တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြန်ခံစားနိုင်ဖို့ ဆိုရင် …

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အထက်တန်း စာမေးပွဲ အောင်မြင်လို့  တက္ကသိုလ် တက်ရတဲ့ အချိန်ဟာ ကျမတို့ အားလုံး မျှော်လင့် စောင့်စားခဲ့ကြတဲ့ အချိန်ပါပဲ။ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သီချင်းတွေကို နားထောင်၊ တက္ကသိုလ် ကျောင်းသားဘဝကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတွေကို ဖတ်ပြီး စိတ်ကူးထဲက တက္ကသိုလ်ကို ပုံဖော်ကြည့် မိခဲ့ကြမှာပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပင်ပန်းခြင်းကြီးစွာနဲ့ တက္ကသိုလ်ရဲ့  နေ့ရက်တွေ ဖြတ်သန်းနေ ကြရတာကို စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်။

ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်ကြီး နှစ်ခုပါပဲ။ ရန်ကုန် တက္ကသိုလ်ကနေ ကိုအောင်ဆန်းလို ကျောင်းသား ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင် ခဲ့ပါတယ်။ မန္တလေး တက္ကသိုလ်ကနေ စာပေပညာရှင်တွေ၊ သမိုင်းပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်း၊ ဦးချစ် လက်ဖက်ရည်ဆိုင်၊ အင်းလျားကန်၊ တောင်ပိန္နဲပင် တို့ဟာ ရန်ကုန် တက္ကသိုလ်အကြောင်း ပြောရင် မပါမဖြစ် ဇာတ်ကောင်တွေပါပဲ။ မန္တလေး တက္ကသိုလ်အကြောင်း ပြောရင် တမာ၊ ထနောင်း၊ ရေနီမြောင်း၊ ရာဇတ်ဟောလ်၊ ယူနီစံ လက်ဖက်ရည်ဆိုင်တွေက မပါမဖြစ် ဇာတ်ကောင်တွေပါပဲ။

သွေး (စစ်ကိုင်း) သည် ကဗျာ၊ ဝတ္ထုတို၊ ပန်းချီ ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည့် ရန်ကုန် အခြေစိုက် စာရေးဆရာမ တဦးဖြစ်သည်။

တက္ကသိုလ်တွေကို ဝေးလံတဲ့ မြို့ပြင်အရပ်တွေမှာ မတည်ထောင်ခင် အထိ ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် တွေမှာ တက်ရောက် ပညာသင်ယူ နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ် အငွေ့အသက် University Atmosphere ကို အပြည့်အ၀ ရခဲ့ကြပါတယ်။ ကျမက ၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ အထိ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ ဘာသာရပ် အထူးပြု နေ့ကျောင်းသူ အနေနဲ့ ပညာသင်ခဲ့တာပါ။

အဲ့ဒီ အချိန်တုန်းက မန္တလေး တက္ကသိုလ်ဟာ မန္တလေး၊ မတ္တရာ၊ အမရပူရ၊ စစ်ကိုင်း၊ စဉ့်ကူး၊ စဉ့်ကိုင်၊ ပင်လယ်ဘူး၊ ခင်ဦး စတဲ့ မြို့တွေက ကျောင်းလာတက်ကြတဲ့ သူတွေနဲ့ အရမ်း စည်ကားပါတယ်။ ဝေးလံတဲ့ မြို့က ကျောင်းသားတွေကို တက္ကသိုလ်ထဲမှာပဲ အဆောင်နေခွင့် ပေးထားပါတယ်။ ကျမ မှတ်မိသလောက် ပြောရရင် ကျောင်းသားတွေက အောင်မင်္ဂလာ၊ ရွှေပြည်အေး၊ ရတနာပုံ အဆောင်တွေမှာ နေခွင့်ရပြီး ကျောင်းသူတွေက ရွှေမန်း၊ သစ္စာ၊ မြတမာ စတဲ့ အဆောင်တွေမှာ နေခွင့် ရကြပါတယ်။

အကြောင်းကြောင်းကြောင့် အစိုးရအဆောင် မနေရသူတွေက တက္ကသိုလ်နဲ့ နီးတဲ့ ဗောဓိကုန်းဘက်က အပြင်ဆောင်တွေမှာ နေကြပါတယ်။ အပြင်ဆောင်တွေဟာ ပြောလောက်အောင် ဈေးမကြီးသလို လုံခြုံမှုလည်း ပေးစွမ်းနိုင်ပါတယ်။ နေ့ကျောင်းတက်တဲ့ သူတွေအတွက် သက်ဆိုင်ရာ မြို့တွေက ဖယ်ရီတွေ စီစဉ်ပေးထားပါတယ်။ ဖယ်ရီခကလည်း အရမ်း သက်သာပါတယ်။ ကျမဆို စစ်ကိုင်းကနေ မန္တလေးကို ကျောင်းတက်တာ အသွား အပြန်မှ ၆ ကျပ်ပဲ ကုန်ပါတယ်။ ၁၉၉၄-၁၉၉၅ ခုနှစ်ကပါ။ နောက်ပိုင်း ကျောင်းကားခ တက်ပေမယ့် အသွား အပြန်မှ ၁၀ ကျပ်ပဲ ကုန်ပါတယ်။ အတန်းပြီးလို့ ပြန်မယ် ဆိုရင် “မိန်း” အဆောက်အအုံကြီးနားမှာ မြို့အသီးသီးက ဖယ်ရီတွေက လာကြိုနေကြတာ တကယ်ပဲ ပျော်စရာ ကောင်းပါတယ်။

တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အပြည့်အဝရတဲ့ အတွက် စာအုပ်ငှားချင်ရင် ရာဇတ်ဟောလ်လို့ ခေါ်တဲ့ မန္တလေး တက္ကသိုလ် စာကြည့်တိုက်ကို သွားငှားနိုင်ပါတယ်။ ရေနီမြောင်းဘေးက အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်မှာ ဘူးသီးကြော် စားနိုင်ပါတယ်။ စာပေဝါသနာ ပါတဲ့သူတွေအတွက် မြန်မာစာဌာနက “မြကွန်းသာ” နံရံကပ် စာစောင်နဲ့ ဘူမိဗေဒဌာနက “ကျောက်ရိုင်း” နံရံကပ် စာစောင်တွေမှာ ကလောင်သွေးခွင့် ရှိပါတယ်။

တက္ကသိုလ် တခုမှာ ရှိသင့်ရှိထိုက်တဲ့ အားကစားကွင်း၊ စာတိုက်၊ ဆေးရုံတွေ အကုန်လုံး ရှိပါတယ် တက္ကသိုလ် စာတိုက်ဘက်ကို သွားတဲ့ လမ်းလေးဟာ တမာပင်တန်းတွေနဲ့ နေပြောက်မထိုးအောင် အရိပ် ကောင်းပါတယ်။ တက္ကသိုလ်ဝင်းထဲက “မန်းရတနာ”၊ “Ruby” စတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နိုင်သလို တက္ကသိုလ် ဝင်းအနီး ၇၃ လမ်းရဲ့ ဘေးမှာရှိတဲ့ “Unison” လက်ဖက်ရည်ဆိုင်ဟာ ကျောင်းသား၊ ကျောင်းသူတွေ အသည်းခိုက်တဲ့ နေရာတခုပေါ့။

University Atmosphere ရတဲ့ အတွက် တက္ကသိုလ် ကျောင်းသူ တယောက်ရဲ့ ဘဝကို ဘာနဲ့မှ မတူအောင် တန်ဖိုးထား ခဲ့မိပါတယ်။ တခြားမေဂျာက သူငယ်ချင်းတွေနဲ့ ရင်းနှီးခင်မင်ခွင့် ရခဲ့သလို အတွေ့အကြုံ အသစ်တွေလည်း ရခဲ့ပါတယ်။ ကျမနဲ့ ခင်မင်တဲ့ သူတွေထဲက တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ပြန်ဖြစ်နေသူတွေ၊ စာရေးဆရာ ဖြစ်နေသူတွေလည်း အများကြီး ရှိပါတယ်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ ကျမက နောက်ဆုံးနှစ် ကျောင်းသူတယောက် ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်မှာပဲ ကျောင်းသား အရေးအခင်းဖြစ်ပြီး တက္ကသိုလ်တွေကို စစ်အစိုးရက ရက်အကန့်အသတ် မရှိ ပိတ်လိုက်ပါ တော့တယ်။ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ အထက်ကျောင်းတွေမှာ စာမေးပွဲ ဖြေဆိုပြီး ကျောင်းပြီးခဲ့ရပါတယ်။ မန္တလေး တက္ကသိုလ်အစား “ရတနာပုံ” တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် အစား “ဒဂုံ တက္ကသိုလ်” ၊ “အရှေ့ပိုင်း တက္ကသိုလ်” ၊ “အနောက်ပိုင်း တက္ကသိုလ်” တွေ ပေါ်ပေါက် လာခဲ့တာပါ။

“ရတနာပုံ” တက္ကသိုလ် သွားရာလမ်းဟာ နွေမှာဆိုရင် ဖုန်တထောင်းထောင်း၊ မိုးမှာဆိုရင် ရွှံ့ဗွက် ဗရပွနဲ့ပါ။ ဒါ့အပြင် မြစ်ရေကြီးတဲ့ တချို့နှစ်တွေမှာ တက္ကသိုလ် ဝင်းထဲထိ ရေဝင်တာတောင် ရှိပါတယ်။ ရတနာပုံ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ တက္ကသိုလ်ထဲမှာ အဆောင်နေခွင့် မရကြရှာပါဘူး။

ဒါကြောင့် အနီးဝန်းကျင်က အဆောင်လို့ မည်ကာမတ္တ နေရာလေးမှာ ငှားနေပါတယ်။ လူနေအိမ်ရဲ့ အဖီလို နေရာမျိုးမှာ အဆောင်ဆိုပြီး နေရတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒါတင် မကသေးပါဘူး၊ အနီး ဝန်းကျင်မှာ ထန်းရည်ရတဲ့ အတွက် ကျောင်းသားတွေဟာ ထန်းရည် သောက်တတ်တဲ့ အကျင့်ပါ ရသွားတာ၊ နေပူပူ ကွင်းခေါင်ခေါင်ထဲက စာသင်ဆောင်တွေမှာ ပညာသင်ယူရတဲ့ အတွက် ကျောင်းစာထဲမှာ အပြည့်အ၀ အာရုံ မစိုက်နိုင်တာတွေ ရှိလာပါတယ်။ မန္တလေး တက္ကသိုလ် အဆောင်နေ ကျောင်းသားတွေလို နေထိုင်ရတာ “လုံခြုံမှု” လည်း မရှိပါဘူး။ ဆိုင်ကယ်နဲ့ ကျောင်းတက်ကြတဲ့ ကျောင်းသားတွေဟာလည်း မတော်တဆ ဖြစ်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်ကြားထဲက ကျောင်းတက်နေရ တာပါ။

မိဘတွေ အနေနဲ့ ပညာသင်စရိတ် ပိုကုန်လာသလို ကိုယ့်သား သမီးတွေ လမ်းမှားရောက်မှာလား၊ ထန်းရည်မူးသူတွေ ဖြစ်တော့မှာလား ဆိုပြီး စိုးရိမ်ပူပန် နေရပါတယ်။ တဖက်က စဉ်းစားကြည့်ရင် ကျောင်းသား ထောင်၊ သောင်း ချီပြီး ပညာသင်ပေးနိုင်တဲ့ မန္တလေး တက္ကသိုလ်ကြီး ရှိနေပါလျက်နဲ့ ကျောင်းသားတွေ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာမှာစိုးလို့ မြို့ပြင်ထုတ်ပြီး ရတနာပုံ တက္ကသိုလ်ကို ထပ်မံ တည်ဆောက်တာဟာ နိုင်ငံ့ဘဏ္ဍာကို ဖြုန်းတီးရာလည်း ရောက်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ ကတော့ သူတို့ ရသင့်ရထိုက်တဲ့ University Atmosphere ကို ဆုံးရှုံးလိုက်ရတာပါပဲ။

တက္ကသိုလ် ဆိုပြီး ဖုန်ထူထူ၊ ရွှံ့ထူထူထဲမှာ ပညာသင်ကြားနေရသလို တဖက်ကလည်း ကျောင်းတက်ရတဲ့ ခရီးစရိတ် ပိုကုန်နေတာ တွေ့ရပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီးဟာ အထင်ကရ တက္ကသိုလ်ကြီး ဖြစ်ပါလျက်နဲ့ တခါတုန်းကဆို ခြုံနွယ် ပိတ်ပေါင်းတွေ ထူထပ်နေတာကို ရင်နင့်စရာ မြင်ခဲ့ရဖူးပါတယ်။ ဝေးလံတဲ့ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်တွေကို ကျောင်းသွားတက်ရတဲ့ ကျောင်းသားတွေဟာ ပင်ပန်းနုံးချည့် လောက်အောင် ကားစီးသွားလာ ကြရပါတယ်။ ကျောင်းကားခ ကလည်း တလတလမှာ သောင်းဂဏန်း အထိ ကုန်ကျနေပါတယ်။ သူတို့ အနေနဲ့ အဓိပတိလမ်းမှာ မလျှောက်နိုင်ကြသလို တောင်ပိန္နဲပင် အောက်မှာလည်း လက်ဖက်ရည်ဆိုင် မထိုင်နိုင်ကြပါဘူး။

တချို့ ကျောင်းသားတွေဆို ကျောင်းသွားတက်ရတာ ဝေးပြီး ခရီးပင်ပန်းလွန်းလို့ စာကျက်ချင်တဲ့ စိတ်တောင် ကုန်ခန်းရပါတယ်လို့ ကျမကို ပြောပြဖူးပါတယ်။ ရန်ကုန် တက္ကသိုလ်ဟာ အခုကျမှ တက္ကသိုလ် တခုရဲ့  အင်္ဂါရပ်တွေနဲ့ အညီ ပြန်အသက်ဝင်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကလည်း ရန်ကုန် တက္ကသိုလ် ပြင်ဆင်မွမ်းမံ ရေးအတွက် ကြိုးစားသူတွေ ရှိလာလို့ပါ။

အစဉ်အလာကောင်း ရှိခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ တချိန်တုန်းက အရှေ့တောင် အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်ထဲမှာတာင် ပါဝင်ခဲ့ပါတယ်။ ထူးချွန် ကျောင်းသားတွေကို ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ပေးမယ်ဆိုတဲ့ သတင်းကို ကြားရပါတယ်။ ဒီသတင်းဟာ ဝမ်းမြောက်စရာ သတင်းပါ။ ဒါပေမယ့် ပိုဖြစ်သင့်တာက ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်ကြီး ကို စည်စည်ကားကားနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ နားခိုရာ ဖြစ်စေဖို့ ဝိဇ္ဖာ / သိပ္ပံ ကျောင်းသား၊ ကျောင်းသူ အားလုံးကို တက်ရောက် ပညာသင်ကြားခွင့် ပေးသင့်ပါတယ်။

“တက္ကသီလာ မြကျွန်းသာ” ဆိုတာ ပညာသင်ကြားရုံ သာမက တနယ်တကျေးကနေ ကျောင်းလာတက်သူတွေ အချင်းချင်း ရင်းနှီးခင်မင်ခွင့် ရတဲ့ အခွင့်အရေးကိုပါ ဖန်တီးပေးနေတာပါ။ Social Activities လို့ခေါ်တဲ့ လူမှုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကို ဖန်တီးပေးပါတယ်။ စာရေးတာ ဝါသနာ ပါသူတွေအတွက် ကလောင်သွေးခွင့်၊ အားကစား ဝါသနာ ပါသူတွေအတွက် အားကစားပွဲတွေမှာ ပါဝင်ခွင့်၊ လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်တွေကို တက္ကသီလာ မြကျွန်းသာကပဲ ပေးစွမ်းနိုင်တာပါ။

စိန်ရတုကျော်နေပြီ ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးနဲ့ ရွှေရတုကျော်နေတဲ့ မန္တလေး တက္ကသိုလ်ကြီး လှုပ်ရှား သက်ဝင်နေမှသာ University Atmosphere ရဲ့ အဓိပ္ပာယ် လေးနက်ပေါ်လွင်မှာ ဖြစ်ပါတယ်။ လူမြင်ကောင်းရုံ ပြုပြင်မွမ်းမံမှုတွေ လုပ်နေတာထက် ကျောင်းသား၊ ကျောင်းသူတွေကို တက္ကသိုလ်ကြီးရဲ့ ရင်ခွင်မှာ ပညာသင်ခွင့်ပေးဖို့၊ တက္ကသိုလ်ဝင်းထဲက အဆောင်တွေမှာ ပြန်လည် နေထိုင်ခွင့် ပေးဖို့ လိုအပ်နေပါတယ်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဝမ်းမြောက်စရာ ကောင်းတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် အပါအဝင် ဒီဇင်ဘာ ပထမပတ်မှာ စတင်မယ့် သင်တန်းအသီးသီး တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေ အနက် ပထမနှစ် တက်ရောက်မယ့် ကျောင်းသား ကျောင်းသူ အသစ်တွေကို ဦးစားပေးပြီး အဆောင်မှာနေထိုင် တက်ရောက်နိုင်ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းပါပဲ။

ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ် တွေမှာ အတန်းအားလုံးရဲ့ ကျောင်းသား ကျောင်းသူများကို အဆောင်ထားပေးမှာ ဖြစ်ကြောင်း၊ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တချို့မှာတော့ ပထမနှစ် ကျောင်းသား ကျောင်းသူများကိုသာ ဦးစားပေး အဆောင်ထားမယ်လို့ ဆိုပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးက အရေးကြီးတာမို့ ပညာရေးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေ တိုးမြှင့်ပေးရမှာ ဖြစ်သလို တက္ကသိုလ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ တက္ကသိုလ် နေ့ရက်တွေကို ဖန်တီးပေးဖို့  ကြိုးစားမှုတွေကသာ အဆင့်အတန်းမြင့်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပညာရေး စနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။    ။

Did you find apk for android? You can find new Free Android Games and apps.
Loading