိုယ့်အိမ်ရှေ့ကို ကွေ့လိုက်တယ်။ စိတ်ထဲမှာ အရမ်းစိုးရိမ်သွားတယ်။ သူ့ကိုဖမ်းမလား၊ ကိုယ့်ကိုဖမ်းမလားပဲရှိတာပေါ့။ အဲဒါနဲ့ တခါတည်းဆင်းသွားပြီး ဘယ်သူ့အတွက် လာတာလဲလို့ မေးလိုက်တယ်။
အိမ်မှာက သတင်းထောက် ၃ ယောက်ရှိတာကိုး။ ဒါပေမယ့် ဖေဖေက အသက်ကြီးနေပြီဆိုတော့ ဒုက္ခမပေးလောက်ဘူး။ ပြီးတော့ ကျိုဒိုသတင်းဌာနဆိုတော့လည်း ဂျပန်နဲ့ ခပ်ပေါ့ပေါ့ပါးပါး ဖြစ်နေပြီ ဆိုပြီး သိပ်စိတ်မပူတော့ဘူး။ အဲဒီတော့ ဘယ်သူ့ အတွက်လဲလို့ မေးလိုက်တဲ့အခါ အစ်မကြီးအတွက် မဟုတ်ပါဘူးတဲ့။ ဦးမင်းဇော်အတွက်ပါ ဆိုတော့၊ အဲဒါ အမြဲပြောရတယ်။ ငါဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ဆိုပြီးတော့။ (ရယ်လျက်ပြောသည်) အဲလိုပဲ ညကြီး သူတို့က အစွမ်းပြကြတာပေါ့လေ။ အိမ်ကို ရှာမယ်၊ ဘာမယ်တို့။ အဲဒီအချိုးမျိုးတွေကို စိတ်ထဲမှာ တော်တော် ကြည့်လို့မရဘူး။ အဲဒီလိုဖြစ်ပေမယ့် ကိုယ်က သိပ်ငိုတတ်တဲ့လူ မဟုတ်ဘူး။ ဖေဖေ့ကို လာဖမ်းတုန်းကလည်း မေမေက အဲဒီလိုပဲ။ အမြဲတည်ငြိမ်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေပြီးတော့ နောက်ဆုံးမှာ ရဲက “ အစ်မကြီး.. သိမ်းဆည်းတဲ့ စာရွက်တွေ၊ စာအုပ်တွေစာရင်းကို လက်မှတ်ထိုးပါ”လို့ပြောတယ်။ ရှာကြတဲ့ ရဲတွေကလည်း အများကြီး ဆိုတော့ ဘာပစ္စည်းပျောက်သွားလဲ စစ်လိုက်ပါဦးပေါ့။ ဆိုတော့ မေမေက တလုံးပဲပြောတယ်။ လူတစ်ယောက်လုံး ဖမ်းသွားပြီးမှ ပစ္စည်းပျောက်လည်း အရေးမကြီးတော့ပါဘူး ဆိုပြီး သူက ထိုင်ခုံကနေ လုံးဝမထဘူး။ အိမ်မှာက ဖမ်းလို့ ဆီးလို့ ရုတ်ရုတ်သည်းသည်းနဲ့ ဝမ်းနည်းပက်လက်တွေ ဖြစ်လေ့မရှိဘူး။
ခဏခဏကြုံလို့ ကိုယ်ကဖြစ်တာ။ သူများတွေက မဖြစ်ဘူး။ တံခါးခေါက်ရင် စိတ်ပူတဲ့ဟာ အရမ်းဖြစ်တယ်။ စိတ်ဒဏ်ရာ ဖြစ်တယ်။ ကိုယ်တယောက်တည်း စိတ်ဒဏ်ရာရတယ်။ ဒါကြောင့် တံခါးခေါက်မှာကို အရမ်းကြောက်တာ။ တံခါးခေါက်ပြန်ပြီ ဖေဖေလိုက်ရပြန်ပြီ။ တံခါးခေါက်ပြန်ပြီ ကိုယ့်ကို ခေါ်ပြန်ပြီ။ တံခါးခေါက်ပြန်ပြီ၊ ဦးမင်းဇော်ကို ဆိုတော့ ကြာတော့ ကိုယ့်မှာ တံခါးခေါက်မှာကို တော်တော်ကြောက်တယ်။ အဲဒါကတော့ သိသိသာသာ ခံခဲ့ရတဲ့ စိတ်ဒုက္ခတော်တော်ရှိခဲ့တယ်။ ဒါပေမယ့် ဒီဘက်ခေတ် ၂၀၁၁ ခုနှစ်ကျော်တော့ မခေါက်တော့ဘူးလို့ကို ကိုယ်ကယုံနေတယ်။ သူတို့လာလည်း ရိုးရိုးလာမှာပေါ့။ စာနဲ့ ဝရမ်းတွေ ဘာတွေနဲ့လာမှာပေါ့။ အဲဒီဟာအတွက်တော့ တကယ်ကို မစိုးရိမ်တော့ဘူး။ လူတိုင်းလည်း ရေးနေတဲ့ အချိန်မှာ ကိုယ့်တယောက်တည်း ဖမ်းစရာလည်း အကြောင်းမရှိတော့ဘူးလို့ ယုံကြည်စိတ်ချပြီး ခပ်အေးအေး ဆေးဆေးဖြစ်သွားပြီ။ ဘယ်သူ တံခါးခေါက်ခေါက် မမှုတော့ဘူး။
မေး– အန်တီသတင်းထောက်စဖြစ်တဲ့ ခေတ်တုန်းကဆိုရင် အမျိုးသမီးသတင်းထောက်ဆိုတာ အင်မတန်ရှားပါးတဲ့ အချိန်မျိုးဆိုတော့ ကိုယ့်ကို ပတ်ဝန်းကျင်က ဝေဖန်တာ၊ တားမြစ်တာမျိုးတွေ ကြုံခဲ့ရဖူးလား။
ဖြေ– အမျိုးသမီး သတင်းထောက် တစ်ယောက်ဖြစ်တာမှာ ပထမဆုံး ခန့်မှန်းလို့ရတာက လူတွေက တော်တော် အထင်မကြီးဘူး။ ဘာမှ လုပ်နိုင်မယ်လို့ သူတို့ မထင်ဘူးဆိုပြီး အထင်နဲနဲ သေးတဲ့သဘော ရှိတာပေါ့။ သိပ်ပြီးတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဖေ့သမီးမို့လို့ အလုပ်ရတယ်လို့ သူတို့ထင်တာပေါ့။ အဲဒီကတည်းက ကိုယ်က ယုံကြည်ချက်နဲ့ စဉ်းစား ပြီးသား။ အဲဒီလိုထင်ကြတာလည်း ကိုယ်ကသိတာပေါ့။ ကဲ…ငါ သက်သေပြမှဖြစ်မယ်လို့ အဲဒီကတည်းက ယုံကြည်တယ်။ သက်သေပြမယ်ဆိုတာ အမျိုးသမီးသတင်းထောက်လည်း လုပ်လို့ ဖြစ်ပါတယ်ဆိုပြီး။ ပြီးတော့ အဖေ့ကို မျက်နှာမပျက်စေချင်တာ လည်းရှိတယ်။ အဖေ့အမွေကို ဆက်ခံပြီး အဖေကို ဂုဏ်ငယ်သွားအောင် မလုပ်ဘူး ဆိုတဲ့ယုံကြည်ချက်ကလည်း အစောကြီးကတည်းက ချထားတယ်။
အမျိုးသမီးသတင်းထောက်ဝင်လာတဲ့အခါကတော့ ကိုယ့်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်တာလေးတွေလည်းရှိတော့ ဝါသနာပါရင် လုပ်ပြလို့ရတာပဲ ဆိုတာကို နဂိုတည်းက သန္နိဋ္ဌာန်ချထားတယ်။ အခြားနိုင်ငံတွေနဲ့ အရှေ့တောင်အာရှမှာ အမျိုးသမီး သတင်းထောက်တွေ အများကြီး။ ဗမာပြည်သာ ရှားနေတာ။ ဦးနုလက်ထက်ကတည်းက သာယာဝတီ ဒေါ်စမ်းစမ်းနွဲ့က ဖေဖေတို့ခေတ်က သတင်းထောက်သင်တန်းတွေ တက်ဖူးတယ်တဲ့။ တယောက် နှစ်ယောက်ရှိတယ်တဲ့။ ဒါပေမယ့် ဗမာပြည်မှာ သတင်းထောက်အလုပ်ကို အမျိုးသမီးတွေက သိပ်မလုပ်ကြတဲ့ အချိန်၊ ၁၉၆၀ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်လောက် ဆိုတော့ ခေတ်က အရမ်းပြတ်သွားပြီ။ ကိုယ်က ပထမဆုံးဝင်တယ်ဆိုတော့ ပထမတော့ အထင်မကြီးဘူး ဆိုတာသိတယ်။ ဘာမှ အလုပ်သိပ်ဖြစ်မှာမဟုတ်ဘူးလို့ ထင်ကြမှာပေါ့။ သူတို့က ကိုယ့်ဝါသနာကို မသိဘူးလေ။
မေး– အဲဒီအချိန်မှာ မိန်းမတစ်ယောက်ဖြစ်လို့ မိသားစုဝင်တွေဆီမှာ၊ ပတ်ဝန်းကျင်မှာ တားမြစ်တာမျိုးတွေကြုံခဲ့ဖူးလား။
ဖြေ– မိန်းမတစ်ယောက် ဖြစ်နေလို့ဆိုပြီး ပထမဆုံး အဖေနဲ့တွေ့တာပေါ့။ ဘွဲ့ရပြီးတဲ့ အခါကျတော့ အဖေ့ကိုပြောတယ်။ ဖေဖေ သမီး သတင်းထောက်လုပ်ချင်တယ် ဆိုတော့ သတင်းထောက်အလုပ်က အန္တရာယ်ကြီးတယ်တဲ့။ အထူးသဖြင့် အမျိုးသမီးအတွက်ဆို ဖြစ်ကို မဖြစ်နိုင်ဘူးဆိုပြီး သူက ပြောတယ်။ အဲဒီတုန်းက ဆိုရှယ်လစ်ခေတ်ကိုး။ ဖေဖေက အဲဒီချိန် မှာ ၂ ကြိမ် အဖမ်းခံဖူးပြီ။ အင်မတန် အန္တရာယ်ကြီးတယ်။ အမျိုးသမီးဆို ပိုလို့တောင် မဖြစ်နိုင်ဘူးဆိုပြီး ပိတ်တယ်။ သတင်းထောက်ပါမစ်ကို အခြားလူမပိတ်ခင် အဖေက အရင်ပိတ်တာ။ ဒါပေမယ့် လေ့ကျင့်ပေးမယ်၊ အချိန်တန်ရင်လုပ်၊ တောက်လျှောက်သင်ပေးမယ်ဆိုပြီး ၁၉၇၉ ကပဲ သင်တာ ၁၉၈၉ အထိပဲလေ။ ၁၀ နှစ်လုံးလုံး အပြင်ထွက် မလိုက်ခဲ့ရဘူး။
၈၈ ကျတော့ ဆင်းရတာပေါ့။ ဖေဖေရေးရင် ကိုယ်ပြေးမယ်။ အဲလို လုပ်တာလေးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် သတင်းထောက်တော့ ပေးမလုပ်ခဲ့ဘူး။ ပထမဆုံး တားမြစ်တာတော့ ဖေဖေပဲ။ ၁၉၈၉ ခုနှစ်ကျတော့မှ ဖေဖေက သမီး အဆင်သင့် ဖြစ်ပြီ ဆိုတော့ ၁၀ နှစ်က အချိန်ပုပ်ပြီ။ ဒါပေမယ့်လည်း ပုပ်တယ်လို့တော့ မထင်ပါဘူးလေ။ သူနဲ့ ၁၀ နှစ် သင်ခဲ့ရတာက ဘယ်တက္ကသိုလ် နဲ့မှ မလဲဘူး။ အင်မတန် တန်ဖိုးရှိတယ်။
မေး– သတင်းထောက် တယောက်ရဲ့ ဘဝက အန္တရာယ်များတယ်ဆိုတော့ အဖေစိုးရိမ်သလို အမျိုးသမီးသတင်းထောက် တယောက်အနေနဲ့ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရဖူးသလဲ။
ဖြေ– တကယ်တော့ ဖေဖေစိုးရိမ်တာက အလုပ်သဘောအရ စိုးရိမ်တာမဟုတ်ဘူး။ အဖမ်းဆီးခံရမှာကို သူ စိုးရိမ်တာ။ သူတို့ ထောင်ထဲ နေခဲ့ရတဲ့ အခြေအနေတွေကို သူတို့သိတယ်လေ။ သူ့သမီး ထောင်ထဲမှာနေလို့ သိပ်မလွယ်ဘူးလို့ သူ ထင်မှာပေါ့။ အဲဒါကြောင့် အမျိုးသမီးအဖြစ်နဲ့ ထောင်ကျ၊ ဖမ်းဆီးဆိုရင် အခက်အခဲရှိမှာကိုပြောတာ။ အလုပ်သဘောနဲ့တော့ မပြောဘူး။ အလုပ်ကို လုပ်နိုင်မယ်ဆိုတာ သူသိတယ်။ ဒါပေမယ့် အန္တရာယ်တွေက ဖမ်းတယ်၊ ခေါ်တယ်၊ စစ်တယ်၊ ဒါမျိုး တွေကို သူ့သမီးကို သူမဖြစ်စေချင်တာ ဖြစ်မှာပေါ့။
ဘာ ခက်လဲဆိုတော့ စ လုပ်ကတည်းက ကိုယ်ကိုယ်ကို အမြဲပြောတယ်။ ယောက်ျားမှန်း၊ မိန်းမမှန်းတောင် မသိဘူးလို့။ အဓိက အလုပ်ကိုပဲ လုပ်တာလေ။ ငါက မိန်းမဖြစ်နေရင်တော့ ဘာဖြစ်မယ်ဆိုတာ မရှိခဲ့ဘူး။ တကယ်တော့ ဒီအလုပ်က ဆရာဝန်လိုပဲပေါ့။ ဆရာဝန်ကမှ အမျိုးသမီးလူနာက အမျိုးသမီးဆရာဝန်နဲ့ ကုချင်တယ်ဆိုတာမျိုး နည်းနည်းရှိသေးတယ်။ သတင်းထောက်မှာကတော့ ဘယ်သတင်းဖြစ်ဖြစ် အမျိုးသမီးလိုက်လို့ရတယ်လေ။ စစ်သတင်းတွေယူဖို့တောင် နိုင်ငံခြားမှာ အမျိုးသမီးသတင်းထောက်တွေ အများကြီး ရောက်နေတာပဲ။ အမျိုးသမီးမို့ သိပ်ခက်တယ် ဆိုတာမျိုးတော့ မရှိဘူး။
စလုပ်လုပ်ချင်း အမျိုးသမီးမို့ သိပ်လုပ်နိုင်မယ် မထင်ဘူးလို့ အထင်သေးတဲ့ လူအချို့ရှိပေမယ့် ဒါက အမြင်ပဲရှိတာလေ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ကျတော့ ဘာမှခက်တယ်လို့ မထင်ဘူး။ ဒါက အမျိုးသမီး၊ အမျိုးသား ဂျန်ဒါ သိပ်ခွဲတဲ့ အလုပ် မဟုတ်ဘူးလေ။ ဘယ်သူပဲဖြစ်ဖြစ် ဝါသနာပါရင် လုပ်လို့ရတဲ့ အလုပ်ပဲ။ ဗမာအမျိုးသမီး ဖြစ်တဲ့အတွက်သာ ဘာတခု သတိထားလည်းဆိုရင် သတင်းစာရှင်းလင်းပွဲသွားတယ်၊ အင်တာဗျူးသွားတယ်ဆိုရင် အမြဲတမ်း သင့်တင့် လျောက် ပတ်တဲ့ အဝတ်၊ လူရိုသေရှင်ရိုသေ ဝတ်တာစားတာတော့ လုပ်တယ်။ အဲဒါကတော့ ကိုယ်ကသွားပြီး အင်တာဗျူးလုပ်တဲ့လူ ကိုလည်း အရိုအသေပြုတဲ့ သဘောပါတယ်။ ဝတ်စားတာတော့ အရမ်းသတိထားတယ်။ သပ်သပ်ရပ်ရပ် ဝတ်တယ်။
မေး– အမျိုးသားသတင်းထောက်တွေနဲ့ ယှဉ်ပြီး သတင်းလိုက်ရတဲ့အခါ အခက်အခဲကြုံရတဲ့ အားနည်းချက်နဲ့၊ ကိုယ်က အမျိုးသမီးဖြစ်တဲ့အတွက် အခွင့်အရေးပိုရတာဆိုတဲ့ အားသာချက်တွေရော ရှိခဲ့ဖူးလား။
ဖြေ– အားသာချက် ဆိုရင်တော့ တချို့ကပြောတယ်။ အမျိုးသမီးဆိုရင် တချို့လူကြီးတွေက ဖြေချင်ကြားချင်၊ အမျိုးသမီး တွေဆိုရင် ပိုအဆင်ပြေကြတယ်လို့ ကြားဖူးတယ်။ ကိုယ်လုပ်ခဲ့တဲ့ တလျောက်တော့ အမျိုးသမီးမို့လို့ သိပ်ထူးထူးခြားခြား ဘာမှ မျက်နှာသာပေးမခံခဲ့ရ ဘူး။ ဗိုလ်ချုပ်ကြီးတွေက ကိုယ့်ကို ကြည့်မှ မရဘဲ။ အဲဒီတော့ ဘာမှထူးပြီးတော့ သတင်း ထောက် အမျိုးသမီးမို့ သတင်းလေး ပိုပေးလိုက်မယ် ဆိုတာမျိုးတော့ တခါမှ မကြုံဖူးခဲ့ဘူး။ အမျိုးသမီးမို့ သက်သာသွား တယ်ဆိုတာ တခါမှ မရှိခဲ့ဘူးလို့ ထင်တယ်။
အားနည်းချက် ဆိုရင်တော့ အမျိုးသမီးက အဲဒီအချိန်တွေတုန်းကရှားတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အခါမှာ သတင်းတွေယူတော့ ဒီဆံပင်စုတ်ဖွားနဲ့ အမျိုးသမီးဆိုရင် AP သတင်းထောက်ဆိုတာ သိနေပြီ။ အဲဒါက မကောင်းဘူး။ သိသွားတော့ ကိုယ့်ကိုမြင်ရင် သူတို့က ချက်ချင်း ခွဲခြား မှတ်မိနိုင်တယ်လေ။ ဒီသတင်းထောက် ရောက်နေပြန်ပြီ၊ ဒီသတင်းထောက်ကို ဆွဲထုတ်တယ်။ အဲဒါမျိုးက ၂ ခါလောက် အထုတ်ခံရတယ်။ အော်လံနဲ့ နာမည်ကို ခေါ်တာလေ။ ဒေါ်အေးအေးဝင်း ထွက်ပါ ဆိုတာမျိုး နာမည်နဲ့ တပ်ခေါ်တာ။ RIT ကျောင်းသားတွေ ဆန္ဒပြတုန်းက။ ဒီတော့ လူနည်းတဲ့ အတွက် သတိထားမိတယ်။ သတိထားမိတာကတော့ မကောင်းဘူး။ ဘာလို့လဲဆိုတော့ အဲဒီခေတ်တုန်းက ထောက်လှမ်း ရေးတွေက အင်မတန်တော်တဲ့ ခေတ်လေ။ သူတို့မျက်စိအောက်မှာ မြင်သာသွားရင် လှုပ်ရှားလို့ မကောင်းဘူးပေါ့။ သတင်းထောက်ဆိုတာ ခိုးကြောင်ခိုးဝှက် လုပ်ရတာလေ။ သူတို့မသိအောင် အသာလေးဝင်ထွက် လုပ်ရတာ။ ကိုယ်ကျတော့ အသာလေးဝင်ထွက်လို့တော့ မရဘူး။ ဘယ်ပုံနဲ့ ဝင်သွားသွား သိတာပဲ။ အမျိုးသမီး သတင်းထောက်တွေ နည်းနေတဲ့အချိန်မှာ အဲဒါကတော့ အားနည်းချက်ပေါ့။
စောစောကပြောခဲ့တဲ့ ဒေါ်စု မန္တလေးသွားမယ့် ခရီးစဉ်တွေတုန်းက အစိုးရက ရထားကြီးကို ပျက်ခိုင်းထားတယ်လေ။ ရထားကြီး ပျက်ပါတယ်ဆိုပြီး သောင်တင်နေတယ်။ သတင်းထောက်တွေက ဓာတ်ပုံရိုက်ရမယ့်လူရှိတယ်။ တီဗီရိုက်ရမယ့်လူ ရှိတယ်။ အင်တာဗျူးလေးတွေ လုပ်ချင်တယ်ဆိုရင် သူတို့ တားတယ်။ ဘူတာကြီးကို ပိတ်ပစ်လိုက်ပြီး။ သူတို့က ခရီးသည်လိုလို ဘာလိုလိုနဲ့ ဝင်သွားပြီ။ တော်တော်လှမ်းလှမ်းလေးကျမှ ကိုယ်လည်းလိုက်ဝင်တာပေါ့။ ဒါပေမယ့် ဒီမျက်နှာကြီးကို ထောက်လှမ်းရေးက သိတယ်။ ချက်ချင်းကို အော်ထုတ်တာပဲ။ သတင်းထောက် တယောက်ကို တွေ့လိုက် တာနဲ့ ကျန်တဲ့သတင်းထောက်တွေလည်း ခိုးဝင်သွားပြီဆိုပြီး ကိုယ့်လူ ၃ ၊ ၄ ယောက် နှင်ထုတ်ခံရတာပေါ့။ ကိုယ့်ကြောင့် သူတို့လည်း အနှောက်အယှက်ဖြစ်တယ်။ အဲလို အခက်အခဲလေးတွေတော့ ကြုံတယ်။ ကိုယ့်ကို မောင်းထုတ်တဲ့ အချိန်မှာ သူတို့ အသာလေးဝင်ပြီးသွားမှ ကိုယ့်ကြောင့် သတိထားမိ သွားတာလေးတွေ ရှိတယ်။ အားသာတယ် ဆိုတာတော့ မသိဘူး။ ထူးတော့ အားမသာဘူး။ ဗိုလ်ချုပ်ကြီးတွေကလည်း ကိုယ့်ကို မိန်းကလေးမို့ ဆိုပြီး ဘာသတင်းမှ မပေးခဲ့ဘူး။ မျက်နှာသာ ပေးမခံခဲ့ရဘူး။
မေး– အမျိုးသား သတင်းထောက်တွေနဲ့ အလုပ်အတူ လုပ်ခဲ့ရတော့ သတင်းသမား အချင်းချင်း ကြားထဲမှာရော ခွဲခြား ဆက်ဆံတာမျိုး ကြုံခဲ့ရဖူးလား။
ဖြေ– အဲဒါလည်း ကံအကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ သတင်းထောက်လုပ်တဲ့ အချိန်မှာ ဘီဘီစီ ဦးမောင်မောင်တို့၊ ရိုက်တာက ဦးလှကြည်တို့၊ အန်ကယ် ဦးလှထွေးတို့က ဟိုးရှေးခေတ်ကတည်းက ဖေဖေ့မိတ်ဆွေတွေ။ အဖေ့ရဲ့ လုပ်ဖော်ကိုင် ဖက်အဖြစ်လုပ်လာတဲ့ သတင်းထောက်ကြီးတွေဆိုတော့ သူတို့က ဒါ ဦးစိန်ဝင်းသမီးလေးဆိုပြီး သင်လည်းပေးတယ်။ ကိုယ်ကလည်း အရမ်းမေးချင်တဲ့ လူဆိုတော့ အခွင့်အရေး အကောင်းဆုံးပေါ့။ ဒီလူကြီးတွေကလည်း ပြောပြချင် တယ်။ ပြောပြချင်စရာ သမိုင်းတွေကလည်း အများကြီးရှိတော့ ကိုယ်ကလည်း ရောက်ကတည်းက အကုန်လုံးမေးတာပဲ။ ဒီအခြေအနေမျိုးဆို ဦးနုခေတ်က ဘယ်လိုဖြစ်တာလဲ၊ ဦးနေဝင်းခေတ်က ဘယ်လိုဖြစ်တာလဲ ဒါမျိုးတွေကို မေးနိုင်တော့ သူတို့ အကုန်လုံး အသက် ၆၀ ၊ ၇၀ လူကြီးတွေဆိုတော့ ကိုယ့်ကို သင်ပြဖို့ပဲ အဆင်သင့်လေ။ နှိမ်ဖို့မရှိဘူးပေါ့။ မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ပြောပြတယ်။
အရမ်းကံကောင်းတယ်။ ကံနဲ့လည်းဆိုင်တယ်။ ကိုယ်ဝင်ခါစမှာ ကိုယ့်ကို စိတ်စေတနာ ကောင်းကောင်းနဲ့ အတွေ့အကြုံ အပြည့်ရှိတဲ့ လူကြီးတွေကြားထဲမှာ ကိုယ်က ပလုံဆို ကျသွားတာ။ အဲဒီတော့ မေးချင်တိုင်းမေး၊ ဖြေကြတာပဲ။ ကိုယ့်ကိုလည်း မလိုလားတဲ့ ပုံစံမျိုးမရှိခဲ့ဘူး။ ဖေဖေ့သမီးအဖြစ် သိလာတာကလည်း နှစ်ပေါင်းများပြီ။ ဒီလောကထဲရောက်လာတော့ ဖေဖေ့ရဲ့ ပံ့ပိုးမှု၊ အားပေးမှု၊ ဖေးမမှုကို ခံရတယ်။ ခွဲခြားမခံရဘူး။ နောက် သတင်းထောက်လေးတွေ လိုက်တက်လာတော့ ကိုယ့်ဂျူနီယာပြန်ဖြစ်သွားတော့ ကိုယ့်ကို ခွဲခြားပြီးတော့ မသတ် မှတ်တော့ဘူးပေါ့။
အန်တီဝင်တဲ့ အချိန်မတိုင်ခင်မှာ တိုကျိုအသံလွင့်ဌာနက ဦးသစ္စာလှထွေးက ၆ လစောဝင်တယ်။ ကိုသစ္စာကလည်း ဦးလှထွေးသား။ ကိုယ်နဲ့ သူနဲ့ကလည်း ငယ်ငယ်ကတည်းက မောင်နှမတွေလို ခင်ပြီးသား။ အဲတော့ ရွယ်တူ တွဲစရာဆိုလို့ ဒီနှစ်ယောက်ပဲရှိတယ်။ ကျန်တာတွေကလည်း ဦးလေးတွေ၊ အဖေတွေအရွယ်ဆိုတော့။ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်က သိပ်ကံကောင်းတယ်။ သူများတွေက မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရတာလေ။ ကိုယ်က လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာ အရမ်းကံကောင်းတယ်။ သင်ပေးနိုင်တဲ့ဆရာကလည်း ကိုယ်အသင်ခံ ချင်တဲ့ ဆရာတွေဆိုတော့။
မေး– အန်တီ့ဘဝမှာ စံပြပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ။
ဖြေ– အဲဒါ မစ်ဆူရီဆု ပေးတော့လည်း မေးတယ်။ စံပြပုဂ္ဂိုလ်ကို ကိုယ့်ဆွေမျိုး မပြောရဘူးတဲ့။ အခြားပုဂ္ဂိုလ်ပြော ဆိုတော့ နင်တို့ဥပဒေတွေ နားမလည်ဘူးလို့။ ကိုယ့်စံပြပုဂ္ဂိုလ်က အဖေပဲလို့။ အဖေ့အောက်မှာ ကြီးပြင်းတာဆိုတော့ အဖေပဲပေါ့။ အန်ကယ်ဦးဝင်းတင်တို့လို အခြားသတင်းထောက်တွေကို ချီးကျူးပါတယ်။ ဒါပေမယ့် အဖေနဲ့ အလုပ်လုပ်ခဲ့တော့ အဖေက ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ်ပေါ့။ နောက်ပြီး သူ့ရဲ့ သတ္တိ၊ ဇွဲ၊ လုံ့လ၊ သတင်းစာလုပ်ငန်း ပေါ်မှာထားတဲ့ ခံယူချက် အင်မတန် ခိုင်မာ တယ်။ နောက်ပြီး သူက အင်မတန် ခေါင်းမာတယ်။ အဲဒါတွေကို အဖေ့ဆီက ရတယ်။ အဲလိုဖြေလိုက်တယ်။ သူနဲ့လည်း သင်လာခဲ့ရတာ၊ သူအလုပ်လုပ်တာကို နှစ်ပေါင်းများစွာ ကြည့်လာခဲ့ရတာ။ သတင်းစာတိုက်မှာလုပ်တဲ့ အချိန်တုန်းကတော့ ကိုယ်က အရမ်းပေါက်စလေးဆိုတော့ ငယ်သေးလို့ မသိခဲ့ဘူး။ ဒါပေမယ့် သူ့သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းတယ်။ သူ့ကို ထောင်ချတယ်၊ ထောင်ထဲက ထွက်လာတယ်၊ အလုပ်လုပ်တယ်။ ဒါတွေက အကုန်သိတတ်တဲ့ အရွယ်ရောက် လာပြီဆိုတော့ သူ့ရဲ့ လုပ်ငန်းပေါ်ထားတဲ့ သဘောထား ပရော်ဖက်ရှင်နယ်လစ်ဇင်လို့ ခေါ်တယ် အဲဒါက။ အရမ်း လေးစားစရာ ကောင်းတယ်။
နောက်ပြီး ဖေဖေ အမြဲပြောဖူးတယ်။ ကလေးတွေ မှတ်ထားရမှာ။ သူတို့ခေတ်တုန်းက သတင်းထောက်လုပ်တာ လွတ်လပ်ရေး တောင်မရသေးဘူး။ သတင်းထောက်ဆိုရင် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်ဆိုတာ ရှေးရှေးခေတ် ကတည်းကပဲ။ အဲတော့ သူ့ဘောင်းဘီအိတ်ထဲမှာ ဆေးလိပ်တွေထည့်ထားတယ်။ သူက ဆေးလိပ်လုံး၀ မသောက်ဘူး။ ရဲတို့ဘာတို့ အင်တာဗျူးလုပ်ရင် အဲဒီဆေးလိပ်နဲ့ တည်ရတာ။ မနေ့တနေ့က ဆုံးတဲ့အထိ သူ သတင်းထောက်လုပ်နေတဲ့ သက်တမ်းမှာ အရက်ကို ဘယ်တော့မှ မသောက်ဘူး။ တချို့က သတင်းထောက်ဆို အရက်ကလေးသောက်ရမှ။ သူက ဘာအရက်မှ မသောက်ဘူး။ ဘာဆေးလိပ်မှ မသောက်ဘူး။ သတင်းစာဆရာကြီးတော့ ဖြစ်သွားတာပဲလေ။ လူက ဦးနှောက်က အရေးကြီးတယ်။ ပကာသနမကြိုက်တာ၊ ကိုယ်ယုံကြည်ချက်အပေါ်မှာပဲ တစိုက်မတ်မတ်နဲ့ ယုံကြည်တာ တွေ။ အဲဒါတွေက ဖေဖေ့ဆီက ရတာပေါ့။
ဦးနေဝင်း လက်ထက်တုန်းက ဖေဖေ ထောင်ကျတယ်။ အသနားခံစာတင်ပါ ဆိုပြီးပြောတဲ့လူကို “ မင်းဗိုလ်ချုပ်ကိုပြော၊ ငါ့ကို တောင်းပန်ရမှာ။ ငါ့ကို မတရား ထောင်ထဲထည့်တာ။ မင်းဗိုလ်ချုပ်က ငါ့ကို တောင်းပန်ရမှာ။ ငါက ဘာကြောင့် အသနားခံရမှာလဲ” ဆိုတော့ သူများထက် နည်းနည်းပိုကြာသွားတာပေါ့။ သူ့ရဲ့ ယုံကြည်ချက်နဲ့ မှန်ကန်တဲ့ မာန်မာန ထားရမှာ။ သတင်းထောက်က ကိုယ့်ရဲ့မူကို လျော့မပေးရဘူး။ နောက်ပြီး ဖမ်းလို့ရှိရင် ဒီသတင်း ဘယ်ကရလဲ၊ ဒီသတင်း ရင်းမြစ်ကို ပြောပါဆိုရင် ဖေဖေက မပြောဘူး။ ဟိုက ခြိမ်းခြောက်တာဟာ သူ့အတွက် အလကားပဲလေ။ အဲဒါတွေက ကိုယ့်မျက်စိရှေ့ မှာ မြင်တော့ ကိုယ့်အတွက် အားကျစရာကောင်းတယ်။ ကိုယ့်ကို သတင်းပေးတဲ့လူကို ဒုက္ခ မရောက်စေရ ဘူးပေါ့။ အဲဒါမျိုးတွေကြောင့် ဖေဖေက ကိုယ့်အတွက်တော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာပဲ။
မေး– ဒီဘက်ခေတ်မှာ အမျိုးသမီး သတင်းထောက်တွေ အများကြီး ဖြစ်လာတော့ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိတယ် လို့ အန်တီမြင်မိပါသလဲရှင့်။
ဖြေ– အမျိုးသမီး သတင်းထောက်က ဒီဘက်ခေတ်လောက် များတာမရှိဘူး။ အင်မတန် အားရစရာ ကောင်းတယ်။ အမျိုးသမီး သတင်းထောက်တွေ သိထားဖို့က ဒီသတင်းထောက် အလုပ်က အမျိုးသားတွေချည်းပဲ လုပ်တတ်တဲ့ အလုပ် မဟုတ်ဘူးဆိုတာ လုံးဝခံယူထားရမယ်။ ဒီအလုပ်က အမျိုးသားတွေချည်းပဲ လုပ်နိုင်တဲ့အလုပ် မဟုတ်ဘူး။ အမျိုးသမီးတွေ လည်း တန်းတူလုပ်နိုင်တဲ့ အလုပ်က ဒီအလုပ်ပဲ။ အမျိုးသားထက်တော့ မညံ့ဘူးဆိုတာ ဒီအလုပ်မှာ သက်သေပြနိုင်တယ်။ ကိုယ့်ကိုယ်ကို မခေဘူးဆိုတာ ပြချင်ရင် အမျိုးသမီး သတင်းထောက်က အမျိုးသား သတင်းထောက်တွေထက် တတ်အောင် ကြိုးစားရမယ်။ ဟိုတလောက ဂျာနယ်တစောင်မှာ မှားတယ်။ အမျိုးသားညီလာခံ ကျင်းပတဲ့နှစ်၊ ရပ်တဲ့နှစ်၊ ပြီးတဲ့နှစ်၊ ၃ ခုလောက်မှားလို့ လှမ်းပြောရတယ်။ သတင်းထောက်ဆိုတာ အမျိုးသားညီလာခံ တုန်းက ငါမမွေးသေးဘူး၊ ကျောင်းတက်နေသေးတယ်လို့ လုပ်လို့မရဘူး။
ဖေဖေပြောခဲ့ဖူးတယ်။ သတင်းထောက်ဆိုတာ အချို့အကြောင်းအရာတွေရဲ့ နည်းနည်းချင်းစီကို အကုန်သိရမယ်။ အကြောင်းအရာတချို့ကိုတော့ အားလုံးသိရမယ်တဲ့။ အဲဒီလိုပဲ မသိဘူး ပြောလို့မရဘူး။ စာအမြဲဖတ်နေရမယ်။ လေ့လာနေရမယ်။ မလေ့လာရင် အမြဲရှုံးနေမယ်။ ဒီတော့ ယောက်ျားလေးတွေ အိပ်နေတဲ့ အချိန်၊ ဘီယာဆိုင်ထိုင်နေတဲ့ အချိန်မှာ ကိုယ်က ဖတ်နေရမယ်။ ကိုယ့်ကို လှမ်းမေးလို့ ဒတ်ကနဲ ပြောနိုင်ရင် တော်တော်ပျော်ဖို့ကောင်းတယ်။ ဖေဖေတို့ခေတ်တုန်းက ကွန်ပြူတာမရှိဘူးလေ။ တခုခုဖြစ်ပြီဆို ဖေဖေ့ကို သွားမေးရတယ်။ နှစ်နဲ့လနဲ့ အဲဒီတုန်းက အခြေအနေနဲ့ကို အသေးစိတ် ပြန်ပြောပြတယ်။
အမျိုးသမီး သတင်းထောက်က အမျိုးသားထက် သာအောင်လုပ်နိုင်တာတွေ အများကြီးရှိတယ်။ သတင်းထောက်တွေကို ပြောရမယ်ဆိုရင် အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် လေ့လာမှုအရမ်းလိုပါတယ်။ ကက်ဆက် (အသံဖမ်းစက်) ကလေးကိုင်ရုံနဲ့ သတင်းထောက် မဖြစ်ဘူး။ နောက်တခုက အရမ်းကို ဝါသနာပါရမယ်။ အလုပ်တခုက ဝါသနာမပါဘဲ လုပ်ရင် ကောင်းကို မကောင်းဘူး။ ဝါသနာပါပြီးလုပ်ရင် ထမင်းမစားရလည်း မသိဘူး။
သတင်းထောက်အလုပ်က ဝါသနာပါမှကောင်းတယ်။ ဝါသနာမပါလို့ကတော့ ဒီအလုပ်ကို အသက်မွေးဝမ်းကြောင်း လုပ်လို့ မကောင်းဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်က ချမ်းသာတဲ့ အလုပ်မှ မဟုတ်တာ။ ပိုက်ဆံလည်း မရဘူး။ ပိုက်ဆံက ၂ ပြား၊ ၁ ပဲနဲ့။ အသက်လည်း ရင်းရသေးတယ်။ ဒုက္ခနဲ့လည်း ကြုံရသေးတယ်။ သတင်းထောက်တွေထဲက တစ်ယောက်ဆိုရင် အန်တီက ကံကောင်းလို့ အရိုက်မခံရတာ၊ ဂျပန်သတင်းထောက်တစ်ယောက်ဆို ဘုရားနားမှာ အရိုက်ခံရတာ လည်ဂုတ် စောင်းသွားလို့ အလုပ်ထွက်လိုက်ရတယ်။ လက်တွေက အမြဲကျင်နေလို့ အလုပ်မလုပ်နိုင်တော့ဘူး။
အန္တရာယ်တွေ အများကြီးရှိခဲ့တယ်။ ဝါသနာပါလို့သာ ကောင်းတာလေ။ နာမည်ကြီးတဲ့ အလုပ်လည်း မဟုတ်ဘူး ဒါက။ နာမည်ကြီးတာကို ရည်မှန်းလည်း လုပ်လို့မရဘူး။ အမှန်အတိုင်း ပြောရရင် ငါတော့ ဘယ်လိုဖြစ်ရပါလို၏လို့ တခါမှ မရှိဘူး။ ဒီအလုပ်ကို ဝါသနာပါလို့လုပ်တာ။ ဆုရတယ်ဆိုတာကလည်း အဲဒီအတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ မင်းသား၊ မင်းသမီးက အော်စကာ အများကြီးရမှ ရုပ်ရှင်ရိုက်ခံရတာ။ သတင်းထောက်က ဆုမရလည်း သတင်းထောက်ပဲ။ ဖေဖေပြောဖူးတယ်။ သူ့ကို ဝန်ကြီးချုပ်ပေးတောင် သူမလုပ်ဘူးဆိုတာပေါ့။
ဒါက တော်တော် ထူးထူးခြားခြား ဝါသနာပါမှ ကောင်းတာ။ တစ် အချက်က ဝါသနာ။ နှစ် အချက်က ကြိုးစားအားထုတ်မှု အရမ်းလိုတယ်။ ဝါသနာပါလို့လုပ်ပြီး မကြိုးစားလို့လည်း အလကားပဲ။ ဓာတ်ပုံသတင်းထောက်ဖြစ်ပေမယ့် အန်တီတို့ AP က သတင်းသမားတွေဆိုရင် ဗမာပြည်လာမယ်ဆိုရင် ဗမာနဲ့သက်ဆိုင်တဲ့ စာတွေ ဖတ်လာတယ်။ တခါတလေ သူတို့က သီပေါမင်းလောက်ထိ မေးတုန်းရှိသေးတယ်။ ဓာတ်ပုံဆရာဆိုလို့ လာဟေ့၊ သွားရိုက်ဆိုလို့ ရိုက်တာမဟုတ်ဘူး။ ဗီဒီယိုသမားလည်း အဲလိုပဲ လေ့လာတယ်။ ဓာတ်ပုံဆိုတာ စာနဲ့မပြောနိုင်တာတွေကို သရုပ်ဖော်ရတာလေ။
မေး– အရင်ခေတ်တုန်းကဆိုရင် ညဘက်တောင် တထိတ် ထိတ်နဲ့ အိပ်ခဲ့ရတဲ့ အခြေအနေကနေ ၂၀၁၁ နောက်ပိုင်းမှာ ပြောင်းလဲလာတယ်လို့ပြောလို့ သတင်းမီဒီယာရဲ့ အပြောင်း အလဲက ဘယ်အခြေအနေထိ ရောက်လာပြီထင်ပါသလဲ။
ဖြေ– တော်တော်ပြောင်းလာပြီလို့ ပြောရမှာပေါ့။ ပထမအချက်ကတော့ ပြည်တွင်းမီဒီယာတွေ အတွက်ဆိုရင် ဆင်ဆာ ဆိုတာ မရှိတော့ဘူးဆိုတော့ တော်တော်ပေါ့သွားတာပေါ့။ နိုင်ငံခြား သတင်းထောက်ဆိုတာ အရင်တုန်းကတည်းက ဆင်ဆာမရှိဘူး။ ပြည်တွင်းမီဒီယာတွေက တော်တော်ကို ပွင့်ပွင့်လင်းလင်း ရေးနိုင်နေကြပြီ။ ဖမ်းတာ၊ ဆီးတာတွေ မလုပ် ဘူး။ ၂၀၁၂ ခုနှစ်က အသရေဖျက်မှုတွေ ဘာတွေနဲ့ သူတို့လုပ်ကြည့်သေးတယ်။ အခု ၂၀၁၃ ထဲမှာတော့ သူတို့နားနေတယ်။ ဒါပေမယ့် ဘယ်ဟာက မတိုးတက်ဘူးလဲဆိုရင် အရင်ကတည်းက အစိုးရဝန်ကြီးဌာနတို့က သတင်းတွေကတော့ အင်မတန် ကပ်စီးနည်းတာ။ အစိုးရက သတင်းကပ်စီးနည်းတဲ့ဟာကတော့ အရင်တုန်းက အတိုင်းပဲ။ မပြောင်းဘူး။
လွတ်လပ်တဲ့ အပိုင်းမှာတော့ တော်တော်ပြောင်းလာတယ်။ သတင်းပေးတဲ့နေရာမှာတော့ ဟိုးဆိုရှယ်လစ်ခေတ်ကတည်းက ကပ်စီးနည်းခဲ့တဲ့ အစိုးရဟာ ဒီဘက်ခေတ်အထိ သတင်းကပ်စီးနည်းတုန်း။ သူတို့စိတ်ထဲမှာ သတင်းကို ထိန်းချုပ်ထားရတာကို ငါတို့တယ်ဟုတ်ပါလားလို့ ထင်ကြတယ်။ သူတို့မှာ အယူလွဲနေတာတွေ မပြောင်းသေးပါဘူး။ ချုပ်ထားမယ်၊ သူတို့ရဲ့သတင်းစာထဲ ထည့်လိုက်ရင် ဦးသွားမယ်၊ သူတို့ပဲချုပ်ကိုင်နိုင်မယ်လို့ မြင်နေတယ်။ သူတို့မှာ လွဲမှားနေတာက အဲဒီ သတင်းပေးမှုပါပဲ။ အဲဒါကတော့လုံးဝမပြောင်းဘူး။
သတင်းလွတ်လပ်တယ်ဆိုတာကတော့ လွန်ခဲ့တဲ့ ၂၃ နှစ်က မရေးနိုင်တာတွေ အခုရေးနိုင်တယ်။ အခု သူရိယနေဝန်း ရေးတာမျိုးတွေဆိုရင် အရင်တုန်းကဆို ပါသွားပြီ။ အခုလောက်ဆို ရိုက်လို့ သွားတောင် တချောင်းမှ ကျန်မှာ မဟုတ်ဘူး။ အဲဒါတော့ ပြောင်းတယ်။ အရင်တုန်းကဆိုရင် သတင်းလိုက်တယ်ဆိုရင် ကင်မရာလေးနဲ့ ခိုးကြောင်ခိုးဝှက် လိုက်ရတာ။ အိမ်က ဦးမင်းဇော်ဆိုရင် ဒေါ်စုအိမ်ရှေ့က ခြံတံခါးကြီး ပိတ်နေတာကို ဓာတ်ပုံသွားရိုက်လို့ သူ့ကားက အိမ်ကိုတောင် မရောက်သေးဘူး။ ပုလိပ်က အိမ်ရှေ့ရောက်နေပြီ။ ဖမ်းသွားပြန်ပြီ။ ဒါ ဘာမှမဟုတ်ဘူး။ သူ့ခြံတံခါး အပိတ်ကိုပဲ ရိုက်တာ။
အခုဆိုရင် ကင်မရာကြီးတွေ၊ မှန်ပြောင်းကြီးတွေထောင်ပြီး မြို့တော်ခမ်းမရှေ့မှာ ရိုက်နေကြတာပဲ။ အဲလောက်ထိတော့ ပွင့်လင်းတယ်။ သတင်းလိုက်ရတာ လွတ်လပ်တယ်၊ သတင်းရဖို့ကတော့ အရင်အတိုင်းပဲ ကပ်စီးနည်း အယူလွဲနေတဲ့အပိုင်း ကတော့ အများကြီးပါ။